ကျန်းမာသော လူမှုအသိုင်းအဝိုင်းဖြင့် မျှော်မှန်းသက်တမ်းမြှင့်တင်ကြစို့
ဒေါက်တာဇေယျာဝင်း
လူသားတိုင်းတွင် မျှော်မှန်းချက်များရှိကြသည်။ ထိုမျှော်မှန်းချက်များက မိမိဘဝ၏ ရည်ရွယ်ချက်များကို သတ်မှတ်ပေးပြီး အနာဂတ်ကို တည်ဆောက်ရန် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ မျှော်မှန်းချက်များပြည့်မီရေးသည် ရည်ရွယ်ချက်ရှင်းလင်းမှု၊ ကြိုးစားအားထုတ်မှု၊ စိတ်ရှည်မှုနှင့် ဆက်လက်သင်ယူမှုတို့အပေါ် မူတည်သည်။ ထိုအချက်များကိုလိုက်နာ၍ ကြိုးစားပါက မိမိ၏ မျှော်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ မိမိတို့၏ ကိုယ်စီဘဝမျှော်မှန်းချက်များ အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် သက်တမ်းစေ့အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးသည် အရေးကြီးဆုံးပင်ဖြစ်ပါသည်။
လူ့သက်တမ်းသည် ခန္ဓာကိုယ်ဇီဝတည်ဆောက်ပုံအရ ယေဘုယျအားဖြင့် အနှစ်တစ်ရာဟုဆိုနိုင်သည်။ သို့တိုင်အောင် အသက်တစ်ရာအထိ နေထိုင်နိုင်သူဦးရေမှာ လွန်စွာရှားပါသည်။ နေထိုင်မှုပုံစံ၊ နေထိုင်ရာဒေသ၊ ရာသီဥတု၊ ပထဝီအနေအထားနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် မူတည်၍ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လူမျိုးစုတစ်စုနှင့် တစ်စုမတူကြပါ။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူ့သက်တမ်းမှာ မြင့်မားလေ့ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ လျော့နည်းမှုများရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပျမ်းမျှလူ့သက်တမ်းမှာ ၆၇ နှစ်ခန့်ဖြစ်ပြီး ဂျပန်နိုင်ငံမှာမူ ၈၅ နှစ်ခန့်ဟု အချက်အလက်များအရ သိရှိရပါသည်။ မျှော်မှန်းသက်တမ်း (Life Expectancy) တိုးမြင့်စေရန်အတွက် ဆေးဝါးကုသမှုတစ်ခုတည်းသာမကဘဲ လူထုအခြေပြုဆောင်ရွက်ချက်များက အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်ပါသည်။
မျှော်မှန်းသက်တမ်း တိုးမြင့်ရေးအတွက် အခြေခံအချက်များ
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူထု၏ မျှော်မှန်းသက်တမ်းတိုးမြင့်ရေးသည် အစိုးရများ၊ NGO များနှင့် လူထုအတွက်အဓိက စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။ သက်တမ်းတိုးမြင့်ရေးအတွက် အခြေခံအချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်မဖြစ်မနေလိုအပ်ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းနည်းပါးမှုကြောင့် မိခင်နှင့် ကလေးသေဆုံးနှုန်းမြင့်မားလေ့ရှိသည်။ အခြေခံကျန်းမာရေးဝန်ဆောင်မှုများ တိုးချဲ့ခြင်း၊ ဆေးရုံနှင့် ဆေးခန်းများ တိုးချဲ့ခြင်း၊ ကာကွယ်ဆေးထိုးမှုအား ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းများသည် သက်တမ်းတိုးတက်မြင့်မားရေးအတွက် အဓိကအဆင့်များ ဖြစ်ကြသည်။
ထို့နည်းတူ ရေကောင်းရေသန့်မရရှိနိုင်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှော၊ အသည်းရောင်အသားဝါ စသည့်ရောဂါများ အစုလိုက်အပြုံလိုက် ဖြစ်ပွားတတ်ပါသည်။ သန့်ရှင်းသောရေကို လူထုအတွက် အလွယ်တကူရရှိနိုင်စေရန် လိုအပ်သည်။ အညစ်အကြေးစီမံခန့်ခွဲမှု တိုးတက်မှုသည်လည်း သက်တမ်းတိုးမြင့်ရေးအတွက် အရေးကြီးသည်။
ထို့အပြင် ကလေးများတွင် အာဟာရမလုံလောက်မှုကြောင့် အရပ်အမြင့် မတိုးတက်ခြင်း၊ ဉာဏ်ရည် ဖွံ့ဖြိုးမှုနည်းခြင်းများ တွေ့ရသည်။ လူထုကို အာဟာရပညာပေးခြင်းနှင့် အစားအစာသန့်ရှင်းလုံခြုံမှုအတွက် အာမခံမှုတိုးတက်စေရန် လိုအပ်ပါသည်။ အလားတူပင် ပညာတတ်မြောက်မှု တိုးတက်လာခြင်းသည် ကျန်းမာရေးအသိပညာ တိုးတက်စေပြီး လူထုကို သန့်ရှင်းရေး၊ ကာကွယ်ဆေးထိုးခြင်း စသည်တို့အကြောင်း ပိုမိုနားလည်စေသည်။ ပညာရေးသည် လူ့သက်တမ်းတိုးမြင့်ရေးအတွက် အခြေခံအချက်တစ်ခုဖြစ်သည်။ ဆင်းရဲမွဲတေမှုဒဏ်သည် ကျန်းမာရေးဝန်ဆောင်မှု၊ အာဟာရ၊ ပညာရေးရရှိနိုင်မှုကို ကန့်သတ်နေသဖြင့် အလုပ်အကိုင်ဖန်တီးခြင်းနှင့် စီးပွားရေးတိုးတက်မှုသည် လူ့သက်တမ်းတိုးမြင့်မှုအတွက် အဓိကပင်ဖြစ်ပါသည်။
အဆိပ်အတောက်နှင့် လေထုညစ်ညမ်းမှုလျှော့ချခြင်း၊ သန့်ရှင်းသောပတ်ဝန်းကျင်ဖန်တီးခြင်းတို့သည် လူထုကျန်းမာရေးအတွက် အရေးကြီးသည်။ မြိုပြဖွံ့ဖြိုးမှုနှင့် အခြေခံအဆောက်အအုံတိုးတက်မှုက ကျန်းမာရေးဝန်ဆောင်မှု ရရှိနိုင်မှုတိုးတက်စေပါသည်။
စုပေါင်းအားဖြင့် ဆောင်ရွက်
အများပြည်သူတိုးတက်ရေးအတွက် “စုပေါင်းအားဖြင့် ဆောင်ရွက်ခြင်း” သည် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ လူတစ်ဦးတည်း၏ အင်အားသည် ကန့်သတ်ချက်များရှိသော်လည်း လူအများစုစည်း၍ ပူးပေါင်းလုပ်ဆောင်သောအခါ အင်အားကြီးမားလာပြီး ရလဒ်ကောင်းများ ရရှိနိုင်သည်။ ထို့ကြောင့် မည်သည့်လုပ်ငန်းမဆို အောင်မြင်စေရန် စုပေါင်းဆောင်ရွက်မှုကို အဓိကလိုအပ်သည်။ မျှော်မှန်းသက်တမ်းတိုးမြှင့်ရေး လူမှုအသိုင်းအဝိုင်းအတွင်း စုပေါင်းအားဖြင့် သက်တမ်းရှည်စေရန် ဖော်ဆောင်နိုင်မည့် နည်းလမ်းများရှိပါသည်။
ကျန်းမာသော လူနေမှုပုံစံကို စုပေါင်းဖော်ဆောင်ခြင်း
တစ်ဦးတစ်ယောက်ချင်းစီ အားထုတ်မှုထက်လူစုလူဝေးဖြင့် ဆောင်ရွက်ခြင်းက ပိုမိုထိရောက်သော ရလဒ်များကို ရရှိစေပါသည်။ ရပ်ကွက်အတွင်းရှိ အများသုံးအားကစားကွင်းများနှင့် ပန်းခြံများတွင် လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း ပြုလုပ်နိုင်ရန် သန့်ရှင်းဘေးကင်းသော နေရာများ ဖန်တီးပေးခြင်း၊ အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်ခြင်း၊ နံနက်ခင်းလမ်းလျှောက်အသင်းများ၊ ထိုက်ချိ (Tai Chi) သို့မဟုတ် ယောဂအဖွဲ့များ ဖွဲ့စည်းပြုလုပ်ကြခြင်း စသည်အားဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမြှင့်တင်ခြင်းတို့ကို စုပေါင်းဆောင်ရွက်သင့်ပါသည်။
အာဟာရနှင့် စားသောက်မှုပုံစံ ပြောင်းလဲခြင်း
အာဟာရပြည့်ဝသော အစားအစာများကို လူတိုင်းလက်လှမ်းမီနိုင်အောင် ဆောင်ရွက်ခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်လာပါသည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို မိမိတို့ရပ်ရွာအတွင်း စိုက်ပျိုးစားသောက်ခြင်းဖြင့် ဓာတုကင်းစင်သော အစာအာဟာရကို ရရှိစေပါသည်။ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ အထူးသဖြင့် ဆား၊ သကြားနှင့် ဆီလျှော့စားရန်၊ မျှတသော အာဟာရ (Balanced Diet) စားသုံးရန် ရပ်ကွက်အလိုက် ကျန်းမာရေးပညာမျှဝေကာ လိုက်နာကျင့်သုံးခြင်းအားဖြင့် နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲနိုင်မည်ဖြစ်သည်။
အခြေခံကျန်းမာရေး စောင့်ရှောက်မှု
ဆေးရုံကြီးများသို့မရောက်မီ ကြိုတင်ကာကွယ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းသည် လွန်စွာအရေးကြီးပါသည်။ အခမဲ့ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ဥပမာ- သွေးတိုး၊ ဆီးချိုနှင့် အဝလွန်ခြင်းတို့ကို ရပ်ကွက်အတွင်း ပုံမှန်စစ်ဆေးပေးခြင်းဖြင့် ရောဂါများကို စောစီးစွာသိရှိကုသနိုင်မည် ဖြစ်သလိုကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သော ကာကွယ်ဆေးများကို လူထုအခြေပြုစနစ်ဖြင့် ထိုးနှံပေးခြင်းအားဖြင့် သက်တမ်းရှည်စေနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်ပါသည်။
လူမှုဆက်ဆံရေးနှင့် စိတ်ကျန်းမာရေး
လူမှုရေးအရ အထီးကျန်ခြင်းသည် သက်တမ်းတိုစေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအသင်းများ ဖွဲ့စည်းခြင်းအားဖြင့် သက်ကြီးရွယ်အိုများ အချင်းချင်းတွေ့ဆုံစကားပြောနိုင်ခြင်း၊ ဝါသနာတူရာလုပ်ဆောင်နိုင်ခြင်းတို့က စိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး လူ့သက်တမ်းကို ရှည်စေနိုင်ပါသည်။ အပြန်အလှန်ကူညီမှုစနစ် (Support Groups)တစ်ခု လူ့အဖွဲ့အစည်းများအတွင်း တည်ရှိခြင်းအားဖြင့် နာတာရှည်ရောဂါသည်များ သို့မဟုတ် စိတ်ဖိစီးမှုခံစားနေရသူများအတွက် အချင်းချင်းအားပေးကူညီနိုင်မည် ဖြစ်ပါသည်။
ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် သန့်ရှင်းသောရေရရှိရေး
ရပ်ရွာအတွင်း သန့်ရှင်းသောရေ ရရှိရေးသည် ကူးစက်ရောဂါများကို လျှော့ချပေးနိုင်ပါသည်။ စနစ်ကျသောအမှိုက်စွန့်ပစ်မှုသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးပြီး ရောဂါဘယကင်းဝေးစေပါသည်။ မြစ်ချောင်း၊ အင်းအိုင်များအတွင်း အမှိုက်နှင့် ဓာတုဗေဒပစ္စည်းများ စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ရမည်။ အမှိုက်ကို အမျိုးအစားခွဲခြား စွန့်ပစ်ခြင်းနှင့် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချခြင်းဖြင့် မြေထုနှင့် ရေထုညစ်ညမ်းမှုကို လျှော့ချနိုင်သည်။ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အထများသည် ရောဂါကူးစက်မှုကို အထိရောက်ဆုံးကာကွယ်နိုင်သည်။ သန့်ရှင်းသောရေ ရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးသည် အစိုးရ သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ နိုင်ငံသားတိုင်းကိုယ်စီပါဝင်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်ဖြစ်သည်။ ပတ်ဝန်းကျင်သန့်ရှင်းမှုသည် မိမိတို့ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် မျှော်မှန်းသက်တမ်းတိုးမြင့်စေရန်မှာ မိမိတို့နေထိုင်ရာ လူမှုအသိုင်းအဝိုင်း၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုအပေါ်တွင် များစွာမူတည်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်တစ်ခုကို စုပေါင်းဖန်တီးခြင်းအားဖြင့် မိမိတို့၏ သက်ရှည်ကျန်းမာရေးအတွက် သာမကဘဲ နောင်လာနောက်သားများအတွက် အကောင်းဆုံးသော အမွေအနှစ်ဖြစ်သည့် မျှော်မှန်းသက်တမ်းတိုးမြင့်ရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်မည်ပင်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
