မိုးဦးနှင့်အတူ ပညာပန်းပွင့်လန်းရာ ကျောင်းတော်များ၏ နွေးထွေးသော ကြိုဆိုခြင်း
ဇော်ထွန်းအောင်
(ပညာရေး)
ပညာပန်းတို့ လန်းဆန်းမည့် မိုးဦးကာလ
မြန်မာစကားပုံတွင် “အလိမ္မာ စာမှာရှိ” ဟု ဆိုခဲ့သည့်အလျောက် ပညာသည် လူသားတို့၏ ဘဝခရီးလမ်းကို လမ်းညွှန်ပေးသည့် ထာဝရအလင်းတန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပညာရေးပြက္ခဒိန်တွင် မေလလယ်ကာလသည် အလွန်အရေးပါပြီး ရင်ခုန်စရာကောင်းသော အချိန်အခါသမယဖြစ်သည်။ ၂၀၂၆ ခုနှစ် မေလနောက်ဆုံးပတ်မှစ၍ တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူများသည် မိမိတို့၏ အိပ်မက်လမ်းကြောင်းဆီသို့ ပြန်လည်ခြေလှမ်းပြင်နေကြပြီဖြစ်သည်။
ပညာသည်ရတနာ၊ ပြည်သူ့အကျိုးသယ်ပိုးရာ ဟူသည့်အတိုင်း မိဘပြည်သူများအနေဖြင့် မိမိတို့၏ ရင်နှစ်သည်းချာ သားသမီးများကို သက်ဆိုင်ရာဒေသအလိုက် ကျောင်းအပ်နှံခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ကျောင်းအပ်နှံခြင်းဆိုသည်မှာ ရိုးရှင်းသော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တစ်ခုမျှသာ မဟုတ်ဘဲသားသမီးတို့၏ နောင်ရေးအတွက် “ပညာတည်းဟူသောရတနာ” ကို အမွေပေးလိုက်ခြင်းပင် ဖြစ်သည်။
ဇွန်လ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းတံခါးများ ပွင့်လာမည်ဖြစ်သည်။ ထိုနေ့ရက်သည် ပညာရောင်ခြည်တို့ လင်းလက်လာမည့်၊ ကလေးငယ်များ၏ ဆော့ကစားသံ၊ ရယ်သံ၊ ငိုသံ၊ အော်ဟစ်သံများဖြင့် စာသင်ကျောင်းများ အသက်ဝင်လာမည့် မျှော်လင့်ချက်၏ အစပြုချိန်ပင်ဖြစ်သည်။
ကလေးငယ်များသည် ပညာဟူသောရေစင်ကို သောက်သုံးကာ အသိဉာဏ်၏ အစွမ်းဖြင့် ကမ္ဘာကိုယှဉ်နိုင်သည့် လူသားကောင်းများဖြစ်လာစေရန် မိဘများက သားသမီးများကို အချိန်မီကျောင်းအပ်နှံပေးခြင်းဖြင့် ပညာရေး၏ လမ်းကြောင်းပေါ်သို့ လှပစွာချစ်ခြင်းမေတ္တာဖြင့် လက်တွဲပို့ဆောင်ပေးကြရမည်ဖြစ်သည်။
မိုးဦး၏ အလှနှင့်ပညာပန်းတို့ ဖူးပွင့်မည့် အချိန်အခါ
ဇွန်လ၏ မိုးဦးကာလသည် မြေပြင်ကို အသက်သွင်းပေးသကဲ့သို့ ပညာရေးသည်လည်း လူငယ်မျိုးဆက်သစ်တို့၏ အသိဉာဏ်ကို ရှင်သန်ဖွံ့ဖြိုးစေပါသည်။ မိုးဦး၏ အေးမြသော လေပြေ၊ မိုးစက်တို့၏ ပျော်ရွှင်သော ကကွက်များနှင့်အတူ စာသင်ကျောင်းများသည် ကျွန်ုပ်တို့၏ ရင်နှစ်သည်းချာ ရတနာ ပန်းလေးများကို လှိုက်လှဲစွာကြိုဆိုရန် အသင့်ရှိနေပါပြီ။ ကျောင်းများသည် မေတ္တာအပြည့်ဖြင့် သားသမီးလေးများကို လက်ကမ်းကြိုဆိုရန် စောင့်မျှော်နေပါသည်။ “ကျောင်းတော်ကြီးများ” ၏ တံခါးများပွင့်လာမည့် ဤအချိန်အခါသည် ကလေးငယ်များ၏ အိပ်မက်များကို စတင်ပျိုးထောင်မည့် အခွင့်ကောင်းပင်ဖြစ်သည်။
“မိုးစက် ဝတ်မှုန်ကလို့ ခုန်တော့
ဒို့ကျောင်းတော်ကြီး ဖွင့်တော့မည်။
ရင်နှစ်သည်းချာ ရတနာပန်းတို့
ဘဝလမ်းအတွက် ကျောင်းသို့ချီ။”
ဤကဗျာလေးအတိုင်းပင် မိုးစက်၊ မိုးပွင့်တို့ ခုန်ပေါက်နေသည့်ကြားမှ မိမိတို့၏ သားသမီးလေးများက ဘဝလမ်းအတွက် ပညာကိုရှာဖွေရန် စာသင်ကျောင်းများဆီသို့ ပျော်ရွှင်စွာ ချီတက်ကြပါတော့မည်။ မိုးစက်ကလေးများကဲ့သို့ ရိုးသားဖြူစင်သော ကျွန်ုပ်တို့၏ ရတနာပန်းလေးများအတွက် ပညာဟူသောရေစင်ကို တိုက်ကျွေးခြင်းသည် မိဘတိုင်း၏ အမြင့်မြတ်ဆုံးသော လက်ဆင့်ကမ်းတာဝန် တစ်ခုဖြစ်ပါသည်။
မိဘများအနေဖြင့် မိမိတို့၏ သားသမီးလေးများကို စာသင်ကျောင်းတော်ကြီးများသို့ လက်တွဲခေါ်ဆောင်ကာ ကျောင်းအပ်နှံပေးခြင်းသည် သူတို့၏ ဘဝတစ်သက်တာအတွက် အကောင်းဆုံးသော လက်ဆောင်တစ်ခုပင် ဖြစ်ပါသည်။ ပညာရေးခရီးကို မိုးဦး၏အလှနှင့်အတူ စတင်လိုက်ကြပါစို့။ ဤပညာရေးခရီးသည် သားသမီးတို့အတွက် အလင်းရောင်တောက်ပသော ဘဝလမ်းကြောင်းတစ်ခု ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
မေတ္တာမိုးစက်များဖြင့် ပုံဖော်မည့် အနာဂတ်
စာသင်ကျောင်းဆိုသည်မှာ ကလေးငယ်တို့၏ စိတ်ကူးယဉ်အိပ်မက်များကို ပုံဖော်ပေးရာ၊ အသိဉာဏ်၏ အစွမ်းဖြင့်ဘဝကို အရောင်တင်ပေးရာ နေရာများဖြစ်သည်။ ကျောင်းဖွင့်ချိန် ရောက်လာလျှင် ကျောင်းတော်ကြီးများသည် မေတ္တာတရား၏ အလင်းရောင်များဖြင့် တောက်ပနေသည်။ ထိုနေရာတွင် ဆရာ ဆရာမတို့သည် ကလေးငယ်များအား မိမိတို့၏ ရင်သွေးအရင်းအချာကဲ့သို့ သံယောဇဉ်တရားအပြည့်ဖြင့် နွေးထွေးစွာ ကြိုဆိုကြသည်။
ဆရာ ဆရာမတို့၏ အပြုံးသည် ကလေးငယ်များအတွက် ကမ္ဘာ့အလှဆုံး လက်ဆောင်တစ်ခုပင်ဖြစ်သည်။ အေးမြသော မိုးဦးကာလ၏ နံနက်ခင်းတွင် ကလေးငယ်လေးများ ကျောင်းခန်းထဲသို့ တိုးဝင်လာပြီး ရိုးသားဖြူစင်သော မျက်ဝန်းလေးများဖြင့် “မင်္ဂလာပါ ဆရာမ”ဟု ညီညီညာညာ နှုတ်ဆက်ကြသည့် မြင်ကွင်းသည် မည်မျှပင် ငြိမ်းချမ်းပြီး ချစ်စရာကောင်းလိုက်ပါသနည်း။
ဆရာတို့၏ လက်ကမ်းကြိုဆိုမှုသည် ကလေးငယ်များ၏ ကြောက်ရွံ့မှုကို ပျောက်ကွယ်သွားစေပြီး ယုံကြည်မှုနှင့် ပညာရှာလိုစိတ်တို့ကို အစားထိုးပေးလိုက်ခြင်းပင် ဖြစ်သည်။ ဤနွေးထွေးလှသော ကြိုဆိုခြင်းများ၊ ဆရာမတို့၏ စေတနာမေတ္တာ လက်တစ်စုံဖြင့် ကလေးငယ်များ၏ပညာရေး ခရီး ကို အလှပဆုံးသော အစပြုမှုဖြင့် စတင်ပေးလိုက်ကြပါစို့။ ဤပတ်ဝန်းကျင်၊ ဤကျောင်းတော်သည် ကလေးငယ်များအတွက် အိမ်တစ်အိမ်လိုပင်နွေးထွေးပြီး အသိပညာတို့ စုဝေးရာဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။
ပညာရှာမည့် မျိုးဆက်သစ်တို့၏ အားမာန်
ပညာရေးခရီးဆိုသည်မှာ ပန်းခင်းလမ်းသဖွယ် အစဉ်အမြဲလွယ်ကူချောမွေ့နေတတ်သည့် လမ်းကြောင်းတစ်ခု မဟုတ်ပါ။ တစ်ခါတစ်ရံတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်၊ တစ်ခါတစ်ရံတွင် လေပြင်းများ တိုက်ခတ်နိုင်သည်၊ သို့သော် ဖြူစင်သော စိတ်ဓာတ်တို့၏ ပိုင်ရှင်ဖြစ်သည့် ကျွန်ုပ်တို့၏ သားသမီးငယ်လေးများသည် ထိုအခက်အခဲများကို စိန်ခေါ်မှုများအဖြစ်သာ သဘောထားကြပါ သည်။ ဖြူဖြူစိမ်းစိမ်း ကျောင်းဝတ်စုံလေးများကို ဝတ်ဆင်ထားသော သူတို့၏ နှလုံးသားထဲတွင် ပညာကို ဆည်းပူးရန်ဟူသော အာသီသပညာဆီမီးသည် အမြဲထွန်းလင်းတောက်ပနေမည်သာ ဖြစ်သည်။
“ညီညီညာညာ ဖြူဖြူစိမ်းနှင့်
ကျောင်းကိုသွားဖို့ ဒို့မကြောက်တယ်
မိုးတွေရွာလို့ လေတွေ တိုက်လည်း
ပညာရေးအတွက် ကျောင်းတက်မယ်
ကျောင်းတက်မယ် ကျောင်းတက်မယ်။”
ဤကဗျာလေးသည် ကလေးငယ်တို့၏ စိတ်ဓာတ်ကို အထင်းသားပုံဖော်ထားခြင်းဖြစ်သည်။ “ဒို့မကြောက်တယ်” ဟူသော စကားလုံးသည်သူတို့၏ ရဲရင့်မှုကိုပြသနေပြီး “ကျောင်းတက်မယ်” ဟူသောစကားကို ထပ်ကာတလဲလဲ ရွတ်ဆိုခြင်းသည် ပညာရေးအတွက် မည်သည့်အတားအဆီးကိုမဆို ကျော်လွှားမည်ဟူသော ခိုင်မာသည့် ဆုံးဖြတ်ချက်ကို ဖော်ညွှန်းနေပါသည်။
မိုးရွာလျှင် စိုစွတ်မှာကို မကြောက်၊ လေတိုက်လျှင် ပင်ပန်းမှာကို မတွေးတော၊ သူတို့၏ အဓိကပန်းတိုင်မှာ ပညာရေးပင်ဖြစ်သည်။ ဤရဲရင့်သော စိတ်ဓာတ်မျိုးဖြင့် ပညာရှာမည့် သားသမီးတို့၏ စိတ်အစဉ်ကို မိဘများအနေဖြင့် လေးစားဂုဏ်ယူ ရမည်ဖြစ်ပါသည်။ အခက်အခဲများကို ကျော်လွှားရန် ပညာသင်ယူနေသည့် ဤမျိုးဆက်သစ်တို့၏ စိတ်ဓာတ်သည် အနာဂတ်နိုင်ငံတော်၏ ခိုင်မာသောအုတ်မြစ်များ ဖြစ်လာမည်မှာ မလွဲဧကန်ပင်။ မိဘများအနေဖြင့်လည်း ဤကဲ့သို့ စိတ်ဓာတ်တက်ကြွနေသည့် ရင်သွေးငယ်များကို “စာသင်ကျောင်းများ” ဆီသို့ လက်တွဲခေါ်ဆောင်ကာ ပညာရေး ခရီးကို အတူတကွပံ့ပိုးပေးကြပါစို့။
ပညာပန်းခင်းမှ ပွင့်လန်းမည့်အနာဂတ်
ကျောင်းအပ်နှံရေး ရက်သတ္တပတ်များက မိသားစုတိုင်းအတွက် မျှော်လင့်ချက်အပြည့်ရှိသော၊ အနာဂတ်ကိုပုံဖော်ရန် စတင်ပြင်ဆင်ရသော အချိန်အခါ သမယဖြစ်သည်။ “ကျောင်းတော်ကြီးများ” သည် မိုးဦးကာလ၏ ပန်းမာလာတို့နှင့်အတူ အသက်ဝင်လှပနေပြီး စာသင်ကျောင်းဝင်းအတွင်းရှိ သဘာဝအလှတရားများသည် ကလေးငယ်တို့၏ စိတ်နှလုံးကို နူးညံ့သိမ်မွေ့စေပါသည်။
“တို့ကျောင်း” ကဗျာလေးက မြန်မာနိုင်ငံ၏ စာပေအမွေအနှစ်တစ်ခုဖြစ်ပြီး ယင်း၏ အဓိပ္ပာယ်မှာ ကျယ်ပြန့်နက်နဲလှပါသည်။ ဤကဗျာလေး၏ စာသားများက ကျွန်ုပ်တို့၏ ကလေးငယ်များအတွက် အလွန်လှပသော တင်စားချက်များဖြစ်ပါသည်။ “ပန်းကလေးများ ပွင့်တော့မည်” နှင့် “ဖူးတံဝင့်လို့ချီ” ဆိုသည့် စာသားများတွင် ကလေးငယ်များကို ပညာသင်ယူရန် အသင့်ဖြစ်နေသော ပွင့်လုဆဲပန်းကလေးများနှင့် တင်စားထားပါသည်။ သူတို့သည် အနာဂတ်တွင် လှပစွာပွင့်လန်းလာမည့် မျိုးဆက်သစ်များဖြစ်ကြပြီး “ဝင့်လို့ချီ” ဟူသော စကားလုံးက ကလေးငယ်တို့၏ ယုံကြည်မှုနှင့်ပညာကို မြတ်နိုးတန်ဖိုးထားသော စိတ်ဓာတ်တို့ကို အကောင်းဆုံးကိုယ်စားပြု ဖော်ပြနေပါသည်။
ထို့ပြင် “နေခြည်မှာ ရွှေရည်လောင်း” ဟူသည့်အပိုဒ်တွင် နေရောင်ခြည်ကို အသိပညာ၏ အလင်းတရားအဖြစ် တင်စားထားပြီး ဆရာ ဆရာမများက ထိုအသိပညာရောင်ခြည်ကို ကလေးငယ်တို့၏ နှလုံးသားပေါ်သို့ ရွှေရည်လောင်းပေးသကဲ့သို့ စေတနာအပြည့်ဖြင့် သွန်းလောင်းပေးကြသူများဖြစ်ကြောင်း ဖော်ကျူးထားသည်။ ဤစာသားများသည် ပညာပေးခြင်း၏ ဂုဏ်သိက္ခာနှင့် ဆရာတို့၏ မွန်မြတ်သော စေတနာကို အကောင်းဆုံး ထင်ဟပ်ဖော်ပြနေခြင်းပင်ဖြစ်သည်။
ကျောင်းတော်ကြီးများ၏ အလှတရား
ကျောင်းတော်ကြီးများသည် သဘာဝတရား၏ အလှပဆုံးပန်းခင်းကြီးများဖြစ်သည်။ ပန်းမာလာတို့ကဲ့သို့ ကွဲပြားသော အရည်အချင်းရှိသည့် ကလေးငယ်များသည် ဤစာသင်ကျောင်းဝင်းအတွင်း စုစည်းလာသောအခါ ပညာရေး၏ ပန်းခင်းကြီးတစ်ခု ဖြစ်လာသည်။ စာသင်ကျောင်းများသည် ကလေးငယ်တို့၏ ဉာဏ်ရည် ဉာဏ်သွေးများကို ရွှေရည်လောင်းသကဲ့သို့ ပိုမိုတောက်ပလာစေသည်။ သဘာဝပတ်ဝန်းကျင်၏ လတ်ဆတ်မှု၊ ဆရာတို့၏ မေတ္တာရောင်ခြည်နှင့် ကလေးငယ်တို့၏ ကြိုးစားအားထုတ်မှုတို့ ပေါင်းစပ်လိုက်သောအခါ ကျွန်ုပ်တို့၏ စာသင်ကျောင်းများက လူသားကောင်း ရတနာများ မွေးထုတ်ပေးရာ အမြတ်ဆုံးသော နေရာဒေသများ ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။ မိဘပြည်သူများအနေဖြင့်... သင်တို့၏ သားသမီးများကို ဤသို့သော “ပညာပန်းခင်းကြီး” ထဲသို့ အချိန်မီပို့ဆောင်ပေးလိုက်ပါ။
ပညာပန်းရနံ့တို့ လွှမ်းခြုံမည့် နိမိတ်ပုံများ
စာသင်ကျောင်းများသည် လူငယ်တို့၏ အိပ်မက်များကို ပုံဖော်ပေးရာ နေရာများဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ “စာသင်ကျောင်းများ”သည် ကျောင်းသား ကျောင်းသူများ၏ ဆော့ကစားသံ၊ ရယ်သံ၊ ငိုသံ၊ အော်ဟစ်သံများဖြင့် တက်ကြွစွာ အသက်ဝင်လာတော့မည်ဖြစ်သည်။ ပညာရနံ့တို့ သင်းပျံ့နေမည့် ထို“စာသင်ကျောင်းများ”က ကျွန်ုပ်တို့၏ နိုင်ငံတော်အနာဂတ်ကို ပုံဖော်ပေးမည့် တန်ဖိုးမဖြတ်နိုင်သော “ပညာအမွေမွေးထုတ်ရာ အဖိုးတန်နေရာများ”ပင် ဖြစ်သည်။
ကျောင်းတော်ကြီးများသည် ကလေးငယ်တို့၏ ဉာဏ်ရည် ဉာဏ်သွေးများကို ရွှေရည်လောင်း သကဲ့သို့ ပိုမိုတောက်ပလာစေသည်။ ဤပညာပန်း ရနံ့သင်းပျံ့ရာ စာသင်ကျောင်းတော်များက ကျွန်ုပ်တို့၏ သားသမီးများကို အနာဂတ်အတွက် စွမ်းရည်ရှိသူများ၊ ကျန်းမာပျော်ရွှင်သူများ ဖြစ်လာစေရန် ပျိုးထောင်ပေးနေသည့် နေရာများပင် ဖြစ်ပါသည်။
မိဘ၊ ဆရာ၊ ကျောင်းသား - အနာဂတ်အတွက် ပေါင်းစည်းညီညွတ်ခြင်း
မိဘများသည် အိမ်တွင်အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးသူများဖြစ်ပြီး ဆရာများသည် ကျောင်းတွင် ပညာတန်ခိုးဖြင့် ထုဆစ်ပုံဖော်သူများ ဖြစ်ကြသည်။ ဤမွန်မြတ်လှသော ပညာရေးခရီးတွင် မိဘ၊ ဆရာနှင့် ကျောင်းသားတို့သည် တစ်စိတ် တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှသာ သားကောင်းရတနာတို့၏ ဘဝသည် လှပသော ပန်းဥယျာဉ်ကြီးကဲ့သို့ တောက်ပနေမည် ဖြစ်သည်။
မိဘများခင်ဗျား... သင်တို့၏ ရင်သွေးများကို အချိန်မီကျောင်းအပ်နှံပေးခြင်းဖြင့် သူတို့၏ အနာဂတ်ကို တံခါးဖွင့်ပေးလိုက်ပါ။ ပညာအမွေပေးကြပါ။
ဆရာများခင်ဗျား... မေတ္တာ၊ စေတနာ၊ ဝါသနာ၊ အနစ်နာခံမှုတို့ဖြင့် ကလေးငယ်တို့၏ ဘဝကို အလင်းပေးကြပါ။
ချစ်သား ချစ်သမီးတို့ ... ဇွဲ လုံ့လ၊ ဝီရိယတို့ဖြင့် နိုင်ငံတော်၏ အားကိုးရသော သားကောင်းရတနာများ ဖြစ်လာစေရန် ကြိုးပမ်းကြပါ။
ကျွန်ုပ်တို့အားလုံး စည်းလုံးညီညွတ်စွာ ပေါင်းစပ် လက်တွဲ၍ မြန်မာနိုင်ငံ၏ ပညာရေးအလင်းတန်းကို တစ်ဆင့်မြင့်တက်အောင် အတူတကွပုံဖော်ကြပါစို့။ ဇွန်လ ၁ ရက်နေ့မှ စတင်မည့် ပညာရေးခရီးလမ်းသည် အားလုံးအတွက် ထူးချွန်အောင်မြင်မှုများဖြင့် ပြည့်နှက်နေပါစေကြောင်း မိဘပြည်သူများနှင့်အတူ ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။ ။
