Skip to main content

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် လူနာများအတွက် လူနာစောင့်တစ်ဦး လိုက်ပါစောင့်ရှောက်ခွင့်ပြုထား

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာများအတွက် လူနာစောင့်တစ်ဦးသာ လိုက်ပါ စောင့်ရှောက်ခွင့် ပြုထားခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအဖွဲ့ က ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ဒေါက်တာမြင့်မြင့်အေး
ဆေးရုံအုပ်ကြီး
ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ကျွန်မတို့ ဆေးရုံက နဂိုတည်းက ဆရာဝန်အင်အား၊ သူနာပြုအင်အား၊ ဝန်ထမ်းအင်အား နည်းတဲ့ အတွက်ကြောင့် နဂိုတည်းကလည်း လူနာစောင့်တွေကို စောင့်ခွင့်ပြုခဲ့တယ်။ လူနာစောင့် ခွင့်ပြု ခဲ့တယ်ဆိုတာ လူတိုင်းကို ပြုခဲ့တာပါ။

အခုလည်း ကိုဗစ်သံသယဖြစ်တဲ့သူလည်း ကျွန်မတို့ တစ်ယောက်တော့ စောင့်ခွင့်ပြုတယ်။ အဲဒါက လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်ရှိပါတယ်။ လူနာစောင့်က အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ဖြစ်ရမယ်၊ ကျန်းမာသန်စွမ်းတဲ့သူ ဖြစ်ရမယ်၊ ရောဂါအခံ မရှိရဘူး။ ပြီးရင် သူကိုယ်တိုင်က ဒီမှာရောဂါကူးစက်နိုင်တာ သိရှိပါတယ်ဆိုပြီး လက်မှတ်ထိုးပြီး စည်းကမ်းတွေ သတ်မှတ်ပြီး စောင့်ခွင့်ပြုခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ သူနာပြုအင်အား နည်းတဲ့ အတွက်ကြောင့်ပါ။ ကျွန်မတို့လူမျိုးတွေက သူ့လူနာ၊ သူ့အိမ်က သားသမီး၊ သူ့မိသားစု တစ်ယောက် ရှိရင် အားရှိတာပေါ့။ ဒီလိုမဟုတ်ဘဲ တစ်ယောက်ထဲဆို သူတို့က အားငယ်တယ်။ အဲဒီလို ဟာမျိုးလည်း ရှိမယ်။ ဒါကြောင့် ကျွန်မတို့က ပေးစောင့်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်မတို့ ICU လို့ခေါ်တဲ့ အထူးကြပ်မတ်ကုသဆောင်ကျတော့ တတ်နိုင်ရင် ပေးမစောင့်ဘူး။ ဒါပေမယ့် စောင့်ချင်တယ် လို့ လာပြောရင် ကျွန်မတို့က ပေးစောင့်မယ်။ နောက်ဆုံး အခြေအနေမှာ စိုးရိမ်ရတဲ့ အခြေအနေပေါ့။ ICU ထဲ လူနာရှင်တွေ စောင့်ချင်တယ်ဆိုရင် ကျွန်မတို့ ပေးစောင့်မှာပါ။ ဒါပေမယ့်လည်း ဒီလိုမျိုး အရေးကြီးလူနာတွေကို သူတို့လည်း မလုပ်တတ်ဘူး။ ဆရာဝန်၊ ဆရာမကပဲ လုပ်ပေးမှသာ သူတို့အတွက် အသက်အန္တရာယ်မရှိဘူး။ တော်ကြာ သူ့အိမ်ကလူ တစ်ခုခုလုပ်လိုက်လို့ ပြဿနာရှိသွားမှာလည်း ကြောက်တယ်ဆိုတော့ ကျွန်မတို့က စောင့်ချင်တယ်ဆိုရင် ညှိနှိုင်းပြီး ဆောင်ရွက်ပေးတာ ရှိပါတယ်။

အခုလည်း ICU မှာ လူနာ ၂၈ ယောက်ရှိတယ်။ အဲဒီမှာ လူနာစောင့်ရှိတဲ့ ၃ / ၄ ယောက်လည်း ရှိပါတယ်။ တချို့တွေက သူ့အိမ်ကို က လာမစောင့်နိုင်ဘူး။ Quarantine ဝင်နေလို့၊ သူ့အိမ်မှာ စောင့်ဖို့ လူမရှိဘူးဆိုပြီး။ အခုကျွန်မတို့ အထူးကြပ်မတ်ကုသဆောင်မှာ ဆိုရင် ဆရာမတွေ၊ ဗော်လံတီယာတွေကနေပြီး အစားလည်း ကျွေးရတယ်။ ကျန်တဲ့ Nursing Care အစားကျွေးတာတို့ အစစ အရာရာ အကုန်လုံး ကျွန်မတို့ ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ အလုပ်သမား၊ ဗော်လံတီယာ တွေကနေ အကုန်လုံး လုပ်ပေးပါတယ်။

ကျန်တဲ့လူနာဆောင်တွေမှာ Positive လူနာဆောင်ရော၊ Negative လူနာဆောင်ရော၊ သံသယ လူနာထားတဲ့ PUI လို့ခေါ်တဲ့ အဲဒီအဆောင်မှာ လူနာစောင့်က တစ်ယောက်စီ ကျွန်မတို့က ခွင့်ပြု ထားပါတယ်။ ဒါပေမယ့် အခုကျွန်မတို့ ဆေးရုံမှာဖြစ်နေတာက တစ်ယောက်မက လိုက်လာကြတယ်။ အခုက COVID မဟုတ်ဘူး Non-COVID တွေ နယ်တွေကလာပြီး ခါတိုင်းက ကျွန်မတို့က နှစ်ယောက် စောင့်ခိုင်းတယ်။ ထမင်းလာပို့တဲ့သူက တစ်ယောက်ဆိုတော့ ၃ ယောက်လောက်ရှိတယ်။

အခုက ကျွန်မတို့ ဒီလိုရောဂါတွေ ကူးစက်မှာမို့လို့ လူနာတစ်ယောက်ဆိုရင် လူနာစောင့် တစ်ယောက်ပဲ စောင့်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူနာစောင့်တွေက ခါတိုင်းကတော့ ဒီပင်မအဆောင်ကြီးနားက ဝရံတာမှာ အိပ်ပြီးစောင့်နေကြပေမယ့် အခုက ကိုဗစ်ကူးစက်ရောဂါ ဖြစ်တဲ့အတွက် ကျွန်မတို့က ခြံစည်းရိုးခတ်ပြီး ဘယ်သူမှပေးမဝင်ဘူး။

အဲဒီအတွက် လူနာစောင့်တွေက နေစရာမရှိဘူးဆိုပြီး ဗိုလ်ချုပ်လမ်းပေါ် ရောက်နေကြတာတွေလည်း ရှိနေတာပေါ့နော်။ တကယ် မှာ တချို့လူနာတွေက ပြန်ရမှာပါ။ သူတို့ မြို့နယ်တွေကို တချို့တွေက လွှဲပြောင်းထားတဲ့ လူနာပေါ့နော်။ တစ်ပတ်ကြာရင် ပြန်လာပြ၊ နှစ်ပတ်ကြာရင် ပြန်လာပြဆိုတာ ပြောပေမယ့်။ တချို့မပြန်ဘဲနဲ့ ပြန်လာပြရင် ကားမရှိတာ ကြောက်တာရယ်၊ ပြန်ဖို့ ကားအခက်အခဲရှိတာရယ် အဲဒါတွေကို ကျွန်မတို့က ဆေးလူမှုဆက်ဆံရေးရယ်၊ ဆေးရုံရဲ့ လုံခြုံရေး အဖွဲ့ရယ်၊ ဆေးရုံအုပ်တွေနဲ့ ပူးပေါင်းပြီး ပရဟိတကားတွေကို အကူအညီတောင်းပြီး သူ့နေရပ် ပြန်ချင်တဲ့သူတွေကို ကျွန်မတို့က ပြန်ပို့ပေးတယ်။

တချို့တွေကလည်း ဟိုတုန်းက လူနာစောင့်ကြီးပဲ မဟုတ်ဘူး။ ရန်ကုန်မှာနေတဲ့ တချို့ကလည်း ဒီမှာလာနေကြတာတွေလည်း ရှိတယ်။ အဲဒါတွေကို မကြာခင် ကျွန်မတို့ ဖြေရှင်းမှာပါ။ ပြည်သူ လူထုကို ကျွန်မက အသိပေးချင်တာက လူနာစောင့်တစ်ယောက်ပဲ COVID ရော၊ Non-COVID ရော တစ်ယောက်ပဲ လိုက်လာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ဆိုရင် ကျွန်မတို့က တတ်နိုင်သလောက် ဆေးမှ မဝယ်ခိုင်းတာ၊ အကုန်ပေးတယ်ဆိုတော့ လူနာစောင့် မရှိလည်းရတယ်။ တစ်ယောက် ရှိရင် တော်ပြီ။

အခုဟာက တစ်အိမ်လုံး လိုက်လာတယ်။ အရှေ့မှာ ထိုင်စောင့်နေတယ်။ အခုဆေးလူမှု ဆက်ဆံရေးနဲ့ စာရင်းတော့ ကောက်ခိုင်းနေ တယ်။ လူနာစောင့်က ၂၂ ယောက်ပဲရှိရာမှ အခုက ၆၀ လောက်ရှိတယ်။

ထက်လျှံ