အညာသားလေးရဲ့ လွမ်းပုံပြင်
ဒေါက်တာမြင့်လှိုင်
ကိုယ်က ရွသား၊ အညာသားစစ်စစ် ရေမရောဘူး။ ဒါ့ကြောင့်လည်း တက္ကသိုလ်ဆိုတာ ကိုယ်နဲ့သိပ် အလှမ်းဝေးတာ။ ဒါပေမယ့် တက္ကသိုလ်ဆိုတဲ့ အသံကြားရင် ကြည်နူးနှစ်သိမ့်မှုနဲ့အတူ ရင်ခုန် မက်မောမိခဲ့တာကတော့ ဟိုးငယ်စဉ်ကတည်းက။ တိတိကျကျ ပြောရရင် မူလတန်းကျောင်းသား ဘဝကတည်းက။
ကိုယ်တို့ဒေသက မန္တလေးမြို့ရဲ့ အထင်ကရနေရာ တောင်သမန်ရွာလေ။ ကျောင်းအားတဲ့ရက်၊ ကျောင်းပိတ်တဲ့ရက်ဆိုရင် တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သားတွေက ဦးပိန်တံတား ပေါ်မှာ အပြည့်။ ကိုယ်က ဂန္ဓာရုံက ဆရာတော် ဉူးသုစိတ္တရဲ့ သပိတ်လေးပိုက်ပြီး ဆရာတော် နောက်ကနေ ယို့ယို့လေး ခြေလှမ်းဖွဖွလေးနဲ့ လိုက်နေကြ။ တံတားပေါ်ရောက်ရင် တွေ့ပါပြီ တက္ကသိုလ်က ကိုကိုကြီးတွေ၊ မမကြီးတွေ။ သူတို့ကို ကြည့်ပြီး အားကျစိတ်နဲ့ သွားရည်တများများ ဖြစ်ရတာ အမော။ အဲဒီကစလို့ မသိစိတ်မှာရော သိစိတ်မှာပါ အမြစ်တွယ် ခြေကုပ်ယူ သွားတာ ကတော့ ငါလည်းတစ်နေ့ သူတို့လို တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သား ဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။
အရွယ်လေးရလာတဲ့ အခါကျတော့ အထက်တန်းကျောင်းသား လောက်မှာတော့ မြန်မာပြည်က တက္ကသိုလ်တွေထဲက ကိုယ်သိတာ၊ ကြားဖူးတာ နှစ်ခုပဲရှိတယ်။ ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ် ဒီနှစ်ခုပဲ သိတယ်။ ၁၀ တန်းအောင်စာရင်းတွေ ထွက်တော့ နှစ်ချင်းပေါက် အောင်တယ်လေ။ ပျော်လိုက်တာ သည်းအူလှိုက်လှဲပါပဲ။ သူငယ်ချင်းတွေ တော်တော်များများက မန္တလေး တက္ကသိုလ်ကို တက်ကြရတယ်။
ရန်ကုန်တက္ကသိုလ်ကို တက်ကြရ
ကိုယ်တို့သူငယ်ချင်းတွေထဲက အချို့က ဥပဒေဘာသာရပ်၊ ဥပဒေပညာကို လေ့လာ လိုက်စားလိုကြ တယ်။ ဒါပေမယ့် မန္တလေး တက္ကသိုလ်မှာ ရှိသေးတာမဟုတ်။ ဒါကြောင့် ဥပဒေကျောင်းတော်သူ ကျောင်းတော်သားတွေဟာ ရန်ကုန်တက္ကသိုလ်ကို တက်ကြရတယ်။ ဆယ်တန်းအောင်တဲ့ သူတွေက လည်း နည်းလွန်းပါဘိ။ အောင်တဲ့အထဲမှာမှ ယောက်ျားလေးက အနည်းစုအားလုံးက မန္တလေး တက္ကသိုလ်မှာ မိန်းကလေး သူငယ်ချင်း သုံးယောက်က ရန်ကုန်တက်ကြမှာ။ အချိန်တန်တော့လည်း သူလည်း သူ့တက္ကသိုလ်သွား။ ကိုယ်လည်း ကိုယ့်တက္ကသိုလ်လျှောက်ပေါ့။ စာအဆက်အသွယ်ရ တယ်။ သူတို့ အဆောင်ရတယ်တဲ့။ အဆောင် အမည်က “သီရိ”တဲ့ လေ။
ရန်ကုန်နဲ့ မန္တလေးဟာ အလှမ်းသိပ်မဝေးပေမယ့် ကိုယ့်အတွက်ကတော့ ကမ္ဘာခြားနေသလို ခံစားရတယ်။ ဒါပေမယ့် သွားလိုလှတဲ့ ဆန္ဒလေးရှိတာရယ်၊ သွားဖို့ အကြောင်းဖန်လာလေတော့ ရန်ကုန်ကိုရောက်ခဲ့ပြီပေါ့။ ၁၉၉၀ ပြည့်ကျော်လွန်ခါစ ကာလများကပေါ့။ ကိုယ်က အရောင်းအဝယ် ကလည်း လုပ်တယ်ဆိုတော့ ကိုယ်ပို့ရမယ့် ပစ္စည်းတွေကို မင်္ဂလာဈေးကိုပို့၊ ဗိုလ်ချုပ်ဈေးကိုပို့။ ပြီးလည်းပြီးရော ခြေဦးလှည့်ပါပြီဗျာ။ ရန်ကုန်တက္ကသိုလ်ရှိရာဆီကိုပေါ့။
အညာက ကျောင်းသားလေးကို ကြိုနေ
ကိုယ်က အညာသားဆိုသော်လည်း ကိုယ့်သူငယ်ချင်းတွေရှိတာကိုး။ သီရိဆောင်မှာလေ။ မသွားတတ်၊ မလာတတ်တာမို့ လိုင်းကားကလည်း မစီးရဲ၊ တောင်မြောက်ကလည်း မခွဲတတ်။ လမ်းတွေကလည်း အထက်ဘလောက်နဲ့ အောက်ဘလောက် နဲ့ဆိုတော့ကြောက်မကြောက်ပေါ့ဗျာ။ ဒါ့ကြောင့် အငှားကားလေးတွေကိုစီးရင်း တက္ကသိုလ်နား ချဉ်းကပ်ခွင့်ရခဲ့ပြီပေါ့။ ရန်ကုန်တက္ကသိုလ်ထဲ ခြေချတယ်ဆိုရင်ပဲ ပထမဆုံး နှုတ်ဆက်တာက ရေတမာပင်လေးတွေပါပဲ။ ဒီအပင်လေးတွေက စိမ်းလဲ့လဲ့ပြုံးစစနဲ့ အညာက ကျောင်းသားလေးကို ကြိုနေသလိုပေါ့လေ။
သူငယ်ချင်းတွေက ကိုယ့်ကို လှိုက်လှိုက် လှဲလှဲကြိုဆိုကြတယ်။ အညာသူ အညာသား အချင်းချင်း ကိုပဲ နယ်ကလာတဲ့ ကိုယ့်ကို တောသားလေးအလား ဒီလိုက်ပြကြ ဟိုလိုက်ပို့ကြနဲ့ ပျော်စရာတော့ အကောင်းသား။
ဒါက သစ်ပုပ်ပင်၊ ဒါက ဘွဲ့နှင်းသဘင်၊ ဒါက ဂျပ်ဆင်။ သူတို့ပြောတဲ့၊ ပြတဲ့အရာ အားလုံးကို ကိုယ်ကရုပ်ရှင်တွေထဲမှာ တွေ့ပြီးသားမို့ စိမ်းမနေဘူး။ ဒါပေမယ့် အခုမြင်ရတာက အရှင် လတ်လတ်ကြီး၊ မျက်ဝါးထင်ထင် ကြီးဆိုတော့ မျက်စိထဲကမထွက်။ ၄ နှစ် ၅ နှစ် ခွဲနေရတဲ့ မိဘ မျက်နှာကို တစိမ့်စိမ့်ကြည့်နေရသလိုကြီး။ ဟဲ့ .. သွားကြရအောင်လေဆိုတော့ ဖြည်းဖြည်း လုပ်ကြပါတဲ့။ နင်တို့လို ငါက နေ့စဉ်ရက်ဆက်ကြည့်ရတာ မဟုတ်ဘူး၊ ငါက ဒီနေ့ကြည့်ပြီး ဒီနေ့ပြန်ရမယ့်သူ။ ဟုတ်တယ်လေ ညပိုင်းရထားလက်မှတ် ဖြတ်ထားတာကိုး။ ဒါ့ကြောင့် “အသည်း ဖလင်မှာ စွဲထင်နေအောင် ကြည့်နေရတာနဲ့” လို့ပြောလေတော့ ပွဲကျနေလေရဲ့။ ကိုယ်ကတော့ စိတ်ထဲကနေ သီချင်းလေးညည်းနေမိတယ်။ မြကျွန်းညိုညို ဆိုတဲ့ ရင်တွင်းနန်းတော် သီချင်း။
သွားကြရင်း၊ လာကြရင်း သူတို့ လက်ညှိုးညွှန်ရာကို ကြည့်မိတယ်။ သူတို့ ပြောသံကို နားစွင့်မိတယ်။ ဒါက ဦးချစ် လက်ဖက်ရည်ဆိုင်တဲ့လေ။ လူပျိုပေါက်လေးပီပီ ဘိုဘိုဟန်ရဲ့ သီချင်းလေးသွား သတိရမိရင်း ပြုံးစစ ဖြစ်ခဲ့ရသေးတယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက် ညွှန်ပြလို့ ကြည့်လိုက်မိ လျက်သားဖြစ်သွားတယ်။ အဲဒါအောင်ထွန်းလေးတဲ့လေ။ ကိုယ်ကလေ သူ့ကိုမြင်တော့ ပျော်လိုက် တာ။ အဖေတစ်ခု သားတစ်ခုနဲ့ ရုပ်ရှင်ကစပြီး သူရဲ့အသံသွင်းဇာတ်လမ်းတွေကို မလွတ်တမ်း နားထောင်ခဲ့ရသူကိုး။
သူငယ်ချင်းတွေနဲ့ ကျောင်းထဲမှာ လှည့်ရင်းပတ်ရင်းနဲ့ ကျောင်းထဲက ပြန်အထွက်။ တစ်နေရာကို ရောက်ခဲ့ပြန်တယ်။ အင်းလျားကန်တဲ့လေ။ လေတဖြူးဖြူးနဲ့ မြင်ကွင်းကျယ်ကျယ်ကြီးနဲ့ ဆိုတော့ ဘာသဘော ကျသလဲ မမေးနဲ့။ သူငယ်ချင်းတွေနဲ့ ဘူးသီးကြော်စားရတာလည်း ပျော်စရာကြီး။ လူငယ်သဘာဝ လွတ်လပ် ပေါ့ပါးခဲ့ကြလေရဲ့။ ဒီမှာတင် ကိုယ်က မျက်လုံး ကစားမိတယ်။ သူငယ်ချင်းတွေက ... နင် ဘယ်သူ့ရှာနေတာတုန်းဆိုတော့ “ယဉ်စွာယဉ်စွာ ဆင်ကာထုံးဖွဲ့ ပြုံးလဲ့လဲ့ ချစ်စရာ၊ ပွင့်သစ်လာသည့်ပန်းလန်းတဲ့ ပုံပမာ တက္ကသိုလ်ကျောင်းသူတစ်ဦး”လို့ဆိုလေး ဖြေလေတော့ တခစ်ခစ်နဲ့ပေါ့။
ရန်ကုန်တက္ကသိုလ်ရောက်ဖူးခြင်း
အင်းလျားကန်ထဲက လှိုင်းဂယက်လေးတွေက ကိုယ့်ကို ပြုံးစစနဲ့ ကလူနေသလို ပေါ့လေ။ ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ ပထမဆုံး ရန်ကုန်တက္ကသိုလ် ရောက်ဖူးခြင်း နေ့ရက်ဟာ ကုန်ဆုံးခဲ့ပါတယ်။ ဘယ်တော့ များမှ ရန်ကုန်တက္ကသိုလ်ဘက်ကို ခြေဦးလှည့် နိုင်မယ် မသိဘူးဆိုတဲ့ အတွေးကို တွေးလိုက်ချိန် မှာတော့ သက်ပြင်းရှည်ကြီးချမိတာ အခါခါ။ ကိုယ်သာလျှင် အသိဆုံးပါလေ။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ်ထဲကို ဒုတိယအကြိမ် ခြေချမိပြန်ဖို့ အကြောင်းဖန်လာပြန်တယ်။ သို့တိုင်အောင် အချိန်ကာလအားဖြင့် ခြောက်နှစ်လောက် ကွာခြားခဲ့ပြီပေါ့။ ရန်ကုန်တက္ကသိုလ်ထဲကို ဒုတိယမ္ပိ ခြေချမိတဲ့ကာလကတော့ တိတိကျကျပြောရရင် ၁၉၉၈ ခုနှစ်။ ဒီအချိန်မှာ ကိုယ်က တက္ကသိုလ်က ဆရာတစ်ဦး နည်းပြတစ်ဦး ဖြစ်လာပြီလေ။ ၁၉၉၈ ခုနှစ်မှာ နည်းပြ၊ သရုပ်ပြတွေအများကြီးပဲ ထွန်းတောက်လို့ လာတယ်။ ဒီအထဲမှာ ကိုယ်လည်းပါတယ်ပေါ့။ ပညာရေးဘက်က သက်ဆိုင်ရာ ဝန်ကြီး တွေက အကြီးအမှူးတွေက နည်းပြသရုပ်ပြများကို ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်မှာ တွေ့ဆုံတဲ့ပွဲပါပဲ။ ကိုယ်က မုံရွာတက္ကသိုလ်ကနေ လာတာ။ ဆရာ ဆရာမ ပေါက်စနလေးတွေ ဆိုတော့ ဝတ်တာစားတာလေးတွေက ဣန္ဒြေရရပေါ့။ ရွှန်းလဲ့တဲ့ မျက်ဝန်းများနဲ့၊ ယုံကြည်ချက် အပြည့်အဝနဲ့ တင့်တယ်နေကြလေရဲ့။ ဘယ်လိုပဲ တင့်တယ်အောင် ဝတ်ဝတ် ဆရာ ဆရာမ ပေါက်စလေးတွေဆိုတော့ ကျောင်းသားဗီဇလေးတွေ မပျောက်တာတော့ ကိုယ်သာ အသိဆုံး။
ဂျပ်ဆင်ကြီးကို နောက်ခံထားပြီး ဂိုက်အပြည့်နဲ့ ဓာတ်ပုံရိုက်ကြ။ တစ်ယောက်တည်းလည်းရိုက်။ အဖွဲ့လိုက်လည်းအလွတ်မပေး။ အသံတွေကလည်း ညံနေတာပဲ။ မင်းတို့က ဘယ်အဆောင်မှာ တည်းတာလဲ။ ငါတို့က ဘယ်အဆောင်မှာ၊ မင်းတို့က ဘယ် တက္ကသိုလ်မှာ ရတာလဲ။ ဘယ်သူတွေက ဘယ်တက္ကသိုလ်မှာမို့လားနဲ့ အသံလေးတွေ တစာစာနဲ့ ရွှင်နေတာပဲ။ သစ်ပုပ်ပင်ကြီး ကတော့ ကိုယ်တို့ကို ကြည့်ပြီး ကြည်နူးအပြုံးတွေ၊ ဂုဏ်ပြုအပြုံးတွေနဲ့ ဝေဆာနေရောထင့်။
နေလယ်ပိုင်းရောက်တော့ ကိုယ်တို့က ထမင်းသွားစားကြတယ်။ ဘယ်ဆိုင်မှာလဲဆိုတော့ ဦးချစ်လက်ဖက်ရည်ဆိုင်မှာ။ ဟင်းပွဲတွေ မှာပြီး ထမင်းဖြူနဲ့ စားကြတာပါ။ အဲဒီမှာ အမှတ်ရစရာတွေ ဖြစ်တော့တယ်။ ထမင်းပန်းကန်လေးတွေက သေးသေးလေးတွေ။ စားမှာက အားအင်ဖွံ့ထွား အညာသားလေးတွေကိုး။ ကိုယ်တို့ မုံရွအဖွဲ့ထဲမှာက ကိုယ်အပါအဝင် ကိုကျော်မိုးဝင်းသန့်၊ ကိုအောင်လင်း၊ ကိုစိုးမြင့်၊ ကိုတင်မောင်ဆွေ၊ ကိုအေးဝင်းတို့ဆိုတာက တကယ့် အညာသား စစ်စစ်တွေ။ မိန်းကလေး ဆရာမအငယ်လေးတွေလည်း ကိုယ်တို့မုံရွာအဖွဲ့ထဲမှာ ပါသေးတာကိုး။ အစားအသောက် ဝင်းဝင်းတောက်တွေကိုး။ ဒါ့ကြောင့် လိုက်ပွဲတွေ ထပ်ခါထပ်ခါမှာရတယ်။ စကား တွေကလည်းဖောင်ဖွဲ့ပြီး ပြောလိုက်ကြတာ ပြောသူသာရှိ။ နားထောင်သူမရှိ။ စားကောင်းကောင်းနဲ့ စားလိုက်ကြတာ။ သူကလည်း လိုက်ပွဲတစ်ပွဲ၊ ကိုယ်ကလည်း လိုက်ပွဲတစ်ပွဲ။ သူကလည်း ထပ်ခါထပ်ခါမှာ ကိုယ်ကလည်း ထပ်ခါထပ်ခါကျော့ဆိုတော့ တစ်ပုံကြီး ဖြစ်သွားတယ်။ ဘာလဲဆိုတော့ လိုက်ပွဲပန်းကန်တွေ ဆိုင်ထဲမှာရှိတဲ့ ဆရာ ဆရာမတွေ၊ ဝန်ထမ်းတွေက ကိုယ်တို့ကို ပြုံးစိစိနဲ့ ကြည့်နေကြလေရဲ့။ ခွင့်လွှတ်တဲ့အပြုံး၊ ဂုဏ်ပြုတဲ့အပြုံးတွေနဲ့ ဝေစည်လို့ပေါ့။ ရန်ကုန် တက္ကသိုလ် ဒုတိယအခေါက်ရဲ့ အမှတ်တရလေးတစ်ခု ကလည်း မပြောမဖြစ် ရှိနေပြန်တယ်။
အဲဒါကတော့ စအုပ်စာတမ်းတွေ အများကြီး သယ်ဖြစ်ခဲ့တာပါပဲ။ ဆရာ ဆရာမဖြစ်ကြပြီ ဆိုတော့ စာအုပ်စာတမ်းတွေကို အရင်ကထက် ပိုလို့ချစ်၊ ပိုလို့တန်ဖိုးထားလာကြပြီမို့ တစ်ဖွဲ့လုံး ကြည်နူးမဆုံး တပြုံးပြုံးပေါ့။
ရန်ကုန်တက္ကသိုလ်ရဲ့ ရင်ခွင်ထဲကို တတိယမ္ပိ ရောက်ခဲ့ပြန်
ဒီလိုနဲ့ပဲ နောက်ရက်မှာ ကိုယ့်ဒေသ၊ ကိုယ့်တက္ကသိုလ်ပြန်ကြ၊ ကျောင်းတွေပြန်ဖွင့်တော့ စာတွေ သင်ကြ၊ တက္ကသိုလ်ရဲ့ ကျရာ တာဝန်တွေ ထမ်းရွက်ကြရင်း အရွယ်လေးတွေတောင် ရလာကြပေါ့။ သို့တိုင်အောင် ရန်ကုန်တက္ကသိုလ်ကြီးကို အလျဉ်းသင့်တိုင်း တမ်းတမိနေတာတော့ တိုက်ဆိုင်မှု ရှိတိုင်း ပေါ့လေ။ ဒီလိုနဲ့ပဲ နုပျိုမှုတွေငယ်ရွယ်မှုတွေကို ကျော်ဖြတ်ရင်း ရန်ကုန်တက္ကသိုလ်ရဲ့ ရင်ခွင်ထဲကို တတိယမ္ပိ ရောက်ခဲ့ ပြန်ပါပေါ့။
ရန်ကုန်တက္ကသိုလ်ကို ရောက်တာ ပထမအခေါက်နဲ့ ဒုတိယအခေါက်ဟာ ခြောက်နှစ်သာ ကွာပေမယ်လို့ ဒုတိယအခေါက်နဲ့ တတိယအခေါက်ကျတော့ အချိန်ကာလအားဖြင့် တော်တော်ကြီးကို လှမ်းသွားပြီပေါ့။ တိတိကျကျပြောရရင် ၂၀၁၈ ခုနှစ်ပိုင်းအကုန် နိုဝင်ဘာလထဲမှာ ရန်ကုန်တက္ကသိုလ်ထဲကို ခြေချခွင့်ရတော့တယ်။ ဒီတစ်ခါလာတာက စာတမ်းဖတ်ပွဲလာတာပါ။ မြန်မာနိုင်ငံ ဝိဇ္ဇာ နှင့် သိပ္ပံပညာရှင်အဖွဲ့ (၁၈) ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲပဲ ဖြစ်ပါတယ်။ ဘယ်က လာရသလဲဆိုတော့ ဗန်းမော် တက္ကသိုလ်က။
လာချင်လွန်းလို့၊ ဖတ်ချင်လွန်းလို့သာ လာရတယ်။ ခရီးက ဝေးတာကိုး။ ဗန်းမော် ကနေ မန္တလေး ထိအောင် အီဆိမ့်နေအောင် ကားစီးရတယ်။ မန္တလေးကနေတစ်ဆင့် ရန်ကုန်ကို ထပ်ကျော့ပြီး ယွန်းရပြန်တယ်။ ရန်ကုန်ရောက်တယ်ဆိုရင်ပဲ ဗိုလ်ဆွန်ပက် လမ်းမှာရှိတဲ့ တည်းခိုခန်းကို တည်းတယ်ပေါ့။ ကျောင်းထဲမှာတည်းခိုလို့ ရပေမယ့်ရန်ကုန်က စာရေးဆရာ အသိုင်းအဝိုင်းနဲ့ လုပ်စရာ၊ ကိုင်စရာလေးတွေ ရှိသေးတာမို့ မြို့ထဲကိုပဲ ရွေးလိုက်ပါတယ်။ နောက်နေ့နံနက်မှာတော့ အမိတက္ကသိုလ်ရဲ့ ရင်ခွင်ကို ခိုလှုံဖို့ ရန်ကုန်တက္ကသိုလ်ထဲကို ရောက်ခဲ့ပြီပေါ့။ ဘယ်သူမှမပါ ကိုယ်တစ်ယောက်တည်း လွတ်လွတ်လပ်လပ်လေး လွမ်းချင် လွန်းလို့။ ။
ကျောင်းထဲရောက်တာနဲ့ ဘယ်ကို အရင်သွားတာလဲဆိုတော့ဘွဲ့နှင်းကြီးရှိရာကိုပေါ့။ အနီးနားက ခုံတန်းလေးမှာထိုင်ရင်း သစ်ပင် လေးတွေကြားကနေ ငှက်ကလေးတွေရဲ့ သီကျူးသံကို တေးဂီတသံ လေးပမာ အဖော်ပြုရင်း ကျောင်းတော်ကြီးကို နင့်ခနဲ နေအောင် ငေးနေမိတယ်။ ဪ ဒို့များရဲ့ အသက်တောင် ၅၀ ပြည့်တော့မှာပါလား။ ဒါပေမယ့်လည်း ကျောင်းတော်ကြီးရဲ့ ရင်ခွင်မှာတော့ ဒို့များဟာ ကလေးငယ်လေးပမာ အမိတက္ကသိုလ်ရဲ့ ရင်ခွင်ထဲမှာ ခေါင်းလေးဝှေ့ပြီး တွတ်တီး တွတ်တာလေးတွေ ပြောချင်နေတုန်းပါလေ။ အတွေးစဉ်ဟာ ပျံ့လွင့်သွားတယ်။
သီရိဆောင်က ငယ်သူငယ်ချင်းလေးတွေကို လွမ်းတယ်။ သူငယ်ချင်းတွေနဲ့ ဦးချစ်ဆိုင်မှာ စားပွဲကြီး နွှဲခဲ့တာကို မဖြစ်နိုင်မှန်း သိပေမယ့် တမ်းတနေမိသေးတယ်။ တစ်နာရီလောက်ကြာမှ အတွေး ရေလျဉ်ကြောကို ဖြတ်ပြီး မြန်မာစာဌာနရှိရာ တောင်ငူဆောင်ဘက်ကို လှမ်းခဲ့ပါတော့တယ်။ ဆရာကြီး ဒေါက်တာ အောင်မြင့်ဦးတို့၊ ဆရာမကြီး ဒေါက်တာ ငြိမ်းငြိမ်းတို့ကို ဂါရဝပြုရင်း ကိုယ်ရေးထားတဲ့ စာအုပ်လေးတွေကို လက်ဆောင်ပေးရင်း စကားစမြည် ပြောဖြစ်ကြပါသေးတယ်။
ဝမ်းသာပီတိဖြစ်ရ
စာတမ်းဖတ်တဲ့နေ့မှာတော့ ဆရာမကြီး မမိုးမြေ၊ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)တို့ကို ကန်တော့ခွင့်ရလို့ ဝမ်းသာပီတိဖြစ်ရပါ တယ်။ ကိုယ်တို့ရဲ့ ငယ်ကတည်းက ဆရာမကြီးဖြစ်ခဲ့ဖူးတဲ့ ဆရာမကြီး ဒေါ်ရှိမ်းပိုင်ကိုလည်း ကန်တော့ခွင့်ရခဲ့တာမို့ ကြည်နူးမဆုံး တပြုံးပြုံးပေါ့။ ကိုယ် သုတေသနလုပ်ထားတဲ့၊ ကိုယ်ဖတ်ချင်လွန်းတဲ့ စာတမ်းကိုလည်း ဖတ်ခွင့်ရခဲ့တယ်။ လိုအပ်တာလေး တွေကို ဆရာကြီး ဆရာမကြီးတွေက စေတနအား၊ ပညာအားတွေနဲ့ ပြင်ပေးကြတယ်ပေါ့။ ဒါတင်မကသေးပဲ ဆရာကြီး ဆရာမကြီးတွေကိုပါ ကန်တော့ခွင့်ရခဲ့တာမို့ အပြန်လမ်းမှာ ကြည်နူးမှု အပြုံးပန်းတွေက တားမနိုင် ဆီးမရပေါ့။
ရာပြည့်သဘင်ကြီး ကျင်းပ
တတိယအခေါက် ပြန်လာပြီး နှစ်နှစ်ခန့် ကြာတဲ့အခါမှာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် (၁၀၀)ပြည့် ရာပြည့်သဘင်ကြီး ကျင်းပတော့ မယ်လေ။ တက္ကသိုလ်ကို ညွှန်းဖွဲ့တဲ့ လွမ်းဆွတ်ကြည်နူးသံစဉ် မြူးမြူးလေးတွေကလည်း မြန်မာ့အသံရုပ်မြင်သံကြားကနေ လွင့်ပျံ့လို့လာနေပြီ။ လွမ်းတာတွေရော၊ ဆွေးတာတွေရော။ ကြည်နူးစရာတွေရော တပြုံတမကြီး ခံစားကြည့်ရှုကာ သောတဆင် နေရပြီလေ။ ဒါတင်မကသေးဘဲ ရာပြည့်ပွဲ ဂုဏ်ပြုအငြိမ့်ခန်းတွေလည်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက လွှင့်နေလေတော့ လွမ်းဟောင်းပေါ် လွမ်းသစ်တွေ ဆင့်လာသလိုပေါ့လေ။
ကျွန်တော်ဟာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ရင်ခွင်မှာ ပထမအခေါက်က နုပျိုမှုတွေနဲ့ပျော်ရွှင်ခဲ့ရတယ်။ ဒုတိယအခေါက်မှာတော့ ဣန္ဒြေရရလေးနဲ့ ကြည်နူးခဲ့ရတယ်။ တတိယ အခေါက်မှာတော့ ရင့်ကျက် ခြင်းတွေနဲ့ ကျေနပ်ခဲ့တယ်။ ဘယ်အချိန်၊ ဘယ်အရွယ်မှာ စိတ်အေးချမ်းမှုကို ဘယ်လိုရှာရမယ်၊ ပညာကို ဘယ်လိုရှာရမယ်ဆိုတာကို ရန်ကုန်တက္ကသိုလ်ကြီးက အနီးကပ်ပြီး အမြဲတမ်း သွန်သင် ညွှန်ပြနေသလို ခံစားရပါတယ်။
ကိုယ်က ရန်ကုန်တက္ကသိုလ်ထဲကို သုံးကြိမ် သုံးခါလောက်သာ ရောက်ဖူးပေမယ့် ရောက်ဖူးတဲ့ အခါတိုင်း ကြည်နူးနှစ်သိမ့်မှုတွေကို အလုံးအရင်းနဲ့ ခံစားရတယ်။ ကိုယ်ရဲ့ ခြေလှမ်းတိုင်းဟာ ဂန္ထဝင်တွင်နေသလို မော်ကွန်းတင်နေမိတယ်။ အမှတ်တရများစွာဟာ အသည်းစိုင်မှာ မြဲခိုင်နေတာ ကိုယ်သာ အသိဆုံးပါ။ ရန်ကုန်တက္ကသိုလ်ကြီးအကြောင်း ပြန်တွေးလိုက်မိတိုင်း လွမ်းသလို လို ခံစားရ တယ်။ လွမ်းတယ်ဆိုတာ တစ်ယောက်သောသူက တစ်ယောက်သောသူကို တွေ့ချင်း မြင်ချင်လွန်းလို့ တမ်းတနေတာကို လွမ်းတာလို့ မှတ်ယူနိုင်သလို သာသာယာယာရှိတဲ့ မြင်ကွင်းကို မြင်ရကြုံရ ခံစားရတဲ့အခါ လွမ်းစရာလေးလို့ ဆိုစမှတ် ပြုကြပြန်ပါ တယ်။ ကျွန်တော့်ရဲ့ တက္ကသိုလ်က အလွမ်းပုံပြင်ဟာ ဒုတိယ အလွမ်းထဲမှာ ထိပ်ဆုံးက ရပ်တည်မှာပါလေ။ ရန်ကုန် တက္ကသိုလ်ကြီးကို ကျွန်တော်လွမ်းနေတာဟာ ပမာတင်စားပြောရရင် “စင်ကာပူတို့၊ ထိုင်းတို့ကို ထပ်ခါတလဲလဲ ရောက်နေသူအဖို့ ဘာမှမဆန်းလှပေမယ့် တစ်ခေါက် နှစ်ခေါက် ရောက်ဖူးသူအတွက်တော့ ပြော၍မကုန် ဆို၍မခန်း” ဆိုသလိုမျိုးပေါ့လေ။
တကယ်တော့လည်း ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ပွဲကြီးက ရန်ကုန်တက္ကသိုလ်မှာ အမှုထမ်း ဖူးတဲ့ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနဲ့တင် မလုံလောက်သေးပါဘူး။ တက္ကသိုလ်ကို ချစ်မြတ်နိုး တဲ့သူ၊ တက္ကသိုလ်ရနံ့ သင်းပျံ့ပျံ့ကို ခုံမင်တဲ့သူတိုင်း ပျော်တပြုံးပြုံးနဲ့ အားပါးတရကြီး နွှဲပျော်သင့်ပါကြောင်း ဆန္ဒပြုရင်း ရန်ကုန် တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကြီးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ရပါတော့သည်။
ဆောင်းပါးရှင် ဒေါက်တာမြင့်လှိုင်၏ကိုယ်ရေးအကျဉ်း -
အမည်ရင်းမှာ မြင့်လှိုင်ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ရွာတွင် အဖ ဦးဗိုလ်၊ အမိ ဒေါ်ခင်မြင့်တို့မှ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွားမြင်သည်။ မူလတန်းပညာကို တောင်သမန်ရွာ အ.မ.ကတွင် သင်ယူခဲ့သည်။ အမရပူရ အ.ထ.က နေရှင်နယ်ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိခဲ့သည်။ ထုတ်ဝေခဲ့သော ရသစာတမ်း စာအုပ်များမှာ “ကိုယ်ဘဝရဲ့ အဖော်မွန်လေး”၊ “လွဲကြည်နူး မှားကြည်နူး”၊ “ရှေ့တိုးဖို့နောက် ဆုတ်ကြမယ်”နှင့် “ဘဝ ရင့်ရင့် အလွမ်းနုနု” စာအုပ်များဖြစ်ကြ ပါသည်။ မောင်မြင့်လှိုင် (မန်းတက္ကသိုလ်)၊ ဒေါက်တာမြင့်လှိုင်၊ ကိုကြီးလှိုင်၊ ဦးလှိုင်ကြီး၊ ဒေါက်တာမြင့်လှိုင် (တောင်သမန်ရွာသား) ဟူသော ကလောင်အမည် များဖြင့် စာပေများ ရေးသားလျက်ရှိပါသည်။ ယခုအခါ မုံရွာစီးပွားရေး တက္ကသိုလ်၊ မြန်မာစာဌာန တွင် တွဲဖက်ပါမောက္ခ တာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။