အမြတ်တနိုးတန်ဖိုးထားဖွယ်ရာ ဇာနည်သားကောင်းများ
မင်းသော်
ရောင်နီမလာမီ အမှောင်ထုကြီးစိုးသည့် နံနက်အရုဏ်လေနုအေးအောက်၌ မြို့ပြလမ်းမများ တိတ်ဆိတ်ငြိမ်သက်လေ့ရှိသည်။ လူအများ နှစ်ခြိုက်စွာအိပ်မောကျနေချိန် တာဝန်အရ ထမ်းပိုးထားရသည့် သေနတ်တို့၏ပခုံးရှင်များ တိတ်တဆိတ်စစ်ချီနေခြင်းများ ရှိနိုင်သည်။
နိုင်ငံနှင့်ပြည်သူအတွက် အမှောင်ညဝယ် အသက်စွန့်၍ တရားသောစစ်ကို ဆင်နွှဲနေခြင်းလည်း ဖြစ်နိုင်သည်။ ထို့အပြင် နယ်စပ်ဒေသများ၌ နေ့ညလှည့်ကင်း တာဝန်ထမ်းဆောင်နေသည့် စစ်သည်များ၊ မိုးသည်းထန်စွာရွာသွန်းချိန် ရေဘေး သင့်ပြည်သူများကို ကယ်ဆယ်နေသည့် သတ္တိရှင်များ၊ ဝေးလံခေါင်သီသော တောင်တန်းများပေါ်တွင် ဆေးကုသမှုပေးနေသည့် ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တို့၏ ခြေသံများမှာ မြန်မာ့မြေပြင်ထက်တွင် ပဲ့တင်ထပ်လျက်ရှိနိုင်ပါသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၈၁ နှစ်က မြန်မာ့သမိုင်းတွင် မှတ်တမ်းကျန်ရစ်ခဲ့သည့် ခြေလှမ်းများသည် ယနေ့တိုင် နိုင်ငံတော်အတွက် ခိုင်မာမြဲမြံစွာ ရပ်တည်လျက်ရှိသည်။ မကြာမီကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကား အတိတ်၏ သင်ခန်းစာများကို ယူဆောင်ကာ ပစ္စုပ္ပန်၏တာဝန်ကို ဆင်ခြင်သုံးသပ်ရန်၊ အနာဂတ်စိန်ခေါ်မှုများအတွက်အားယူရန် အမှတ်တရနေ့ထူးနေ့မြတ် ဖြစ်သည်။ တပ်မတော်နေ့သည် လက်နက်ကိုင် ပဋိပက္ခများ၏အထိမ်းအမှတ် သက်သက်မဟုတ်၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် သစ္စာဓိဋ္ဌာန်ပြုကြသူ ရဲစွမ်းသတ္တိရှင်တို့အတွက် ဂုဏ်ပြုသည့်နေ့ရက်ဖြစ်ပါသည်။
“တပ်မတော် ယနေ့အချိန်ထိ မယိမ်းမယိုင်ရပ်တည်နိုင်ခြင်းဟာ စစ်စည်းကမ်း ကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတွေကြောင့်ဖြစ်တယ်။ ဒို့တပ်မတော်သားအားလုံးအနေနဲ့ စစ်သည်တော် ကောင်းတစ်ဦးဖြစ်ဖို့ အခြေခံဖြစ်တဲ့ ကျင့်ဝတ် ၆၀ ပါးကို ခါးဝတ်ပုဆိုးပမာ မြဲမြံစွာစောင့်ထိန်းကြရမှာဖြစ်သလို စစ်မြေပြင်စည်းကမ်းတွေ၊ လုပ်ငန်းခွင်စည်းကမ်းတွေ၊ နယ်ဘက်ဆိုင်ရာ စည်းကမ်း ဥပဒေတွေ၊ နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ စစ်ပွဲဆိုင်ရာဥပဒေတွေနဲ့ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement-ROE) တွေကိုလည်း တိကျစွာလိုက်နာကြဖို့ လိုအပ်တယ်” ဟု ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျင်းပသော နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မိန့်ခွန်းအတွင်း ထည့်သွင်း မှာကြားခဲ့သည်။
သမိုင်းစာမျက်နှာထဲက တပ်မတော်
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် မြန်မာ့သမိုင်းတွင် ထူးခြားထင်ရှားသော နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့တပ်မတော်သည် မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ဖက်ဆစ်ဂျပန်တို့ကို စတင်တော်လှန်ခဲ့သည်။ ထိုတော်လှန်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပြန်လည်ထူထောင်ရေးအတွက် အခရာကျသော အစပျိုးမှုတစ်ရပ်ပင်ဖြစ်သည်။
ဖက်ဆစ်တော်လှန်ရေးသည် လက်နက်ကိုင် တိုက်ပွဲတစ်ခုထက်ပိုပါသည်။ ယင်းသည် မြန်မာတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ပြသသည့် သင်္ကေတတစ်ခုလည်းဖြစ်ခဲ့သည်။ တောင်တန်းဒေသမှ တိုင်းရင်းသားညီနောင်များ၊ မြေပြန့်ဒေသမှ ဗမာလူမျိုးများအားလုံး စုပေါင်း၍ ဘုံရန်သူကို တိုက်ထုတ်ခဲ့ကြသည်။ ထိုစဉ်က စတင်ခဲ့သော မျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုနှင့် စွန့်လွှတ် အနစ်နာခံမှုတို့သည် ယနေ့တိုင်တပ်မတော်၏ ကျောရိုးမကြီးအဖြစ် တည်ရှိနေဆဲဖြစ်သည်။
သမိုင်းသည် နိုင်ငံတစ်ခုချင်း၏ အရင်းအမြစ် ဖြစ်သကဲ့သို့ အနာဂတ်အတွက် လမ်းညွှန်လည်းဖြစ်သည်။ သမိုင်းကို သတိရခြင်းသည် အောင်မြင်မှုကိုသာ ဂုဏ်ပြုခြင်းမဟုတ်ဘဲ သင်ခန်းစာများကိုပါ မြင်တွေ့ရသည်။ ဖက်ဆစ်တော်လှန်ရေးမှ ရရှိခဲ့သော အဓိကသင်ခန်းစာများတွင် စည်းလုံးညီညွတ်မှု၏အရေးပါမှု၊ မျိုးချစ်စိတ်ဓာတ်နှင့် စွန့်လွှတ်စွန့်စားမှုတို့ပါဝင်သည်။
ထိုသင်ခန်းစာများသည် ယနေ့တပ်မတော်၏ လမ်းပြမြေပုံများအဖြစ် တည်ရှိနေပြီး မျိုးဆက်သစ် စစ်သည်များကိုလည်း ထိုစိတ်ဓာတ်မျိုးပြုစုပျိုးထောင်ပေးလျက်ရှိသည်။ သမိုင်း၏ အလင်းရောင်အောက်တွင် ယနေ့တပ်မတော်သားတိုင်းသည် မိမိတို့၏တာဝန်ကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ကြသည်။ ဖက်ဆစ်တော်လှန်ရေးသည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ တပ်မတော်၏တိုက်ပွဲမှာ ထိုလွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက်ဖြစ်သည်။ ထို့ကြောင့် သမိုင်းကိုသတိရခြင်းသည် အတိတ်ကို ပြန်ကြည့်ရုံမျှမက ပစ္စုပ္ပန်တွင် ရပ်တည်နေသော တာဝန်ကို ပိုမိုခိုင်မာစေရန်လည်း ဖြစ်ပါသည်။
ကြီးလေးသောတာဝန်
တာဝန်ကို ဝေါဟာရပညာရှင်တို့က အခွင့်အရေးထက်ပိုသည့် လေးနက်သောအရာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာ၊ နယ်မြေစိုးမိုးမှုနှင့် ပြည်သူလူထု၏ လုံခြုံရေးတို့ကို ထိန်းသိမ်းကာကွယ်ရခြင်းသည် အလေးနက်ဆုံးတာဝန်များအနက် တစ်ခုဖြစ်သည်။ ထိုတာဝန်သည် မမြင်သာသည့်နေရာများတွင်လည်း ဆက်လက်လှုပ်ရှားနေသည်။ အန္တရာယ်များနှင့် မသေချာမှုများကြားတွင် တာဝန်ယူမှုကို ဆက်လက်ထမ်းဆောင်နိုင်ရန် စိတ်ဓာတ်ခိုင်မာမှု လိုအပ်သည်။
တပ်မတော်သားတစ်ဦး၏ဘဝတွင် တာဝန်ကို ဖက်တွယ်ထားခြင်းဖြင့် စွန့်လွှတ်အနစ်နာခံမှုများဖြင့် ပြည့်နှက်နေသည်။ တပ်မတော်သားတိုင်းသည် မိမိ၏ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးများကို စွန့်ခွာကာ တာဝန်ထမ်းဆောင်ရသည်။ သာမန်ပြည်သူများအတွက် သာမန်ဖြစ်သော မိသားစုဘဝ ပျော်ရွှင်ဖွယ်ရာ အခွင့်အရေးများသည် တပ်မတော်သား အများစုအတွက် လျစ်လျူရှုထားသည့်အရာများ ဖြစ်သည်။ ထို့ပြင်တပ်မတော်သားတိုင်းသည် တာဝန်ထမ်းဆောင်ရာတွင် အသက်ဆုံးရှုံးနိုင်ခြေကို လက်ခံထားကြရသူများဖြစ်သည်။ စစ်မြေပြင်တွင်သာမက ငြိမ်းချမ်းသည့်ကာလတွင်လည်း လေ့ကျင့်ရေးခရီးစဉ်များ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများစသည့် ကြမ်းတမ်းသည့်နေ့ရက်များဖြင့် ငြိမ်းငြိမ်းချမ်းချမ်းဘဝကို လဲလှယ်ကြ ရသည်။
စည်းကမ်းသည် ထိုတာဝန်ကို ထမ်းဆောင်နိုင်စေရန် အခြေခံတည်ဆောက်မှုဖြစ်သည်။ စည်းကမ်းရှိခြင်းသည် ချုပ်ချယ်မှုတစ်ခုသာမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ထိန်းသိမ်းနိုင်စွမ်းကို ပြသခြင်းဖြစ်သည်။ အဖွဲ့အစည်းတစ်ခုအတွက် စည်းကမ်းသည် စနစ်တကျလည်ပတ်နိုင်စေသည့် အခြေခံအင်အားဖြစ်သည်။ စည်းကမ်းနှင့် သစ္စာတည်ကြည် မှုတို့မရှိပါက မည်သည့်အဖွဲ့အစည်းမျှ တည်တံ့ခိုင်မြဲနိုင်မည်မဟုတ်ပေ။ ထိုသို့သော စည်းကမ်းသေဝပ်မှုကို တပ်မတော်များတွင် အတိအကျ မြင်တွေ့ရသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အထိတပ်မတော်က ပြည်တွင်းပဋိပက္ခများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက် သောင်းကျန်းမှုများကို ဖြေရှင်းရသည်။ သူတစ်လူ ငါတစ်မင်း၊ တစ်ရွာတစ်ဗိုလ်စနစ်ဖြင့် ပြည်သူကို အနိုင်ကျင့်ကာ လက်နက်ကိုင်သောင်းကျန်းသူ များ၊ တိုင်းပြည်ကို ဖျက်ဆီးရန်ကြံရွယ်သူများ၏ အန္တရာယ်ကို တွန်းလှန်ရသည်။ အကြမ်းဖက်တို့၏ စစ်ရေးထိုးစစ်ဆင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းတို့အတွက် ချေမှုန်းရသကဲ့သို့ နယ်မြေအေးချမ်း သာယာရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း တစ်ပါတည်းလုပ်ဆောင်ပေး ကြရသည်။
တပ်မတော်၏ စစ်ဆင်ရေးများသည် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးထိန်းသိမ်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံစေရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အချုပ်အခြာအာဏာကာကွယ်ခြင်းတို့အတွက် ဖြစ်သည်။ တပ်မတော်၏ စစ်ဆင်ရေး များသည် လူသားဆန်မှုနှင့် နိုင်ငံတကာစစ်ရေး စည်းမျဉ်းစည်းကမ်းများကို အလေးထားဆောင်ရွက် လျက်ရှိသည်။ စစ်ဆင်ရေးကာလအတွင်း ဒေသခံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုကို ဦးစားပေးခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရသည့် ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီများပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်သည်။
တပ်မတော်သည် ငြိမ်းချမ်းရေးအတွက် အမြဲလက်ကမ်းထားပြီး နိုင်ငံရေးနည်းလမ်းဖြင့် ပြဿနာဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်မခံဘဲ လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေသော အဖွဲ့အစည်းများအား ဥပဒေအာဏာအရ တုံ့ပြန်ရခြင်းသည် တပ်မတော်၏ တာဝန်ဖြစ်သည်။
လူမှုရေးတာဝန်သိကြသူများ
တပ်မတော်သည် စစ်ရေးတာဝန်များသာမက ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အရေးပေါ်အခြေအနေများတွင် ကူညီစောင့်ရှောက် ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် သောင်တင်နေခဲ့ကြရသော မြန်မာနိုင်ငံသားများစွာရှိခဲ့သည်။ ထိုအခက်အခဲကြားတွင် တပ်မတော်(ရေ)က စစ်ရေယာဉ်များကို အသုံးပြု၍ ပြည်ပရောက် မြန်မာလုပ်သားများ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများကို ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။
ထို့ပြင် တပ်မတော်က နှစ်စဉ်နှစ်တိုင်း မြန်မာ နိုင်ငံ၏ ဝေးလံခေါင်သီသောဒေသများသို့ နယ်လှည့် ဆေးကုသရေးအဖွဲ့များ စေလွှတ်လေ့ရှိသည်။ ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးခြင်းဖြင့် အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။ မျက်စိအထူးကုဆေးခန်းများ၊ သွားနှင့်ခံတွင်း ဆေးခန်းများ၊ အရိုးအကြောကုသခြင်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ခြင်းများအပါအဝင် ခွဲစိတ်ကုသမှုဆိုင်ရာ အထူးစခန်းများကိုပါ ဖွင့်လှစ်ပေးလျက်ရှိပြီး ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ အထူးဆောင်ရွက်ပေးလျက်ရှိပါသည်။
မကြာသေးမီက မန္တလေးတိုင်းဒေသကြီးအတွင်း လှုပ်ခတ်ခဲ့သောငလျင်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခြင်း၊ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းစသည့် ဆိုးရွားသော သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည်။ ထိုအချိန်တွင် တပ်မတော်သားများက ရှေ့တန်းမှ ပါဝင်ကူညီခဲ့ကြသည်။ ငလျင်လှုပ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် အနီးအနားရှိ တပ်ရင်းများမှ တပ်ဖွဲ့ဝင်ကယ်ဆယ် ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ ပြိုကျနေသော အဆောက်အအုံအပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို တူးဖော်ကယ်ဆယ်ခြင်း၊ ဆေးကုသမှုချက်ချင်းပေးအပ်ခြင်း၊ စားရေရိက္ခာနှင့် သောက်သုံးရေ ဖြန့်ဝေပေးခြင်း၊ ယာယီနေထိုင်ရေးစခန်းများ ဆောက်လုပ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ကမ္ဘာပေါ်မှ မငြိမ်းချမ်းမှုများ
ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လျက်ရှိသည်။ လက်ရှိဖြစ်ပွားနေသော အမေရိကန် - အစ္စရေးနှင့် အီရန်စစ်ပွဲက ဒေသတွင်းနိုင်ငံများအထိ ကျယ်ပြန့်နေပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်မှုများက ဘယ်မျှအထိ ရိုက်ခတ်မလဲဆိုသည်ကို ကမ္ဘာ တစ်ဝန်းက ရင်တမမဖြင့် စောင့်ကြည့်နေရသည်။
နိုင်ငံတော်ကို ကာကွယ်ကြမည့်သူများ
နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးသည် တပ်မတော်တစ်ခုတည်း၏ တာဝန်သက်သက် မဟုတ်ဘဲ နိုင်ငံသားတိုင်း၏ တာဝန်လည်းဖြစ်သည်။ ဤအခြေခံမူကို အခြေခံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေသည် နိုင်ငံတော်၏ လုံခြုံရေးအတွက် အရေးပေါ်အခြေအနေများတွင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ရန်အတွက် ဥပဒေဘောင်အတွင်း စနစ်တကျစီမံခန့်ခွဲနိုင်ရန် ရည်ရွယ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသော နိုင်ငံသားတိုင်း စစ်မှုထမ်းရန် တာဝန်ရှိသည်။ သို့သော် ကျန်းမာရေးအရဖြစ်စေ၊ ပညာရေးအရဖြစ်စေ၊ အခြားအကြောင်းပြချက်များအရဖြစ်စေ ကင်းလွတ်ခွင့်များ ခံစားနိုင်သည်။ စစ်မှုထမ်းပြီး သူများသည် အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်ရာတွင် ဦးစားပေးခြင်း၊ ပညာသင်ဆုများရရှိခြင်း၊ အခြားအခွင့်အရေးများ ခံစားရရှိခြင်းတို့ ရှိသည်။
စင်ကာပူနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းစနစ်ကို ၁၉၆၇ ခုနှစ်ကတည်းက ကျင့်သုံးခဲ့ပြီး ယနေ့အထိ အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်။ စင်ကာပူ နိုင်ငံသားများသည် စစ်မှုထမ်းဆောင်ခြင်းအားဖြင့် စည်းကမ်း၊ ခေါင်းဆောင်မှုစွမ်းရည်၊ တာဝန်ခံစိတ်၊ တာဝန်ယူစိတ်များ ရှိလာကြသည်။ အလားတူပင် မြန်မာနိုင်ငံတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေသည် လူငယ်များအတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခွင့်ရရှိစေသည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။ စစ်မှုထမ်းဆောင်စဉ်အတွင်း ရရှိသော လေ့ကျင့်သင်ကြားမှုများ၊ အတွေ့အကြုံများက လူငယ်တစ်ဦး၏ ဘဝတစ်လျှောက်လုံးအတွက် အကျိုးရှိစေသောအရာများ ဖြစ်သည်။
ယနေ့ခေတ်ကာလတွင် နိုင်ငံ၏လုံခြုံရေးစိန်ခေါ်မှုများသည် ပိုမိုရှုပ်ထွေးလာသည်။ သမားရိုးကျ စစ်ရေးခြိမ်းခြောက်မှုများအပြင် ဆိုက်ဘာ စစ်ပွဲ၊ သတင်းမှားများ ဖြန့်ဝေခြင်း၊ နယ်စပ်ဖြတ်ကျော်မှောင်ခိုမှုများ၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်း စသည့် ခြိမ်းခြောက်မှုအသစ်များလည်း ပေါ်ပေါက်လာသည်။ ထို့ကြောင့် မျိုးဆက်သစ်တပ်မတော်သားများသည် ပညာတတ်မြောက်ခြင်း၊ စည်းကမ်းရှိခြင်း၊ မျိုးချစ်စိတ်ဓာတ်ထက်သန်မှုရှိခြင်း၊ လူသားဆန်ခြင်းနှင့် စွန့်လွှတ်စွန့်စားနိုင်ခြင်းစသည့် အရည်အချင်းများ ပိုမိုပြည့်ဝရန် လိုအပ်လာသည်။
မျိုးဆက်သစ်လူငယ်များ တပ်မတော်သို့ ဝင်ရောက်လာခြင်းသည် တပ်မတော်၏ အနာဂတ်အတွက် အရေးကြီးသော အချက်ဖြစ်သည်။ လူငယ်များ၏ အင်အား၊ ဉာဏ်ရည်၊ စွမ်းရည်နှင့် ခေတ်မီတိုးတက်သော အတွေးအခေါ်များက တပ်မတော်ကို ပိုမိုအင်အားကြီးမားလာစေမည်ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ “မိမိတို့ တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ခုဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ခေတ်မီတပ်မတော်ဆိုသည်မှာ လက်နက်ကိရိယာ ကောင်းမွန်ရုံမျှမက၊ စည်းကမ်းကောင်းမွန်ပြီး ပြည်သူ၏ ယုံကြည်ကိုးစားမှုကို ရရှိထားသော တပ်မတော်ကို ခေါ်ဆိုခြင်းဖြစ်သည်” ဟူသည့် စကားသည် ဤအချက်ကို အတိအလင်းဖော်ပြနေပါသည်။
တပ်နှင့်ပြည်သူ တွဲလက်များမြဲသည်ထက် ခိုင်မြဲ
တပ်မတော်နှင့် ပြည်သူကြား ဆက်ဆံရေးသည် ယုံကြည်မှုအပေါ် အခြေခံထားသည်။ ထိုယုံကြည်မှုသည် အချိန်နှင့်အမျှ တည်ဆောက်ရသော တန်ဖိုးတစ်ခုဖြစ်သည်။ ယုံကြည်မှုတည်ဆောက်ရန်အတွက် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ နားလည်မှုနှင့် လူသားဆန်မှုတို့သည် အရေးကြီးသည်။ တပ်မတော်သည် ပြည်သူများ၏ ယုံကြည်ကိုးစားသည့် အင်အားခိုင်မာတောင့်တင်းသော အဖွဲ့အစည်း ကြီးဖြစ်လာစေရန် အထူးကြိုးပမ်းလျက်ရှိသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့သည် အနာဂတ်အတွက် မျှော်မှန်းချက်များ ချမှတ်ရန် အချိန်ကောင်း ဖြစ်သည်။ အတိတ်ကာလ ဖက်ဆစ်တော်လှန်ရေး စတင်ခဲ့စဉ်က ရည်မှန်းချက်မှာ လွတ်လပ်ရေးရရှိရန်ဖြစ်သည်။ ယနေ့တွင် ထိုလွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် လိုအပ်သည်။
တပ်မတော်သည် နိုင်ငံတော်၏ ကာကွယ်ရေး နှင့် လုံခြုံရေးအတွက် အဓိကကျသော အခန်းကဏ္ဍ မှ ပါဝင်လျက်ရှိသည်။ စစ်ရေးတာဝန်များအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းမျိုးစုံတွင် ပါဝင်ဆောင် ရွက်ခြင်းအားဖြင့် ပြည်သူများ၏ ယုံကြည်မှုကို ရယူထားသည်။ တပ်မတော်သားများ၏ စွန့်လွှတ်စွန့်စားမှု၊ အနစ်နာခံမှုများကြောင့်သာ ယနေ့မြန်မာနိုင်ငံသားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခြင်းဖြစ်သည်။
“တိုင်းပြည်အတွက်၊ မိမိပြည်သူအတွက်၊ မိမိနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအတွက် မိမိအသက်ခန္ဓာကို ပေးလှူစွန့်စားခြင်းဆိုတာကတော့ အာဇာနည်သူရဲကောင်း စိတ်ဓာတ်ပိုင်ရှင်တွေသာ ပြုမူနိုင်ကြတဲ့ အမူအကျင့်ပဲဖြစ်တယ်။ အဲဒီအမူ အကျင့်တွေနဲ့ ပြည့်ဝနေသူတွေဟာ အများတကာ လုပ်ဆောင်ဖို့ ခဲယဉ်းတဲ့တာဝန်တွေနဲ့ ရင်ဆိုင် ကြုံတွေ့လာရချိန်မှာ စွန့်လွှတ်စွန့်စားမှုအပြည့်နဲ့ ဆောင်ရွက်ကြသလို နိုင်ငံနဲ့လူမျိုးအတွက် ဘယ်လို အခက်အခဲကိုမှ အမှုမထားဘဲ မိမိအသက်ခန္ဓာကို စွန့်လွှတ်နိုင်တဲ့အထိ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ ပြောင်မြောက်တဲ့ သူရသတ္တိတွေနဲ့ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင် လေ့ရှိကြတယ်။ ဒါတွေဟာ စစ်သည်တော်ကောင်း တစ်ဦးမှာရှိအပ်တဲ့ အရည်အချင်းတွေဖြစ်ပြီး ဒီလိုခိုင်မာတဲ့ သန္နိဋ္ဌာန်စိတ်ဓာတ်တွေနဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ရင်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအားလုံးကို ပြည်သူ့သားကောင်း အာဇာနည်တွေအဖြစ် အစဉ်အသိအမှတ်ပြု လေးစားဂုဏ်ယူကြောင်း ပြောကြားလိုတယ်။ ဒါ့အပြင် လေးချက်သောသစ္စာကို နေ့စဉ်ရွတ်ဆိုပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ ရဲဘော်တို့ဟာလည်း အမိနိုင်ငံတော်ရဲ့ မြတ်နိုးတန်ဖိုးထားဖွယ်ရာ အမျိုး ကောင်းသား၊ အမျိုးကောင်းသမီးတွေဖြစ်ကြောင်း ဂုဏ်ပြုပြောကြားလိုတယ်”ဟု ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျင်းပသောနှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မိန့်ခွန်းအတွင်း အလေးအနက်ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ကဲ့သို့ နိုင်ငံအတွင်း ပဋိပက္ခတို့ကျန်ရှိနေချိန်တွင် နိုင်ငံအတွက် အချိန်ပေး၊ အသက်ပေး၊ ဘဝကိုပါ ပေးအပ်၍ တာဝန်ထမ်းဆောင်နေကြသူများသည် ပြည်သူများ၏ အမြတ်တနိုးတန်ဖိုး ထားဖွယ်ရာ ဇာနည်သားကောင်း တပ်မတော်သားများပင်ဖြစ်သည်။ တပ်မတော်သားတိုင်း၏ နှလုံးသားတွင် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ရှေးရှုသော စိတ်ဓာတ်အမြဲရှင်သန်နေပါစေကြောင်း ပြည်သူများကလည်း အစဉ်ဆုမွန်တောင်းနေမည်သာ။ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုလျက် တပ်မတော်သားအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် နိုင်ငံတော်ကြီးအေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။ ။
