Skip to main content

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်

ယခုနှစ် ရာပြည့်ပွဲတော်ကျင်းပလျက်ရှိသည့် ရန်ကုန်တက္ကသိုလ်ကြီးတွင် ကျွန်တော်သည် ကျောင်းသားနှစ်ကြိမ်ဖြစ်ဖူးပါ၏။ ပထမအကြိမ်မှာ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ် အထိဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏ စိန်ရတုကာလ ကျောင်းသား ဖြစ်ခဲ့ပြီး ယင်းကာလနှင့်ပတ်သက်၍ ရေးသားမှုများစွာ မတွေ့ရသောကြောင့် ကျွန်တော်တို့ကာလ အတွေ့အကြုံများကို ပြန်လည်မျှဝေလိုစိတ် ဖြစ်ပေါ်မိပါသည်။

ကျွန်တော်သည် ၁၉၇၂ ခုနှစ်၊ မတ်လ တွင် ကျင်းပသော အခြေခံပညာအထက်တန်း စာမေးပွဲကို မေမြို့(ယခု-ပြင်ဦးလွင်)မှ ဖြေဆို အောင်မြင်ခဲ့ပါသည်။ ဆေးတက္ကသိုလ်တက် ရန် အမှတ်မီသော်လည်း မိဘများမှာ ငွေကြေးဖူလုံသူများ မဟုတ်သဖြင့် ဆေး တက္ကသိုလ်တက်ရန်ထောက်ပံ့မည့်သူ နှစ်ဦးရှိ သည့်ကြားမှ ရန်ကုန်တက္ကသိုလ်တက်လို သဖြင့် အခြေခံသိပ္ပံပညာချွန်ဆု လျှောက်ထား ခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် တက်လိုရခြင်းမှာ တက္ကသိုလ်ဘုန်းနိုင်၏ စာပေဩဇာကြောင့် ဟု ဆိုနိုင်ပါသည်။ ဒုတိယတန်း အတန်းတင် စာမေးပွဲအပြီး နွေကျောင်းပိတ်ရက်တွင် တက္ကသိုလ်ဘုန်းနိုင်၏ “မိုးညအိပ်မက်မြူ” ကို စတင်ဖတ်ရှုမိပါသည်။ အိန္ဒိယ- မြန်မာ နယ်စပ်သို့ မြေတိုင်းထွက်ရသော လူပျို ဦးလေး မြေတိုင်းစာရေးတစ်ဦး၏ ပစ္စည်းများ ကျွန်တော်တို့အိမ် လာထားရာမှ တက္ကသိုလ် ဘုန်းနိုင်၏ဝတ္ထု အထပ်လိုက်ပါရှိလာခြင်း ဖြစ်သည်။ စာဖတ်တတ်ခါစဖြစ်၍ “မောင်ညို မှိုင်း” ကို စွဲသွားပါတော့သည်။ ထိုမှစ၍ တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထုအမြောက်အမြား ဖတ်ရှုမိခဲ့ရာ ဆရာ၏ ဝတ္ထုနောက်ခံ အများစု တွင် တက္ကသိုလ်နယ်မြေပါဝင်ပြီး ဇာတ်လိုက် အများစုမှာ တက္ကသိုလ်ဆရာဖြစ်သော ကြောင့် တက္ကသိုလ်ဆရာဖြစ်လို၊ ရန်ကုန် တက္ကသိုလ်တက်လိုရခြင်းဖြစ်သည်။
 
သင်္ချာလူရည်ချွန်များ
ထိုစဉ်က အခြေခံသိပ္ပံပညာချွန်ဆုအဖြစ် သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒဘာသာရပ် သုံးခုကို ချီးမြှင့်ပြီး သတ်မှတ်ချက်မှာ ယင်းသုံးဘာသာ ဂုဏ်ထူးရရှိရမည့်အပြင် အဓိကယူမည့် ဘာသာရပ်၌ အမှတ် ၉၀ ကျော်လွန်ရမည်ဖြစ်သည်။ ကျွန်တော်က လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး သင်္ချာနှင့် ရူပဗေဒဘာသာရပ်တို့၌ အမှတ် ၉၀ ကျော်သောကြောင့် အခြေခံသိပ္ပံပညာ ချွန်ဆု(သင်္ချာ)နှင့် (ရူပဗေဒ) တို့ကို ပထမနှင့် ဒုတိယဦးစားပေးအဖြစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခဲ့ပါသည်။ တက္ကသိုလ်ဝင်ခွင့် အကြောင်းပြန်ကြားရာတွင် သင်္ချာဘာသာ ရပ်ဖြင့် တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ သင်္ချာ လူရည်ချွန်ရရှိသူများလည်း ဤဆုကိုလျှောက် ထားနိုင်ရာ ကျွန်တော်၏ သူငယ်ချင်းများဖြစ် ကြသော ဗိုလ်မှူးဇော်ဝင်းနိုင် (ကျောက်မျက် ပြတိုက်-ငြိမ်း)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူတို့နှစ်ဦးမှာ သင်္ချာလူရည်ချွန်များလည်း ဖြစ်ကြပါသည်။
 
ပညာသင်ထောက်ပံ့ကြေး
ထိုစဉ်က ပညာသင်ထောက်ပံ့ကြေး(စတိုင် ပင်)မှာ ၇၅ ကျပ်ဖြစ်ပြီး အခြေခံသိပ္ပံပညာ ချွန်ဆု(စကောလားရှစ်)မှာ ၁၀၀ ကျပ်ဖြစ် ပါသည်။ အစိုးရဝန်ထမ်း အနိမ့်ဆုံးလစာမှာ ၈၂ ကျပ်ဖြစ်သဖြင့် ပညာချွန်ဆု ၁၀၀ ကျပ်မှာ မက်မောလောက်ဖွယ်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် ကျောင်းပိတ်ရက်များအပါအဝင် တစ်နှစ်ပတ်လုံး ချီးမြှင့်သဖြင့် စာမေးပွဲအောင် မြင်ပါက တစ်နှစ်လျှင် ကျပ် ၁၂၀၀ ရရှိပါ သည်။ မဟာသိပ္ပံတန်းတက်ရောက်လျှင် တစ်လ ၁၂၅ ကျပ်နှုန်း ချီးမြှင့်ပါသည်။ ကျောင်းလခမှာ တစ်လလျှင် ၁၅ ကျပ်ဖြစ်ပြီး နှစ်လတစ်ကြိမ် ပေးသွင်းရကာ အဆောင် ကြေးမှာ ၅၇ ကျပ်ဖြစ်ပြီး လစဉ်ပေးသွင်းရ ပါသည်။ ကျောင်းလခ/ အဆောင်ကြေးများ အကြွေးကျန်ပါက အောင်စာရင်းထုတ် မပေးပါ။ အချို့သော ကျောင်းသားများမှာ အောင်စာရင်းထွက်ချိန် ပါမလာသဖြင့် အကြွေးများသွင်းပြီးမှသာ အောင်စာရင်း ထုတ်ပေးခြင်းများ ရှိခဲ့ပါသည်။ အဆောင် ကြေး ၅၇ ကျပ်တွင် အဆောင်ခ (မီး/ရေအပါ အဝင်) သက်သက်မှာ ၁၄ ကျပ်ဖြစ်ပြီး စားသောက်စရိတ်မှာ ၄၃ ကျပ်ဖြစ်သည်။ တစ်နှစ်တွင် အခါကြီးရက်ကြီး သုံးကြိမ်ခန့် အဆောင်ပိတ်ပါသည်။ အဆောင်ပိတ်ရက် တွင် ထမင်းမကျွေးဘဲ တစ်ကျပ်လေးဆယ် ပြား ပြန်ထုတ်ပေးပါသည်။ ထိုကာလက ထမင်းအဝစား နှစ်ကျပ်ခန့်ဖြစ်နေသဖြင့် ပြန်အမ်းငွေဖြင့် ထမင်းမစားလောက်ပါ။ အဆောင်ရှေ့တွင် လာရောင်းသော ဝက်သား လိပ် ငါးမူးဖိုး (ပြားငါးဆယ်)၊ “ဦးချစ်” ဆိုင် အနီး ညဈေးတန်းတွင်ရောင်းသော ကြာဆံ ကြော် ငါးမူးဖိုးစား၍ အဆာဖြေရပါသည်။ နောက်ပိုင်းတွင် ရင်းနှီးကျွမ်းဝင်လာပြီဖြစ် သော ရန်ကုန်တွင် အမျိုးရှိသည့် သူငယ်ချင်း များ၏ အိမ်များရှိရာ လမ်းမတော်ကိုင်းတန်း လမ်း(သို့မဟုတ်) သုဝဏ္ဏကောက်လျင်လမ်း တို့သို့ အလည်လိုက်ပါ ထမင်းစားရပါတော့ သည်။ ထမင်းအကြိမ်ကြိမ်စားရသဖြင့် သူငယ်ချင်းများ၏ အမျိုးများမှာလည်း ယခု အချိန်အထိ ကျွန်တော်၏အမျိုးအရင်းကဲ့သို့ ဖြစ်လာပါတော့သည်။ မြိန်ရာဟင်းကောင်း၊ ခင်ရာ ဆွေမျိုးပါပေ။
 
အခြေခံသိပ္ပံပညာချွန်ဆု
ကျွန်တော်တို့မှာ အခြေခံသိပ္ပံပညာချွန် ဆုရ စတုတ္ထအသုတ်ဖြစ်ပြီး ပထမဆုံး အသုတ်မှ ကိုတင်အောင်လွင် (အမေရိကန် ပြည်ထောင်စု)၊ ကိုမောင်မောင်စိုး(ကထိက-ငြိမ်း)၊ ကိုဝင်းနိုင် (ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်) (ကွယ်လွန်)တို့မှာ ထင်ရှားပါ သည်။ ပထမအသုတ် လေးယောက်အနက် ကျန်တစ်ဦးဖြစ်သော ကိုကျော်နိုင်(လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) မှာ နေ့ကျောင်းသားအဖြစ် ကျောင်းတက်သဖြင့် ကျွန်တော်တို့နှင့် ရင်းနှီးမှုနည်းပါသည်။
ဒုတိယအသုတ်မှ ကိုဇော်ဝင်း(ရန်ကုန် တက္ကသိုလ်သင်္ချာပါမောက္ခ-ငြိမ်း၊ ဒေါက်တာ ဇော်ဝင်း)၊ ကိုသန့်စင်မောင် (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး)၊ ကိုစောဝင်းမောင်(ဒေါက်တာ စောဝင်းမောင်-ငြိမ်း)တို့မှာ ထင်ရှားပါသည်။
ဒုတိယအသုတ်ခြောက်ဦးတွင် ကိုတိုင်းအေး၊ ကိုဝင်းကိုနှင့် ကိုထွန်းလင်းတို့လည်း ပါဝင် ပါသည်။
တတိယအသုတ် ၁၁ ဦးတွင် မရီမြင့် (ဒေါက်တာ ဒေါ်ရီမြင့်၊ သင်္ချာပါမောက္ခ-ငြိမ်း)၊ ကိုယဉ်ဝင်းမောင် (ပါမောက္ခချုပ်-ငြိမ်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်)၊ ကိုရဲမြင့် (သင်္ချာပါမောက္ခ-ငြိမ်း)၊ ကိုတိုးအောင် (သင်္ချာ ပါမောက္ခ-ငြိမ်း)၊ ကိုမျိုးချစ်(ကြီး) (တွဲဖက် ပါမောက္ခ-ငြိမ်း)၊ မကြည်ကြည်မြင့် (တွဲဖက် ပါမောက္ခ-ငြိမ်း)တို့ ထင်ရှားပါသည်။ ကိုကျော် ဌေး(ကလေး)၊ ကိုတင်ထွန်း(မြင်းခြံ)၊ ကိုစော လှထွန်း(ပခုက္ကူ)၊ ကိုဝင်းမြင့် (ကသာ) တို့ လေးဦးမှာ ကွယ်လွန်သွားနှင့်ကြပြီဖြစ်သည်။ ကိုဟန်ရှင်ဝင်းမှာ ထူးခြားစွာ ရှေ့နေလုပ် လျက်ရှိပါသည်။
 
အငြိမ်းစားယူသွားကြပြီဖြစ်
ကျွန်တော်တို့ စတုတ္ထအသုတ်သည် လူအများဆုံး ၂၀ အပြည့်ဖြစ်ပြီး ကျောင်းသူ ငါးဦးပါရှိရာ မခင်လွင်မေ၊ မစန်းတင်၊ မမူမူ၊ မမာမာ၊ မခင်ခင်အေးတို့ဖြစ်ပြီး မခင်ခင် အေးမှာ စတုတ္ထနှစ်တွင် ကွန်ပျူတာဘာသာ ရပ်ဘက်သို့ ပြောင်းရွှေ့သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားပါသည်။ ကျန်လေးဦးမှာ တက္ကသိုလ်ဆရာမကြီးများ အဖြစ် တာဝန်ထမ်းဆောင်ကြပြီး အငြိမ်းစား ယူသွားကြပြီဖြစ်သည်။ ယောက်ျားလေး များတွင် ကောလင်းသား ကိုကျော်ဆွေတင့်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ဖြင့် အငြိမ်းစားယူပြီး၊ ဝန်းသိုသား ကိုခင်မောင်ကြွေမှာ လက်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ကိုကျော် ဆွေတင့်မှာ ညနေစောင်းတွင် တက္ကသိုလ်ဓမ္မာ ရုံသို့ ပရိတ်ရွတ်သွားလေ့ရှိရာ ကျွန်တော်က အဖော်လိုက်လေ့ရှိပါသည်။ သူက ပရိတ်များ အလွတ်ရွတ်ဆို ပူဇော်ပြီး ကျွန်တော်က စာအုပ်ကြည့်၍ လိုက်ဖတ်ပါသည်။ ယခု ပရိတ်ကြီးများ အလွတ်ရွတ်ဆိုနိုင်ခြင်းမှာ သူ့ကျေးဇူးပါပေ။ ရေဦးသား ကိုသန်းညွန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး ပို့ဆောင်ရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးသန်း ညွန့်ဝင်းဖြစ်ပြီး မုံရွာသား ကိုမြင့်သိန်းနှင့် ကိုမျိုးချစ် (လေး) တို့မှာ မုံရွာတွင် ပုဂ္ဂလိက လုပ်ငန်း လုပ်နေကြပါသည်။ မြင်းမူသား ကိုစောလွင်မြင့်မှာ မီးသတ်ဌာနတွင် တာဝန် ထမ်းဆောင်ရာမှ အငြိမ်းစားယူပြီးဖြစ်သည်။
မြောင်သား ကိုမင်းစိန်သည် ကွယ်လွန် သွားရှာပြီဖြစ်ပါသည်။ရေစကြိုသား ကိုအောင် သူမှာ ပညာရေးဌာနတွင် တောက်လျှောက် အမှုထမ်းခဲ့ပြီး တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူချိန်တွင် နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်း ရောက်ရှိသွားခြင်းဖြစ်ပါသည်။ မန္တလေးသား ကိုစောထွန်းမှာ အမေရိကန် နိုင်ငံတွင် အခြေချလျက်ရှိပါသည်။ မြင်းခြံ သား ကိုဇော်ဝင်းနိုင်မှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရာမှ မျက်စိရောဂါကြောင့် သတ္တုတွင်းဝန်ကြီးဌာနသို့ ကူးပြောင်းခဲ့ပြီး ကျောက်မျက်ပြတိုက်မှ အငြိမ်းစားယူခဲ့ပါ သည်။ တောင်သာ၊ ဝဲလောင်သား ကိုမျိုးသန့် ထွန်းမှာ သင်္ချာဆရာအဖြစ် ရန်ကုန်တွင် အခြေကျနေပါသည်။ ရေနံချောင်းသား ကိုသန်းဝင်းမှာ စစ်တက္ကသိုလ်တွင် သင်္ချာ ပါမောက္ခ(ဌာနမှူး) အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီးနောက် အလုပ်သမားဝန်ကြီးဌာန သို့ ကူးပြောင်း၍ ညွှန်ကြားရေးမှူးချုပ် အဆင့်ဖြင့် အငြိမ်းစားယူခဲ့ပါသည်။
ပဲခူးသား ကိုတင်အောင်မှာ ပညာရေး ဌာနတွင် တောက်လျှောက်အမှုထမ်းခဲ့ပြီး ပါမောက္ခချုပ်အဖြစ် အငြိမ်းစားယူခဲ့ကာ လက်ရှိတွင် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့် တင်မှု ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိသည်။ စစ်ကိုင်းတိုင်း၊ ဖောင်း ပြင်ဇာတိ ကိုသိန်းဌေးမှာ သစ်တောအမှုထမ်း မိဘများ ပြောင်းရွှေ့ရာသို့ လိုက်ပါရာမှ ၁၀ တန်း အောင်မြင်ချိန်တွင် ရခိုင်တိုင်း၊ ကျောက်ဖြူခရိုင်၊ အထက(မြေပုံ)မှ အောင်မြင် လာခြင်း ဖြစ်သည်။ တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး နယ်ဘက်သို့ ကူးပြောင်းခဲ့ ရာ အကောက်ခွန်ဦးစီးဌာနမှ အငြိမ်းစားယူခဲ့ ပါသည်။ ပင်းယဆောင်တွင် အတူနေထိုင် ခဲ့ကြသော ရူပဗေဒနှင့် ဓာတုဗေဒမှ သူငယ်ချင်းများအကြောင်း ရေးလိုသော် လည်း စာမျက်နှာငဲ့ရသဖြင့် ချန်လှပ်ထား ခဲ့ရသည်ကို ခွင့်လွှတ်ကြပါရန်
 
ပညာသင်ဆုများ
ကျွန်တော်တို့ တက္ကသိုလ်စတင် တက်ရောက်ချိန်က ပါမောက္ခချုပ်မှာ ဒေါက်တာ မောင်မောင်ခ ဖြစ်ပြီး မော်ကွန်း ထိန်းမှာ ဒေါ်စိန်စိန်ဖြစ်သည်။ ဆရာကြီး၏ အမည်ကို ၉ တန်း/ ၁၀ တန်း တက်စဉ် ကတည်းက ရင်းနှီးပါသည်။ အကြောင်းမူ ထိုစဉ်က သင်ကြားရသော ရူပဗေဒသင်ရိုး စာအုပ်များကို ပြုစုသူမှာ ဒေါက်တာ မောင်မောင်ခနှင့် ဦးစံသာအောင်တို့ဖြစ်သောကြောင့်တည်း။ ဆရာကြီး ဒေါက်တာမောင် မောင်ခ (ဆရာခဟုလည်း ခေါ်ကြသည်)၏ မျက်နှာမှာ အစဉ်ပြုံးနေပါသည်။ မှတ်မှတ်ရရ ကျွန်တော်တို့ ပထမနှစ်ကျောင်းသားတစ်စု ပါမောက္ခချုပ်ရုံးခန်းသို့ အရေးဆိုရန်သွား ဖူးပါသည်။ ပညာသင်ဆုများ ကျောင်းဖွင့်ပြီး သုံး/လေးလကြာသည်အထိ ထုတ်ယူခွင့်မရ သေးသောကြောင့် ဖြစ်သည်။ ‘စာမေးပွဲကြေး သွင်းရန်’ ငွေစာရင်းဌာနက နောက်ဆုံးရက် သတ်မှတ်၍ကြေညာသောအခါ ငွေပြတ်လပ် နေပြီဖြစ်ကြသဖြင့် အရေးဆိုရန် သွားကြ ခြင်းဖြစ်သည်။ ဆရာကြီးက သူ့စားပွဲရှေ့ရှိကုလားထိုင်များတွင် ထိုင်စေပြီး အကျိုး အကြောင်းမေးမြန်းပါသည်။ အကြောင်းစုံ သိသောအခါ ဆောင်ရွက်ပေးမည်ဟု ပြောသဖြင့် ဝမ်းမြောက်စွာပြန်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ် အရေးအခင်းတွင် ကျောင်းသား များက ပါမောက္ခချုပ်(ဦးကာ ဟုထင်သည်)၏ ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖတ်ရှုခဲ့ရ သည့် ကျွန်တော်က “ဘယ်လိုအရေးအခင်းပဲ ဖြစ်ဖြစ် ဆရာခကိုတော့ ရန်မူမယ်မထင်” ဟု ပြောမိပါသေးသည်။ ဆရာခ အငြိမ်းစားယူ သောအခါ ပါမောက္ခချုပ်ဖြစ်လာသူမှာ ဒေါက်တာမောင်ဒီဖြစ်သည်။ “က ကြီး၊ ခ ခွေး ပြီးတော့ အေ၊ ဘီ၊ စီ၊ ဒီ” ဟု ဆိုကြပါသေးသည်။
 
ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်
ကျွန်တော်တို့ သင်္ချာဌာန၏ ပါမောက္ခမှာ ဗိုလ်မှူး ဒေါက်တာချစ်ဆွေ ဖြစ်သည်။ ဗိုလ်မှူးမှာ တက္ကသိုလ်အရန်တပ်၏ တပ်မှူး ဖြစ်သဖြင့် တပ်မတော်က ခန့်အပ်ထားခြင်း ဖြစ်ပါသည်။ နွေရာသီစခန်းချလေ့ကျင့်ရာတွင် လိုက်ပါနိုင်ပါက ဗိုလ်မှူးအဆင့် စစ်ဝတ်စုံ ဝတ်ဆင်ရပြီး ဗိုလ်မှူးလစာ ခံစားခွင့်ရှိပါ သည်။ သင်္ချာဌာနမှူးမှာ ဦးမျိုးညွန့်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံခြားဘာသာသင် တက္ကသိုလ်၏ကျောင်းအုပ်ကြီး တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ပထမနှစ်တွင် သင်ကြားရသော အခြေခံ ကဲကုလသင်္ချာကို ကထိက ဒေါ်သိန်းတင့် (မဟာဝိဇ္ဇာ)က သင်ကြားပေးပါသည်။ ကျွန်တော်တို့ သင်္ချာဘာသာရပ်မှာ မူလက လက်တွေ့ဆောင်ရွက်ရမှု မပါရှိသဖြင့် ဝိဇ္ဇာ ဘာသာတွဲတွင် ပါဝင်သည်ဟု ဆိုပါသည်။ နောက်ပိုင်းကျမှသာ အခြေခံသိပ္ပံပညာရပ် အများစု၌ သင်္ချာမပါလျှင်/သင်္ချာမတတ်လျှင် မဖြစ်သောကြောင့် သိပ္ပံဘာသာတွဲဖြစ်လာ သည်ဟု ဆိုပါသည်။ သိရှိသူများ အတည်ပြု ပေးကြပါကုန်။
 
တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ရွှင်စွာဖြတ်သန်း
၁၉၇၂ ခုနှစ် ရန်ကုန်တက္ကသိုလ် (ထိုစဉ်က ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်) သို့ တက်ရောက်ရာတွင် ကျွန်တော်တို့ နယ် ကျောင်းသားအားလုံးမှာ ပင်းယဆောင်တွင် လည်းကောင်း၊ နယ်ကျောင်းသူအားလုံးမှာ အင်းလျားဆောင်တွင်လည်းကောင်း နေထိုင် ကြရပါသည်။ ကျွန်တော်တို့ အခြေခံသိပ္ပံ ပညာချွန်ဆုရ (သိပ္ပံချွန်) ကျောင်းသား အားလုံးကို ပင်းယဆောင် အဆောင်မှူး ဒေါက်တာသန်းထိုက် (ကုန်ထုတ်ဓာတုဗေဒ) (အိမ်တွင်း စက်မှုလက်မှုညွှန်ကြားရေးမှူး ချုပ်အဆင့်ဖြင့် အနားယူသည်)က အပေါ်ဆုံး ထပ်တွင် နေရာချထားပေးပါသည်။ ကျွန်တော်တို့အချင်းချင်း မကြာမီ ရင်းနှီး သွားပြီး တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါတော့သည်။
အဆောင်ကျောင်းသားဘဝတွင် ညနေ စာစားပြီးချိန်တိုင်းလိုလို အင်းလျားကန်ဘက် သို့ လမ်းလျှောက်ထွက်လေ့ရှိကြပါသည်။ အဓိပတိလမ်းအတိုင်း ဘွဲ့နှင်းသဘင်အနီး တံခါးပေါက်မှ အင်းလျားလမ်းသို့၊ ၎င်းမှ ကန်ပေါင်သို့ လမ်းလျှောက်ကြပါသည်။ ရံဖန်ရံခါတွင် ကန်ပေါင်အဆုံးအထိ လျှောက် ပြီး များသောအားဖြင့် ကန်ပေါင်အလယ် (တံတားဖြူတည့်တည့်) လောက်မှ ပြန်လှည့် ကာ ပြည်လမ်းမကြီးအတိုင်း လှည်းတန်း လမ်းဆုံသို့ လျှောက်ကြပါသည်။ လှည်းတန်း လမ်းဆုံတွင် ဈေးဆိုင်တန်းများ၌ လျှောက် ကြည့်ပြီး စာအုပ်ဆိုင်တွင် အသစ်ထွက်သော စာအုပ်များ မြည်းစမ်းကြပါသည်။ ထိုစဉ်က လစဉ် စာအုပ် အမြောက်အမြားထွက်ရှိပြီး စိတ်ဝင်စားသော စာအုပ်ကို စာအုပ်ဆိုင်တွင် ဖတ်ရှုနိုင်ပါသည်။ မှတ်မှတ်ရရ ဘာသာပြန် ဝတ္ထုတစ်အုပ်ဆိုလျှင် နေ့စဉ်နည်းနည်းစီဖတ် သွားရာ စာအုပ်တစ်အုပ်လုံး မကြာမီဖတ်ရှု ပြီးစီးသွားပါတော့သည်။
 
အဆောင်မှာ နာမည်ကျော် ဂျီဟောဖြစ်
လှည်းတန်းမှ အပြန်တွင် ရာမညဆောင် ရှေ့ရှိ အပေါက်မှဝင်၍ “ဦးချစ်”ဆိုင်အနီး မှဖြတ်ကာ တောင်ငူဆောင်အရှေ့မှထွက်ပြီး ရွှေဘိုဆောင်ရှေ့ဖြတ်လျက် အဓိပတိလမ်း အတိုင်း အဆောင်သို့ ပြန်လေ့ရှိပါသည်။ ရံဖန်ရံခါ ပြည်လမ်းလိပ်ခုံးတွင် ပန်းချီပြပွဲ၊ စာအုပ်ပြပွဲ၊ သံရုံးများမှ ပြပွဲများရှိပါက လမ်း လျှောက်၍ သွားကြည့်ကြပါသည်။ စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်များတွင် ရံဖန်ရံခါ ရွှေတိဂုံဘုရားသို့ လမ်းလျှောက်၍ သွားဖူး ကြပါသေးသည်။ အင်းလျားလမ်းအတိုင်း သွား၍ ဘောင်ဒရီလမ်း၊ လင့်လမ်းမှ တစ်ဆင့် အာဇာနည်ကုန်းအနီးမှဖြတ်၍ မြောက်ဘက် မုခ်မှ တက်ရောက်ဖူးမြော်ကြပါသည်။ ဆောင်းရာသီလူထုအားကစားလ လမ်းလျှောက်ပွဲများ ကျင်းပရာတွင်လည်း အဆောင်များမှထွက်၍ ပြည်လမ်းမ အတိုင်း ဟံသာဝတီအဝိုင်းအထိ အသွား၊ အပြန် လမ်း လျှောက်ကြပါသည်။ ထိုစဉ်က ကားအစီးရေ မများသေးသဖြင့် လမ်းလျှောက်ရ အင်မတန် ကောင်းပါသည်။
ထိုစဉ်က ရန်ကုန်မြို့တွင် ကျွန်တော် မှတ်မိသလောက် ဘတ်စ်ကားလိုင်း ၁၇ လိုင်း ရှိပြီး ကျွန်တော်တို့ကျောင်းအနီးတွင် ဖြတ် သော ဘတ်စ်ကားများမှာ “၈”၊ “၉” နှင့် “၁၆” တို့ဖြစ်ပါသည်။ “၈” ကားသည် အင်းစိန်မှ ဗိုလ်တထောင်သို့ ပြေးဆွဲပြီး “၉”ကားသည် ထောက်ကြန့်မှ ဗိုလ်တထောင်သို့ ပြေးဆွဲပါ သည်။ “၁၆” ကားမှာ သင်္ဃန်းကျွန်းမှ တောင် ဥက္ကလာသို့ ပြေးဆွဲပါသည်။ ကျွန်တော်တို့ ကျောင်းမှ မြို့ထဲ (ဆူးလေ)သို့ ကားခ ပြား ၂၀ ဖြစ်ပြီး အင်းစိန်သို့လည်း ပြား ၂၀ ပင်ဖြစ်ပါသည်။ လှိုင်နယ်မြေရှိ သမိုင်း ကျောင်းဆောင်များသို့ ၁၀ ပြား ဖြစ်ပါသည်။ စက်မှု တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် တိ၊မွေး၊ ကုတက္ကသိုလ်တက်သော ကျောင်း သားများမှာ သမိုင်းဆောင်များတွင် နေထိုင် ကြရပါသည်။ ကိုယ့်သူငယ်ချင်း၊သူ့သူငယ်ချင်း ရှိရာ သမိုင်းကျောင်းဆောင်များသို့ ရံခါသွား ရောက်လည်ပတ်ကြပါသည်။ ထိုကျောင်း ဆောင်များမှကျောင်းသားများ ကျောင်းတက် ရန် လပေးလက်မှတ်ပြုလုပ်ခွင့်ပေးထား သဖြင့် ထိုကျောင်းသားအများစုမှာ လပေး လက်မှတ်ဖြင့် ဘတ်စ်ကားစီးကြပါသည်။ စက်မှုတက္ကသိုလ်မှ အတန်းကြီးကျောင်းသား များမှာမူ စက်မှုတက္ကသိုလ်ဝင်းအတွင်းရှိ အဆောင် A မှ F အထိ ကျောင်းဆောင်များတွင် နေထိုင်ကြပြီး မိန်းကလေးများ၏ အဆောင် မှာ နာမည်ကျော် ဂျီဟောဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
 
20
21
23
24
25
26
စိန်ဝင်း
စာရေးသူ၏
အတ္ထုပ္ပတ္တိ အကျဉ်း
---------------------------------
- အမည်ရင်းမှာ စိန်ဝင်း ဖြစ်သည်။
- မွေးသက္ကရာဇ်မှာ ၂၄-၇-၁၉၅၆ ဖြစ် သည်။
- ပြင်ဦးလွင်မြို့ ဇာတိဖြစ်သည်။
- ရန်ကုန်တက္ကသိုလ်သို့ ၁၉၇၂ ခုနှစ်တွင် တက်ရောက်ပြီး ၁၉၇၇ ခုနှစ်တွင် သိပ္ပံဘွဲ့(သင်္ချာ) ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် တွက်ချက်ရေးဒီပလိုမာနှင့် ၂၀၀၃ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး) ရရှိခဲ့သည်။
- ၁၉၇၈ ခုနှစ်မှ ယနေ့အထိ တပ်မတော် တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင် လျက်ရှိသည်။