Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို နည်းပညာအသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက် နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံ စီးပွား ရေးရဲ့ အဓိက အခြေခံကျတဲ့ စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်း တွေကို နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုကို အသုံးပြုပြီး ဘယ်လိုတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် မလဲဆိုတဲ့ အကြောင်းအရာတွေအပါအဝင် ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေကို ဖော်ဆောင်သွားမယ့် အကြောင်းအရာတွေကို ဗဟုသုတ အဖြစ် မျှဝေပေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေး အကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးကြမယ့်သူတွေက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အိုင်တီနည်းပညာအကြံပေး ဦးသာထက် တို့ဖြစ်ပါတယ်။

ပထမဦးဆုံးမေးခွန်းအနေနဲ့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိက ဆောင်ရွက်တဲ့ နိုင်ငံ ဖြစ်ပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို ဘယ်လိုမျိုးဖော်ဆောင်သင့်သလဲ၊ ဘယ်လိုမျိုးဖော်ဆောင်နိုင်သလဲဆိုတာကို ဆရာဦးရဲမင်း အောင်က အကြံပြုဆွေးနွေးပေးပါဦး။

ဦးရဲမင်းအောင်။ ။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှု ကို အထောက်အပံ့ဖြစ်သလို တစ်ဖက်ကလည်း နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချနိုင်တဲ့ အလား အလာတွေလည်း အများကြီးရှိပါတယ်။

ကျွန်တော်တို့ လူဦးရေအများစုရဲ့ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းကလည်း ဒီစိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာပဲ မှီခိုနေရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုက အလွန်ကို အရေးတကြီး နှီးနွှယ်ပတ်သက်နေတဲ့ အနေအထားရှိပါတယ်။

လုပ်ရကိုင်ရတဲ့ပုံသဏ္ဌာန်ပြောင်းလဲလာ

ကျွန်တော်တို့ ကုန်သည်စက်မှုအသင်းချုပ်က ညီနောင်အသင်းတွေရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေ၊ မွေးမြူရေးနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေ၊ ရေလုပ်ငန်းနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့ တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ပုဂ္ဂလိက ကဏ္ဍကို ကိုယ်စားပြု ပြီး ပြောင်းလဲလာတဲ့အခြေအနေမှာ ဒီပြောင်းလဲမှုက လည်း ကိုဗစ် - ၁၉ ကြောင့် အားလုံးလုပ်ရကိုင်ရတဲ့ ပုံသဏ္ဌာန်တွေကအစ ပြောင်းလဲလာပါတယ်။
နိုင်ငံတကာဈေးကွက် လိုအပ်ချက်တွေ ပြောင်းလဲ လာတယ်။ ပြည်တွင်းရဲ့ ဈေးကွက်အနေအထားတွေ ပြောင်းလဲလာတယ်။ ဒီပြောင်းလဲလာတဲ့ အနေအထား တွေမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိက လုပ်ငန်းကို လုပ်ကိုင်နေတဲ့ အငယ်စား၊ အသေးစား၊ အကြီးစား အားလုံးအတူတကွ ပြောင်းလဲပြီးတော့ လုပ်နိုင် ကိုင်နိုင်ဖို့အတွက် ညှိနှိုင်းပေါင်းစပ်ပြီး ပြောင်းလဲနေတဲ့ အနေအထားဖြစ်ပါတယ်။

ပထမအချက် ကျွန်တော် အဓိကထားပြီး ပြောချင် တာက လယ်ယာသားငါးကဏ္ဍက ဈေးကွက်ရဲ့အပေါ်မှာ အများကြီးမှီခိုပါတယ်။ ဈေးကွက်သည် အရင်တုန်းက ပုံမှန်အတိုင်း သမားရိုးကျဈေးကွက်တွေ ရှိပါတယ်။ အခု ခေတ်မှာ ကိုဗစ်-၁၉ ကြောင့်လည်း ပါပါတယ်။ ဒစ်ဂျစ် တယ် နည်းပညာတွေနဲ့ အွန်လိုင်းကနေတစ်ဆင့် ရောင်းချ ရတဲ့ လုပ်ငန်းစဉ်တွေ၊ Platform တွေ လိုအပ်လာ တယ်။

ဒါတွေကလည်း အမှန်တကယ်ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ ၄/၅ နှစ်လောက်ကတည်းက ကြိုတင် ပြင်ဆင်ထား တာတွေရှိပါတယ်။ ဒါတွေလည်း ကိုဗစ်-၁၉ ကြောင့် ပိုပြီးလျင်လျင်မြန်မြန်နဲ့ ဖြစ်ပေါ်လာတာတွေ ရှိပါတယ်။ ပထမတစ်ချက်အနေနဲ့ နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းပြီး လုပ်ဆောင်သင့်တဲ့နေရာမှာ စိုက်ပျိုး မွေးမြူရေးကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်စည်ဒိုင် တွေရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။

ကုန်စည်ဒိုင်တွေဟာ အနယ်နယ်အရပ်ရပ်မှာ ရှိတယ်။ လယ်ယာထွက်ကုန်တွေ၊ မွေးမြူရေး ထွက်ကုန် တွေကလည်း ကုန်စည်ဒိုင်တွေကနေတစ်ဆင့် ကူးသန်း ရောင်းဝယ်နိုင်တယ်။ ကုန်စည်ဒိုင်တွေကို အွန်လိုင်းနဲ့ e-Marketplace ဖြစ်အောင်၊ ပြည်တွင်းက စိုက်ပျိုးမွေးမြူ ထုတ်လုပ်တဲ့ တောင်သူတွေအပါအဝင် ကုန်သည်တွေ၊ နည်းပညာရှင်တွေ၊ ကျွမ်းကျင်တဲ့သူတွေ၊ ကုမ္ပဏီတွေ နောက် နိုင်ငံတကာကလည်း ဝယ်လိုအား၊ ရောင်းလိုအားတွေကိုပါ သိရှိနိုင်အောင် ကုန်စည်ဒိုင်တွေကို အီလက်ထရောနစ် ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြောင်းလဲဖို့ ဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိပါတယ်။

နောက်တစ်ချက်က Sharing Economy ရဲ့ သဘော က လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လို့ရတဲ့ လုပ်ငန်းစဉ်၊ ဒါတွေကိုလည်း ပေါင်းစပ် ညှိနှိုင်းမှုတွေများလာအောင် ကျွန်တော်တို့က လုပ်ပါတယ်။ ဥပမာ ရန်ကုန်ကနေ မြန်မာနိုင်ငံရဲ့ တနင်္သာရီတိုင်းဒေသကြီး ဆိုရင် ဆန်စပါးစိုက်ပျိုးမှုနည်းတော့ ရန်ကုန်က ဆန်ကို တနင်္သာရီကို ပို့ရတယ်။ ပို့တဲ့အခါမှာ ရေလမ်းကြောင်းကို သုံးပြီး ပို့ရတယ်။ အဲဒီလိုပဲ တနင်္သာရီက စိုက်ပျိုးထုတ်လုပ်တဲ့ နာနတ်သီးနဲ့ အခြားသစ်သီးဝလံတွေကိုအပြန်မှာ ဒီသင်္ဘော နဲ့သယ်လာတယ်ဆိုရင် စရိတ်စကတွေကိုလည်း မျှဝေပြီး ကျခံနိုင်တာဖြစ်တဲ့အတွက် ဒါဟာကောင်းမွန်တဲ့ အစီအမံ တွေဖြစ်ပါတယ်။
နောက်တစ်ချက်က ကျေးရွာတွေမှာ ပူးပေါင်း ဆောင်ရွက်မှု ပုံသဏ္ဌာန်တွေပေါ့နော်။ လယ်ထွန်စက်တို့၊ ရိတ်သိမ်းခြွေလှေ့စက်တို့၊ အခြောက်ခံစက်တို့၊ သိုလှောင်ရုံ တို့ ဒါတွေကို အချင်းချင်းမျှဝေပြီး ဝန်ဆောင်မှုပေးပြီး သုံးစွဲ တဲ့ ပုံသဏ္ဌာန်တွေကို ဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိပါတယ်။

ကျွန်တော် ခြုံငုံပြီးပြောရမယ်ဆိုရင် ဒီနေ့ခေတ်ရဲ့ ပြောင်းလဲမှုလမ်းကြောင်းပေါ်မှာ အားလုံး ဘယ်သူမှမကျန် ခဲ့ဘဲနဲ့ အတူတကွ လိုက်ပါလျှောက်လမ်းဖို့အတွက် နိုင်ငံတော် အစိုးရနဲ့ ပုဂ္ဂလိက အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေက ဆောင်ရွက်ရပါမယ်။ နောက်တောင်သူလယ်သမားတွေက လည်း အများပါဝင်မှုနဲ့ စုဖွဲ့ပြီး ဆောင်ရွက်ရမယ်။ မျှဝေပြီး ဆောင်ရွက်ရမယ့် အနေအထားတွေ ရှိပါတယ်။ ကိုယ့်မှာ ရှိတဲ့ အားသာချက်တွေကို အခြားသူတွေကို ဝန်ဆောင်မှု ပေးနိုင်တဲ့ အနေအထားမျိုးရှိနိုင်တယ်။

လေ့လာသုံးသပ် ပြုပြင်ပြောင်းလဲ

အဲဒီလိုပဲ အခြားသူတွေဆီကနေ မျှဝေပြီးသုံးစွဲနိုင်တဲ့ အနေအထားမျိုးတွေလည်း ကျွန်တော်တို့ ဆောင်ရွက်နိုင် မယ့် အနေအထားတွေ အများကြီးရှိပါတယ်။ နိုင်ငံတော် အကြီးအကဲတွေကလည်း ကျွန်တော်တို့ နိုင်ငံကို စားနပ် ရိက္ခာ တင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်ဖို့၊ ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံဖြစ်ဖို့၊ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုတွေသာမက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုနဲ့ ကမ္ဘာ့ဈေးကွက်အတွက်ပါ ဆောင်ရွက်ဖို့ နိုင်ငံတော်က လမ်းညွှန်ထားတာဖြစ်တဲ့ အတွက် လမ်းညွှန်ချက်နဲ့အညီ ခေတ်ကာလအခြေအနေနဲ့ ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုတွေအပေါ်မှာ ကျွန်တော်တို့ အများကြီး လေ့လာသုံးသပ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတဲ့ အနေအထားရှိ တယ်ဆိုတာ ဦးစွာဆွေးနွေးချင်ပါတယ် ခင်ဗျာ။

အစီအစဉ်မှူး။ ။ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်တဲ့အခြေ အနေတွေက ဘယ်လိုမျိုးတွေ ဖြစ်လာသလဲဆိုတာကို ဆရာဦးသာထက်က သုံးသပ်ပြောကြားပေးပါဦး။

ဦးသာထက်။ ။ ကိုဗစ်-၁၉ ကြောင့် မြန်မာပြည် သာမက ကမ္ဘာတစ်ဝန်းကရှိတဲ့ လုပ်ငန်းတွေအပေါ်မှာ ရိုက်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ရှိပါတယ်။ အလုပ်ရှင်ရော၊ အလုပ်သမားတွေရော တည်ငြိမ် နေတဲ့ အခြေအနေတစ်ခုကနေ ရုတ်တရက်ကြီး အကျပ် အတည်းမျိုးစုံကြုံကြရပါတယ်။

စက်ဘီးတွေ ရောင်းအားကောင်းလာ

ဒီလိုထိခိုက်မှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူတွေ၊ အလုပ်ပြောင်းလုပ်ရတဲ့လူတွေ၊ လုပ်ငန်းပုံစံ ပြောင်းသွားတာတွေ စသည်ဖြင့် အလုပ်အကိုင်ဈေးကွက်မှာ လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်စွမ်း Supply and Demand က ပြောင်းသွားပြီး ရုတ်တရက်ကြီး မမျှတတာ၊ အံဝင်ခွင်ကျ မဖြစ်တာတွေ ဖြစ်လာတယ်။ လက်တွေ့ဥပမာကြည့်မယ် ဆိုရင် ခရီးသွားလုပ်ငန်း ထိခိုက်လာတော့ ခရီးသွားအေးဂျင့် လုပ်တဲ့ ရုံးဝန်ထမ်းတွေ အများကြီးမလိုတော့ဘူး။ စားသောက်ဆိုင်တွေ ပိတ်လိုက်ရတော့ စားပွဲထိုးဝန်ထမ်း တွေ အများကြီးမလိုတော့ဘူး။ တစ်ဖက်မှာလည်း အွန်လိုင်း ကနေ ရောင်းဝယ်တဲ့လုပ်ငန်းတွေပေါ်လာတဲ့အခါ Delivery ပို့မယ့်သူတွေ အများကြီးလိုလာပြန်ရော၊ သူတို့တွေက စက်ဘီးတွေနဲ့ ပို့ကြတယ်ဆိုတော့ စက်ဘီးနဲ့ ဆက်စပ် ပစ္စည်းတွေရဲ့ရောင်းအားတွေ ကောင်းလာပြန်ရော။ စက်ဘီး ပြင်တတ်တဲ့သူတွေလည်း အများကြီးလိုလာပြန်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေဘက်က ကြည့်မယ်ဆိုရင် ဖြန့်ဖြူးရောင်းချတဲ့ပုံစံတွေ၊ ထုတ်လုပ်တဲ့ပုံစံတွေ ပြောင်းလိုက် ရပါတယ်။ အခုဆိုရင် Facebook ကနေ live လွှင့်ပြီး ကားလည်း ရောင်းတယ်၊ လက်ဝတ်ရတနာတွေလည်း ရောင်းတယ်၊ စားသောက်ကုန်တွေလည်း ရောင်းတယ် အကုန်လုံး အွန်လိုင်းမှာ တက်ရောင်းကြတာပေါ့နော်။ အွန်လိုင်းကနေ ဝယ်ယူတာတွေ၊ မှာယူတာတွေ လုပ်နေ ကြတာက အားလုံးရဲ့အမြင်ပါ။ ရုတ်တရက်ကြီး လုပ်ငန်း တွေ ပြောင်းသွားတဲ့ အခြေအနေတွေပါ။ ဒါက ပြည်တွင်းမှာ ရိုက်ခတ်မှုကြောင့် ထိခိုက်ပြောင်းလဲသွားတဲ့ အခြေအနေ ဥပမာတွေကို ပြောတာပါ။

ပြည်တွင်းမှာသာမက နည်းနည်းလေး ချဲ့ပြီးကြည့် လိုက်မယ်ဆိုရင် ကျွန်တော်တို့ အာဆီယံဒေသအတွင်းကို ကြည့်ကြပါစို့။ အာဆီယံအိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်ပြီး လုပ်ကိုင်နေကြတဲ့ ကဏ္ဍအမျိုးမျိုးမှာရှိကြတဲ့ ကျွန်တော်တို့ နိုင်ငံသားကျွမ်းကျင်သူတွေ ရှိကြပါတယ်။ အဲဒီနိုင်ငံတွေမှာလည်း ကိုဗစ်ဖြစ်တယ်ဆိုတော့ စီးပွားရေး တွေ၊ ကျန်းမာရေးအခြေအနေတွေ ပြောင်းလဲသွားတော့ သူတို့ဆီမှာလည်း သူတို့နိုင်ငံသားတွေကို ဦးစားပေးရတယ်။

ဦးစားပေးတဲ့အခါမှာ နေထိုင်လုပ်ကိုင်ဖို့ အခက်အခဲ ဖြစ်လာတဲ့ ပြည်ပရောက် ကျွန်တော်တို့ နိုင်ငံသားတွေ၊ ကျွမ်းကျင်သူတွေဟာ ပြည်တော်ပြန်ဝင်လာရမယ့် အခြေ အနေတွေ ရှိလာတာပေါ့ နော်။ သူတို့ ပြန်ရောက်လာပြီဆိုရင် ဘာဖြစ်လာမလဲဆိုတော့ သူတို့ပြည်တွင်းကို ရောက်လာ တဲ့အခါ သူတို့ရဲ့ အတတ်ပညာ၊ အသိပညာ၊ အတွေ့အကြုံ တွေနဲ့ လုပ်ကိုင်ဖို့ အပ်စပ်တဲ့ဈေးကွက်က မရှိဘူးဆိုရင် လုပ်အားတွေ အများကြီး ပိုလျှံတာမျိုးဖြစ်လာမယ်။ ဆိုလိုတာက ကျွမ်းကျင်တဲ့သူရယ်၊ တတ်ကျွမ်းတဲ့ပညာ ရယ်နဲ့ ဈေးကွက်လိုအပ်ချက်က တည့်တည့်မကျဘူး ဖြစ်နေတာပေါ့နော်။

ဈေးကွက်ရဲ့ သဘောအရ တဖြည်းဖြည်းနဲ့ ညီမျှ ခြင်း မျှခြေတစ်ခုကို ပြန်ရောက်သွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကိုရောက်သွားမယ့် မျှခြေက အရင်က မျှခြေ မဟုတ်တော့ဘူးဆိုတာကို ကျွန်တော်တို့အားလုံး သတိပြုဖို့လိုပါတယ်။ အဲဒီမျှခြေကို ရောက်သွားတဲ့အချိန် မှာ ကိုယ်ရှိနေဖို့၊ ကိုယ်ပါနေဖို့ကို ကျွန်တော်တို့ ကြိုးစား ကြရမယ့် အခြေအနေမျိုး ဖြစ်နေတာပါ။

အကြာကြီးအားထုတ်ပြီးမှရနိုင်

အဲဒီမျှခြေကို ပြန်ရောက်ဖို့ ကြားကာလဟာ ကြာလေလေ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ လုပ်ငန်း တွေရဲ့ ဝင်ငွေတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘဝ ရပ်တည်မှု မတည်ငြိမ်မှုက ကြာလေလေ ဖြစ်နေမှာပါ။ ပုံမှန်အတိုင်းဆိုရင် ဒီလိုမျိုး အပြောင်းအလဲဖြစ်ဖို့အတွက် ကို စီမံကိန်းတွေအမျိုးမျိုး၊ အားထုတ်မှုတွေအမျိုးမျိုး၊ အချိန်ကာလတွေ အကြာကြီး အားထုတ်ပြီးမှ ရနိုင်တာ မျိုးပါ။

အခု ကိုဗစ်ရိုက်ခတ်မှုကြောင့် ဈေးကွက်အခြေ အနေကြီး ရုတ်တရက်ပြောင်းလဲဖို့ အချိန်တိုအတွင်းမှာ ဖြစ်လာတာဟာ တစ်ဖက်ကကြည့်ရင် နိုင်ငံအတွက်က အခွင့်အလမ်းတစ်ခုပါပဲ။ ဒါကို အခွင့်အရေးတစ်ခုအနေနဲ့ ယူရမှာပါ။ ရောက်ရှိသွားမယ့် အခြေအနေက နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုစီးပွား အခြေအနေ ဖြစ်လာဖို့၊ အဲဒီအခြေအနေကို မြန်မြန်ရောက် ပြီး အားလုံးအခြေကျနိုင်ဖို့အတွက်ကို ရှေ့ကဆွေးနွေးခန်း မှာပါသွားတဲ့ ဆရာဦးဝေဖြိုးတို့၊ ဒေါက်တာထွန်းသူရသက် တို့ ဆွေးနွေးသွားတဲ့ Myanmar Economic Recovery and Reform Plan (MERRP) လိုဟာမျိုးကို အစိုးရက အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော် တို့ နားလည်ပါတယ်။

အနှစ်ချုပ်ပြောရမယ်ဆိုရင် အခြေအနေအသစ် တစ်ခုကိုတော့ ကျွန်တော်တို့ ပြောင်းနေပြီ။ တစ်ခါတည်း နဲ့ တည့်တည့်ကျမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါဟာ အခွင့် အလမ်းတစ်ရပ်ဆိုတာ ကျွန်တော်တို့ သိထားရမယ်။ ပြောင်းလဲမှုဖြစ်စဉ်မှာ လိုက်လျောညီထွေရှိအောင်၊ ကောင်းတဲ့ဘက်ကို ရောက်အောင်လုပ်ဖို့၊ လုပ်ငန်းတွေ ရော၊ အလုပ်သမားတွေရော မနာရအောင် အစိုးရက ဆောင်ရွက်နေပါတယ်။ ဒါကို သတိမူပြီး ကိုယ့်လုပ်ငန်း၊ ကိုယ့်ဝန်ထမ်း တတ်ကျွမ်းမှု အသိပညာ၊ အတတ်ပညာ တွေ အခြေအနေအသစ်နဲ့ လိုက်လျောညီထွေရှိအောင် အားလုံးကြိုးစား ပြောင်းလဲရတော့မယ်လို့ ကျွန်တော် မြင်ပါတယ်။

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကိုသာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ ပြောင်းလဲပြီး လုပ်မယ်ဆိုရင် ဘယ်လိုမျိုး တွေ ဖော်ဆောင်နိုင်မလဲဆိုတာကိုလည်း ဦးရဲမင်းအောင် အနေနဲ့ ဆွေးနွေးပေးပါဦး။

ဦးရဲမင်းအောင်။ ။ ကျွန်တော်တို့ ခုနက ဆွေးနွေး တဲ့ အထဲမှာပြောသလို အဓိက ဈေးကွက်နဲ့ ဈေးကွက်တင်ပြီး ရောင်းချတဲ့အပိုင်းမှာ ကုန်စည်ဒိုင်တွေရဲ့ အခန်းကဏ္ဍပါ။ ကုန်စည်ဒိုင်တွေက ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေနဲ့ သွားဖို့ ဒါကိုဦးစားပေး ပြီး ဆောင်ရွက်နေတယ်။ အမှန်တကယ်က ကျွန်တော် ခုနကပြောသလိုပါပဲ။ လွန်ခဲ့တဲ့ ၄/၅ နှစ်ကစတယ်။ အခုကိုဗစ်ကြောင့် ဒါတွေက လျင်လျင်မြန်မြန် ပြောင်းလဲ မှုဖြစ်လာတဲ့ အားသာချက်နဲ့ အခွင့်အလမ်းကောင်းတွေ အဖြစ် ကျွန်တော်တို့ ရလိုက်ပါတယ်။

နောက်တစ်ချက်က ဒစ်ဂျစ်တယ်ပလက်ဖောင်း တွေမှာ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေ၊ မွေးမြူထုတ်လုပ်တဲ့သူတွေပါ ပါဝင်လာအောင် ဆောင်ရွက် နေတဲ့ အနေအထားတွေ ရှိပါတယ်။ နိုင်ငံတော်အစိုးရဘက် ကလည်း ဒါကို အားပေးကူညီမှုတွေရှိတယ်။ ကျွန်တော် တို့ ပုဂ္ဂလိက အသင်းအဖွဲ့အစည်းတွေကလည်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။

ဒီလိုမျိုး ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကနေ ပြည်တွင်းက ဝယ်ယူလိုတဲ့သူတွေသာမက နိုင်ငံတကာ က ဝယ်ယူလိုတဲ့သူတွေအထိပါ ချိတ်ဆက်ပြီး ရောင်းချ နိုင်မယ့် အနေအထားတွေ ဖန်တီးလာနိုင်ပြီဖြစ်ပါတယ်။ နောက်ဆုံးမှာ အားလုံးက အသေးစား၊ အငယ်စား ထုတ်လုပ်နေတဲ့သူတွေ ကိုယ်တိုင်က ကိုယ်ထုတ်လုပ်တဲ့ စိုက်ပျိုးရေးထွက်ကုန်၊ မွေးမြူရေးထွက်ကုန်တွေကို ရောင်းချနိုင်တဲ့ အနေအထားတွေရှိလာမှာဖြစ်ပါတယ်။

နောက်တစ်ချက်က ကျွန်တော်တို့ တိုင်းပြည်ရဲ့ ထူးခြားတဲ့ သဘောသဘာဝက နိုင်ငံတကာက ပြန်လာ တဲ့သူတွေ၊ များသောအားဖြင့် ကျွန်တော်တို့ တိုင်းပြည်က ထိုင်းနိုင်ငံတို့၊ မလေးရှားနိုင်ငံတို့မှာသွားပြီး အလုပ်လုပ် ကြတာများတယ်။ သူတို့ပြန်လာတဲ့အခါ စိုက်ပျိုးမွေးမြူ ရေး ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေမှာ အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးနိုင်မယ်။
ဒီလိုဖန်တီးနိုင်ဖို့ဆိုရင် ကျွန်တော်တို့က Agriculture ၊ လယ်ယာသားငါးကဏ္ဍနဲ့သက်ဆိုင်တဲ့ အခြေခံအဆောက် အအုံတွေကို ရင်းနှီးမြှုပ်နှံမှုတွေ၊ အဲဒီမှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း လာနိုင်သလို ပြည်တွင်းလုပ်ငန်း ရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့လည်း အခုထုတ်လုပ်နေတဲ့ သမားရိုးကျ ထုတ်လုပ်မှုပုံစံကနေ တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ ပုံသဏ္ဌာန်တွေကိုပါ ကူးပြောင်းပြီး အခွင့်အလမ်းတွေကို အရအမိ ရယူဆောင်ရွက်သွားဖို့လည်း လိုအပ်ချက်ရှိမယ် လို့ ပြောချင်ပါတယ်။

ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထ ထွန်းကားလာ

နောက် အဓိကထားပြီး ဆွေးနွေးချင်တာက ကိုဗစ်- ၁၉ ကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့ အလေ့ အထတွေလည်း ထွန်းကားလာတာ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် ကုန်ပစ္စည်းထုတ်လုပ်တဲ့သူနဲ့ Delivery ဝန်ဆောင်မှုပေးတဲ့သူတွေ ပူးပေါင်းပြီး လုပ်ဆောင်လာကြ ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့သူတွေ၊ ရောင်းချင်တဲ့သူ တွေက Delivery Service Provider ကို အားကိုးပြီး ဆောင်ရွက်ကြပါတယ်။

အွန်လိုင်းနည်းပညာရပ်တွေကို အားကိုးပြီး ဆောင် ရွက်ကြတယ်။ ပူးပေါင်းဆောင်ရွက်မှုက မြို့ပြမှာဖြစ်လာ သလို ကျေးလက်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တွေ့လာရပါတယ်။ ဥပမာ-ဆန်စပါးစိုက်ပျိုးတဲ့ တောင်သူ တွေက သူတို့ကိုယ်တိုင် ဆန်စပါးကထွက်လာတဲ့ ကောက်ရိုးတွေကို သုံးပြီးတော့ မှိုစိုက်တဲ့လုပ်ငန်းကို လုပ်လာတယ်။ ဒီလိုပဲ မှိုစိုက်တဲ့ တောင်သူတွေကလည်း ဆန်စပါးစိုက်တဲ့ တောင်သူတွေနဲ့ပူးပေါင်းပြီး တစ်ဖက်က ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းတွေကို သူတို့လုပ်ငန်း အတွက် သုံးစွဲဖို့ကို ချိတ်ဆက်ပြီး လုပ်လာတာမျိုးတွေ တွေ့ရပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေက အတော်ကို ကောင်းပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတော်အစိုးရက ပထမဆောင်ရွက်တဲ့ Covid Economic Relief Plan (CERP)မှာလည်း ချေးငွေတွေ ပေးတဲ့အခါ စားသောက် ကုန်ထုတ်တဲ့လုပ်ငန်းတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ပတ်သက်ပြီး တန်ဖိုးမြှင့်ထုတ်တဲ့ လုပ်ငန်းတွေကို အများ ကြီး ပေးလိုက်တာတွေ့ရပါတယ်။
ဒီလိုမျိုး ချေးငွေအစီအစဉ်ကလည်း စီးပွားရေး လုပ်ငန်းတွေ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အပြည့်စုံဆုံး မဟုတ်တောင်မှ အထိုက်အလျောက် အကူအညီတွေ ရပါတယ်။ အခုဆက်ပြီး MERRP ဆိုတဲ့ စီမံကိန်းတစ်ခုကို ထပ်ပြီးဆောင်ရွက်ဖို့ ကြားသိရပါတယ်။ ဒီ Plan ဆောင်ရွက် တဲ့အခါမှာလည်း ပြည်ပက ပြန်ရောက်နေတဲ့သူတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖို့ဆိုတာ ပါသလို တစ်ဖက်ကလည်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေ၊ စားသောက်ကုန်ထုတ်လုပ်ငန်းတွေကို အားပေးမယ်ဆိုတာပါတယ်လို့ သိရပါတယ်။

ဒါတွေကလည်း တကယ့်ကို ဆောင်ရွက်ရမယ့်ကိစ္စ တွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလ မတိုင်ခင်လေးမှာ တိရစ္ဆာန်မွေးမြူရေးနဲ့ ပတ်သက်ပြီး ဥပဒေတစ်ခု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒီဥပဒေက မွေးမြူရေးကဏ္ဍက မျှော်လင့်နေတဲ့ ဥပဒေဖြစ်တယ်။ မွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် တကယ်ကိုလိုအပ်တဲ့ ဥပဒေတစ်ခု ကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှာ ပြဋ္ဌာန်းနိုင်ခဲ့တယ်။

နောက်တစ်ချက်က မြေအသုံးချတဲ့ကိစ္စပါ။ ကျွန်တော် တို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ မွေးမြူရေး လုပ်ငန်းတွေက မြေကိုအသုံးချရတယ်။ မြေကိုအသုံးချတဲ့ လုပ်ငန်းတွေမှာ လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ကိုလည်း ၂၀၂၀ ပြည့်နှစ် ကိုဗစ်မတိုင်ခင်လေးမှာပဲ ပြဋ္ဌာန်းနိုင်ခဲ့တယ်။ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာ မြေဥပဒေမှာ အခြားသီးနှံနဲ့ ရာသီသီးနှံတွေ ပြောင်းလဲ စိုက်ပျိုးတဲ့ကိစ္စတွေမှာ အကန့်အသတ်လေးတွေရှိတော့ ဒါတွေကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှာ လယ်ယာမြေ ဥပဒေကို ပြုပြင်ပြောင်းလဲတဲ့ ဥပဒေပြဋ္ဌာန်းနိုင်ခဲ့တယ်။ တိရစ္ဆာန်မွေးမြူရေးနဲ့ပတ်သက်တဲ့ ဥပဒေကို ပြဋ္ဌာန်းနိုင် တယ်။ နောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ကျေးလက်ဖွံ့ဖြိုး ရေးနဲ့ပတ်သက်တဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးက ကျွန်တော်တို့ တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒီ ကျေးလက်ဖွံ့ဖြိုးရေးဥပဒေမှာ ကျေးရွာရဲ့ အရင်းမပျောက် တဲ့ ရန်ပုံငွေစနစ်တစ်ရပ်ကို ထူထောင်ပြီး ကျေးရွာရဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းကို တစ်ဖက်က လည်း အရင်းမပျောက်အောင် ရန်ပုံငွေကို ထိန်းသိမ်းမယ်။ တစ်ဖက်ကလည်း အလားအလာရှိတဲ့ လုပ်ငန်းတွေကို စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ တိုင်ပင်ညှိနှိုင်းပြီးလုပ်မယ် ဆိုတဲ့ အစီအစဉ်တွေပါ ကျေးလက်ဖွံ့ဖြိုးရေးဥပဒေမှာ ပါလာပါတယ်။

ဒါကြောင့် ဥပဒေပိုင်းဆိုင်ရာ၊ နည်းဥပဒေပိုင်းဆိုင်ရာ ကိုလည်း ၂၀၁၉ - ၂၀၂၀ မှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး ဖို့အတွက် ပြောင်းလဲထားတဲ့ Legal Reform လုပ်ထားပြီး သားလည်း ဖြစ်ပါတယ်။ ဒီဘက်မှာ ကိုဗစ်ကထွက်လာတဲ့ MERRP နဲ့လည်း ချိတ်ဆက်ပြီး နိုင်ငံတော်အစိုးရရဲ့ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အပါအဝင် အခြားပုဂ္ဂလိကဘဏ် တွေကလည်း လယ်ယာသားငါးဖွံ့ဖြိုးရေးအတွက် ပိုပြီး တော့ ထောက်ပံ့ငွေတွေ၊ ချေးငွေတွေ စီစဉ်ပေးလာပါတယ်။

တစ်ဖက်ကလည်း SME လုပ်ငန်းတွေက ဒီအချိန်မှာ စားနပ်ရိက္ခာဈေးကွက်ရဲ့ လိုအပ်ချက်တွေ၊ ဝယ်လိုအားတွေ က များလာတဲ့အတွက် နိုင်ငံတကာမှာလည်း စစချင်းက Panic Shopping ဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ ဟိုတယ်တွေပိတ်၊ စားသောက်ဆိုင်တွေပိတ်ဆိုတော့ စားနပ် ရိက္ခာဈေးကွက်က တစ်ခါပြန်ပြီးကျသွားတယ်။ မတည်ငြိမ် တဲ့အနေအထားတွေမှာ သတင်းအချက်အလက်ကလည်း အရေးကြီးပါတယ်။

ဒစ်ဂျစ်တယ်နည်းစနစ်တွေ၊ အွန်လိုင်းပလက်ဖောင်း တွေက အတော့်ကို အရေးကြီးပါတယ်။ ဒီလိုပြောင်းလဲနေတဲ့ အချိန်မှာ ခုနကပြောတဲ့ ဥပဒေတွေလည်း ရှိတယ်၊ အစီအမံ တွေလည်းရှိတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး ကျေးရွာအဆင့်ကစပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လာမယ့် ၂၀၂၁ ခုနှစ် မှာ အားထည့်ပြီး ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်အကြီး အကဲတွေ မျှော်မှန်းတဲ့၊ ရိက္ခာတင်ပို့ရောင်းချတဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် ပေါ်ထွက်လာမယ့် အခွင့်အလမ်းကောင်း တွေလည်း ရှိနေပါတယ်။

အစီအစဉ်မှူး။ ။ ဆရာဦးသာထက် အရှေ့ပိုင်းမှာ ဆွေးနွေးသွားတာက နိုင်ငံရဲ့စီးပွားရေး လုပ်ငန်းတွေက အွန်လိုင်းပေါ်ကို ရောက်လာမယ်။ ပြည်ပ ကနေ ပြန်ဝင်လာတဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လုပ်အား ကလည်း ပိုနေပြီ။ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ပြောင်းလဲလာတယ်ဆိုပြီး သိရှိရပါတယ်။ နိုင်ငံတော်အစိုးရ က မကြာခင်မှာလည်း စီမံကိန်းအသစ်ဖြစ်တဲ့ MERRP ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတော့ လက်တွေ့အကောင်အထည်ဖော်မယ့် အပိုင်းမှာရော ဘယ်လိုမျိုးတွေရှိလာနိုင်မလဲဆိုတာ ဆွေးနွေးပေးပါဦး။

ဦးသာထက်။ ။ လွန်ခဲ့တဲ့ရက်က ဆွေးနွေးတင်ပြသွားတဲ့ အထဲမှာ MERRP မှာပါဝင်တဲ့ မဟာ ဗျူဟာကဏ္ဍတွေကို ဦးဝေဖြိုး ဆွေးနွေးတင်ပြသွားတာရှိပါ တယ်။ အဲဒီအထဲမှာ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချ ဆောင်ရွက်မယ့် လုပ်ဆောင်ချက်တွေရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ပြည်တော်ပြန်ဝင် လာတဲ့ ပြည်ပရောက်နိုင်ငံသားတွေရဲ့ အသိပညာ၊ အတတ် ပညာ၊ အတွေ့အကြုံတွေနဲ့ ကောင်းကောင်းအသုံးဝင်မယ့် ပြည်တွင်းက အလုပ်အကိုင်အခွင့်အလမ်းတွေကို အလွယ် တကူရှာဖွေနိုင်ဖို့၊ ချိတ်ဆက်နိုင်ဖို့၊ အလုပ်အကိုင်တွေကို တွဲဖက်ပေးမယ့် နည်းပညာအသုံးပြုတဲ့၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်လောက်တဲ့ အလုပ်အကိုင်ရှာဖွေရေး ကွန်ရက် တွေ တည်ဆောက်ဖို့၊ အားပေးမြှင့်တင်ဖို့ လိုပါတယ်။

မျှဝေပြီးသုံးတာက ပိုအကျိုးရှိ

နောက်ပြီး ကျွမ်းကျင်သူ၊ အစွမ်းရှိသူတွေဆိုတာက လည်း တစ်နေရာတည်းမှာ၊ အဖွဲ့အစည်းတစ်ခုတည်းမှာ ရှိနေပြီး အသုံးပြုတာထက်စာရင် လိုအပ်ချက်က ပိုများ နေတဲ့အခါမျိုးမှာ လုပ်ငန်းတစ်ခုတည်းကို ဝင်လုပ်နေတာ ထက် လိုအပ်တဲ့နေရာတိုင်းမှာ ပါဝင်နိုင်ဖို့ Self Contract သို့မဟုတ် အလွတ်တမ်းပညာရှင်အဖြစ် လုပ်တာမျိုး ပညာရှင်ကို မျှဝေပြီးသုံးတာမျိုးက အဘက်ဘက်အတွက် ပိုပြီးအကျိုးရှိစေနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒါကိုတော့ နိုင်ငံတကာမှာ gig economy လို့ခေါ်ပါ တယ်။ gig economy ဆိုတာ အထူးအဆန်း မဟုတ်ပါဘူး။ ပညာရှင်ကို မျှဝေပါဝင်စေတယ်ဆိုတာကလည်း ယခင် ကတည်းကလည်း ရှိပါတယ်။ အနီးစပ်ဆုံး ဥပမာပါ။ မင်္ဂလာ ဆောင်မှာ ဘိသိက်ဆရာလိုမျိုး၊ တီးဝိုင်းတို့၊ အဆိုတော်တို့ကို လုပ်ငန်းရှိမှ ငှားတာမျိုးပါ။ ကိုယ်တိုင်ကလည်း နေ့တိုင်း မင်္ဂလာဆောင်နေတာမဟုတ်တော့ ကိုယ်ပိုင် အချိန်ပြည့် ခန့်ထားဖို့လည်း လိုတာမဟုတ်ပါဘူး။

ဒါပေမယ့် ငှားဖို့လိုပြီဆိုရင် အကောင်းဆုံး၊ အကျွမ်း ကျင်ဆုံးကို လိုချင်ကြပါတယ်။ အဲဒီလိုဟာမျိုးမှာဆိုရင် ပညာရှင်ကို မျှဝေပြီးအချိန်ပိုင်းနဲ့ ငှားရမ်းအသုံးချတာက အားလုံးအတွက် အကျိုးရှိပါတယ်။ ဒါက ဥပမာပြောပြတာ ပါ။ တကယ်တော့ လုပ်ငန်းကဏ္ဍအသီးသီးမှာ အဲဒီလို ကျွမ်းကျင်မှုတွေရှိတယ်။ သူတို့ကို လိုအပ်နေတဲ့ လုပ်ငန်း တွေကလည်း အများကြီးဖြစ်နေတဲ့အတွက်ကြောင့် မျှဝေပြီး အသုံးပြုနိုင်တဲ့နည်းက အားလုံးအတွက် အကျိုးအရှိဆုံး ဖြစ်ပါလိမ့်မယ်။

ဒီလိုမျိုး လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်မယ့် ကျွမ်းကျင် သူကို တွဲဖက်ပေးတဲ့ အွန်လိုင်း သို့မဟုတ် ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြုတဲ့ကွန်ရက်တွေကို တည်ဆောက်ဖို့၊ အားပေးမြှင့်တင်ဖို့တွေကို MERRP က လုပ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီလို ဝက်ဘ်ဆိုက်တွေ၊ ပလက် ဖောင်းတွေက အမှန်ပြောရရင် ကမ္ဘာတစ်ဝန်းမှာ ရှိနေပြီး သားပါ။ ဒါတွေကိုသုံးပြီး အင်တာနက်ရှိတာနဲ့ ကမ္ဘာခြား နေတဲ့နေရာက အလုပ်တွေကို ပြည်တွင်းမှာ ထိုင်ပြီး လှမ်းလုပ်ပေးနေတဲ့ ပညာရှင်တွေလည်း ရှိကြပါတယ်။

ပြည်တွင်းမှာလည်း ဒီလိုမျိုး ဒစ်ဂျစ်တယ်နည်းပညာ ကို အသုံးပြုပြီး အလုပ်အကိုင်ရှာဖွေတဲ့ ဝက်ဘ်ဆိုက်တွေ၊ လုပ်ငန်းတွေ၊ လိုအပ်နေတဲ့ တတ်ကျွမ်းမှုရှိတဲ့ အလွတ်တန်း ကျွမ်းကျင်သူတွေကို ချိတ်ဆက်ပေးနေတဲ့ ဝက်ဘ်ဆိုက်တွေ လည်း ရှိနေသင့်ပါတယ်။ ဒါမျိုးတွေကို အားပေးမြှင့်တင်ဖို့ လည်း လုပ်လိမ့်မယ်လို့ ကျွန်တော်နားလည်ပါတယ်။ ဒီနေရာမှာ လူတိုင်းနီးပါးက အခုခေတ်မှာ အင်တာနက်တွေ၊ မိုဘိုင်းဖုန်းတွေ သုံးနေကြပြီဆိုတော့ ဒစ်ဂျစ်တယ်နည်း ပညာအသုံးပြုတဲ့ ကွန်ရက်တွေ၊ ပလက်ဖောင်းတွေ ဖြစ်လာ ပြီဆိုရင် လူတိုင်း လူတိုင်းအတွက်ကို တူညီတဲ့အခွင့်အလမ်း ပေးနိုင်လာမှာ ဖြစ်ပါတယ်။

အခွင့်အလမ်းကို အားလုံးမြင်သွားပြီ

ဒီနေရာမှာ ဒစ်ဂျစ်တယ်နည်းလမ်းဆိုလို့ စကားစပ်လို့ ပြောပါရစေ။ အခုဆိုရင် ကိုဗစ်ကာလမှာ အားလုံး သဘော ပေါက်သွားတာက ဘာပဲရောင်းရောင်း အွန်လိုင်းက ရောင်းလို့ရတယ်ဆိုတာ မြင်သွားပြီ။ ကားလည်းရောင်း တယ်၊ စိန်ဘယက်ကြီးလည်းရောင်းတယ်၊ အဝတ်အထည် လည်း ရောင်းတယ်။ ပန်းပင်လည်း ရောင်းတယ်။ နံနက်စာ မုန့်ဟင်းခါးတောင်မှ အွန်လိုင်းကနေ ဝယ်စားကြတယ် ဆိုတာ ဖြစ်ကုန်ပြီဆိုတော့ ပြည်တွင်းလုပ်ငန်းတွေဟာ ဒစ်ဂျစ်တယ်နည်းလမ်းကို အသုံးပြုဖို့နဲ့ သမားရိုးကျ မဟုတ်တဲ့ ဆန်းသစ်ဖန်တီးမှုတွေကိုလုပ်လို့ရတဲ့ အခွင့် အလမ်းကို အားလုံးကမြင်သွားပြီ။ သဘောတူသွားပြီ။

ဒါတွေကို အားပေးမယ်ဆိုရင် ပြည်တွင်းလုပ်ငန်းတွေ အနေနဲ့ အွန်လိုင်းပေါ်တက်ဖို့၊ ဒစ်ဂျစ်တယ်သုံးဖို့၊ ဆန်းသစ် ဖန်တီးမှုတွေ လုပ်ဖို့အတွက်ကို အားပေးလိုက်မယ်ဆိုရင် ကိုဗစ် - ၁၉ ကြောင့် နှောင့်နှေးသွားရတဲ့၊ ပြောင်းလဲသွားရတဲ့ လုပ်ငန်းတွေကို လမ်းသစ်ဖောက်ပေးသလိုဖြစ်ပြီး လုပ်ငန်း တွေ ပိုကောင်းလာဖို့၊ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်လာဖို့ လုပ်ပေးနိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒီတော့ e-Commerce Platform တွေ၊ အွန်လိုင်းက နေဈေးရောင်းတဲ့ ဝက်ဘ်ဆိုက်တွေ အဲဒီမှာ ပြည်တွင်းက ဝယ်သူတွေ အလွယ်တကူ ငွေပေးချေနိုင်ဖို့၊ အခွန်အခတွေ တိတိကျကျဖြစ်စေဖို့၊ ရောင်းသူတွေက ဒီဘဏ်မို့လို့ ဝယ်သူ က ဟိုဘဏ်မို့လို့ ပိုက်ဆံပေးလို့မရဘူး ဆိုတာမျိုးတွေ မဖြစ်အောင်၊ ဘဏ်မတူရင်တောင်မှ အွန်လိုင်းကနေ ငွေလွှဲ လို့ရတယ်၊ ပေးလို့ရတယ် ဆိုတာမျိုးတွေ ဖြစ်အောင်၊ Mobile Payment တွေမှာလည်း သူကဟို Pay ၊ ငါက ဒီ Pay နာမည်မတူလို့ တစ်ခုနဲ့တစ်ခု ပေးလို့မရဘူးဆိုတဲ့ ဟာမျိုးတွေမဖြစ်အောင် လိုအပ်တဲ့ Digital Gate Way အသုံးချမှုတွေ ဖြစ်လာအောင် ပြုပြင်တာတွေ၊ အားပေး မြှင့်တင်တာတွေကို Recovery Plan ထဲမှာ လုပ်မယ်လို့ ယူဆပါတယ်။
ဒီလို ဒစ်ဂျစ်တယ်နည်းပညာနဲ့ လုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေမှာ ပြည်တွင်းက လုပ်ငန်းတွေအနေနဲ့ ဈေးရောင်းတတ်၊ အသုံးပြုတတ်လာပြီဆိုရင် မြန်မာ့ ထုတ်ကုန်ကို နိုင်ငံတကာရဲ့ အွန်လိုင်းပလက်ဖောင်းတွေမှာ တင်ရောင်းဖို့ လုပ်တတ်သွားပါလိမ့်မယ်။ ဒါမျိုး လုပ်နိုင်လာ ပြီဆိုရင် အားလုံးက ကမ္ဘာနဲ့ချီပြီးသွားဖို့ အခွင့်အလမ်းဖြစ် သွားတဲ့အတွက်ကြောင့် ဒါကို အားပေးပံ့ပိုးကူညီရမယ့် အဆင့်ထဲမှာ ထည့်သွင်းသင့်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လုပ်ငန်းတွေရဲ့ တတ်ကျွမ်းသူလိုအပ်ချက်နဲ့ ဖြည့်ဆည်းမှုတွေ အံဝင်ခွင်ကျ ဖြစ်အောင် တွဲဖက်နိုင်ဖို့၊ ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့ လုပ်ငန်းတွေ ပြန်လည်ဦးမော့လာနိုင်ဖို့အတွက်မှာလည်း ဒစ်ဂျစ်တယ်စနစ်တွေကို ပြောင်းသုံးဖို့၊ ကောင်းမွန်တဲ့ ရွေးချယ်စရာ တစ်ခုအနေနဲ့ သုံးနိုင်ဖို့၊ နည်းပညာအသုံးပြုမှုနဲ့ ဆန်းသစ်ဖန်တီးမှုတွေကို လက်တွေ့ကျကျလုပ်နိုင်ဖို့ အစိုးရ က MERRP မှာ ဗျူဟာတစ်ရပ်အနေနဲ့ အားပေးမြှင့်တင်မှု တွေ လုပ်သွားမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့အားလုံး အတွက် ဒစ်ဂျစ်တယ်ရဲ့ ပြောင်းလဲမှု အကောင်းဆုံး အခွင့် အရေး ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။

အစီအစဉ်မှူး။ ။ ဒီအစီအစဉ်ကနေ ဦးရဲမင်းအောင် အနေနဲ့ ထပ်မံဖြည့်စွက်ပြီး ပြည်သူတွေ ကို ပြောချင်တဲ့အကြောင်းအရာရှိရင်လည်း မျှဝေပေးပါဦး။

ဦးရဲမင်းအောင်။ ။ ဒီနေ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ၊ အထူးသဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင် အသေး စား၊ အငယ်စားအားလုံးကို ကျွန်တော့်အနေနဲ့ အကြံပြု တိုက်တွန်းချင်တာက ဒစ်ဂျစ်တယ်နည်းစနစ်နဲ့ ပြုပြင် ပြောင်းလဲပြီး လုပ်ရမယ်ဆိုတဲ့ အသိစိတ်ရယ်၊ လုပ်နေတာ တွေက တော်တော်များများ ဖြစ်လာပါပြီ။ ဒါပေမယ့် စုပေါင်းညှိနှိုင်းတိုင်ပင်ပြီး ဆောင် ရွက်ရမယ့်ကိစ္စကိုလည်း မမေ့လျော့စေချင်ပါဘူး။

စုပေါင်းညှိနှိုင်းလုပ်ရ

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက တစ်ဦးကောင်း၊ တစ်ယောက်ကောင်းလုပ်လို့ မရပါဘူး။ အားလုံးစုပေါင်း ညှိနှိုင်းပြီး လုပ်ရတဲ့အနေအထား ဖြစ်ပါတယ်။ ကျေးရွာ အဆင့်မှာလည်း တူရာတူရာ စုဖွဲ့ပြီး ဆောင်ရွက်ဖို့လိုပါ တယ်။ တစ်ဖက်ကလည်း ဒီကဏ္ဍအတွင်းမှာရှိနေတဲ့ စိုက်ပျိုးရေးလုပ်ငန်း လုပ်နေတဲ့သူတွေနဲ့ မွေးမြူရေး လုပ်ငန်းလုပ်နေတဲ့သူတွေ ပူးပေါင်းဖို့လိုပါတယ်။ အရင် တုန်းကလည်း ရှိပါတယ်။ ဆန်စက်လုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းရှင်တွေက ဆန်စက်ကထွက်လာတဲ့ ဖွဲ၊ ဆန်ကွဲ တို့ကို မွေးမြူရေးလုပ်ငန်းရှင်တွေကို ရောင်းကြပါတယ်။

ဒီတော့ ဆန်စက်လုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းရှင်နဲ့ မွေးမြူရေးလုပ်ငန်းလုပ်တဲ့ လုပ်ငန်းရှင်တွေ Public Private Partnership ပါ။ တစ်ခါတလေကျရင် ပုဂ္ဂလိက နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုကို ပြောသလိုပဲ တစ်ဖက် မှာလည်း ကိုယ့်ရဲ့ပုဂ္ဂလိကကဏ္ဍအတွင်းမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ မျှဝေဆောင်ရွက်မှုတွေ ပိုပြီးအရှိန် အဟုန်မြှင့်ပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျွန်တော့် အနေနဲ့ တိုက်တွန်းအကြံပြုပြောကြားလိုပါတယ်။

နောက်တစ်ချက်က နိုင်ငံတော်အစိုးရပိုင်းက အခု MERRP ပေါ့။ အားလုံးမျှော်လင့်နေတဲ့ အစီအစဉ် ထွက် လာပါပြီ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်ပြီဆိုရင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေမှာ ဘာတွေလုပ်သင့်သလဲ၊ ဘယ်လိုတွေလုပ်မှာလဲဆိုတဲ့ကိစ္စတွေကို ကျွန်တော်တို့ လည်း ပြင်ဆင်ထားပါတယ်။ ကျန်တဲ့ကိုယ့်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်နေတဲ့ အသင်းအဖွဲ့တွေ၊ အဖွဲ့ အစည်းတွေ၊ လုပ်ငန်းတွေကလည်း စဉ်းစားထားဖို့ လိုအပ်ပါတယ်။

နိုင်ငံတော်အစိုးရက ပြည်သူနဲ့အတူဆိုပြီး မူဝါဒ ချမှတ်ဆောင်ရွက်နေတဲ့ချိန်မှာ ကျွန်တော်တို့ကလည်း နိုင်ငံတော်အစိုးရနဲ့အတူ ဘာတွေလုပ်နိုင်မလဲဆိုတာ အခုကတည်းက ပြင်ဆင်တွက်ချက်ပြီး ကိုယ့်ရဲ့လုပ်ငန်း တွေကို ပြုပြင်ပြောင်းလဲဆောင်ရွက်ဖို့ လိုအပ်တဲ့ အနေအထားရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက ကိုယ့်နိုင်ငံရဲ့ စားနပ် ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးဆိုရာမှာလည်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံရေး၊ Food Safety ပိုင်းလည်း ပါပါတယ်။ ဒါတွေကို ဂရုစိုက်ပြီး စနစ်တကျထုတ်လုပ်မယ်၊ နိုင်ငံတော်အစိုးရနဲ့အတူ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်မယ်ဆိုရင် ၂၀၂၁ ခုနှစ် က လယ်ယာကဏ္ဍရဲ့ အလှည့်အပြောင်းနှစ်တစ်ခု ဖြစ်လာ မယ်လို့ ယုံကြည်ပါတယ်။ မျှော်လင့်ပါတယ်။

အစီအစဉ်မှူး။ ။ ဆရာဦးသာထက်အနေနဲ့ ပြည်သူ တွေကို ထပ်မံပြီး အကြံပြုချင်တဲ့ အကြောင်းအရာရှိရင်လည်း မျှဝေပေးပါဦး။

ဦးသာထက်။ ။ ကျွန်တော့်အနေနဲ့ စိုက်ပျိုးမွေးမြူ ရေးကဏ္ဍသာမက အခြားအခြား သော ကဏ္ဍတွေမှာရှိနေတဲ့ လုပ်သားတွေ၊ အလုပ်အခြေ အနေအရ အပြောင်းအလဲဖြစ်ကြတဲ့ အခြေအနေထဲမှာ ရှိနေတဲ့သူတွေ၊ နောက်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ ဒီလို အချိန်ကာလအတွင်းမှာ ဒစ်ဂျစ်တယ် နည်းလမ်းကိုသုံးပြီး ဖျော်ဖြေရေးတွေ၊ ပျော်စရာတွေပဲ ကြည့်နေမယ့်အစား ဒီဟာကိုသုံးပြီး သူများတွေ ဘယ်လိုဈေးတွေရောင်းနေ တယ်။

ဒီအချက်အလက်ကိုသုံးပြီး ဘယ်လိုဈေးကွက်ရှာနေ ကြတယ် ဆိုတာမျိုးတွေကိုလည်း မြင်အောင်ကြည့်ပြီး ကိုယ်လည်း ဒါကို သုံးတတ်အောင်၊ လုပ်တတ်အောင်လုပ်ဖို့ အကြံပြုချင်ပါတယ်။ နည်းပညာလို့ ကျွန်တော်တို့ အမြဲ တမ်းပြောတဲ့အခါ နည်းပညာက စက်ပစ္စည်းတွေနဲ့ Infrastructure လိုမျိုးသာမက ဒါကို ဘယ်လိုအသုံးပြုရ သလဲဆိုတဲ့ နည်းလမ်းကလည်း နည်းပညာရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်ပါတယ်။

နည်းပညာဆိုတာက Processes လည်းပါတယ်။ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေက ယခင် ဒစ်ဂျစ်တယ်စနစ် မဖြစ်ခင်က လုပ်တဲ့ပုံစံနဲ့ ဒစ်ဂျစ်တယ်စနစ်ကို သုံးလိုက်လို့ မြန်မြန်ရောင်းလို့ရတယ်။ လွယ်လွယ်ရောင်းလို့ရတယ်။ များများရောင်းလို့ရမယ်ဆိုရင် ဘယ်လိုမျိုး ကိုယ့်လုပ်ငန်း ကို ပြောင်းလဲရမယ်ဆိုတာကအစ ဒီအချိန်မှာစပြီး တွေးဖို့လိုနေပါပြီ။ အဲဒီလို မဖြစ်ဘူး၊ အဲဒီလို မလုပ်ထားဘူး ဆိုရင် ရွေ့လျားသွားမယ့် မျှခြေအခြေအနေရောက်တဲ့ အချိန်မှာ ကိုယ့်ရဲ့လုပ်ငန်းက မရှိတော့တာမျိုး ဖြစ်သွားနိုင် တယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုပြောင်းလဲမယ်ဆိုတာ စဉ်းစားပြီး နည်းပညာကို ကိရိယာတစ်ခုလို အသုံးပြုပြီး လုပ်နိုင်အောင်၊ ကြီးပွားအောင်လုပ်ဖို့အတွက်ကို ပြင်ဆင် ဖို့ အခွင့်အလမ်းကောင်းဖြစ်တယ်လို့ မြင်ပါတယ်။ အဲဒါကို လုပ်ဖို့အတွက် တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ထက်လျှံ