Skip to main content

ကျန်းမာသောလူသားအရင်းအမြစ်မှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ . . .

ဒေါက်တာဇေယျာဝင်း

ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ယခင်က စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများကိုသာ အဓိကထားခဲ့ကြသော်လည်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index - HDI)ကို စတင်မိတ်ဆက်ခဲ့သည့် နောက်ပိုင်းတွင် လူသားတို့၏ အရည်အသွေးသည်သာ ဖွံ့ဖြိုးမှု၏ အခြေခံစံနှုန်းဖြစ်လာခဲ့ပါသည်။

HDI သည် အသက်ရှည်ရှည်နေထိုင်နိုင်မှု၊ ပညာသင်ကြားနိုင်မှုနှင့် သင့်တင့်လျောက်ပတ်သော လူနေမှုအဆင့်အတန်းဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်အပေါ် အခြေခံထားသည်။ ဤမဏ္ဍိုင်များအနက် ကျန်းမာရေးသည် လူသားတစ်ဦး၏ တန်ဖိုးရှိသောဘဝကို အစပြုရာ အုတ်မြစ်ဖြစ်သည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုအားလုံးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအချက်လည်းဖြစ်သည်။

မျှော်မှန်းသက်တမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံ

HDI ကို တွက်ချက်ရာတွင် အသုံးပြုသည့် အဓိကအတိုင်းအတာတစ်ခုမှာ လူတစ်ဦးအနေဖြင့် မွေးစမှစတင်၍ မျှော်မှန်းနိုင်သည့်သက်တမ်း (Life Expectancy at birth) ဖြစ်သည်။ ဤညွှန်းကိန်း သည် နိုင်ငံတစ်နိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးအခြေအနေကို တိုက်ရိုက်ထင်ဟပ်စေပြီး အသက်ရှည်ရှည် နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝမှု၊ ကောင်းမွန်သော မိခင်နှင့်ကလေးစောင့်ရှောက်မှု၊ ကူးစက်ရောဂါများကာကွယ်နိုင်မှုနှင့် ဆေးကုသမှုစသည့်အချက်များ မဖြစ်မနေလိုအပ်သည်။

ကျန်းမာရေးသည် လူသားတစ်ဦးချင်းစီအတွက် မွေးရာပါရရှိအပ်သော ဖြစ်တည်မှုဆိုင်ရာ အခြေခံအခွင့်အရေးတစ်ရပ် ဖြစ်ရုံသာမက လူသားဖွံ့ဖြိုး တိုးတက်မှုဖြစ်စဉ်တစ်ခုလုံးကို မောင်းနှင်ပေးသည့် အဓိကအင်ဂျင်လည်းဖြစ်သည်။ ကျန်းမာရေးချို့တဲ့နေသော လူတစ်ဦးသည် ဗဟုသုတရှာဖွေဆည်းပူးရန်နှင့် ပညာသင်ကြားရန် အဟန့်အတားများစွာ ကြုံတွေ့ရမည်ဖြစ်သကဲ့သို့ လုပ်ငန်းခွင်အတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်စွမ်းလည်း လျော့နည်းသွားမည်ဖြစ်သည်။

ကျန်းမာရေးမကောင်းသော လူ့စွမ်းအား အရင်းအမြစ်များသည် စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများဖြစ်စေနိုင်သည်။ ရောဂါများကြောင့် အလုပ်လုပ်နိုင်မှုလျော့နည်းခြင်း၊ ကျန်းမာရေးကုန်ကျစရိတ် မြင့်တက်လာခြင်းတို့ကြောင့် မိသားစုနှင့် နိုင်ငံတော်အပေါ် စီးပွားရေးဖိအားများ တိုးပွားလာနိုင်သည်။ ကျန်းမာရေးသည် လူတစ်ဦး၏ ဘဝတစ်လျှောက် ပညာသင်ယူနိုင်စွမ်းနှင့် စီးပွား ရှာဖွေနိုင်စွမ်း တစ်နည်းအားဖြင့် အိမ်ထောင်စုဝင်ငွေတို့အပေါ်တွင် တိုက်ရိုက်လွှမ်းမိုးနေပါသည်။ ထို့ကြောင့် ကျန်းမာရေးသည် လူသားတို့၏ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် အခြေခံ အကျဆုံးနှင့် အရေးအကြီးဆုံးသော လိုအပ်ချက်အဖြစ် သတ်မှတ်ရမည်ဖြစ်ပါသည်။

ကုန်ထုတ်စွမ်းအားကို မောင်းနှင်သည့် ကျန်းမာသန်စွမ်းမှု

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ရာတွင် ကျန်းမာသန်စွမ်းသော လူ့အဖွဲ့အစည်းသည် အလုပ်လုပ်နိုင်စွမ်းအားကို မြင့်မားစေသော အဓိကအချက်ဖြစ်သည်။ ကျန်းမာသော အလုပ် သမားတစ်ဦးသည် အလုပ်ပျက်ကွက်မှုနည်းပါးပြီး ထုတ်လုပ်မှုစွမ်းအား ပိုမိုမြင့်မားသည့်အတွက် မိသားစုဝင်ငွေကို တိုးတက်စေရုံသာမက နိုင်ငံ၏ဝင်ငွေတိုးတက်မှုကိုလည်း အထောက်အကူပြု နိုင်သည်။ အလားတူပင် ကလေးသေဆုံးမှုနှုန်း လျော့နည်းခြင်းနှင့် မိခင်များကျန်းမာခြင်းက အနာဂတ်မျိုးဆက်သစ်များ၏ ဉာဏ်ရည်နှင့် ကာယဗလဖွံ့ဖြိုးမှုအတွက် အာမခံချက်ဖြစ်သည်။ ကလေးဘဝတွင် အာဟာရပြည့်ဝစွာရရှိခြင်းသည် ထိုကလေး၏ အနာဂတ်တွင် သင်ယူနိုင်စွမ်းနှင့် ဝင်ငွေရရှိနိုင်စွမ်းကို သိသိသာသာ မြင့်တက်စေသည့်အတွက် ကျန်းမာရေးအဆင့်အတန်း မြင့်မား တိုးတက်ရေးသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး မှုအတွက် အခြေခံအကျဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်လာသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ စိန်ခေါ်မှုများ

HDI တိုးတက်မှုနှုန်း နှေးကွေးနေသော နိုင်ငံများတွင် ဆေးရုံ၊ ဆေးခန်းများနှင့် ဆေးဝါးများ လုံလောက်စွာမရရှိခြင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီနိုင်မှု ကွာဟချက်များခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းစသည်တို့ကို တွေ့ရှိရနိုင်ပါသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် လမ်းပန်းဆက်သွယ် ရေးခက်ခဲခြင်းနှင့် ကျန်းမာရေးဌာနများ ဝေးလံခြင်းတို့ကြောင့် ကာကွယ်ကုသ၍ရသော ရောဂါများဖြင့် အသက်ဆုံးရှုံးနေရမှုများသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောစိန်ခေါ်မှုများ ဖြစ်နေသည်။

လူတိုင်းလက်လှမ်းမီသောကျန်းမာရေးစနစ်ဆီသို့

လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုအဆင့်အတန်း မြင့်မားလာစေရန်အတွက် မည်သူတစ်ဦးတစ်ယောက်မျှ ငွေကြေးအခက်အခဲကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကို လက်လွှတ်မခံရစေရန် အခြေခံကျန်းမာရေးဝန်ဆောင်မှုများကို လူတိုင်းရရှိစေခြင်း (Universal Health Coverage) စနစ်ကို အကောင်အထည်ဖော်ရန်လိုအပ်သည်။ ယင်းတွင် ရောဂါကာကွယ်ရေး၊ ကုသရေး၊ ပြန်လည်နာလန်ထ ထူထောင်ရေးစသည့် စောင့်ရှောက်မှုများအားလုံး ပါဝင်သည်။ ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီစွာရရှိနိုင်ခြင်းသည် လူ့ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး ဆင်းရဲမှုလျော့နည်း စေရန်လည်း အထောက်အကူပြုသည်။ ထို့ကြောင့် UHC သည် လူမှုဘဝနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အခြေခံအုတ်မြစ်တစ်ခုဖြစ်လာသည်။ UHC ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် အစိုးရ၏ထောက်ပံ့မှု၊ ကျန်းမာရေးစနစ်၏ အရည်အသွေးမြှင့်တင်မှုနှင့် လူထု၏ပူးပေါင်းပါဝင်မှုများ လိုအပ်ပါသည်။

ထို့အပြင် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် သောက်သုံးရေရရှိခြင်းသည် ကာကွယ်၍ရသည့် ရောဂါများကြောင့် သေဆုံးမှုကို လျှော့ချပေးနိုင်သည်။ လူထုအတွင်း ကျန်းမာရေးအသိပညာ မြင့်မားလာပါက အာဟာရမျှတစွာစားသုံးခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများကို လိုက်နာကျင့်သုံးလာခြင်းတို့ကြောင့် ရောဂါဘယကင်းဝေးလာမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များနှင့် ကူးစက်ရောဂါစောင့်ကြည့်ရေးစနစ်များကဲ့သို့သော ကြိုတင် ကာကွယ်ရေးလုပ်ငန်းများသည် ရောဂါကုသမှုကုန်ကျစရိတ်ကို သက်သာစေပြီး ပြည်သူလူထု၏ ပျမ်းမျှသက်တမ်းကို သိသိသာသာ မြင့်တက်စေသည့် ထိရောက်သော နည်းလမ်းများဖြစ်သည်။

အလားတူပင် လူတစ်ဦးချင်းစီ၏ တာဝန်ယူမှုလည်းအရေးကြီးပါသည်။ ကျန်းမာရေးကောင်းမွန်စေရန် အာဟာရပြည့်ဝသော အစားအစာစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့်ဆေးလိပ်များကို ရှောင်ရှားခြင်းတို့ကို လိုက်နာရမည်ဖြစ်သည်။ ဤသို့ဖြင့် လူသားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များမြင့်မားလာကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းနှင့် ကျန်းမာရေးကဏ္ဍ အရှိန်အဟုန်

ယခုအခါ နိုင်ငံတော်အစိုးရသစ်အနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ပြည်သူလူထုအား ချက်ချင်း တိုက်ရိုက်အကျိုးရှိစေနိုင်မည့်ရက် (၁၀၀) စီမံချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ၎င်းစီမံချက်တွင် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage - UHC) ရရှိစေရေး၊ နိုင်ငံသားများ၏ မျှော်မှန်းသက်တမ်းတိုးတက်လာစေရေးတို့အတွက် အဓိကကျသော ပြည်သူလူထုကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေးလွှမ်းခြုံမှု တိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ခြင်း လုပ်ငန်းများအပါအဝင် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဦးတည်ချက်ထား အကောင်အထည်ဖော်လျက်ရှိပါသည်။

 ထိုသို့ ရက် (၁၀၀) စီမံချက်မှရရှိလာသော အရှိန်အဟုန်များကိုထိန်းသိမ်းလျက် ဆေးရုံ/ဆေးခန်းစသော အခြေခံအဆောက်အအုံများ ဖြည့်တင်းခြင်း၊ ဆရာဝန်/သူနာပြုစသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းခြင်းအပါအဝင် ကျန်းမာရေးဝန်ဆောင်မှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူများ၏ မျှော်မှန်းသက်တမ်းကို တိုးမြှင့်ပေးရုံသာမက လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း (HDI)ကိုလည်း မြင့်တက်စေမည်ဖြစ်ရာ ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်နိုင်မည့် ခိုင်မာသော ခြေလှမ်းတစ်ရပ်ပင်ဖြစ်ပါသည်။

လူသားတစ်ဦးသည် ကျန်းမာသန်စွမ်းနေမှသာ ပညာဗဟုသုတ ရှာဖွေနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကောင်းမွန်သောအလုပ်အကိုင်နှင့်ဝင်ငွေကို ဖန်တီး နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ကျန်းမာရေးကဏ္ဍတွင် စနစ်ကျသော ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် ကျန်းမာရေးအခြေခံအဆောက်အအုံများ ဖြည့်တင်းခြင်းနှင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစနစ်ကို တည်ဆောက်ခြင်းများ ဆောင်ရွက်နေသကဲ့သို့ ပြည်သူများအနေဖြင့်လည်း သက်ရှည်ကျန်းမာရန်အတွက် တစ်ဦးချင်းတစ်ယောက်ချင်းစီက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတို့ဖြင့် ပြုမူနေထိုင်ခြင်းအားဖြင့် သာယာဝပြော၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။