Skip to main content

ကျွန်တော်နဲ့ လူမှုစီးပွားလုပ်ငန်းအဖွဲ့အစည်းများ

ကျွန်တော်အားကျပြီး နမူနာထားတဲ့ပုဂ္ဂိုလ်က   ပါမောက္ခ ယူနစ်ဖြစ်ပါတယ်။ သူဟာ တက္ကသိုလ် ပါမောက္ခ တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုဟာ သူ့အနေနဲ့ တက္ကသိုလ်မှာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို  စာသင်ခန်းထဲမှာ သင်ကြားနေပေမယ့် သူ့ပတ်ဝန်းကျင်မှာ ဆင်းရဲနွမ်းပါးမှုတွေ ဖြစ်ပေါ်နေတာ သတိထားမိတယ်။ စာသင်ခန်းမှာ ပို့ချတဲ့သီအိုရီနဲ့ လက်တွေ့ဘဝမှာ ကွာဟနေတာကို သတိပြုမိတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းကို ရှာဖွေပြီး ဖော်ထုတ်ခဲ့ပါတယ်။

ဆင်းရဲသားများရဲ့ ပကတိအခြေအနေ သိအောင်ကြိုးစား

ဆင်းရဲသူတွေဟာ     ငွေကြေးအခက်အခဲရှိတဲ့အခါ ဘဏ်တွေမှာ   ငွေချေးနိုင်စွမ်းမရှိတာကို သတိထားမိတယ်။ ဘဏ်တွေအနေနဲ့     ချေးငွေထုတ်ပေးရာမှာ  အပေါင်ခံ ပစ္စည်းပိုင်ဆိုင်မှုကို တောင်းဆိုကြတယ်။ ဒါပေမယ့် ဆင်းရဲတဲ့သူတွေမှာ  အပေါင်ခံ၊  အာမခံနိုင်တဲ့   ပိုင်ဆိုင်မှုတွေ မရှိကြတာ   တွေ့ရတယ်။ ဒါကြောင့်လည်း  “ဂျာအေး သူ့အမေရိုက် တဲ့ ဆင်းရဲသံသရာထဲ  နစ်မြုပ်နေပါတယ်။ အခုလို  အာမခံဖို့ ပိုင်ဆိုင်မှု အရင်းအနှီးတွေမရှိတာကြောင့် ဆင်းရဲသူတွေဟာ ဘဏ်နဲ့ကင်းကွာနေကြတယ်။ တစ်ဖက်မှာလည်း   ပညာတတ်သူတွေ  မဟုတ်တာကြောင့်လည်း ဘဏ်တွေနဲ့ဆက်ဆံရာမှာ     လက်မှတ်ထိုးတာတွေ၊ ဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ  နားလည်ဖို့  ခက်ခဲမှုနဲ့ ရင်ဆိုင်ရပါတယ်။   ဒါကြောင့်   ပါမောက္ခယူနစ်အနေနဲ့ ဆင်းရဲသားများရဲ့      ပကတိ အခြေအနေတွေသိအောင် သူကျွမ်းကျင်တဲ့    စီးပွားရေးဘာသာကို   အခြေခံပြီး သုတေသနတွေ   လုပ်ခဲ့တယ်။ ဆင်းရဲသားတွေ နေထိုင်တဲ့ ကျေးရွာဆင်ခြေဖုံးရပ်ကွက်တွေမှာ     လူတွေ့ မေးမြန်းမှု၊ ဆွေးနွေးမှု၊ တွေ့ဆုံမှုတွေ     ဆောင်ရွက်ခဲ့ပါတယ်။    သူ့ရဲ့ သုတေသနတွေ့ရှိချက်တွေအပေါ်  အခြေခံပြီး  GRAMEEN ဘဏ်ကို တည်ထောင်ခဲ့ပါတယ်။ ဘဏ်ရဲ့ စီးပွားရေးပုံစံဟာ သမားရိုးကျ လှုပ်ရှား ဆောင်ရွက်နေတဲ့     ဘဏ်ပုံစံကို အခြေခံက  ပြောင်းလဲခဲ့ပါတယ်။

ဘဏ်ရဲ့ထူးခြားချက်လေးရပ်

သူ့ဘဏ်ရဲ့   ထူးခြားချက် လေးရပ်ရှိတာ  တွေ့ရှိရပါ တယ်။ ပထမအချက်အနေနဲ့  ငွေကိုချေးရာမှာ  အမျိုးသမီး တွေကို  ဦးစားပေးချေးခဲ့ပါတယ်။   အိမ်ရှင်မမိခင်များဟာ ဘဏ်မှငွေချေးပြီး  အိမ်တွင်းမှုလုပ်ငန်းတွေ  တည်ထောင် ကြတယ်။ မိသားစုစားဝတ်နေရေး    ဖူလုံစေမယ့်  လုပ်ငန်း တွေကိုတည်ထောင်ကြတယ်။  ဒုတိယ ထူးခြားချက်က ငွေချေးတဲ့သူတွေအနေနဲ့    အာမခံ အပေါင်ပစ္စည်းတွေ မတောင်းခံဘဲ  ဝိုင်းကြီးချုပ်စနစ်နဲ့  အမျိုးသမီး ၁၀ ဦးကို ငွေချေးပြီး    ချေးငွေတွေ  ပြန်လည်မဆပ်နိုင်ရင် ကျန်တဲ့ သူတွေကို တာဝန်ယူစေပါတယ်။ ဆရာကြီးရဲ့  အမြင်က ဆင်းရဲသားများမှာ  ငွေအရင်းအနှီး  ပိုင်ဆိုင်မှုမရှိပေမယ့် ငွေထက်တန်ဖိုးရှိတဲ့ လူမှုရေး အရင်းအနှီးရှိတာကို လက်ခံ ထားတယ်။ တစ်ဦးတစ်ယောက်က မဆပ်နိုင်ရင် ကျန်တဲ့ သူတွေက   တာဝန်ယူကြတာ   ဖြစ်တယ်။  တတိယ ထူးခြားချက်အနေနဲ့  အကြွေးမဆပ်ခြင်းဟာ မဆပ်ချင်လို့ မဆပ်တာ မဟုတ်ဘဲ မဆပ်နိုင်လို့မဆပ်တဲ့အတွက် သူ့ရဲ့ ဘဏ်မှာ  အတိုးပြန်ဆပ်တဲ့  စည်းကမ်းကို  နားလည်မှု ပေးပြီး   ဆောင်ရွက်ခဲ့တာ  တွေ့ရပါတယ်။   နောက်ဆုံး ထူးခြားချက်က ငွေချေးတဲ့  အိမ်ရှင်မ  မိခင်တွေအနေနဲ့ မိမိရဲ့သားသမီးတွေကို   ပညာသင်ပေးဖို့   အာမခံရပြီး တစ်ဖက်မှာလည်း   ယင်လုံအိမ်သာဆောက်ပြီး  အသုံးပြုဖို့ သတိပြုရပါတယ်။   အမှန်တော့  ဆရာကြီးဟာ မိသားစု တစ်စုနဲ့  ပတ်သက်ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြဿနာတွေကို    တစ်ပြိုင်နက်   တစ်ပေါင်းတစ်စည်း လွှမ်းခြုံပြီး   အဖြေပေးခဲ့တာဖြစ်တယ်။   သူ့ရဲ့ဘဏ်က စတင်ရာမှာ   အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနဲ့စခဲ့တာ ဖြစ်တယ်။ အခုချိန်မှာ GRAMEEN ဘဏ်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်းပေါင်းများစွာ  ဖြစ်ပါတယ်။  ဘဏ်လုပ်ငန်းမှ တစ်ဆင့်  တခြားလူမှု စီးပွားရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့တယ်။  ပါမောက္ခယူနစ်ရဲ့  ဘဏ်ပုံစံကို မြန်မာပြည်အပါအဝင်   နိုင်ငံတကာမှာ ကျင့်သုံးနေတာ တွေ့မြင်ရပါတယ်။  အသေးစားချေးငွေ လုပ်ငန်း  လှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ပါတယ်။

အမြတ်အစွန်းနဲ့ လူမှုရေးနှစ်ခုလုံးကို ရအောင်ယူနိုင်ခဲ့

လူ့အဖွဲ့အစည်းမှာ   စီးပွားရေးလုပ်ငန်းတွေ   ဦးစီးဆောင်ရွက်တဲ့  ပုဂ္ဂလိကကဏ္ဍရှိသလို လူမှုရေး လုပ်ငန်း တွေကို   ဆောင်ရွက်ကြတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းများ ရှိပါတယ်။  ပုဂ္ဂလိကကဏ္ဍက  အမြတ်ကို ဦးတည်ချက်ရှိပြီး အရပ်ဘက်  လူ့အဖွဲ့အစည်းများက  လူမှုရေးဦးတည်ချက် တွေ ရှိပါတယ်။    ပါမောက္ခယူနစ်   ဖော်ထုတ်ခဲ့တဲ့  လူမှုစီးပွားရေး အဖွဲ့အစည်းများက လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်ပြီး   ပရဟိတလုပ်ငန်း များအတွက်  အမြတ် အစွန်းကို    ယူကြတယ်။      ရည်မှန်းချက်နှစ်ရပ်ကို တစ်ပြိုင်တည်းရနိုင်အောင်     ကြိုးစားအားထုတ် ကြတယ်။ အမြတ်အစွန်းနဲ့ လူမှုရေးဦးတည်ချက် နှစ်ရပ်ကို အစားထိုး တာ မဟုတ်ဘဲ  တစ်ကြိမ်တည်းမှာ နှစ်ခုကို  ရယူနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

လူမှုစီးပွားရေးလုပ်ငန်းတွေဟာ     မကြာမီက ပေါ်ပေါက်လာခဲ့တယ်လို့   ယူဆရပေမယ့်   အမှန်တော့ မြန်မာနိုင်ငံမှာ   ၁၉၀၅  ခုနှစ်က စတင်တည်ထောင်ဖွဲ့ စည်းခဲ့တာဖြစ်တယ်။  ကိုလိုနီအစိုးရအနေနဲ့  တောင်သူ လယ်သမားများရဲ့ ကြွေးမြီပြဿနာကို အဖြေရှာဖို့ ဖွဲ့စည်း ခဲ့တာဖြစ်တယ်။ မဖွဲ့စည်းမီ    သင့်တော်တဲ့သမဝါယမ ပုံစံရွေးချယ်ရာ၌   ထိုစဉ်က ဂျာမနီနိုင်ငံရှိ  သမဝါယမပုံစံနဲ့ အီတလီနိုင်ငံ  သမဝါယမပုံစံများကို  လေ့လာခဲ့ပြီး  ဂျာမနီ ပုံစံကို   ရွေးချယ်ခဲ့ပါတယ်။ စတင်ဖွဲ့စည်းချိန်မှ    ကမ္ဘာ့စီးပွားရေးကပ်ကြီးဆိုက်တဲ့      ၁၉၃၀    ပြည့်နှစ်အထိ သမဝါယမလှုပ်ရှားမှုဟာ    အောင်မြင်တိုးတက်ခဲ့တယ်။ မြန်မာ့ယဉ်ကျေးမှု    ဓလေ့ထုံးစံနဲ့ ကိုက်ညီတဲ့၊    အတ္တပရမျှတမှုကို   အခြေခံတဲ့   သမဝါယမလှုပ်ရှားမှုဟာ ရှင်သန်ခဲ့ တယ်။   ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုကြောင့် မြန်မာနိုင်ငံရဲ့    ဆန်စပါးဈေးကွက်ပျက်စီးခဲ့တယ်။ ဆရာစံရဲ့     တောင်သူ လယ်သမား တော်လှန်မှုဟာ စီးပွားရေးအခြေခံတွေကြောင့်     ဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်မှာ သမဝါယမလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြုပြင်မှုတွေ ဆောင်ရွက်ခဲ့တယ်။ စစ်ပြီးကာလ လွတ်လပ်ရေးရပြီးချိန်မှာ သမဝါယမလှုပ်ရှားမှုတွေ   ဆက်လက်ဆောင်ရွက်နိုင်ခဲ့ တယ်။ ထင်ရှားလှတဲ့    သမဝါယမအသင်းတစ်ခုက တက္ကသိုလ်သမဝါယမ အသင်းဖြစ်ပါတယ်။ လူသိများလှတဲ့ အသင်းကြီးဖြစ်တယ်။

၁၉၆၂  တော်လှန်ရေးကောင်စီ  အစိုးရလက်ထက်မှာ သမဝါယမစနစ်ကို  ဒုတိယမဏ္ဍိုင်အဖြစ်  သတ်မှတ်ခဲ့ပြီး ပြုပြင်လာခဲ့တယ်၊    အားပေးခဲ့တယ်။   ဆိုရှယ်လစ် စီးပွားရေးကို   အထောက်အပံ့ဖြစ်စေတဲ့   လှုပ်ရှားမှု တစ်ရပ်အနေဖြင့်  သတ်မှတ်ခဲ့တယ်။ ကျေးရွာ၊ ရပ်ကွက် သမဝါယမအသင်းများ၊    မြို့နယ်သမဝါယမ အသင်းများ၊ တိုင်းနဲ့ ပြည်နယ်သမဝါယမအသင်းများနဲ့  ဗဟိုသမဝါယမ အသင်းကို တည်ထောင်ခဲ့တယ်။ မန္တလေးတိုင်းသမဝါယမ အသင်းဟာ ထင်ရှားကျော်ကြားလှတဲ့ အသင်းတစ်သင်း ဖြစ်ခဲ့တယ်။ အခုလို ကျေးရွာ၊ ရပ်ကွက်မှ ဗဟိုအဆင့်အထိ တည်ထောင်ခဲ့တဲ့   သမဝါယမအသင်းများကို   မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ  ကေဒါများက ဦးစီးလာခဲ့တယ်။ ထင်ရှားတဲ့  ဥပမာတစ်ခုက  မြို့နယ်သမဝါယမအသင်း တိုင်းလိုလို  ဖွင့်လှစ်တည်ထောင်ခဲ့တဲ့ မြို့နယ်သမဝါယမ ဆေးခန်းတွေဖြစ်တယ်။ သမဝါယမပုံစံအတိုင်း  ဖွင့်လှစ်ပါ က ဒီဆေးခန်းတွေမှာ  တာဝန်ယူကြတဲ့ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းတွေ  စုစည်းပြီး   တည်ထောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်   ပါတီရဲ့ဦးဆောင်မှုနဲ့  ဆောင်ရွက် တာမို့ မြို့နယ်ပါတီယူနစ်က   တာဝန်ယူပြီး  ဆရာဝန်၊ သူနာပြုနဲ့ အခြားဝန်ထမ်းတွေကို လခစားအဖြစ် ခန့်ထား ပြီး လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

သမဝါယမအသင်း၌ ပါဝင်ခဲ့မှု

ကျွန်တော်ဟာ ၁၉၇၈  ခုနှစ်ကစပြီး  သမဝါယမ လှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ သမဝါယမ ဝန်ကြီးဌာနကို ဦးဆောင်တဲ့ဝန်ကြီး ဗိုလ်မှူးကြီးစိန်ထွန်း ဟာ   စီမံခန့်ခွဲမှုပညာကို   စိတ်ဝင်စားတဲ့သူဖြစ်တယ်။ သမဝါယမစနစ်ကို  ယုံကြည်မှုအပြည့်ရှိတယ်။  သူ့ကြောင့် ကျွန်တော်ဟာ ဗဟိုသမဝါယမအသင်းမှာ နှစ်စဉ်ကျင်းပတဲ့ သမဝါယမညီလာခံတွေမှာ    သုတေသနစာတမ်းတွေ ဖတ်ခွင့်ရခဲ့တယ်။ ဗဟိုသမဝါယမ အသင်းမှာ  အကြံပေးအဖြစ်  တာဝန်ယူခဲ့တယ်။  ဖောင်ကြီးမှာ   ဖွင့်လှစ်တဲ့ ဗဟိုသမဝါယမ သင်တန်းကျောင်း   စတင်ဖွင့်လှစ်ချိန်မှာ ပါဝင်ပတ်သက်ခဲ့တယ်။   ယခင်က   သမဝါယမသင်တန်း ကျောင်းကို   အင်းလျားကန် အနီးရှိတဲ့   ယခုကန်သာယာ ဆေးရုံဖွင့်လှစ်ထားတဲ့နေရာမှာ  ဖွင့်လှစ်ခဲ့တယ်။  ထူးခြား ချက်များအနေနဲ့   ဖြူးမြို့မှာ   ဖွင့်လှစ်ထားတဲ့   လူငယ့် အားမန်  သမဝါယမအသင်းမှာ     လှုပ်ရှားခဲ့တယ်။    ဒီအသင်းမှာ စိုက်ပျိုးရေးဘွဲ့ရ    ကျောင်းသူ ကျောင်းသားတွေ  ဦးစီးထားတာဖြစ်တယ်။  တနင်္သာရီတိုင်းလောင်းလုံး မြို့နယ်မှာရှိတဲ့   ငှက်သိုက်သမဝါယမ အသင်းမှာလည်း  သုတေသနတွေ ဆောင်ရွက်နိုင်ခဲ့တယ်။

၁၉၈၈ ခုနှစ်  နောက်ပိုင်းမှာ  သမဝါယမလှုပ်ရှားမှုအပေါ် နိုင်ငံတော်အစိုးရရဲ့   အားပေးမှုဟာ  လျော့နည်းလာခဲ့တယ်။ ဈေးကွက်စီးပွားရေးစနစ်ကို   ဖော်ထုတ်ရာမှာ  သမဝါယမ လှုပ်ရှားမှုသည်   ဆီလျော်မှု မရှိကြောင်း   ယူဆခဲ့တယ်။ အမှန်တော့ ဒီအယူအဆဟာ  လုံးဝလွဲမှားတဲ့   အမြင်ဖြစ် တယ်။ အရင်းရှင်စီးပွားရေးစနစ်  ရှင်သန်နေတဲ့ အနောက် နိုင်ငံများမှာ   သမဝါယမလှုပ်ရှားမှုဟာ   ရှင်သန်နေတာ ဖြစ်တယ်။    ဂျာမနီနိုင်ငံမှာရှိတဲ့    ဘဏ်တွေအနက် ထင်ရှားတဲ့ ဘဏ်တွေဟာ သမဝါယမဘဏ်တွေ ဖြစ်တယ်။ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့    ထင်ရှားတဲ့လက်လီဆိုင်တွေဟာ သမဝါယမအသင်းတွေ ဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့    သမဝါယမအသင်းများကို  စစ်မှန် တဲ့ပုံစံအဖြစ်  အသွင်ပြောင်းလဲ စေချင်ပါတယ်။ နိုင်ငံတကာ မှာ  သမဝါယမအသင်းတွေကို   လူမှုစီးပွားရေးအဖွဲ့များအဖြစ်   အမည်နာ မပြောင်းလဲခဲ့တာ  တွေ့ရပါတယ်။

အတ္တနဲ့ ပရမျှတသော  လူမှုစီးပွားရေးလုပ်ငန်းများ  ရှင်သန်စေလို

သမဝါယမ အပေါ်သံယောဇဉ်ကြောင့် ကျွန်တော်ဟာ လူမှုစီးပွားရေးလုပ်ငန်းတွေအပေါ် စိတ်ဝင်စားခဲ့တယ်။ BRITISH COUNCIL မှာ   တာဝန်ယူနေတဲ့    မီမီမျိုးဝင်း အကူအညီနဲ့ လူမှုစီးပွားရေးလုပ်ငန်းများနဲ့   ပတ်သက်တဲ့ သင်တန်းများကို    ဖွင့်လှစ်နိုင်ခဲ့တယ်။  တစ်ဖက်မှာ လည်း မြန်မာနိုင်ငံမှာ  လူမှုစီးပွားရေးလုပ်ငန်းများ   ပေါ်ပေါက်မှုကို ပြုစုအားပေးလျက်ရှိပါတယ်။ ယခင်အပတ်က လူငယ်တစ်စုဖွဲ့စည်းထားတဲ့  လူမှုစီးပွားရေး လုပ်ငန်းများ  ဖွံ့ဖြိုးမှု အစီအစဉ်မှာ  ပါဝင်ပတ်သက်ခဲ့တယ်။   လူ့အဖွဲ့အစည်း တစ်ခုမှာ   လုပ်ငန်းအဖွဲ့ အစည်းတွေကို  ပုံစံအမျိုးမျိုးနဲ့ ဖော်ဆောင်ဖို့   လိုအပ်ပါတယ်။ အစိုးရအဖွဲ့အစည်း တွေလိုအပ်သလို  ပုဂ္ဂလိကကုမ္ပဏီများ ဟာလည်း အရေးပါလှတယ်။    ပရဟိတလုပ်ငန်းတွေ    ဆောင်ရွက်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေလည်း  အရေးပါလှပါတယ်။ တစ်မူထူးခြားပြီး    စီးပွားရေးပုံစံအသစ်တစ်ခုဖြစ်တဲ့ လူမှုစီးပွား  အဖွဲ့အစည်း တွေကိုလည်း   ကြိုဆိုရမှာဖြစ် ပါတယ်။    မြန်မာပြည်မှာ   လူငယ်တွေရဲ့    ဦးဆောင်မှုနဲ့ ဒီအဖွဲ့အစည်းတွေ       ဖော်ဆောင်လျက်ရှိကြောင်း တွေ့ရတဲ့အတွက်    ပီတိဖြစ်မိပါတယ်။  လူမှုအဖွဲ့အစည်းရဲ့ အရေးပါမှုကို    နိုင်ငံတကာမှာ   အသိအမှတ်ပြုနေတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ   ဝန်ကြီးချုပ်ရုံးမှာ   လူမှုအဖွဲ့အစည်း ဌာနကို   သီးခြားတည်ထောင်ခဲ့ပြီး  လှုပ်ရှားမှုတစ်ရပ်အနေ နဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ လူမှုစီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး  အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင် နဲ့တရားရေးမဏ္ဍိုင်တို့အနေနဲ့   သိနားလည်ဖို့   လိုအပ်ပါ တယ်။ အားပေးဖို့လည်း လိုမှာဖြစ်တယ်။   အထူးသဖြင့် လူငယ်များရဲ့   အင်အားတွေကို  စုစည်းနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းများဖြစ်တာကြောင့်    ပိုပြီးအရေးပါလှပါတယ်။ အတ္တ၊  ပရမျှတပြီး  စစ်မှန်တဲ့  ပုံစံနဲ့တည်ထောင်ထားတဲ့ လူမှုစီးပွားရေးလုပ်ငန်းတွေ   ရှင်သန်ဖို့အရေးကြီးလှပါ တယ်။

ကျွန်တော်ဟာ ပါမောက္ခယူနစ်ကို   မြန်မာပြည်ကို နှစ်ကြိမ်  ဖိတ်ကြားခဲ့ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်မှာ ဆရာကြီးက ဟောပြောပွဲတွေ  ကျင်းပခဲ့တယ်။ တာဝန်ရှိသူတွေနဲ့  ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ ဆရာကြီးဟာ   သူ့ရဲ့ ထူးခြားတဲ့  လူမှုစီးပွားရေးပုံစံကို တစ်ကမ္ဘာလုံးကို ပျံ့နှံ့အောင် ဆောင်ရွက်နိုင်ခဲ့တယ်။  ကျွန်တော့်ရဲ့  ဆန္ဒကတော့ မြန်မာပြည်မှာ  လူမှုစီးပွား လုပ်ငန်းတွေ  ကြီးပွားစေချင်လှပါတယ်။       ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်