Skip to main content

အခြေခံပညာဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ပေး

ဒေါက်တာသန့်စင် (ရူပဗေဒ)

ကျွန်တော်သည် ပညာရေးဝန်ကြီးဌာနတွင် ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ ၃၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တက္ကသိုလ်ဆရာဘဝမှစတင်ပြီး စစ်တက္ကသိုလ်၊ မုံရွာကောလိပ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ပညာရေးသုတေသနဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန စသည်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်ဖြင့် သက်ပြည့်အငြိမ်းစားယူခဲ့ပါသည်။

KG + 12 ပညာရေးစတင်နိုင်ရန် ပညာရေးသုတေသနဦးစီးဌာနတွင် Task Manager အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကျွန်တော်၏မိခင်ဖြစ်သူမှာ မူလတန်းပြဆရာမတစ်ဦးဖြစ်ပြီး ဦးကြီး၊ ဦးလေး၊ အဒေါ်များမှာလည်း အခြေခံပညာဝန်ထမ်းများဖြစ်ပါသည်။ အခြေခံပညာရေးကို များစွာစိတ်ဝင်စားမိပါသည်။

၂၀၁၆ ခုနှစ်တွင်စတင်ခဲ့သည့် သူငယ်တန်း+ ၁၂ နှစ် (KG + 12)သင်ရိုးသည် သူငယ်တန်းအပါအဝင် စုစုပေါင်းစာသင်နှစ် ၁၃ နှစ်ရှိသော စနစ်ဖြစ်ပါသည်။ သူငယ်တန်း + ၁၂ နှစ်သင်ရိုးတွင် အသက်ငါးနှစ်ပြည့်ပြီးသော ကလေးတစ်ဦးသည် သူငယ်တန်း (KG) တွင် စတင်တက်ရောက်ပြီး တန်းစဉ်အောင်မြင်ပါက အသက် ၁၇ နှစ်ပြည့်သောအခါ ဒွါဒသမ ၁၂ တန်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ထိုအတန်းကိုအောင်မြင်ပါက တက္ကသိုလ်သို့ရောက်ရှိမည့် နိုင်ငံတကာနှင့် တန်းညှိထားသောစနစ်ဖြစ်ပါသည်။

မူလတန်းအဆင့်ပညာရေးတွင် (ပထမတန်းမှ ပဉ္စမတန်းအထိ) ငါးနှစ်၊ အလယ်တန်းအဆင့်ပညာရေးတွင် (ဆဋ္ဌမတန်းမှ နဝမတန်းအထိ) လေးနှစ်၊ အထက်တန်းအဆင့်တွင် (ဒသမတန်းမှ ဒွါဒသမ တန်းအထိ) သုံးနှစ်ဟူ၍ (၅ : ၄ : ၃) ပုံစံဖြစ်ပါသည်။ အခြေခံပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ၂၀၁၄ ခုနှစ် အမျိုးသားပညာရေးဥပဒေ၌ “အခြေခံပညာရေးဆိုသည်မှာ နိုင်ငံသားတိုင်းတတ်မြောက်ရန် သတ်မှတ်ထားသော အခြေခံပညာကို သင်ယူတတ်မြောက်စေရန်နှင့် နည်းပညာနှင့် သက်မွေးပညာ တစ်ခုခုကိုဖြစ်စေ၊ အဆင့်မြင့်ပညာကိုဖြစ်စေ ဆက်လက်သင်ယူနိုင်စေရန် သင်ကြားလေ့ကျင့်ပေး သည့် ပညာရေးကိုဆိုလိုသည်”ဟု ဖော်ပြထားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးပညာများကို ထည့်သွင်းသင်ကြားမည်

ယခုအခါ နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍတွင် နိုင်ငံတော်၏ဘတ်ဂျက်ငွေကို များစွာအသုံးပြုကာ အလေးထားမြှင့်တင်ပေးလျက်ရှိပါသည်။ ပညာရေး၏အရေးကြီးပုံနှင့် ပညာရေးကဏ္ဍမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်နေပါသည်။ ကျောင်းနေအရွယ်ကလေးတိုင်း အနည်းဆုံးအခြေခံပညာ (KG + 9) အထိ သင်ကြားတတ်မြောက်စေရန် ဆောင်ရွက်နေပါသည်။ အခြေခံပညာသင်ရိုးများတွင် လက်တွေ့အသုံးကျသော စိုက်ပျိုးရေး၊ မွေးမြူရေးပညာများကို ထည့်သွင်းသင်ကြားမည် ဖြစ်ပါသည်။

မကြာမီတွင် Smart School နှင့် Football for School Program တို့ကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ရှိသော အခြေခံပညာကျောင်းများတွင် Pilot Project အဖြစ် စတင်အကောင်အထည်ဖော် ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အားကစားကဏ္ဍတိုးမြှင့်ရေးအတွက် ဆောင်ရွက်

မြန်မာနိုင်ငံ၏ ဘောလုံးအားကစားသည် တစ်ခါက အာရှနှင့်အရှေ့တောင်အာရှတွင် နာမည်ကြီး ထင်ရှားခဲ့ပါသည်။ ယခုအခါ အခြေခံပညာကျောင်းများမှ မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်လေ့ကျင့်ကာ အားကစားကဏ္ဍတိုးမြှင့်ရေးအတွက် ဆောင်ရွက်ပေးသည်ကို ကြိုဆိုရပါသည်။ ဘောလုံးအားကစားသည် လူအများ စုပေါင်းကစားရသည့်အားကစားဖြစ်ပြီး တစ်ဦးကောင်းတစ်ယောက်ကောင်းအပြင် စုပေါင်းဆောင်ရွက်မှ အောင်မြင်မှုရနိုင်သည့် အားကစားဖြစ်ပါသည်။ အပေးအယူမျှတရမည်ဖြစ်ပြီး အချိန်တိုအတွင်း ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချ၍ တစ်ဖက်အသင်းကို အနိုင်ဂိုးများသွင်းကာ ကစားရသည့်နည်းဖြစ်ပါသည်။ သက်လုံကောင်းမှု၊ ညီညွတ်မှု၊ သည်းခံစိတ်ရှိမှု၊ အချင်းချင်းနားလည်မှုရှိမှုတို့ကို သင်ကြားပေးသည့် အားကစားနည်းဖြစ်၍ လူငယ်များအတွက် အထူးသင့်လျော်ပါသည်။

စာရေးသူသည် ပညာရေးဝန်ထမ်းဘဝတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့သို့ ပညာရေးလေ့လာရေးခရီး မကြာခဏရောက်ခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် အခြေခံပညာမှစ၍ ကျောင်းသား ကျောင်းသူများကိုယ်တိုင် အားထားသင်ယူသည့်စနစ်ကို လေ့ကျင့်ပေးပါသည်။ ကျောင်းသို့လာရာတွင် အတန်းကြီးကျောင်းသားများက အတန်းငယ်ကျောင်းသားများကို ဂရုတစိုက်ခေါ်ဆောင်ပြီး ကျောင်းစာသင်ခန်း၊ အိမ်သာ၊ ထမင်း စားခန်း၊ ကျောင်းတွင်းသန့်ရှင်းရေးများကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြရပါသည်။

နေ့လယ်စာကျွေးသည့် တချို့ကျောင်းများ၌ ကျောင်းသား ကျောင်းသူများကိုယ်တိုင် ထမင်းစားခန်းမှ ထမင်းဟင်းများကို အလှည့်ကျသွားယူကာ ထမင်း၊ ဟင်းနှင့် နွားနို့ပုလင်းတို့ကို မိမိကုန်နိုင်သလောက်သာ စားသုံးတတ်စေရန်၊ ထမင်းစားပြီး ပုံစံပန်းကန်ခွက်များကို သက်ဆိုင်ရာနေရာသို့ စနစ်တကျပြန်ထားရန် စသည်တို့ကို လေ့ကျင့်ပေးထားပါသည်။ သန့်စင်ခန်းများကိုလည်း ကျောင်းသား ကျောင်းသူများ အလှည့်ကျ နေ့စဉ်သန့်ရှင်းရေး လုပ်ရပါသည်။ အားကစားကဏ္ဍအပြင် မိမိတို့ကိုယ်တိုင် ကျောင်းအတွင်း သစ်ပင်ပန်းပင်များကို စိုက်ပျိုးရပါသည်။ စာသင်ကြားရာတွင် ဆရာနှင့် တပည့် အမေး၊ အဖြေစနစ်နှင့်အတူ ကျောင်းသား ကျောင်းသူအုပ်စုများ အလျဉ်းသင့်သလိုဖွဲ့၍ ဆရာ၏မေးခွန်းများကို စုပေါင်းဖြေဆိုကြပါသည်။ ဆရာနှင့် ကျောင်းသားအချိုးမှာလည်း ၁ : ၂၀ ခန့် သာရှိပါသည်။

Smart School ကို လေ့လာမိသည်မှာ ကျောင်းသားများ၏ သင်ယူမှုနှင့် သင်ကြားမှု လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုထားသော ကျောင်းကိုဆိုလိုပါသည်။ ယင်းသည် ရိုးရာသင်ကြားမှုပုံစံမှ ခေတ်မီဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းသင်ကြားခြင်းကို အခြေခံပါသည်။

Smart School ၏ အဓိကအချက်များ

Smart School ၏ အဓိကအချက်များမှာ-

၁။ ကျောက်သင်ပုန်းများအစား အပြန်အလှန် ထိတွေ့အသုံးပြုနိုင်သော Smart Board များ၊ တက်ဘလက်များနှင့် ကွန်ပျူတာများ အသုံးပြုခြင်း။

၂။ ကျောင်းသားတစ်ဦးချင်းစီ၏ ပညာအရည်အချင်းအလိုက် ဉာဏ်ရည်တု (AI) နည်းပညာ သုံးသင်ခန်းစာများဖြင့် သင်ကြားပေးခြင်း၊

၃။ e Book စာအုပ်များ၊ ဗီဒီယိုသင်ခန်းစာများနှင့် အွန်လိုင်းမှတစ်ဆင့် မည်သည့်နေရာတွင်မဆို လေ့လာသင်ကြားနိုင်ခြင်း၊

၄။ ကျောင်းသား၊ ဆရာနှင့် မိဘများအကြား အွန်လိုင်းမှတစ်ဆင့် ကျောင်းသား၏တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊

၅။ အားကစား၊ သိပ္ပံလက်တွေ့၊ လူမှုရေး၊ ပြည်သူ့နီတိတို့တွင် ကျောင်းသား ကျောင်းသူတိုင်း စိတ်ပါဝင်စားစွာ သင်ယူနိုင်ခြင်း၊ မိမိတို့၏ Mindset များကို အစဉ်မြှင့်တင်ပေးနေခြင်း စသည်တို့ဖြစ်ကြောင်း လေ့လာမိပါသည်။

သင်ယူမှုပုံစံ

ပညာရေးလောကတွင် ကျောင်းသားများကို အမျိုးအစားခွဲခြားရာ၌ သင်ယူမှုပုံစံ (Learning Styles) ပေါ်မူတည်၍ ခွဲခြားနိုင်ပါသည် -

(၁) အမြင်ဖြင့် သင်ယူသူများ။ ရုပ်ပုံများ၊ ပုံကြမ်းများဖြင့် ဗီဒီယိုများကိုကြည့်ရှုကာ အကောင်းဆုံး သင်ယူနိုင်သူများဖြစ်ပါသည်။ ၎င်းတို့သည် စာဖတ်ခြင်းထက် မြေပုံများ၊ ဂရပ်ပုံစံများကို ပိုမိုနှစ်သက်ကြပါသည်။

(၂) အကြားဖြင့် သင်ယူသူများ။ ဆရာ၏ဟောပြော ပို့ချချက်များကို နားထောင်ခြင်း၊ အုပ်စုလိုက် ဆွေးနွေးခြင်းမှတစ်ဆင့် အကောင်းဆုံးမှတ်မိသူများဖြစ်ပါသည်။ ၎င်းတို့သည် စာကိုအသံထွက်ဖတ်ခြင်း၊ အသံဖိုင်များကို နားထောင်ခြင်းဖြင့် ပိုမိုထိရောက်စွာ လေ့လာနိုင်ပါသည်။

(၃) စာဖတ်ခြင်း၊ စာရေးခြင်းဖြင့် သင်ယူသူများ။ စာအုပ်ဖတ်ခြင်း၊ မှတ်စုရေးခြင်း၊ စာစီစာကုံးရေးသားခြင်းတို့ကို နှစ်သက်သူများဖြစ်ပါသည်။ ၎င်းတို့သည် အချက်အလက်များကို စာသားအဖြစ်ဖော်ပြထားမှသာ ပိုမိုနားလည်လွယ်ပါသည်။

(၄) လက်တွေ့လုပ်ဆောင်မှုဖြင့် သင်ယူသူများ။ လက်တွေ့စမ်းသပ်ခန်းများတွင် လုပ်ဆောင်ရခြင်း၊ ပြင်ပသို့ကိုယ်တိုင်ထွက်၍ လက်တွေ့သင်ယူရခြင်းတို့ကို နှစ်သက်သူများဖြစ်ပါသည်။ ၎င်းတို့သည် ကိုယ်တိုင်လက်တွေ့မလုပ်ရပါက အာရုံစူးစိုက်ရန် ခက်ခဲသူများဖြစ်ပါသည်။

ထို့အပြင် ကျောင်းသားတစ်ယောက် အောင်မြင်နိုင်ရန် အမှတ်ကောင်းရေးသာမကဘဲ အမူအကျင့်ကောင်းမွေးမြူပေးနိုင်ရပါမည်။ (၁) စည်းကမ်း ရှိရပါမည်၊ (၂) အချိန်ကို စီမံခန့်ခွဲတတ်ရပါမည်၊ (၃) သိလိုစိတ်ရှိရပါမည်၊ (၄) ဇွဲရှိရပါမည်၊ (၅) စာသင်ကြားရာတွင် ကိုယ်တိုင်တက်ကြွစွာ ပါဝင်ဆွေးနွေးနိုင်ရပါမည်၊ (၆) ရည်မှန်းချက် ပန်းတိုင်ရှိရပါမည်။ အဓိကအားဖြင့် ကြိုးစားမှု၊ စည်းကမ်းရှိမှု၊ ဇွဲရှိမှု စသည့် ကျောင်းသား ကျောင်းသူ များဖြစ်ရပါမည်။

အရည်အသွေးရှိပညာရေးသို့ ဦးတည်ရာတွင် ဆရာ၏လစာ၊ ဆရာ၏လူမှုစီးပွားရေးဘဝ၊ ဆရာ၏ ဂုဏ်သိက္ခာနှင့်ဆရာ၏ကျင့်ဝတ်များ ကောင်းမွန်ခိုင်မာရေးသည်လည်း အဓိကကျပါသည်။ စွမ်းဆောင်ရည်မြင့်မားသည့် ပညာရေးစနစ်တည်ဆောက်ရာတွင် ဆရာ ဆရာမများအတွက် ထိုက်တန်လျော်ကန်သော ကူညီပံ့ပိုး ချီးမြှင့်မှုအစီအစဉ်များ လိုအပ်ပါသည်။ ထို့အတူ ဆရာ ဆရာမများကလည်း မိမိ၏စွမ်းဆောင်ရည်နှင့် သင်ကြားရေးအရည်အသွေးများကို အစဉ်အမြဲ မြှင့်တင်နေရပါမည်။

ထို့အပြင် မိဘ ဆရာအသင်းများကိုလည်း သေချာကျနစွာဖွဲ့စည်းထားပြီး မိဘများ၏ ကျောင်းတွင်းလှုပ်ရှားမှုများ၊ ပညာရေးဆောင်ရွက်ချက်များ၊ လူမှုရေးဆောင်ရွက်ချက်များတွင် ပါဝင်လာနိုင်ရန် ဆွေးနွေးတိုင်ပင် ဆောင်ရွက်သင့်ပါသည်။ မိဘများသည် မိမိတို့ကလေးကို ကျောင်းအပ်ပြီးပါက မိမိတို့တာဝန်ကျေပွန်ပြီဟု မသတ်မှတ်ဘဲ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ မိမိတို့သားသမီးများ၏ ပညာရေးကိုလေ့လာမေးမြန်း ကူညီဆောင်ရွက်ပေးရပါမည်။

နိုင်ငံတော်က ပညာရေးကဏ္ဍ တိုးတက်ကောင်းမွန်ရန် အားထုတ်ကြိုးပမ်းနေပါသည်။ ကျောင်းသား၊ မိဘ၊ ဆရာများ၊ ပြည်သူများပူးပေါင်းပြီး ကျွန်တော်တို့နိုင်ငံ၏ အခြေခံပညာကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

ကိုးကား ။ ။ အခြေခံပညာ သိကောင်းစရာများ (မောင်မြကျော်၊ ကျောင်းအုပ်ကြီး- ငြိမ်း၊ ရန်ကင်းပညာရေးကောလိပ်)

- ပညာရေးသိကောင်းစရာများ (အင်တာနက်)