လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ကမ္ဘာ့လေထု
ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးကို မျက်စိဖြင့်မမြင်နိုင်သော လေထု (Atmosphere) သည် ဝန်းရံလွှမ်းခြုံထားလျက်ရှိပြီး သက်ရှိအားလုံး ရှင်သန်ရပ်တည်နိုင်ရန် မရှိမဖြစ်လိုအပ်သော သဘာဝစနစ်တစ်ခုဖြစ်ပါသည်။
National Aeronautics and Space Administration (NASA) နှင့် National Oceanic and Atmospheric Administration (NOAA) တို့၏ လေ့လာချက်များအရ အဆိုပါလေထုကို နိုက်ထရိုဂျင် (Nitrogen) ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် (Oxygen) ၂၁ ရာခိုင်နှုန်း၊ အာဂွန် (Argon) သုည ဒသမ ၉၃ ရာခိုင်နှုန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက် (Carbon Dioxide) အပါအဝင် အခြားဓာတ်ငွေ့များ အနည်းငယ်စီနှင့် ရေခိုးရေငွေ့များဖြင့် ဖွဲ့စည်းထားပါသည်။
လေထုသည် လူသားများအသက်ရှူနိုင်ရန် အောက်ဆီဂျင်ကို ပံ့ပိုးပေးရုံသာမက နေမှလာသော အန္တရာယ်ရှိသည့် ခရမ်းလွန်ရောင်ခြည် (UV Radiation) များကို တားဆီးပေးခြင်း၊ အပူချိန်ကို ထိန်းညှိပေးခြင်းနှင့် ရာသီဥတုစနစ်များကို ဖြစ်ပေါ်စေခြင်းတို့တွင် အရေးပါသော လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးပါသည်။ လေထုမရှိပါက ကမ္ဘာမြေသည် အပူချိန်အလွန်မြင့်မားခြင်း သို့မဟုတ် အလွန်နိမ့်ကျခြင်းများ ဖြစ်ပေါ်နိုင်ပြီး သက်ရှိများ အသက်ရှင်သန်ရန် မဖြစ်နိုင်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်လာမည်ဖြစ်ပါသည်။
ကမ္ဘာ့လေထုကို အမြင့်အလိုက် Troposphere ၊ Stratosphere၊ Mesosphere ၊ Thermosphere နှင့် Exosphere ဟူ၍ အဓိကအလွှာ ငါးလွှာအဖြစ် ခွဲခြားထားပါသည်။ မြေပြင်နှင့် အနီးဆုံးဖြစ်သော Troposphere အလွှာသည် လူသားများနေထိုင်ရာ ပတ်ဝန်းကျင်ဖြစ်ပြီး ကျွန်ုပ်တို့ နေ့စဉ်ရှူရှိုက်နေရသောလေများရှိရာ နေရာတစ်ခု ဖြစ်သည့်အပြင် မိုးရွာခြင်း၊ လေတိုက်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ အများစုဖြစ်ပေါ်ရာ နေရာလည်းဖြစ်ပါသည်။ ၎င်းအထက်ရှိ Stratosphere အလွှာတွင် အိုဇုန်းလွှာ (Ozone Layer) တည်ရှိကာ UV Radiation များကို အဓိကစုပ်ယူပြီး ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို ကာကွယ်ပေးလျက်ရှိပါသည်။
သန့်ရှင်းသော လေထု (Clean Air) ၏ အရေးပါပုံ
လူသားများသည် အချိန်နှင့်အမျှ လေကိုရှူရှိုက်နေရသည်ဖြစ်ရာ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လေထုအရည်အသွေးသည် ကျန်းမာရေးအတွက် အဓိကအရေးပါသည့်အရာဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) ၏ အချက်အလက်များအရ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် အသက်ငါးနှစ်အောက် ကလေးငယ် ခြောက်သိန်းကျော်အပါအဝင် လူဦးရေခုနစ်သန်းခန့် အရွယ်မတိုင်မီ သေဆုံးနေရပါသည်။ အထူးသဖြင့် PM2.5၊ PM1 နှင့် Ultra fine Particles (UFP) ကဲ့သို့ အလွန်သေးငယ်သော အမှုန်အမွှားများသည် အဆုတ်မှတစ်ဆင့် သွေးကြောများအတွင်း ရောက်ရှိကာ ရောင်ရမ်း မှုကို ဖြစ်စေသဖြင့် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ အဆုတ်အအေးမိရောဂါနှင့် နာတာရှည်လေပြွန်ရောင်ရောဂါတို့ကို ဖြစ်ပေါ်စေပါသည်။
ထို့အပြင် ၎င်းတို့သည် ဦးနှောက်နှင့် အာရုံကြောစနစ်ကိုပါ ထိခိုက်စေနိုင်ပြီး အယ်လ်ဇိုင်းမား (Alzheimer's) နှင့် ပါကင်ဆန် (Parkinson's) ကဲ့သို့သော ရောဂါများအပြင် ကလေးငယ်များ၏ အဆုတ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါသည်။ သန့်ရှင်းသောလေထုသည် ရောဂါအန္တရာယ်များကို ကာကွယ်ပေးကာ လူသားတို့၏ အသက်ရှင်သန်နိုင်ရေးကို အထောက်အကူဖြစ်စေပါသည်။
လေထုညစ်ညမ်းမှုသည် ကျန်းမာရေးဆိုင်ရာ ထိခိုက်နိုင်မှုများအပြင် လူမှုစီးပွားဆိုင်ရာ ဆုံးရှုံးမှုများနှင့်လည်း တိုက်ရိုက်ဆက်စပ်နေပါသည်။ ကမ္ဘာ့ဘဏ် (World Bank) ၏ ခန့်မှန်းချက်အရ လေထုညစ်ညမ်းမှု၏ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ထရီလီယံ (ကမ္ဘာ့ GDP ၏ ၆ ဒသမ ၁ ရာခိုင်နှုန်း) ခန့် ဆုံးရှုံးနေရပါသည်။ သန့်ရှင်းသော လေထု (Clean Air) သည် လုပ်ငန်းခွင်ပျက်ကွက်မှုများနှင့် ဆေးကုသစရိတ်များကို လျှော့ချပေးကာ လုပ်သားများ၏ စိတ်ပိုင်းဆိုင်ရာ ကြည်လင်မှုနှင့် ကုန်ထုတ်လုပ်မှုစွမ်းအားကို သိသာစွာမြှင့်တင်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့အပြင် သန့်ရှင်းသော လေထုရရှိခြင်းသည် ခရီးသွားလုပ်ငန်းနှင့် လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရုံသာမက လူမှုရေးတန်းတူညီမျှမှုကိုပါ ဖော်ဆောင်ပေးနိုင်ပါသည်။
သန့်ရှင်းသောလေထုသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ထိန်းသိမ်းရာတွင်လည်း အရေးကြီးပါသည်။ လေထုအတွင်းရှိ ဆာလ်ဖာဒိုင်အောက်ဆိုက်နှင့် နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်ကဲ့သို့သော ဓာတ်ငွေ့များသည် အက်စစ်မိုးကို ဖြစ်ပေါ်စေပြီး သစ်တောများ၊ မြေဆီလွှာနှင့် ရေချိုသယံဇာတများကို ပျက်စီးစေနိုင်ပါသည်။ မြေပြင်အနီးရှိ အိုဇုန်းဓာတ် (Ground-level Ozone) သည် အပင်များ၏အလင်းဖြင့် အစာဖွဲ့စည်းခြင်းလုပ်ငန်းစဉ်ကို ထိခိုက်စေကာ သီးနှံများ၏ အထွက်နှုန်းကိုလည်း လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် သန့်ရှင်း သောလေထုသည် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းပေးပြီး ဂေဟစနစ်များ၏ ဟန်ချက်ညီမှုကိုလည်း ကာကွယ်ပေးပါသည်။
သန့်ရှင်းသောလေထုသည် ရာသီဥတုပြောင်းလဲမှုနှင့်လည်း တိုက်ရိုက်ဆက်နွှယ်နေပါသည်။ ရုပ်ကြွင်း လောင်စာများလောင်ကျွမ်းခြင်းမှ ထွက်ရှိသော Greenhouse Gas များနှင့် အနက်ရောင် ကာဗွန် (Black Carbon) ကဲ့သို့သော အမှုန်အမွှားများသည် ကမ္ဘာကြီးပူနွေးလာမှုကို အရှိန်မြင့်တက်စေပါသည်။ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်းသည် ကမ္ဘာ့အပူချိန်ထိန်းညှိမှုနှင့် ရာသီဥတုတည်ငြိမ်မှုအတွက် အရေးပါပြီး ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေရန် အထောက်အကူပြုပါသည်။
သန့်ရှင်းသောလေထုသည် စီးပွားရေးရှုထောင့်အနေဖြင့်လည်း အကျိုးကျေးဇူးများစွာရရှိစေပါသည်။ လေထုအရည်အသွေးကောင်းမွန်ခြင်းသည် ရောဂါဖြစ်ပွားမှုနှုန်းကို လျော့နည်းစေသဖြင့် ဆေးကုသမှုကုန်ကျစရိတ်များကို လျော့ကျစေနိုင်ပြီး လူသားများ၏ အလုပ်လုပ်နိုင်စွမ်း မြင့်မားလာသောကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ပါသည်။ ထို့ကြောင့် သန့်ရှင်းသောလေထုသည် လူသားတို့၏ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားအခြေအနေတိုးတက်မှုများအတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါသည်။
လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းများနှင့် ထိခိုက်နိုင်မှုများ
ရုပ်ကြွင်းလောင်စာလောင်ကျွမ်းမှု (စက်ရုံ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး)၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ စိုက်ပျိုးရေးဓာတ်မြေ သြဇာနှင့် မီသိန်းထုတ်လွှတ်မှု၊ စိုက်ပျိုးရေး လုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက်ရိုးနှင့်အမှိုက်မီးရှို့ခြင်း၊ ထင်း၊ မီးသွေးအသုံး ပြုပြီးချက်ပြုတ်ခြင်း၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု (Transboundary Haze Pollution) နှင့် သဘာဝဖြစ်စဉ်များဖြစ်သော တောမီးလောင်ကျွမ်းခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ သဲမုန်တိုင်းများ တိုက်ခတ်ခြင်းတို့သည် လေထုညစ်ညမ်းစေသည့် အဓိကအကြောင်း ရင်းများဖြစ်ပါသည်။
လေထုညစ်ညမ်းမှုအန္တရာယ်နှင့် လေ့လာတွေ့ရှိချက်များ
လက်ရှိအချိန်တွင် လေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်တွင် ဦးစားပေးအနေဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါသည်။ Health Effects Institute က ထုတ်ပြန်ထားသော State of Global Air Report 2025 အရ ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတ်မှတ်ထားသော PM2.5 လေထုအရည်အသွေးလမ်းညွှန်ချက်ထက် မြင့်မားသည့်ညစ်ညမ်းသောလေကို နေ့စဉ်ရှူရှိုက်နေရသည်ဟု ဖော်ပြထားပါသည်။ ထို့အပြင် လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် လူဦးရေ ၇ ဒသမ ၉ သန်းခန့် သေဆုံးခဲ့ရပြီး ယင်းသေဆုံးမှုများ၏ ၈၆ ရာခိုင်နှုန်းခန့်သည် နှလုံးရောဂါနှင့် မှတ်ဉာဏ်ချို့ယွင်းမှု (Dementia) ကဲ့သို့ မကူးစက်နိုင်သောရောဂါများ (Non-communicable Diseases) ဖြစ်ပွားမှု၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်းကို အထူးအလေးပေးဖော်ပြထားပါသည်။
PM2.5၊ PM1 နှင့် Ultra Fine Particles (UFP) ကဲ့သို့ အလွန် သေးငယ်သော PM အမှုန်အမွှားများသည် အဆုတ်မှတစ်ဆင့် သွေးကြောထဲသို့ ဝင်ရောက်နိုင်ပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ နာတာရှည်လေပြွန်ရောင်ရောဂါတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါသည်။ ထို့အပြင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေခုနစ်သန်းခန့် အရွယ်မတိုင်မီ သေဆုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အချက်အလက်များတွင် ဖော်ပြထားပါသည်။ အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများသည် လေထုညစ်ညမ်းမှု၏ ထိခိုက်မှုကို ပိုမိုခံစားရသော အုပ်စုများဖြစ်ပြီး သုတေသနပြုချက်များအရ ဦးနှောက်ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်စွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် သက်ရောက်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။
ဂေဟစနစ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအတွက် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ Global Environment Outlook (GEO-7) အစီရင်ခံစာတွင် လေထုအတွင်းရှိ Nitrogen Oxides (NOx) နှင့် Sulfur Dioxide (SO₂) တို့သည် ဓာတ်ပြုကာ အက်စစ်မိုး (Acid Rain) ဖြစ်ပေါ်စေပြီး သစ်တောများ၊ မြေဆီလွှာနှင့် ရေချိုသယံဇာတများကို ပျက်စီးစေပါသည်။ Ground-level Ozone သည် အပင်များ၏ အလင်းဖြင့် အစာချက်ခြင်းဖြစ်စဉ်ကို ထိခိုက်စေကာ စိုက်ပျိုးရေးအထွက်နှုန်း လျော့ကျစေခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် အပြန်အလှန်ဆက်စပ်နေပြီး ဆိုးကျိုးဖြစ်ပေါ်စေနိုင်သော Vicious Cycle တစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းမှထွက်ရှိသော Greenhouse Gases နှင့် Black Carbon တို့သည် ကမ္ဘာကြီးပူနွေးလာမှုကို အရှိန်မြင့်စေပြီး လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်းသည် ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးနှင့် တိုက်ရိုက်ဆက်နွှယ်နေပါသည်။
World Bank ၏ ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့စီးပွားရေးသည် တစ်နှစ်လျှင် GDP ၏ ခြောက်ရာခိုင်နှုန်းခန့် ဆုံးရှုံးနေပါသည်။ ကျန်းမာရေးကုန်ကျစရိတ်များ မြင့်တက်ခြင်းနှင့် လုပ်သား၊ ထုတ်လုပ်မှုစွမ်းအားများ ကျဆင်းခြင်းတို့သည် အဓိကအကြောင်းရင်းများဖြစ်ပါသည်။ World Economic Forum ၏ Global Risks Report 2025 တွင်လည်း လေထုညစ်ညမ်းမှုကို အကြီးမားဆုံး ကမ္ဘာလုံးဆိုင်ရာအန္တရာယ်များအနက်တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။
ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်း၏ အရေးပါပုံ
လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းသည် ပြည်သူ့ကျန်းမာရေးကို ကြိုတင်ကာကွယ်နိုင်ရန်၊ သန့်ရှင်းသောလေထုဆိုင်ရာ မူဝါဒများချမှတ်နိုင်ရန်၊ လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရန်၊ ရာသီဥတုပြောင်းလဲမှုကို လေ့လာနိုင်ရန်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော သိပ္ပံနည်းကျအခြေခံ ဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။ PM2.5 နှင့် ဓာတ်ငွေ့များမြင့်တက်နေချိန်ကို အချိန်နှင့်တစ်ပြေးညီသိရှိခြင်းဖြင့် ကြိုတင်သတိပေးချက်များထုတ်ပြန်ကာ ပြည်သူလူထု၏ ကျန်းမာရေးကို ကာကွယ်နိုင်ပါသည်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များကဲ့သို့ ဒေသတွင်းပြဿနာများကို နိုင်ငံအချင်းချင်း ပူးပေါင်းဖြေရှင်းရာတွင် တိုင်းတာရရှိသော လေထုအရည်အသွေးအချက်အလက်များသည် ခိုင်မာသောအထောက်အထားများ ဖြစ်လာမည်ဖြစ်ပါသည်။
စက်မှုလုပ်ငန်းများ၏ ထုတ်လွှတ်အခိုးအငွေ့များကို စောင့်ကြည့်စစ်ဆေးခြင်းအားဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ဂေဟစနစ်အပေါ် ထိခိုက်မှုကို ဟန့်တားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ရေရှည်စုဆောင်းရရှိသော အချက်အလက်များသည် ရာသီဥတုပြောင်းလဲမှုပုံစံများကို ခန့်မှန်းနိုင်ရန်နှင့် သက်ဆိုင်ရာမူဝါဒများကို ချမှတ်နိုင်ရန်အတွက် အရေးပါသောသိပ္ပံနည်းကျ အခြေခံအချက်အလက်များဖြစ်ပါသည်။
ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်း နည်းလမ်းများ
လေထုအရည်အသွေးကို စောင့်ကြည့်လေ့လာဆန်းစစ်ရန်အတွက် နည်းပညာအမျိုးမျိုးအသုံးပြုလျက်ရှိပြီး သမားရိုးကျတိုင်းတာသည့် နည်းလမ်းများအပြင် ခေတ်မီ Artificial intelligence (AI) နည်းပညာများအထိ ဆက်လက်ဖွံ့ဖြိုးလျက်ရှိပါသည်။ မြေပြင်အခြေစိုက် စံကိုက်တိုင်းတာရေးနည်းလမ်းများ (Reference Monitoring Methods) အနေဖြင့် Filter များအသုံးပြုပြီး PM2.5 နှင့် PM10 အမှုန်အမွှားများ၏ ဒြပ်ထုကိုတိုင်းတာခြင်းအတွက် Gravimetric Method၊ NOx ဓာတ်ငွေ့များကို အလင်းပြန်မှုမှ တိုင်းတာခြင်းအတွက် Chemiluminescence နည်းလမ်း၊ O₃ နှင့် SO₂ တိုင်းတာခြင်းအတွက် UV Absorption နည်းလမ်းနှင့် CO တိုင်းတာခြင်းအတွက် Infrared Absorption နည်းလမ်း စသည့်တိကျမှုမြင့်မားသောစနစ်များကို အသုံးပြုနေကြပါသည်။
ဂြိုဟ်တုမှတစ်ဆင့် စောင့်ကြည့်လေ့လာခြင်း (Satellite Remote Sensing) နည်းလမ်းများဖြင့်လည်း မြေပြင်စခန်းများမရှိသော ဒေသများကိုပါ ခေတ်မီနည်းလမ်းများဖြင့် စောင့်ကြည့်နိုင်ပြီး NO₂၊ Aerosols နှင့် မီးခိုးမြူများ၏ ပျံ့နှံ့မှုကို ကျယ်ပြန့်စွာလေ့လာနိုင်ပါသည်။ ကုန်ကျစရိတ်သက်သာသော တိုင်းတာရေးစက်ကိရိယာများ (Low-Cost Sensors) နှင့် IoT Monitoring နည်းလမ်းများဖြင့်လည်း လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာရေးအတွက် အသုံးပြုနေကြပြီး အချိန်နှင့်တစ်ပြေးညီ အချက်အလက်များရရှိနိုင်သော်လည်း အဆိုပါစက်များ၏ မှန်ကန်မှုအနေဖြင့် Calibration ပုံမှန်ပြုလုပ်ရန် အထူးလိုအပ်ပါသည်။
Artificial Intelligence (AI) နှင့် Machine Learning နည်းပညာများအသုံးပြုပြီး အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ လေထုညစ်ညမ်းမှုအခြေအနေများ ခန့်မှန်းခြင်း၊ လေထုအရည်အသွေးညွှန်းကိန်းဖြင့် ကြိုတင်ခန့်မှန်းတွက်ချက်ခြင်း (AQI forecasting) တို့သည် Smart City ဆိုင်ရာစီမံခန့်ခွဲမှုများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အပြင် အိမ်တွင်းလေထုအရည်အသွေးတိုင်းတာခြင်း (Indoor Air Quality Monitoring) နည်းလမ်းများသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေပါသည်။
Quality Assurance (QA) / Quality Control (QC) နှင့် Data Reliability အတွက် WHO၊ UNEP နှင့် GEMS/AIR လမ်းညွှန်ချက်များအရ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာရေးတွင် QA/ QC စနစ်များသည် အလွန်အရေးကြီးပြီးတိုင်းတာရေးစက်များ၏ Calibration၊ Data Validation၊ Network Design နှင့် ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းတို့ကို စနစ်တကျဆောင်ရွက်နိုင်မှသာ တိုင်းတာရရှိသည့်အချက်အလက်များ၏ ယုံကြည်စိတ်ချရမှုကို သေချာစေနိုင်မည် ဖြစ်ပါသည်။
ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေမှုများ
ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများအပြင် နိုင်ငံအလိုက်ဆောင်ရွက်မှုများသည်လည်း လေထုအရည်အသွေးစီမံခန့်ခွဲရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ အဓိကမြို့ကြီးများတွင် ပုံမှန်တိုင်းတာမှတ်များ သတ်မှတ်ထားရှိပြီး PM2.5၊ PM10၊ NO2၊ SO2၊ O3 နှင့် CO စသည့် အဓိကအရေးပါသော Parameter ခြောက်မျိုးကို ပုံမှန်တိုင်းတာကာ လေထုအရည်အသွေးလေ့လာဆန်းစစ်လျက်ရှိပြီး ပြည်သူလူထုထံသို့ အသိပညာနှင့်သတင်းအချက်အလက် ပံ့ပိုးပေးနိုင်ရန်အတွက် တိုင်းတာရရှိလာသည့် လေထုအရည်အသွေးဆိုင်ရာအချက်အလက်များကို လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index - AQI) ဖြင့် တွက်ချက်ဖော်ပြပြီး နိုင်ငံပိုင်သတင်းစာများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Facebook Page၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ Facebook Page များတွင် တစ်လလျှင်နှစ်ကြိမ် သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။
အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (National Environmental Quality Emission Guidelines) ကို ၂၀၁၅ ခုနှစ်တွင်ထုတ်ပြန်ခဲ့ပြီး စက်မှုလုပ်ငန်းများမှထွက်ရှိလာသော ထုတ်လွှတ်အခိုးအငွေ့များကြောင့် လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေးအတွက် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
လေထုညစ်ညမ်းမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ နှစ်စဉ်လူသန်းပေါင်းများစွာ အရွယ်မတိုင်မီသေဆုံးရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်သော လေထုညစ်ညမ်းမှုကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ချဉ်းကပ်ဆောင်ရွက်နိုင်ရန် လိုအပ်လှပါသည်။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) မှ တိုက်တွန်းထားသည့်အတိုင်း နေရောင်ခြည်၊ လေအားနှင့်ရေအားကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းခြင်းသည် လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုကို တစ်ပြိုင်နက်လျော့ပါး စေနိုင်ပြီး မြို့ပြဒေသများတွင် လျှပ်စစ်ယာဉ်များအသုံးပြုမှုကို အားပေးခြင်းနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုအားကောင်းစေခြင်းဖြင့် ယာဉ်အမျိုးမျိုးမှထွက်ရှိလာသော လေထုညစ်ညမ်းစေသည့် အခိုးအငွေ့ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်ပါသည်။
World Bank ၏ လေ့လာတွေ့ရှိချက်များအရ စက်မှုလုပ်ငန်းများတွင် ထုတ်လွှတ်မှု စံချိန်စံညွှန်းများ သတ်မှတ်ခြင်းနှင့် ညစ်ညမ်းမှုထိန်းချုပ်သည့် ကိရိယာများ တပ်ဆင်ခြင်းသည် ရေရှည်တွင် ကျန်းမာရေးကုန်ကျစရိတ်များကို လျော့နည်းစေပြီး စီးပွားရေးအကျိုးအမြတ်များကို ပြန်လည်ရရှိစေနိုင်ပါသည်။ ထို့အပြင် စိမ်းလန်းသော မြို့ပြနေရာများတိုးချဲ့ခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ကောက်ရိုးမီးရှို့မှုများကို လျှော့ချနိုင်ခြင်း၊ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာရေး စနစ်များတည်ထောင်ပြီး လေထုအရည်အသွေးကို ပုံမှန်လေ့လာ ဆန်းစစ်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းတို့သည် သန့်ရှင်းသောလေထုရရှိရေးအတွက် မရှိမဖြစ်လိုအပ်သော ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်ပြီး အဆိုပါအချက်များကို စနစ်တကျပေါင်းစပ် အကောင်အထည်ဖော်ခြင်းဖြင့် ပြည်သူလူထု၏ ကျန်းမာရေးနှင့် ကမ္ဘာပေါ်ရှိ ကောင်းမွန်သောပတ်ဝန်းကျင်ကို တစ်ပြိုင်နက်တည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။
ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုသည့်အချက်များ
သန့်ရှင်းသောလေထုရရှိရေးသည် လူသားတိုင်း၏ အခြေခံအခွင့်အရေးဖြစ်သကဲ့သို့ လူသားတိုင်း၏ တာဝန်လည်းဖြစ်ပါသည်။ ထို့ကြောင့် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအချက်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအသိပေးအပ်ပါသည်-
- သတင်းအချက်အလက်ကို လေ့လာပါ - မိမိနေထိုင်ရာဒေသ၏ လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index- AQI) ကို ပုံမှန်စောင့်ကြည့်ပါ၊ လေထုအရည်အသွေး ကျဆင်းချိန်တွင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ခြင်းတို့အပါအဝင် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ပါ၊
- တစ်ဦးချင်း တာဝန်ယူမှုဖြင့် ဆောင်ရွက်ပါ - စွမ်းအင်ချွေတာခြင်း၊ အများပြည်သူ သုံးယာဉ်များကို အားပေးအသုံးပြုခြင်း၊ ကိုယ်ပိုင်ယာဉ်များအသုံးပြုမှုကို တတ်နိုင်သမျှ လျှော့သုံး ခြင်း၊ စွန့်ပစ်ပစ္စည်းများကို မီးမရှို့ခြင်းတို့ဖြင့် လေထုညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းစဉ်တွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပါ၊
- လေထုအရည်အသွေး ကောင်းမွန်ရေးနှင့် လေထုညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် တတ်အားသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပါ၊
- အသိပညာမျှဝေပါ - လေထုညစ်ညမ်းမှု၏ အန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အကြောင်းကို မိမိပတ်ဝန်းကျင်ရှိ မိသားစု၊ မိတ်ဆွေများကို ရှင်းလင်းပြောပြခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း အသိပညာများ ပျံ့နှံ့စေရန်ကူညီပါ။
နိဂုံး
လေထုသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိအားလုံး၏ အသက်ရှင်သန်မှုအတွက် အလွန်အရေးပါသော အခြေခံစနစ်တစ်ခုဖြစ်ပြီး လေထုအရည်အသွေးကျဆင်းမှုသည် ကျန်းမာရေး၊ ဂေဟစနစ်နှင့် စီးပွားရေးတို့ကို တစ်ပြိုင်နက်သက်ရောက်နေသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ သိပ္ပံနည်းပညာများနှင့် အချက်အလက်များကိုအခြေခံသည့် သန့်ရှင်းသော လေထုဆိုင်ရာမူဝါဒများသည် ဖြေရှင်းမှု၏အခြေခံဖြစ်ပြီး အစိုးရ၊ စီးပွားရေးကဏ္ဍနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်မှသာ သန့်ရှင်းသောလေထုနှင့် တည်တံ့ခိုင်မြဲသော အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ လက်ရှိဆောင်ရွက်မှုများသည် ယနေ့ခေတ် လူသားအားလုံး၏ ကျန်းမာရေးကိုသာမက နောင်လာနောက်သား မျိုးဆက်သစ်များ အမွေဆက်ခံရမည့် ကမ္ဘာမြေကြီး၏ အနာဂတ်ကိုပါ အဆုံးအဖြတ်ပေးမည်ဖြစ်သဖြင့် သန့်ရှင်းသောလေထုကို ရရှိနိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသူ နိုင်ငံသားအားလုံး၊ သက်ဆိုင်ရာအစိုးရဌာနအားလုံး၊ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းပြီး တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
ကျမ်းကိုးစာရင်း -
https://www.who.int/publications/i/item/B09461
https://www.stateofglobalair.org/resources/archived/state-global-air-report-2024
https://www.stateofglobalair.org/resources/report/state-global-air-report-2025
https://www.weforum.org/publications/global-risks-report-2025
https://www.unep.org/geo/global-environment-outlook-7
