အေးမြရိပ်ခို မြကျွန်းညို
ရှင်ထွေးလေး
ဆောင်းရာသီနံနက်ခင်းဖြစ်၍ မြကျွန်းညို၏ ကောင်းကင်ပြာသည် တိမ်ညိုတိမ်မည်းကင်းစင်ကာ လောကပတ်ဝန်းကျင်တစ်ခုလုံး အေးချမ်းသာယာနေသည်။ ပြည်လမ်းဂျပ်ဆင်ဝင်ပေါက်မှ တောင်ငူဆောင်မြန်မာစာဌာနသို့ ရွှေဘို ဘေးလမ်းမှသွားလျှင် ငါးမိနစ်ပင် မကြာနိုင်သော်လည်း အဓိပတိလမ်းအတိုင်း နံနက်စောစောလမ်းလျှောက်လိုစိတ် ဖြစ်ပေါ်လာ၍ ဂျပ်ဆင်ဘေးလမ်းမှ ထွက်ကာ အဓိပတိလမ်းမအတိုင်း ခပ်ဖြည်းဖြည်း လျှောက်လာခဲ့သည်။ အဓိပတိ လမ်းအတိုင်း ဘေးဘီဝဲယာကို တွေးတွေးငေးငေး ဝေ့ဝဲကြည့်လျက် လတ်ဆတ်အေးမြသောလေကို တစ်ဝ ရှူသွင်းလိုက်သည်။ ဘေးဘီဝဲယာ ငေးမောရင်း ကောင်းကင်ပြာကို မော့ကြည့်မိလျှင် မြင့်မားကျယ်ပြန့်လှသော ကောင်းကင်ပေါ်တွင် ပုံရိပ်ထင်ဟပ်နေသည့် တိမ်စိုင်တိမ်ခဲများကို ဆွတ်ပျံ့ လွမ်းမောဖွယ် တွေ့ရသည်။
မြကျွန်းညိုတွင် ခြေချခဲ့သည်ကို တွက်ဆ ကြည့်လျှင် ဆယ်စုနှစ်တစ်ခုမျှ ကြာခဲ့ချေပြီ။ အဓိပတိကောင်းကင်ပြာရိပ်အောက်တွင် ခိုလှုံ ခွင့်ရခဲ့သည်မှာ ဆယ်စုနှစ်တစ်ခါလည်မျှ ကြာခဲ့ချေပြီ။ ဤမြေ၊ ဤကောင်းကင်ရိပ် အောက်တွင် ဆယ်စုနှစ်တစ်ခုကြာ ခိုလှုံခဲ့ သော မိမိသည် ရန်ကုန်တက္ကသိုလ်၏ ငယ်မွေး ခြံပေါက်စစ်စစ်ဟု မဆိုနိုင်ပေ။ လွန်ခဲ့သော ဆယ်စုနှစ်မတိုင်မီက မြကျွန်းညို ကံ့ကော်မြေ နှင့် ပတ်သက်၍ တစိုးတစိ မကြားဖူးခဲ့ချေ။ ပညာသင်ဘဝအစ၏ မွေးရပ်မြေဟုဆိုနိုင် သော အမိဒဂုံတက္ကသိုလ်၌ ပညာဆည်းပူးချိန် ခါတွင် မိမိ၏ဆရာ ဆရာမတို့ နှုတ်ဖျားမှ တသသရွတ်ဆိုမြည်တမ်းမှုကြောင့် မြကျွန်း ညိုဟု ခေါ်ဝေါ်ကြသည့် ရန်ကုန်တက္ကသိုလ် ကံ့ကော်မြေကို စတင်သိကျွမ်းခဲ့ရသည်။ မြကျွန်းညိုကို သိကျွမ်းချိန်မှစ၍ ဤမြေ၊ ဤ အရိပ်အောက်တွင် ကွန်းခိုကာ ပညာဖွေရှာ လိုစိတ် အာသီသနေ့စဉ်မပြတ် ပြင်းပြင်း ထန်ထန် ဖြစ်ပေါ်လာခဲ့ရသည်။
ခမ်းနားကြီးကျယ်လှသော အရိပ်တစ်ခု
စိတ်အာသီသပြင်းပြခြင်း အကြောင်း တရား၏နောက်တွင် အကျိုးတရားအဖြစ် ဘွဲ့လွန်သင်တန်းကို ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ဆည်းပူးနိုင်သည့် အခွင့်အရေးကို မထင်မှတ်ဘဲ ရရှိခဲ့ပါသည်။ အစဉ်အလာ ကြီးမားလှသော ရန်ကုန်တက္ကသိုလ်ရိပ်ကို ကွန်းခိုလိုသည့် ပြင်းပြလှသော စိတ်ဇော အဟုန်ကြောင့် မိမိ၏ တောင်းဆုဆန္ဒ အမှန် တကယ် ပြည့်မြောက်ခွင့်ရခဲ့ဟန်တူသည်။ မည်သို့ပင်ဆိုစေ ကံ့ကော်မြေတွင် ခြေချမိ သည့်နေ့၊ အဓိပတိကောင်းကင်အောက်တွင် ခြေစုံရပ်မိသည့်နေ့မှစ၍ ခမ်းနားကြီးကျယ် လှသော အရိပ်တစ်ခု၏ ရိပ်မိုးလွှမ်းခြုံပေးမှုကို နွေးထွေးစွာ ခံစားခဲ့ရသည်။ ကြေးနှင့် ရွှေဂဟေဆက်ကာ တစ်သားတည်းဖြစ်သကဲ့ သို့ မိမိနှင့် ရန်ကုန်တက္ကသိုလ်သည်လည်း ထို အချိန်မှစ၍ တစ်သားတည်း ဖြစ်ခဲ့ခြင်းကို ယခုစေ့စေ့ပြန်တွေးတော့ ရေးရေးမျှပေါ် လာ သည်။
ထိုအချိန်မှစတင်ခဲ့သော ကံ့ကော်မြေ ရေစက်ကို ပိုမိုခိုင်မာစေခဲ့သည့် သံယောဇဉ် ကြိုးကား ရန်ကုန်တက္ကသိုလ်တွင် လုပ်ငန်းခွင် ဘဝ အစပြုခဲ့ခြင်းပင်ဖြစ်သည်။ ကံ့ကော်မြေ အရိပ်သည် ကျောင်းသူဘဝအစ မွေးရပ်မြေ မဟုတ်ခဲ့သော်လည်း လုပ်ငန်းခွင် ဘဝအစ မွေးရပ်မြေစစ်စစ် ဖြစ်လာခဲ့သည်။ မြကျွန်းညို သည် လောကဘဝဇာတ်ခုံတွင် ခရီးတစ် ထောက်ခိုနားရာ အရိပ်တစ်ခု ဖြစ်လာခဲ့သည်။ မြကျွန်းညို၏ အရိပ်အောက်တွင် ကျောင်းသူ ဘဝ ခိုလှုံနေခဲ့ရစဉ်ကတော့ ကြုံခဲ့ဆုံခဲ့ရသည့် ရောင်းရင်း၊ အပေါင်းအသင်းများဖြင့် ပျော် တပြုံးပြုံး ဖြတ်သန်းလာခဲ့ကြရာ မိမိတို့ ခိုလှုံ နေကြသည့် အရိပ်၏တန်ဖိုးကို များစွာသတိ မပြုမိခဲ့ကြဖူးသည်ကို ရိုးသားစွာ ဝန်ခံပါသည်။ ကျောင်းသူဘဝ အရိပ်ခိုစဉ်တွင်သာမက လုပ်ငန်းခွင်ဘဝအစတွင်လည်း မြကျွန်းညို၏ အရိပ်ကို ကောင်းစွာ သတိမမူခဲ့မိပါ။ လူတို့၏ သဘောသဘာဝမှာ ဝေးလွန်းမှ မမြင်တတ်ကြ ခြင်းမဟုတ်။ နီးလွန်းလျှင်လည်း မမြင်နိုင် ဖြစ်တတ်ကြပါသည်။
လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ခဲ့ သည့် ဆယ်စုနှစ်တာကာလအတွင်း နေရာ ဒေသအသီးသီးသို့ သွားရောက်တာဝန် ထမ်းဆောင်ရန်အတွက် မြကျွန်းညိုကို ခွဲခွာရ တော့မှ မြကျွန်းညိုကျောင်းတော်၏ အရိပ်ကို လွမ်းဆွတ်တမ်းတမိတော့သည်။ မြကျွန်းညို အရိပ်တွင် ခိုလှုံနေစဉ်ကာလက အရိပ်၏ တန်ဖိုးကို မသိခဲ့သော်လည်း ဝန်ထမ်းဘဝ မြကျွန်းညိုကို ခွဲခွာကာ တာဝန်ကျရာ နေရာ ဒေသအသီးသီးသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရသည့်အခါ မြကျွန်းညိုကို များစွာ သတိရတမ်းတမိသည်။ အေးမြသည့် အရိပ်နှင့် ဝေးမှ အရိပ်၏တန်ဖိုးကို သိနားလည်လာ သည်။ ထို့ကြောင့်လည်း တာဝန်ကျ နှစ်ကာလ ပြည့်မြောက်လျှင် မြကျွန်းညိုအရိပ်တွင် ခိုလှုံ ရန်အလို့ငှာ ကံ့ကော်မြေသို့သာ ရွေးချယ် လျှောက်ထားခဲ့မြဲ၊ ပြန်လာခဲ့မြဲသာဖြစ်သည်။
ဤမြေ၊ ဤကောင်းကင်အရိပ်အောက်သို့ ပြန်လည်ရောက်ရှိလေတိုင်းလည်း အတူခိုလှုံ ခဲ့ဖူးကြသော ဘယ်ဆီဘယ်ဝယ် ရောက်နေ မှန်းမသိသည့် အိုးစားဖက် မိတ်ဆွေရောင်းရင်း များကို သတိရမိသည်။ အရိပ်တစ်ခုတွင် အေး အတူ ပူအမျှ အတူတူခိုလှုံခဲ့ကြဖူးသူများကို မေ့နိုင်ရန် ခက်ခဲလှသည်။ အချိန်တန် အတောင်စုံ၍ ဘဝခရီးကိုယ်စီ ပျံသန်းကြ သည့်အခါ ထိုအရိပ်မှ မဖြစ်မနေ စွန့်ခွာခဲ့ကြရ သည်။ ငယ်ရွယ်ပျိုမျစ်သည့် ကာလတစ်ခုတာ အေးချမ်းစွာ၊ ပျော်ရွှင်စွာ ခိုလှုံခဲ့ဖူးသော နွေး ထွေးမှုတို့ ပေးစွမ်းရာ အရိပ်တစ်ခုကို မည်သူ ကများ စွန့်ချင်လေရှာမည်နည်း။ သို့သော် အချိန်တန်သည့်အခါ မည်မျှအေးမြသည့် အရိပ်ပင်ဖြစ်ပါစေ စွန့်ခွာ၍ ရေကြည်ရာ မြက်နုရာ ရှာဖွေထွက်ခွာ ကြရမြဲဖြစ်သည်။ အရိပ်နှင့်ဝေးကွာမှလည်း အရိပ်၏တန်ဖိုးကို ပြန်လည်ဆင်ခြင် သတိရတမ်းတမိတတ် ကြမြဲဖြစ်သည်။
ခိုလှုံခဲ့ဖူးသည့် အရိပ်များ
ထိုသို့စဉ်းစားမိလေတော့ မိမိ၏ ဘဝတွင် ခိုလှုံခဲ့ဖူးသည့်အရိပ်အချို့ကို အမှတ်ထင်ထင် ပြန်လည်မြင်ယောင်လာသည်။ ခိုလှုံခဲ့ဖူးသည့် အရိပ်တွေအကြောင်း ပြန်လည်တွေးတောမိ လျှင် အဘွားကိုလည်း သတိရလာမိပါသည်။ ကျွန်မငယ်စဉ်ကလေးဘဝက မြို့သစ်တွင် ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ မြို့သစ်ဟု စကားလှအောင်ပြောရသော်လည်း စင်စစ်က မြို့စွန်ဖြစ်သည်။ မြို့သစ်တည်ထားသည်မှာ မကြာသေး၍ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းလာသူများပြီး စရိုက်လည်း စုံလှ သည်။ ရေ၊ မီးလည်း မှန်မှန်မလာတတ်ပေ။ အဆိုးဆုံးအချက်မှာ မကြာခဏ မီးလန့်တတ် ခြင်းပင်ဖြစ်သည်။ မီးလန့်ရာတွင်လည်း နေ့ညရွေးကာ လန့်တတ်ခြင်း မဟုတ်ပေ။ မကြာခဏ မီးလန့်လွန်းသဖြင့်လည်း မိခင် သည် နွေအခါကာလရောက်ပြီဆိုလျှင် မရှိမဲ့ ရှိမဲ့ ပိုင်ဆိုင်မှုလေးများကို အဆင်သင့် ထုပ်ပိုး ထားတတ်သည်။ ခက်သည်က အဆင်သင့် ထုပ်ပိုး၍ မရသော ကျွန်မတို့ မောင်နှမလေး ယောက်ပင်ဖြစ်သည်။ တစ်ခါတစ်ရံ ဖခင်အိမ် တွင် မရှိသည့်အချိန် အရေးဟယ် အကြောင်း ဟယ် မီးလန့်သံကြားပါက ကလေးငယ်တိုးလိုး တွဲလောင်းများက တစ်ဖက်၊ အထုပ်အပိုး များက တစ်ဖက်နှင့် အလွန်ပင် ဒုက္ခများခဲ့သည် ကို ယနေ့ထက်တိုင် အမှတ်ရနေပါသေး သည်။
ထို့ကြောင့် နွေဦးကာလဝင်ပြီဆိုလျှင် အဘွားက ကျွန်မတို့ကလေး ပုစုခရုတစ်သိုက် ကို လာရောက်ခေါ်ဆောင်တော့သည်။ နောက်ပိုင်းတွင် နွေဦးကာလ၌ သာမက စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များပါမကျန် အဘွားအိမ်သို့ ရောက်ရတော့သည်။ ကျွန်မ တို့ကို သောကြာညနေပိုင်း လာရောက်ခေါ် ဆောင်တတ်ပြီး တနင်္ဂနွေညနေတွင် ပြန်လည် ပို့ပေးတတ်သည်။ ဤတွင် အဘွားအိမ်ပြောင်း နေခြင်းကို လွယ်ကူသည်ဟု ထင်ကောင်း ထင် မှတ်ကြလိမ့်မည်။ အမှန်စင်စစ်တွင် အဘွားက ကိုယ်ပိုင်ကားရှိသော သူဌေးမကြီး မဟုတ်ပေ။ မြေးလေးယောက်ကို ချီပိုးဆွဲလွဲကာ မြို့သစ် နှင့် မြို့ထဲ တစ်နာရီခြားလောက်မှ တစ်ခါလာ တတ်သော လိုင်းကားများကို စောင့်စီး ခေါ် ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ ယခုအရွယ် ရောက်၍ ပြန်စဉ်းစားဆင်ခြင်နိုင်သော အရွယ် ရောက်ခါမှ မီးလန့်သည့်အခါ မိခင်က ကျွန်မ တို့ မောင်နှမများကို ချီပိုးဆွဲလွဲရခြင်း ဒုက္ခနှင့် အဘွားက ကုန်းတစ်တန် ခရီးတစ်တန်ဖြင့် ကျွန်မတို့ကို လာရောက်ခေါ်ဆောင်ရခြင်း ဒုက္ခသည် များစွာမကွာလှကြောင်း သတိပြုမိ သည်။ ငယ်စဉ်ကလေးဘဝ ခိုနားခဲ့ဖူးသည့် အဘွား၏ ရင်ခွင်အရိပ်ကို အမှတ်ရမိသည်။
စင်စစ်အားဖြင့် အဘွားသည် သမီးဖြစ်သူ ၏ ဒုက္ခကို ခွဲဝေယူပေးခဲ့ခြင်းသာဖြစ်သည်။ မိဘမေတ္တာဖြင့်ထွေးသော အရိပ်အောက်တွင် သား သမီးများသာမက မြေး မြစ်များရသည့် တိုင် လုံစေ၊ နွေးစေခဲ့ခြင်းဖြစ်သည်။ သားသမီး များ မိမိတို့ဘဝ မိမိတည်ဆောက်နေကြသည့် တိုင် မိဘများ၏အရိပ်က လွှမ်းခြုံပေးထား မြဲသာဖြစ်သည်။ သားသမီးများကတော့ နေသား ကျသွားကြသည့် အတွက်ကြောင့် လားပင်မသိ။ မိမိတို့ရသင့်ရထိုက်သော အခွင့် အရေး တစ်ရပ်အဖြစ်သာ ရှုမြင်လာတတ်ကြ သည်။ မိဘအရိပ်တွင် ခိုနားခွင့်ရခြင်းကို ထူးထူးထွေထွေ မစဉ်းစားမိကြ၍ သတိမမူ ဂူမမြင် ဖြစ်တတ်ကြသည်။
ကျွန်မတို့သည် အရိပ်ကိုသာ ခိုတတ်ကြ သည်။ မိမိတို့ ခိုလှုံဖူးခဲ့ကြသည့် အရိပ်တို့နှင့် ပတ်သက်၍ ထူးထူးခြားခြား အောက်မေ့ဆင် ခြင်ရန် မေ့လျော့တတ်ကြသည်။ တစ်ခါတစ်ရံ မေ့လျော့ရုံသာမက အရိပ်နေနေ အခက်ချိုးချိုး ပင် ပြုမူတတ်ကြသေးသည်။ သံယောဇဉ် တရား၊ မေတ္တာတရား၊ ချစ်ခြင်းတရားတို့ဖြင့်
ဖွဲ့စည်းတည်ဆောက်ထားသည့် အရိပ်တစ်ခု ၏ လွှမ်းခြုံမှုသည် အရိပ်ခိုသူတို့အဖို့ နွေးထွေး စေသည်၊ အေးချမ်းစေသည်၊ လုံခြုံစေသည်၊ ပျော်ရွှင်ကြစေပါသည်။ ကျွန်မတို့ ကြီးပြင်း လာရာ ဘဝခရီးလမ်းတစ်လျှောက်တွင် အရိပ် ပေါင်းများစွာအောက် ခိုနားခဲ့ကြဖူးပါသည်။ မေတ္တာတရား၊ သံယောဇဉ်တရား၊ ချစ်ခြင်း တရားတို့ဖြင့် တည်ဆောက်ထားခြင်းမရှိ သည့် အရိပ်တွင် ခိုလှုံမိခဲ့လျှင် အရိပ်ခိုသူတို့ အဖို့ နွေးထွေးလုံခြုံ ပျော်ရွှင်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ထိုသို့ မေတ္တာတရား၊ သံယောဇဉ်တရား၊ ချစ်ခြင်းတရားတို့ဖြင့် မတည်ဆောက်ထား သည့် အရိပ်တို့တွင် ခိုလှုံရန်မသင့်ပေ။ အချို့သော အရိပ်များက ခိုလှုံသူကို အရိပ်ပေး သည်မှာ မှန်သော်လည်း လောင်းရိပ်ဖြစ်နေ တတ်၍ လောင်းရိပ်မိသူသည် လောကဇာတ်ခုံ ပေါ်သို့ ရှင်သန်တိုးထွက်လာနိုင်တော့မည် မဟုတ်ပေ။ လောင်းရိပ်၏ သဘောမှာ အရိပ် ပင် ဖြစ်လင့်ကစား အေးမြသောအရိပ်ကို မပေး၊ ခိုလှုံသူတို့အတွက် ကြီးပွားတိုးတက် ခြင်းကို မဖြစ်စေဘဲ ပျက်စီးခြင်းကိုသာ ဖြစ်စေ သည်။ အချို့သောအရိပ်များကမူ အရိပ်ပေး၍ ပေးနေမှန်းပင် မသိနိုင်အောင်အေးမြလှသည်။
မိမိ၏ဘဝတွင် ခိုလှုံခဲ့ဖူးသည့် အရိပ် ပေါင်းများစွာကို အမှတ်ထင်ထင် ပြန်လည် တွေးတောမိလျှင် လုပ်ငန်းခွင် ဘဝအစ မြကျွန်းညိုကို ချန်ခဲ့၍လည်း မဖြစ်ပေ။ မြကျွန်းညိုတွင် အတူတူအရိပ်ခိုခဲ့ဖူးကြသည့် သူငယ်ချင်းများလည်း လောကဇာတ်ခုံထက် တွင် ဘဝကို ကျောင်းနေကြပေလိမ့်မည်။ မြကျွန်းညို၏အရိပ်တွင် ငယ်ဘဝ ရဲဘော် ရဲဘက်များကို သတိရမိသည်။ အတူပျော်ရွှင်ခဲ့ ဖူးသည့် ကာလတစ်ခုကို တမ်းတမိသည်။ အတူလျှောက်လှမ်းခဲ့ကြဖူးသည့် အဓိပတိ လမ်းကိုလည်း လွမ်းတမ်းတမိသည်။
စေတနာ မေတ္တာအရိပ်
မြကျွန်းညို ကောင်းကင်ရိပ်အောက်ရှိ တောင်ငူဆောင်တည်းဟူသော အရိပ်တွင် ခိုလှုံစဉ် ကာလများကိုလည်း အမှတ်ရမိသည်။ တောင်ငူဆောင်အရိပ်သည်လည်း တစ်ကြိမ် တစ်ခါခိုလှုံဖူးရုံနှင့် တစ်သက်တာ မမေ့နိုင် တော့သည့် အရိပ်တစ်ခုဖြစ်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် တောင်ငူဆောင်၏ ကျောင်းသူ ဘဝတွင်လည်း ဆရာ ဆရာမတို့၏ မေတ္တာရိပ် ဖြင့် ထွေး၍ နွေးခဲ့ဖူးသည်။ ပျော်ခဲ့ဖူးသည်။ အခက်အခဲမရှိ ဘဝခရီးလမ်း ချောမွေ့ခဲ့ရ သည်။ လုပ်ငန်းခွင်ဘဝတွင်လည်း ကြုံရဆုံရ ဆရာသမားများနှင့် ညီအစ်ကို မောင်နှမများ၏ စေတနာမေတ္တာရိပ်ကြောင့် အေးမြခဲ့ရသည်။ အရိပ်စစ်၏ အေးမြမှုကို လောင်းရိပ်မိသည့် အခါမှ တန်ဖိုးထားရကောင်းမှန်း သိတတ်လာ သည်။
“သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားနိုင်သည်”ဆိုသကဲ့သို့ အရိပ်တစ်ခု ကောင်းလျှင် ဘဝပေါင်းများစွာ အေးမြရိပ်ခို ရှင်သန်ခွင့်ရရှိကြသည်။ ကျွန်မတို့သည် ရန်ကုန်တက္ကသိုလ်တည်းဟူသော အရိပ်ကြီး အောက်တွင် ခိုလှုံနေကြသူများဖြစ်ကြသည်။ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ရောင်ဂုဏ်ရှိန် ကြောင့် အလိုလိုပင် “စိန်နားကပ်ရောင်နဲ့ ပါးပြောင်” ခွင့်ရကြသည်။ အရိပ်စစ်တစ်ခုတွင် ခိုနားခွင့်ရခဲ့ခြင်း၏ အကျိုးကျေးဇူးကား ကြီးမားလှသည်။ အရိပ်တစ်ခု၏ တန်ဖိုးကို သိမြင်တတ်လာသောအခါ မိမိကိုယ်တိုင် လည်း သူတစ်ပါးကို အရိပ်ပေးနိုင်ပြီလားဟူ သည့် မေးခွန်းသည် အတွေးပုံရိပ်တွင် အလိုလို ထင်ဟပ်လာသည်။ အမိတက္ကသိုလ်က လောင်းရိပ်ကို မပေး၊ အေးမြရိပ်ကို ပေးစွမ်း သကဲ့သို့ မိမိကိုယ်တိုင်အရိပ်မိုးခွင့် ရရှိလာ လျှင်လည်း လောကအလယ်တွင် အေးမြရိပ် ကိုသာ ဖန်တီးပေးလိုပါသည်။
မြကျွန်းညို ကောင်းကင်တည်းဟူသော အေးမြရိပ်ကို ခိုလှုံ၍ မွေးဖွားလာသူတို့သည် လောကကောင်းကင်ထက်တွင် နေတစ်ဆူကဲ့ သို့လည်း အလျှံတညီးညီး ဂုဏ်ရှိန်ထွန်းပြောင် ကာ လောကကြီးကို အလှဆင်ကြပါတော့ သည်။ လတစ်ပါးကဲ့သို့လည်း ထွန်းလင်း တောက်ပကာ လောကကြီးကို အလှဆင်ကြ ပါတော့သည်။ ကြယ်စင်တံတား အစင်းပေါင်း များစွာကဲ့သို့လည်း လင်းလက်တောက်ပကာ လောကကြီးကို အလှဆင်ကြပါတော့သည်။ “ရေမြင့်လျှင် ကြာတင့်သည်”ဟူသော စကား ရပ်အဆိုအတိုင်း ခမ်းနားထည်ဝါလှသော အမိတက္ကသိုလ်၏ အေးမြရိပ်ကြောင့် နေမင်း၊ လမင်း၊ ကြယ်စင်မင်းအဖြာဖြာအဖြစ် ထွန်း လင်းတောက်ပနိုင်ခဲ့သည်မှာ နှစ်တစ်ရာတိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ မြကျွန်းညို ကောင်းကင်သည် နှစ်တစ်ရာမှသည် နှစ်ထောင်ချီတိုင်အောင် အေးမြရိပ်ကို ဆက်လက် ရိပ်မိုးပေးစေနိုင်ပါကြောင်း ဆုမွန်ကောင်းပြုလိုက်ပါသည်။ ။
စာရေးသူ၏
အတ္ထုပ္ပတ္တိ အကျဉ်း
----------------------
l အမည်ရင်းမှာ တင်ထွေးထွေးလွင် ဖြစ်သည်။
l အဖ ဦးတင်ငွေ၊ အမိ ဒေါ်မီးမီးတို့မှ ၁၉၉၁ ခုနှစ်၊ မတ်လ ၂၃ ရက် (စနေ နေ့)တွင် မွေးဖွားခဲ့သည်။
l ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အခြေခံပညာကို အ.မ.က (၈)၊ အခြေခံပညာကျောင်း (မြောက် ဥက္ကလာ)တွင် သင်ယူခဲ့သည်။
l ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အလယ်တန်းနှင့် အထက်တန်းကို အ.ထ.က (၅)၊ အထက်တန်း ကျောင်း (မြောက်ဥက္ကလာ) တွင် သင်ယူခဲ့ပြီး ၂၀၀၆-၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။
l ဒဂုံတက္ကသိုလ်မှ မြန်မာစာ အဓိက ဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ဝိဇ္ဇာဘွဲ့နှင့် ၂၀၁၄ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့သည်။
l ရန်ကုန်တက္ကသိုလ်မှ ၂၀၁၅ ခုနှစ် တွင် မဟာသုတေသနဘွဲ့နှင့် ၂၀၁၇ ခုနှစ်တွင် ဘွဲ့လွန်အသုံးချ ကွန်ပျူတာဒီပလိုမာဘွဲ့များ ရရှိခဲ့ သည်။
l “ဝဇီရဗုဒ္ဓိဦးဖိုးစိန်၏ မြန်မာဘာသာ စကားဆိုင်ရာအမြင်များ ဖော်ထုတ် လေ့လာချက်” ဟူသည့် ကျမ်း ခေါင်းစဉ်ဖြင့် မြန်မာစာ ပါရဂူကျမ်း ပြုစုလျက်ရှိသည်။
l ညိုထွေး၊ ရှင်ထွေးလေး ကလောင် အမည်များဖြင့် စာပေများရေးသား လျက်ရှိသည်။
l ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန တွင် လက်ထောက်ကထိကအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။