Skip to main content

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်

ယမန်နေ့မှအဆက်

ထိုစဉ်က တက္ကသိုလ်ကျောင်း စဖွင့်ရက် မှာ   စက်တင်ဘာလ  ၁  ရက်ဖြစ်ပြီး ပထမနှစ် သင်တန်းဖွင့်ရက်မှာ စက်တင်ဘာ ၇ ရက်ဖြစ်သည်။ ဒီဇင်ဘာ  ခရစ္စမတ်မတိုင်မီ   ပထမ စာမေးပွဲကို ဖြေဆိုကြရပြီး  ယင်းစာမေးပွဲမှာ အတန်းတင်စာမေးပွဲအတွက် ၄၀ ရာခိုင်နှုန်း ယူပါသည်။ စာမေးပွဲဖြေအပြီး ကျောင်း ၁၀ ရက်   ပိတ်ပါသည်။   နှစ်လည်စာမေးပွဲကို မတ်လတွင်   ဖြေဆိုကြ ရပြီး   အတန်းတင် စာမေးပွဲအတွက် ၁၀ ရာခိုင်နှုန်းယူပါသည်။ ဧပြီ   တစ်လ  ကျောင်းပိတ်ပါသည်။   ဇွန်လ နောက်ဆုံးပိုင်းတွင်    အတန်းတင်စာမေးပွဲ ဖြေဆိုကြရပြီး ဇူလိုင်၊ ဩဂုတ် နှစ်လ ကျောင်း ပိတ်ပါသည်။

ကျောင်းနေကာလ     အရေးအခင်းအတွေ့အကြုံများ

 ကျွန်တော်တို့ ပထမနှစ် တက်ရသည့် ၁၉၇၂-၇၃ ကာလမှာ  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားရပြီး ဒုတိယနှစ်အရောက်တွင် အရေးအခင်းများ  စတင်ကြုံတွေ့ရပါတော့သည်။ ကျွန်တော်တို့ ဒုတိယနှစ် ၁၉၇၄ ခုနှစ်တွင် အလုပ်သမားအရေးအခင်း စတင်ဖြစ်ပွားခဲ့ရာ ဆင်မလိုက်သင်္ဘောကျင်း၊ သမိုင်းချည် မျှင်နှင့် အထည်စက်တို့တွင် အလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။ တက္ကသိုလ်များ ပိတ်ခဲ့ရပြီး မိမိနေရပ်သို့ ပြန်ခဲ့ကြရပါသည်။

ကျွန်တော်တို့ တတိယနှစ်၊ ၁၉၇၅ ခုနှစ် တွင်   ဦးသန့်အရေးအခင်း    ဖြစ်ပါသည်။ ကုလသမဂ္ဂ   အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်မှ အနားယူခဲ့သော မြန်မာနိုင်ငံသား ဦးသန့်သည်   အမေရိကန်ပြည်ထောင်စုတွင် ကွယ်လွန်ပြီး      ကြွင်းကျန်သော   ရုပ်ကလာပ် ကို  ရန်ကုန်မြို့သို့   ပြန်လည်သယ်ယူလာရာ ဈာပနအခမ်းအနားကို ကျိုက္ကဆံကွင်းတွင် ကျင်းပရန် စီစဉ်ခဲ့ကြပါသည်။ ဈာပနကျင်းပ မည့်နေ့တွင်    ကျွန်တော်တို့    အပါအဝင် တက္ကသိုလ် ကျောင်းသား/  ကျောင်းသူများ၊ အခြား    ကျောင်းသား/   ကျောင်းသူများ၊ အရပ်သူ/    အရပ်သားများ     ကျိုက္ကဆံကွင်းသို့ လမ်းလျှောက် ချီတက်၍ သွားရောက်စုဝေး ကြပါသည်။ အခမ်းအနားပြုလုပ်ပြီး အစီအစဉ် အရ      ရုပ်ကလာပ်ကို     ကြံတောသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ရန်        ဖြစ်သော်လည်း ကျောင်းသားအချို့က ဦးသန့်သည် ကမ္ဘာသိ၊ မြန်မာ့ဂုဏ်ဆောင်တစ်ဦးဖြစ်သဖြင့် ကြံတော သုသာန်တွင်     သာမန်လူကဲ့သို့     သင်္ဂြိုဟ်ရန် မသင့်ကြောင်း၊   ဂူဗိမာန်လုပ်သင့်ကြောင်း ဆိုကာ ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်သို့ သယ်ယူမည်ဟု    ဆောင်ရွက်ကြပါသည်။ ကျွန်တော်တို့လည်း လူအုပ်ဖြင့် ပါသွားပါတော့သည်။

ကျွန်တော်တို့ ပင်းယဆောင်မှာ အဓိပတိ လမ်းဘေးတွင်   ရှိနေသဖြင့်   လူအုပ်လိုက် အဓိပတိလမ်းတစ်လျှောက် ရုပ်ကလာပ်အား သယ်ဆောင်သွားသည်ကို     လည်းကောင်း၊ ဘွဲ့နှင်းသဘင်ခန်းမရှိ  သံဘာဂျာတံခါးများကို လူအားဖြင့်ဆွဲဖျက်ပြီး   ဘွဲ့နှင်းသဘင်ခန်းမအတွင်း ရုပ်ကလာပ်ထားရှိခြင်း၊ ဟောပြောပွဲကျင်းပခြင်းတို့ကိုလည်းကောင်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ကြရပါသည်။ ထိုညတွင် တက္ကသိုလ်ကျောင်းများကို     ရက်အကန့် အသတ်မရှိ     ပိတ်လိုက်ရာ   ကျွန်တော်တို့ အများစုလည်း     အိမ်ပြန်ကြရပါတော့သည်။ ဤအရေးအခင်းတွင် ပါဝင်မိသော သူငယ်ချင်း တစ်ယောက်နှင့်  ညီငယ်တစ်ယောက် ထောင် ဒဏ်ကျခံရသည်ကိုလည်း     ဝမ်းနည်းစွာ ကြုံတွေ့ရပါသည်။  တတိယနှစ်စာမေးပွဲများကို   မိမိတို့ရပ်ရွာများတွင်  ဖြေကြားကြရရာ မေမြို့၊  အထက(၁)    စာစစ်ဌာနတွင်  ရန်ကုန်တက္ကသိုလ်၊  သင်္ချာတတိယနှစ်မှ  ဖြေဆိုသူမှာ ကျွန်တော် တစ်ယောက်တည်းသာရှိပါသည်။ မန္တလေးတက္ကသိုလ်မှ    ကျောင်းသားများပါ သည်။ ကျောင်းများ ပြန်ဖွင့်၍  စတုတ္ထနှစ် သင်တန်းတက်ရသော     ၁၉၇၆    ခုနှစ်တွင်  သခင် ကိုယ်တော်မှိုင်း ရာပြည့် ဆူပူမှုထပ်မံဖြစ် ပွားပြန်ပါသည်။ ကျောင်းများလည်း ထပ်မံ ပိတ်ရပြီး  ၁၉၇၇ ခုနှစ်၊ မတ်လရောက်မှသာ စတုတ္ထနှစ် စာမေးပွဲများ ဖြေဆိုကြရပါတော့ သည်။ ၁၉၇၆ ခုနှစ်တွင်  ဘွဲ့ရရမည်ဖြစ်သော် လည်းအရေးအခင်း  သုံးခု  ဆက်တိုက်ကြုံ သဖြင့် ၁၉၇၇ ခုနှစ်၊  မတ်လ   ရောက်မှသာ  ဘွဲ့ရပါတော့သည်။ 

 မဟာသိပ္ပံနောက်ဆုံးနှစ်၊ အပိုင်း(က) သင်တန်းသို့တက်ရောက်ချိန်တွင် ကျွန်တော်တို့ စစ်ကိုင်းဆောင်သို့ ပြောင်းရွှေ့နေထိုင်ကြရပါသည်။ ထိုကာလက အလုပ်အကိုင် အခွင့် အလမ်း အလွန်ရှားပါးသဖြင့် တတိယနှစ်တက် ချိန်မှစ၍ ကမာရွတ်မြို့နယ်၊ အလုပ်သမား မှတ်ပုံတင်ရုံးတွင်  အလုပ်သမားမှတ်ပုံတင် ထားခဲ့ပါသည်။ ဘွဲ့တစ်ခုရပြီးဖြစ်၍ နေ့စဉ် သတင်းစာများတွင်  အလုပ်အကိုင်ခေါ်စာများ ကြည့်ရှုပြီး အလုပ်လျှောက်ရန် တာစူကြပါတော့သည်။

လုပ်ငန်းခွင်သို့ အသီးသီးဝင်ရောက်ကြခြင်း

ပထမဦးဆုံးခေါ်သော    အလုပ်မှာ  ဘွဲ့ရ ဗိုလ်လောင်းများခေါ်ယူခြင်း       ဖြစ်ပါသည်။ ကျွန်တော်တို့ သိပ္ပံချွန်သူငယ်ချင်း ၆ ယောက်   ဝင်ရောက်ဖြေဆိုကြရာ    ၆  ယောက်လုံး အောင်မြင်ကြပါသည်။  လူ  ၅၀၀  ကျော်   ဝင်ရောက်ဖြေဆိုပြီး    ၈၃  ယောက် အောင်မြင် သည်ဟု သိရှိရပါသည်။ မှော်ဘီဗိုလ်သင်တန်းကျောင်းသို့   သတင်းပို့ရမည့်ရက်မှာ  ၁၉၇၇ ခုနှစ်၊   ဒီဇင်ဘာလ   ၂၀   ရက်နေ့ဖြစ်ပြီး ပါဝင်ရမည့် စာရွက်စာတမ်းများတွင် ပုံစံ-၁၀ ပါရှိသဖြင့် မိဘရပ်ထံပြန်၍ ပုံစံ-၁၀ ပြန်ထုတ် ကြရပါသည်။ ကိုကျော်တင်နှင့် ကိုအောင်သူတို့မှာ  မိဘများက  ပုံစံ-၁၀ ထုတ်မပေးဘဲ အချိန်မီမရောက်အောင် ခေါ်ထားလိုက်ကြပါသည်။  ကျန်သူငယ်ချင်း ၄ ဦးမှာ စစ်ကိုင်းဆောင်မှပင်  ကျောင်းထွက်ခွင့်တင်ပြီး ဗိုလ်သင်တန်းကျောင်းသို့ သတင်းပို့ခဲ့ကြပါတော့ သည်။  ဒီဇင်ဘာလအတွင်း   ကျန်းမာရေး ဆေးစစ်ခြင်းနှင့် သင်တန်းမဝင်မီ ပြင်ဆင်ဖွယ်များ ဆောင်ရွက်ရပြီး  ဇန်နဝါရီလဆန်းတွင် သင်တန်း စတင်ဖွင့်လှစ်ပါသည်။ တက္ကသိုလ် က ကျောင်းထွက်ခွင့်ကို ခွင့်ပြုပြီး ‘ကျတစ်ကျ အဖြစ်သတ်မှတ်၍   မဟာသိပ္ပံဘွဲ့အတွက် ခွင့်ပြုကာလ  ၅  နှစ်တွင်   အကျုံးဝင်ကြောင်း ပြန်ကြားခဲ့ပါသည်။   ဒုတိယ   ခေါ်ယူသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ     စာရေးဝန်ထမ်းအဖြစ် ကိုခင်မောင်ကြွေနှင့်     ကိုကျော်ဆွေတင့် တို့  နှစ်ဦး  ဝင်ရောက်သွားခဲ့ကြောင်း  သိရပါသည်။

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ကုန်အထိ ကာလ

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အကုန်အထိ ရန်ကုန်တက္ကသိုလ်တွင် နေခဲ့ရသော ကာလများမှာ ဘဝ၏အကောင်းဆုံး၊ အပျော်ရွှင်ရဆုံး ကာလများပင်ဖြစ်ပါသည်။  ဝါသနာပါရာကို မိမိစိတ်တိုင်းကျ       ဆောင်ရွက်နိုင်ခွင့်     အပြည့်အဝ ရရှိခဲ့ကြပါသည်။ ကျွန်တော်တို့ သူငယ်ချင်း မုံရွာသား ကိုမြင့်သိန်းမှာ အီလက်ထရောနစ် ဝါသနာပါပါသည်။ သိပ္ပံပစ္စည်း စက်ရုံမှ ငွေ ၅၀ ကျပ်တန် ရေဒီယိုစက်ပစ္စည်းများ ဝယ်ယူ၍ ရေဒီယိုတစ်လုံးကို အခန်းတွင် ကိုယ်တိုင်ဆင်ယူပြီး မြန်မာ့အသံကို အချိန်ပြည့် ဖမ်းထားပါသည်။  ထိုစဉ်က  ရုပ်မြင်သံကြား မပေါ်သေးပါ။    မြန်မာ့အသံသည် ပြည်သူတို့ အားလုံး၏ အသည်းစွဲဖြစ်ပါသည်။ မြန်မာ့အသံမှလာသော  ရေဒီယိုသီချင်းများသည် လူအများစု နှုတ်ဖျားတွင် စွဲနေပါသည်။ လူတိုင်းလိုလို   အနည်းဆုံးတော့  ရေချိုးခန်း မင်းသားအဖြစ်   သီချင်းဟစ်ကြပါသည်။ မည်သူကိုမျှ အားနာစရာမလိုပါ။

ပထမနှစ်သင်တန်းများကို   မန္တလေးဆောင်တွင်   သင်ကြားကြရပြီး  မြန်မာစာ၊ အင်္ဂလိပ်စာ၊  သင်္ချာ၊  ဓာတုဗေဒ၊  ရူပဗေဒနှင့် ဘူမိဗေဒတို့ကို   သင်ကြားရပါသည်။  ဆယ်တန်းအောင်စဉ်က ဇီဝဗေဒယူခဲ့သော်လည်း တက္ကသိုလ်တွင်   ဇီဝဗေဒယူပါက  သတ္တဗေဒဌာနနှင့်   ရုက္ခဗေဒဌာန နှစ်ခုခွဲ၍   သင်ယူရမည်ဖြစ်သဖြင့် အများစုမှာ တစ်ဘာသာတည်းဖြစ်သော ဘူမိဗေဒကို ယူကြပါသည်။ ဒုတိယနှစ်မှစ၍ ပင်မဆောင်ရှိ သင်္ချာဌာန စာသင်ခန်းများတွင် ပညာသင်ကြားရပါသည်။ ဒုတိယနှစ်တွင်  အင်္ဂလိပ်စာ၊  သင်္ချာဘာသာခွဲ ၄ ခုနှင့် သင်္ချာယုတ္တိဗေဒ (သို့မဟုတ်) ဓာတုဗေဒတို့ကို မိုင်နာအဖြစ်   သင်ယူကြရရာ   ကျွန်တော်က ဓာတုဗေဒမိုင်နာ ယူခဲ့ပါသည်။ တတိယနှစ်နှင့် စတုတ္ထနှစ် ၂ တန်းလုံးတွင် သင်္ချာဘာသာခွဲ ၆ ခုစီ သင်ကြားရပါသည်။

ညနေ စာသင်ချိန်များအပြီး အားကစားပွဲများလည်း အမြောက်အမြားရှိရာ ကြိုက်နှစ် သက်ရာအားကစားကို ကိုယ်တိုင်ပါဝင် ဆင်နွှဲနိုင်သလို သွားရောက်အားပေးနိုင်ခြင်းလည်း ရှိပါသည်။   ဘောလုံးပွဲများကို   ပုဂံလမ်းရှိ ဘောလုံးကွင်းတွင်   လည်းကောင်း၊ ဘော်လီဘောနှင့် ဘတ်စကက်ဘောပြိုင်ပွဲများကို အပန်းဖြေရိပ်သာ(RC)တွင်   လည်းကောင်း သွားရောက် အားပေးကြပါသည်။  ဘာသာရပ် အသင်းများအပြင်     အဆောင်လိုက်အသင်း များခွဲ၍ အကြိတ်အနယ်ယှဉ်ပြိုင်ကြပါသည်။ ယင်းအားကစားပွဲများကို  အပန်းဖြေရိပ်သာ အပြည့် အော်ဟစ်အားပေးလေ့ရှိကြပါသည်။ အင်းလျားကန်တွင်     လှေလှော်ရွက်တိုက် အသင်းရှိပြီး      ယင်းအသင်းဝင်ရောက်၍ လှေလှော်/  ရွက်တိုက်ကြသော   ကျောင်းသူ/ကျောင်းသားများလည်း   အများအပြားရှိပါသည်။

ကျွန်တော့်အနေဖြင့်  စာကြမ်းပိုးလုပ်ပြီး တက္ကသိုလ်များစာကြည့်တိုက်မှ စာအုပ်ပေါင်း များစွာ(ဝတ္ထုများများ) ဖတ်ရှုခဲ့ပါသည်။ ယခု အချိန်အထိ ကန်တော့ခံအဖြစ် ကန်တော့ခံရတိုင်း မကြာခဏပြန်လည် ကိုးကားပြောပြဖြစ်သော   လီယိုတော်စတွိုင်း၏   “အဖိုးအိုနှစ် ယောက် (ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများမှ “ဘုရားဖူးသွားခြင်း) သည် မှတ်မိနေသော စာတစ်ပုဒ်ဖြစ် သည်။

ကျွန်တော်   တက္ကသိုလ်  စတက်ခါစက ကျောင်းထဲတွင်     စစ်သားများ  ကျောင်းတက်နေသည်ကို တွေ့ရသဖြင့် အနည်းငယ် အံ့ဩမိပါသည်။  နောက်ပိုင်းကျမှသာ တက္ကသိုလ် အရန်တပ်ရင်း  (UTC)  တပ်ဖွဲ့ဝင်များဖြစ်ပြီး   ညနေပိုင်းတွင်  စစ်ပညာသင်တန်း လေ့ကျင့်နိုင်ရန်          မနက်ကျောင်း လာစဉ်ကပင် ယူနီဖောင်း    ဝတ်လာကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။   ကျွန်တော်တို့  သူငယ်ချင်း ကိုဇော်ဝင်းနိုင်မှာ  ယူတီစီဝင်ထားသဖြင့် သင်တန်းရှိသောရက်တွင်   တက္ကသိုလ်ရိပ် သာလမ်း တောင်ဘက်ရှိ ယူတီစီဝင်းအတွင်းသွား၍  စစ်ပညာသင်ကြားမှု ပြုလုပ်ပါသည်။ ၎င်းနှင့်အတူ ယူတီစီတက်သော သူငယ်ချင်းများကိုလည်း  ကျွန်တော်တို့ သိကျွမ်းရာမှ တက္ကသိုလ်အပေါင်းအသင်း   ပိုမိုကျယ်ပြန့် လာပါသည်။ ကျွန်တော်တို့   ဗိုလ်လောင်း သင်တန်း တက်ချိန်တွင် ယူတီစီမှ အချို့ပါဝင်လာပြီး အချို့မှာ တက်ရောက်လိုသော်လည်း အရေးအခင်းများကြောင့် ကျောင်းပိတ်ရက် ရှည်သွားပြီး ဘွဲ့ရနောက်ကျသဖြင့် အသက် ကန့်သတ်ချက် မမီတော့ကြောင်း   သိရှိရပါသည်။

ဒုတိယအကြိမ်    တက္ကသိုလ်ကျောင်းသား ဖြစ်လာခြင်း

ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားပြန်ဖြစ်ခြင်းမှာ   တွက်ချက်ရေး  ဒီပလိုမာ သင်တန်းတက်ရောက်ခြင်း     ဖြစ်ပါသည်။ ကျွန်တော်  ဗိုလ်သင်တန်းဆင်းပြီး  ခြေလျင် တပ်ရင်း ၂ ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရာ ရှမ်းပြည်နယ်    မြောက်ပိုင်းနှင့်  ကယားပြည်နယ်တို့တွင်   စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့ရပါသည်။ ၁၉၈၆ ခုနှစ်တွင် ကျွန်တော်တို့ ရွယ်တူ၊  တန်းတူ  အရာရှိများအား ဦးစီးအရာရှိငယ်များအဖြစ်  ပြောင်းရွှေ့ ခန့်အပ်တာဝန်ပေးရာတွင် ကျွန်တော့်၌ ဦးစီး အရာရှိအဖြစ်       တာဝန်ပေးအပ်နိုင်ရန် သင်တန်းတစ်စုံတစ်ရာမျှ   တက်ရောက်ခဲ့ဖူးခြင်း    မရှိသဖြင့်  ပညာရေးတပ်ဖွဲ့   (အရန် အင်အားစု) သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ပါသည်။  ထိုတပ်ဖွဲ့မှာ   ကမ္ဘာစစ်ကြီးအပြီး မြန်မာ့တပ်မတော်     ပြန်လည်ဖွဲ့စည်းချိန်၌ တပ်မတော်သား အများစုမှာ     စစ်ကာလကြောင့်  ပညာရေးအားနည်းခဲ့သဖြင့် “အ သုံးလုံးကျေမှစ၍      အတန်းပညာများကို သင်ကြားပေးရန်    ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်ရောက်ရှိချိန်တွင် တပ်မတော်သားများ၏ ပညာရည် အထိုက်အလျောက် မြင့်မားလာပြီဖြစ်သည့်အလျောက်  တပ်ဖွဲ့၏လုပ်ငန်းများမှာ အတော်နည်းပါးသွားပြီဖြစ်ရာ စစ်ရုံးရှိ ပညာရေးဌာနစုသို့     တွဲဖက်တာဝန်ထမ်း ဆောင်ခဲ့ရပါသည်။ ထိုဌာနစုတွင်  တာဝန် ထမ်းဆောင်စဉ်  ကျွန်တော်၏ရှေ့မှ တာဝန် ထမ်းဆောင်ခဲ့သော  ဗိုလ်မှူးကြီးသန်းမြင့် (ငြိမ်း) မှာ ဘီအီးဒီဘွဲ့ ရယူခဲ့ပါသည်။ ထိုအစဉ် အလာအရ ကျွန်တော်လည်း ဘီအီးဒီဘွဲ့သင်တန်း တက်ခွင့်ပြုရန် တင်ပြရာ ဦးစီးအရာရှိ (ပထမတန်း)က သဘောမတူခဲ့ပါ။

ထိုအချိန်တွင် တွက်ချက်ရေး ဒီပလိုမာ (DAC) သင်တန်းကို တက္ကသိုလ်များ ကွန်ပျူတာဌာနက  လျှောက်လွှာခေါ်ယူခဲ့ပါသည်။ ဦးစီးအရာရှိ    (ပထမတန်း)  ထံ   နှစ်ကြိမ်၊ သုံးကြိမ်တင်ပြပြီး ခွင့်ပြုချက်ရယူ၍ ဖြေဆိုခွင့် လျှောက်လွှာတင်ခဲ့ရပါသည်။  ဌာနဆိုင်ရာ ဝန်ထမ်းများကို  ခေါ်ယူသော   အချိန်ပိုင်း သင်တန်းဖြစ်သဖြင့် ဌာန၏ခွင့်ပြုချက် လိုအပ်ပါသည်။ ဝင်ခွင့်စာမေးပွဲကို တက္ကသိုလ်များ ကွန်ပျူတာဌာနတွင်     သွားရောက်ဖြေဆိုရပါသည်။ ကြားသိရသည်မှာ လျှောက်လွှာတင်သွင်းသူ ၁၀၀၀ ခန့်၊ ဖြေဆိုသူ ၉၀၀ ကျော်၊ ရေးဖြေအောင်မြင်သူ ၈၀ ခန့်ရှိကြောင်း သိရ ပြီး လူတွေ့၊   နှုတ်ဖြေစာမေးပွဲဖြေဆိုပြီး နောက်  သင်တန်းတက်ရောက်ရန်   ၅၃ ဦး ရွေးချယ်ခံခဲ့ရပါသည်။ တပ်မတော်မှ ၃ ဦး တက်ရောက်ခွင့်ရခဲ့ရာ  စစ်ရုံးမှ  ဗိုလ်ကြီး ကံထွန်း(ဗိုလ်မှူး-ငြိမ်း)၊   ကျွန်တော်နှင့် တပ်မတော်မှတ်တမ်းရုံးမှ ဗိုလ်ကြီးအောင်မြင့် တို့ ဖြစ်သည်။

သင်တန်းချိန်မှာ နံနက် ၇ နာရီမှ ၉ နာရီ ဖြစ်ပြီး လက်တွေ့လေ့ကျင့်ချိန်အဖြစ် ညနေ ၄ နာရီခွဲမှ ည ၈  နာရီခွဲအထိ  ဖြစ်ပါသည်။ ထိုစဉ်က တက္ကသိုလ်များ  ကွန်ပျူတာဌာနမှာ ရန်ကုန်တက္ကသိုလ်၏ ဌာနတစ်ခုဖြစ်သဖြင့် ကျောင်းလခ၊ စာမေးပွဲကြေးစသည့် ကိစ္စရပ်များကို ရန်ကုန်တက္ကသိုလ်၊ ငွေစာရင်းဌာနတွင် သွားရောက် ဆောင်ရွက်ခဲ့ရပါသည်။  သို့ဖြစ်၍ ရန်ကုန်တက္ကသိုလ်သို့        ဒုတိယအကြိမ် တက်ရောက်ခဲ့ရသည်ဟုဆိုခြင်း   ဖြစ်ပါသည်။ ကျွန်တော်ရရှိသော  သိပ္ပံဘွဲ့  (သင်္ချာ)နှင့် တွက်ချက်ရေးဒီပလိုမာ နှစ်ခုလုံးမှာ လက်ရှိ ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ခြင်းဖြစ်ပါသည်။

ဒုတိယအကြိမ် အရေးအခင်းအတွေ့အကြုံ

ကျွန်တော်တို့   DAC   အတန်းထဲမှ ထင်ရှားသူမှာ ဦးခွန်ဦး(မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ)ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ ကြည်စိုးမှာလည်း အတန်းဖော် တစ်ဦးဖြစ်ပါသည်။ အများသိကြမည့် အတန်း ဖော်တစ်ဦးမှာ ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင် (အာဇာနည်ခေါင်းဆောင်ကြီး   မန်းဘခိုင်၏ သမီး) ဖြစ်ပါသည်။ ထိုစဉ်က ဆရာမကြီးမှာ ရန်ကုန်စက်မှုတက္ကသိုလ်     သင်္ချာဌာနတွင် တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါသည်။

ထိုသင်တန်း      တက်ရောက်နေသည့် ကာလအတွင်းမှာပင် ၈၈ အရေးအခင်းကြီး ပေါ်ပေါက်လာပါ သည်။     ကျွန်တော်တို့ ကျောင်းသားအားလုံးမှာ   ဝန်ထမ်းများဖြစ်ကြသည့်အလျောက်   ကိုယ့်တာဝန်ကိုယ်ထမ်းရင်း အရေးအခင်းကို    ကျော်ဖြတ်ကြရပါတော့သည်။

ကျွန်တော်     ရန်ကုန်တက္ကသိုလ်၏ ကျောင်းသား ၂ ကြိမ်ဖြစ်ခဲ့ရာ ၂ ကြိမ်လုံးပင် အရေးအခင်းများနှင့် ကြုံခဲ့ရပါသည်။ ဘွဲ့မရမီ အရေးအခင်းများကို ရှောင်ခဲ့စဉ်က အရေးအခင်းပါ ကျောင်းသားများ၏ ဆဲဆိုမှုများ ခံခဲ့ ရပြီး၊ ဒုတိယအကြိမ်  အရာရှိငယ်ဘဝ  ၈၈ အရေးအခင်းတွင် မိမိတို့တာဝန်ထမ်းဆောင် နေသည့် စစ်ရုံးအား လာရောက်ဆဲဆိုကြသည်ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ နိုင်ငံ့တာဝန်ကို ကျရာနေရာမှ ထမ်းရွက်ရင်း ကျော်ဖြတ်ခဲ့ပါသည်။

သိပ္ပံချွန် မျိုးဆက်မိသားစု

ကျွန်တော်၏ မိသားစု ၅ ယောက်တွင်  ကျွန်တော်က “သင်္ချာ၊  ဇနီးသည်က “ဓာတု ဗေဒ၊  သမီးလတ်က   “ဓာတုဗေဒ   ဘာသာ ရပ်တို့ဖြင့် သိပ္ပံဘွဲ့များကို   ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ကြပါသည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရသူ  ၃ ဦးရှိပါပြီ။ သမီးလတ် အခြေခံပညာ အထက်တန်းအောင်သော     ကာလတွင် ထူးချွန်ကျောင်းသားအစီအစဉ်  စတင်ပေါ်ပေါက်လာရာ   သမီးလတ်ကို  သူငယ်ချင်း ဒေါက်တာအောင်သူရှိရာ ရန်ကုန်တက္ကသိုလ်သို့ ဓာတုဗေဒထူးချွန် တက်ရောက်စေခဲ့ပါသည်။ မိမိတို့ သိပ္ပံချွန်မျိုးဆက် အမွေပေး လိုရင်း ဖြစ်သည်။

စာရေးဆရာမကြီး      မမြတ်လေး (ဒေါ်သိန်းဆိုင်)  သည် အသက်  ၉၀  တွင် မြေးဖြစ်သူများနှင့် အတူ ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ယူခဲ့ကြောင်း     ဖတ်ရှုမှတ်သားရပါသည်။ ကျွန်တော် လည်း မပြီးဆုံးခဲ့သော မဟာသိပ္ပံဘွဲ့(သင်္ချာ) ကို   ဆက်လုပ်လျှင် ကောင်းလေမည်လားဟု စဉ်းစားခဲ့မိပါသည်။ 

ကျွန်တော် နောက်ဘဝ မြန်မာနိုင်ငံတွင် လူပြန်ဖြစ်ခွင့်ရပါက   ရန်ကုန်တက္ကသိုလ်သို့ ပြန်တက်ချင်ပါသေးသည်။   ယခုဘဝတွင် မပြီးဆုံးခဲ့သော မဟာဘွဲ့ရအောင် ကြိုးစား လိုပါသေးသည်။      မလေ့လာဖြစ်ခဲ့သော ဘာသာရပ်များ (ဥပမာ- သမိုင်း/ရှေးဟောင်း သုတေသန/… စသည်)တို့ကိုလည်း မ ‘အ အောင် လေ့လာလိုပါသေးသည်။ မဖြစ်ခဲ့သော တက္ကသိုလ်ဆရာတစ်ဦး ဘဝကိုလည်း ခံယူလိုပါသေးသည်။

ကျွန်တော်တို့    ဘဝများစွာအတွက် အရေးပါလှသော အမိရန်ကုန်တက္ကသိုလ်ကြီးကို အမှတ်ရ   တမ်းတလျက်   မိမိတို့ ကျောင်းသားဘဝမှတ်မိသမျှ  ရေးသားဖော်ပြရင်း      ရန်ကုန်တက္ကသိုလ်    ရာပြည့်ပွဲကို         ဂုဏ်ပြုလိုက်ပါသည်။ ။

စာရေးသူ၏

အတ္ထုပ္ပတ္တိ အကျဉ်း

----------------------------

- အမည်ရင်းမှာ  စိန်ဝင်း ဖြစ်သည်။

- မွေးသက္ကရာဇ်မှာ ၂၄-၇-၁၉၅၆  ဖြစ် သည်။

- ပြင်ဦးလွင်မြို့ ဇာတိဖြစ်သည်။

- ရန်ကုန်တက္ကသိုလ်သို့ ၁၉၇၂ ခုနှစ်တွင် တက်ရောက်ပြီး     ၁၉၇၇ ခုနှစ်တွင် သိပ္ပံဘွဲ့(သင်္ချာ) ရရှိခဲ့သည်။   ၁၉၈၉ ခုနှစ်တွင် တွက်ချက်ရေးဒီပလိုမာနှင့်  ၂၀၀၃ ခုနှစ်တွင်      မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး) ရရှိခဲ့သည်။

- ၁၉၇၈ ခုနှစ်မှ ယနေ့အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး တာဝန် ထမ်းဆောင်လျက်ရှိသည်။

စိန်ဝင်း (၄၀)