Skip to main content

နွေရာသီ အပူဒဏ်ဖြတ်ကျော်ဖို့ အပူရှောင်စခန်းမှာ ခိုနားစို့

မောင်ဂျူလိုင်

ဧပြီလမှ ဇွန်လလယ်အထိ ‌နွေရာသီကာလသည် အလွန်ပူပြင်းသည့် ရာသီဥတုဒဏ်ကို ခံစားကြရသည့် ကာလဖြစ်ပါသည်။ “တန်ခူး-ကဆုန် ဆွေ့ဆွေ့ခုန်” ဆိုသော ဆယ့်နှစ်လရာသီသဘာဝကို ညွှန်းဆိုသည့် မြန်မာဆိုရိုးစကားအရ ယခုအခါ နွေ၏အပူဒဏ်ကို သိသိသာသာ ခံစားနေကြရပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းကြုံတွေ့ကြရသည့် နွေအပူသည် ယခုနှစ်တွင် ယခင်နှစ်များကထက်ပိုသည်ဟု ခံစားကြရပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ အပူချိန်များတစ်နှစ်ထက်တစ်နှစ် မြင့်မားလာမှုကို သိရှိခံစားကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးဒေသများသည် နှစ်စဉ်အပူချိန် မြင့်မားသည့် ဒေသများဖြစ်ပါသည်။ ထို့ကြောင့် နွေဦးရာသီစတင်ဝင်ရောက်သည်နှင့် ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်သည့် အပူဒဏ်အန္တရာယ် ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို နေ့စဉ်ထုတ်သတင်းစာ၊ မြန်မာ့ရုပ်မြင်သံကြားနှင့် လူမှုကွန်ရက်များတွင် မြင်တွေ့ရသလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း နှစ်စဉ်အပူချိန်မြင့်မားသည့် မြို့နယ်များတွင် အပူရှောင်စခန်းများဖွင့်လှစ်ရန် စီမံဆောင်ရွက်ထားပါသည်။ ယခုနှစ်တွင်လည်း မကွေးတိုင်းဒေသကြီးရှိ မကွေး၊ ချောက်၊ ‌ရေနံချောင်းနှင့် နတ်မောက်မြို့နယ်တို့တွင် မတ် ၁၆ ရက်မှစပြီး အပူရှောင်နိုင်မည့် နေရာများသတ်မှတ်ထားကာ  ‌ဒေသခံပြည်သူများ လာရောက်နားခိုနိုင်ရန် စီစဉ်ပေးထားကြောင်း တွေ့ရှိရပါသည်။

နိုင်ငံတော်အကြီးအကဲက လမ်းညွှန်

ယခုနှစ် မတ်လကုန်ပိုင်းမှစတင်ကာ ကမ္ဘာ့အပူဆုံးမြို့များတွင် မြန်မာနိုင်ငံမှ မြို့များပါဝင်လာ ခဲ့ပါသည်။ ယခင်နှစ်များက အပူဆုံးမြို့များတွင် အမြဲတမ်းနီးပါး ပါဝင်နေသည့် အာဖရိကနိုင်ငံများနှင့် အိန္ဒိယနိုင်ငံများရှိ မြို့များကို ကျော်ဖြတ်ကာ အပူဆုံးမြို့များစာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ မိုးလေဝသအခြေအနေများကို ထုတ်ပြန်ပေးသည့် eldorado weather မှ ထုတ်ပြန်သည့် စာရင်းအရ ၂၀၂၆ ခုနှစ်ဧပြီ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့သည် အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ဖြင့် ကမ္ဘာ့အပူဆုံး နံပါတ်(၁) မြို့ဖြစ်ခဲ့ပြီး မကွေးမြို့တွင် ၄၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ်၊ ချောက်မြို့တွင် ၄၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့် အပူဆုံးမြို့များစာရင်းတွင် အဆင့်(၃)၊ (၄)၌ ရှိနေခဲ့ကာ ကမ္ဘာ့အပူဆုံး မြို့ကြီး(၁၅)မြို့တွင် မြန်မာနိုင်ငံမှ မြို့ (၉) မြို့အထိ ပါဝင်ခဲ့သည်ကို တွေ့ရှိရပါသည်။

အဆိုပါအခြေအနေအပေါ် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အတူ မိမိတို့နေအိမ်တွင် နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခိုနေထိုင် နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ အပူရှောင်စခန်းများ ချက်ချင်းဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ခဲ့ကြပါသည်။ ထိုသို့စီစဉ်မှုအရ ဧပြီ ၂ ရက်မှစပြီး မင်းဘူးမြို့ ပညာ့အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အပူရှောင်စခန်းအား စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

အပူရှောင်စခန်းများ ဆက်လက်ဖွင့်လှစ်

ထို့နောက် ဧပြီ ၃ ရက်တွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် အပူရှောင်စခန်း တစ်ခု၊ စကုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မိုးကုတ်ဓမ္မရိပ်သာတွင် အပူရှောင်စခန်းတစ်ခုကို ထပ်မံဖွင့်လှစ်ကာ စုစုပေါင်းအပူရှောင်စခန်း သုံးခုဖွင့်လှစ်နိုင်ခဲ့ပြီး မင်းဘူးမြို့နယ်အတွင်းရှိ လူဦးရေ ၄၀၀ ခန့် အပူရှောင်နားခိုနိုင်စေရန် စီစဉ်ထားရှိပါသည်။ အပူရှောင်စခန်းများသို့ လာရောက်နားခိုကြသည့် လူဦးရေအနည်းအများပေါ်မူတည်၍ မင်းဘူးမြို့နယ် ကျောက်တန်းကျေးရွာ၊ ဖလံရုံကျေးရွာနှင့် အောက်ကျောင်းကျေးရွာများတွင်လည်း အပူရှောင်စခန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရပါသည်။

ထိုအပူရှောင်စခန်းများတွင် လာရောက်နားခို နေထိုင်ကြသည့် သံဃာတော်နှင့် သီလရှင်များ၊ သက်ကြီးဘိုးဘွားများ၊ အပူရှောင်သူများအတွက် နိုင်ငံတော်အကြီးအကဲက အလှူငွေကျပ် သိန်း ၃၀၀ နှင့် ငွေကျပ် ၉၁ သိန်းတန်ဖိုးရှိ ဓာတ်ဆားနှင့် အချိုရည်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် ၇၃ သိန်း ကျော်တန်ဖိုးရှိ ရေသန့်၊ အချိုရည်နှင့် တစ်ကိုယ်ရေ သုံးပစ္စည်းများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ငွေကျပ်သိန်း ၁၀၀ နှင့် ငွေကျပ် ၆၁ သိန်းတန်ဖိုးရှိ အားဖြည့်အချိုရည်များကို ပံ့ပိုးဆောင်ရွက်ထားပြီး ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များကလည်း လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါသည်။

ယခုအခါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်း နေ့အပူချိန်မြင့်မားသည့် မြို့နယ်များအလိုက် ဦးစားပေးသတ်မှတ်ကာ အပူရှောင်စခန်းများ ဖွင့်လှစ်ထားပြီဖြစ်ရာ မကွေးမြို့ပေါ်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ ချောက်မြို့နယ် အမှတ်(၁၁)ရပ်ကွက် မြို့နယ်သာသနာ့ဗိမာန်၊ စကုမြို့ အမှတ်(၂) ရပ်ကွက် မိုးကုတ်ဓမ္မရိပ်သာ၊ ဆင်ဖြူကျွန်းမြို့ အမှတ်(၃)ရပ်ကွက် ရွှေကျွန်းဆည်းဆာဘိုးဘွား ရိပ်သာနှင့် အောင်လံမြို့ကန်ကြီးရပ်ကွက် သိမ်ကုန်း ဓမ္မာရုံတို့တွင် ဧပြီ ၃ ရက်မှ စပြီး အပူရှောင် စခန်းများ ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။ အပူရှောင် စခန်းများတွင် လာရောက်နားခို အပူရှောင်ကြသည့် သက်ကြီးဘိုးဘွားများအပါအဝင် ပြည်သူများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က နေ့လယ်စာ ထမင်း၊ ဟင်း၊ အချိုရည်၊ အဆာပြေမုန့်၊ ရေသန့်နှင့် ဆေးဝါးများကို လုံလောက်စွာ စီစဉ်ပေးထားကြောင်း သိရပါသည်။ ထို့ပြင်အပူရှောင်စခန်းများတွင် လာရောက်နားခိုနေထိုင်ကြသည့် ဘိုးဘွားများနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာရှင်များက မင်းဘူးသာသနာ့ဗိမာန်ရှိ အပူရှောင်စခန်းအတွက် ငွေကျပ် ၂၅ သိန်း၊ မကွေးမြို့ အောင်ချမ်းသာရပ်ကွက် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းရှိ အပူရှောင်စခန်းအတွက် ငွေကျပ် ၃၉၄ သိန်းကို လှူဒါန်းခဲ့ကြောင်း ပီတိဖြစ်ဖွယ် ကြားသိရပါသည်။

ကျန်းမာရေး စောင့်ရှောက်ပေးမှု

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် အပူရှောင်စခန်းများတွင် လာရောက်နားခိုနေထိုင်ကြသည့် ပြည်သူများအတွက် နားနေခန်း၊ တရားနာခန်း၊ TV ကြည့်ခန်း၊ ထမင်းစားခန်းများကို စနစ်တကျပြင်ဆင်ပေးထားသည့်အပြင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ မီးသတ်ဦးစီးဌာနက ပတ်ဝန်းကျင်နေရာများအား ရေဖျန်းပေးခြင်း၊ လေဝင်လေထွက်ကောင်းမွန်စေရန် ဆောင်ရွက်ပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သုတ/ရသ စာအုပ်စာပေများ၊ သတင်းစာ၊ ဂျာနယ်နှင့်မဂ္ဂဇင်းများကို ဖတ်ရှုနိုင်ရန်ထားရှိပေးခြင်း၊ အဘိုး/အဘွားများ လွယ်ကူစွာသွားလာနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က နေ့စဉ် ကြို/ပို့ယာဉ်များ စီစဉ်ထားရှိခြင်းနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးများတွင်လည်း အပူဒဏ်ကြောင့် “ Heat Stroke ” ရောဂါလက္ခဏာများ ဖြစ်လာပါက အရေးပေါ်ကုသပေးနိုင်ရန်ကုသခန်းများ ကြိုတင်ပြင်ဆင်ထားကြောင်း သိရပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ မြို့နယ် (၅) မြို့နယ်၌ အပူရှောင်စခန်းများ ဖွင့်လှစ်ထားပြီး ဆက်လက်၍ တောင်တွင်းကြီး၊ ရေနံချောင်း၊ စလင်း၊ ဂန့်ဂေါ၊ ပွင့်ဖြူနှင့် မင်းလှမြို့နယ်တို့တွင်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ ပူးပေါင်းကာ ဧပြီ ၄ ရက်မှစပြီး အပူရှောင်စခန်းများကို ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

သတိပြုကာကွယ်

ပြင်းထန်သောအပူရှိန်သည် ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပြီး အပူဒဏ်ကြောင့် ရုတ်တရက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။ ထို့ကြောင့် သက်ကြီး အဘိုး/အဘွားများအပါအဝင် ပြည်သူများအနေဖြင့် အပူဒဏ်ရှောင်ရှားနိုင်ရေးအတွက် မိမိတို့နေအိမ်များတွင်နေထိုင်ရန် သင့်တော်မှုမရှိပါက အပူရှောင်စခန်းများတွင် နားခိုနေထိုင်ပြီး အပူဒဏ်ကို ရှောင်ရှားကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် နှိုးဆော်ထုတ်ပြန်ပေးနေမည့် အပူဒဏ် ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက် ရမည့်အချက်များကို သတိပြုလိုက်နာကြပါရန် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။