ဆက်လက်ထိန်းသိမ်းရမည် တပ်မတော်နှင့် နိုင်ငံ့ဂုဏ်
မိုးမြင့်
တပ်မတော်သားအားလုံး ရှိနှင့်ပြီးသည့် ခံယူချက်မှာ တာဝန်နှင့်သစ္စာတရား၊ တပ်ဖွဲ့စိတ်ဓာတ်နှင့်အတူ ပါလာသော ရဲဘော်ရဲဘက်စိတ်၊ ထိုစိတ်ဓာတ်များသည်သာ အောင်စိတ် အခရာ၊၊ အခြားဘာမျှမရှိပါ။
ထိုစိတ်ဓာတ်ကိုအခြေခံပြီး တပ်မတော်သာ အမိ၊ တပ်မတော်သာအဖဟုခံယူ၍ အသက်သွေးချွေး စဉ်ဆက်မနှေး နိုင်ငံနှင့်ပြည်သူအတွက် ပေးဆပ်ထားပြီးဖြစ်သည်။ ထိုစိတ်ဓာတ်ကောင်းများဖြင့် တပ်မတော်နှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ခေတ်အဆက်ဆက် ဆယ်တင်ခဲ့ကြသည့်၊ သမိုင်းပေးတာဝန် ကျေပွန်ခဲ့ကြသည့် စစ်သားကောင်းများစွာရှိသည့် ပြည်ထောင်စုတပ်မတော် ဖြစ်ပါသည်။
အန္တိမရည်မှန်းချက်မှာ....
ထိုစိတ်ဓာတ်များဖြင့် တပ်မတော်သည် နိုင်ငံ၏အချုပ်အခြာမယိမ်းယိုင်အောင် ထိန်းသိမ်း၊ ပြည်ထောင်စုမပြိုကွဲအောင် ကာကွယ်စောင့်ရှောက် နေရသည်။ ဥပဒေရှိသူနှင့်မရှိသူ၊ အပြုသမားနှင့် အဖျက်သမားအကြား ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို နည်းလမ်းပေါင်းစုံဖြင့် တည်ဆောက်ပေးနေသည်။ ဒီမိုကရေစီလိုချင်ကြသည်ဆို၍လည်း ဒီမို ကရေစီလမ်းကြောင်းကို ပုံဖော်ပေးသည်။
၁၃၅ မျိုးသော တိုင်းရင်းသားမျိုးစုံရှိသည့် နိုင်ငံ၊ ဒေသအားလုံးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းရောနှောနေထိုင်ရာနိုင်ငံ၌ ဒေသကိုအခြေခံသော ဖက်ဒရယ်စနစ်ကသာ အဓိပ္ပာယ်ရှိသည်ဖြစ်၍ ဖက်ဒရယ်အခြေခံ ပြည်ထောင်စုစနစ်ကို မျက်ခြည်ပြတ်မခံ ချီတက်နေသည်။ သဘာဝဘေး၊ ရောဂါကပ်ဘေး၊ စစ်မက်ဘေး ဘေးဆိုးအန္တရာယ်မှန်သမျှ မည်သည့်နေရာမှမချန် မကျန်စေရပါ။ ပြည်သူနှင့် တိုင်းရင်းသားအားလုံး၏ လူမှုစီးပွားဘဝ လိုအပ်ချက်များစွာကို ဟန်ချက်ညီမျှ မျှတအောင် ကြိုးစားဆောင်ရွက်နေရသည်ကို မြင်တတ်ရန်လိုပါသည်။ ကတိပေးထားသည့်အတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးခဲ့သည်မှာ တပ်မတော်၏ သမိုင်းသက်သေတစ်ခုပင်။ သန့်ရှင်းသောရွေးကောက်ပွဲမှ သန့်ရှင်းသော အစိုးရတစ်ရပ် ပေါ်ထွက်လာရေးလမ်းခင်းပေးနိုင် သည့်အတွက် တပ်မတော်အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ တပ်မတော်၏ အန္တိမရည်မှန်းချက်မှာ နိုင်ငံတော်ကြီးထာဝရငြိမ်းချမ်းရေး၊ ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ထိုရည်မှန်းချက်ကို မျက်ခြည်ပြတ်မခံ လမ်းမလွှဲရန် သတိထားရမည်။
ဦးဆောင်မှုနေရာက ဘာကြောင့်ရှိနေရပါသလဲ
ရေရှည်အကျိုးစီးပွားအပျက်မခံလို၍ စိတ်ရှည်သည်းခံပြီး တစ်ဖက်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရင်းတစ်ဖက်က နိုင်ငံတိုးတက်အောင်တည်ဆောက်နေခြင်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ကတစ်ဖွဲ့ကို ယုံကြည်မှုများ မပျက်ပျက်အောင် ဖျက်ဆီးနေသည့်ကြားမှ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားရှိနေသည့် ယုံကြည်မှုလေး တစ်စွန်းတစ်စမျှ မပျက်ယွင်းရလေ အောင် သဘောထားကြီးမှုကို ပြသပေးနေခြင်းဖြစ် သည်။ ထိုသို့ စိတ်ရှည်သည်းခံ သဘောထားအမှန်ကို ဆောင်ယူခြင်းသည် တပ်မတော်၏ အစဉ်မပြတ် ခံယူချက်ဖြစ်သည်။ ဘာကြောင့် ဤသို့သဘောထားမျိုးရှိနိုင်ရပါသလဲ။ အမျိုးသားနိုင်ငံရေးအခန်း ကဏ္ဍတွင် ဦးဆောင်နေသည့် တပ်မတော်ဖြစ် သည်နှင့်အညီ လူနည်းစုအတွက်မဟုတ် အများအတွက် ကြည့်၍ဖြစ်သည်။
ဤနေရာတွင် တပ်မတော်က အမျိုးသားနိုင်ငံ ရေးအခန်းကဏ္ဍ၌ ဘာကြောင့် ဦးဆောင်မှုနေရာ မှ ပါဝင်နေရပါသလဲ။ ယနေ့ Institution တစ်ခု အဖြစ် ခိုင်ခိုင်မာမာရပ်တည်နေသည့် တပ်မတော် သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်ပကျူးကျော်မှုနှင့် စစ်ရေးခြိမ်းခြောက်မှုများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်၊ နိုင်ငံရေးအကျပ်အတည်းများမှာ မလွှဲမရှောင်သာ ဝင်ရောက်ဖြေရှင်းပေးခဲ့ရ သည်၊ ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်မှန်သမျှ ကာကွယ်ခဲ့ရသည်၊ ဆူပူအကြမ်းဖက်မှုများစွာကို ကူညီဖြေရှင်းပေးခဲ့ရသည့် တပ်မတော်တစ်ရပ် ဖြစ်သည်ကို မမေ့ရန်လိုပါသည်။
စိတ်ရှည်သည်းခံ၊ အပြန်အလှန်နားလည်မှုပေးခြင်းမှ တစ်ဆင့်
အကြောင်းက အမျိုးသားအကျိုးစီးပွားရှေးရှုသည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ကိန်းနေခြင်းကြောင့်ဖြစ်သည်။ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားအားလုံးပါဝင်သော ပြည်သူတစ်ရပ်လုံး၏ အကျိုးလိုလား၍လည်း ဖြစ်ပါသည်။ တပ်မတော်သည် နိုင်ငံ၏အရေးအရာများစွာကို အမျိုးသားရေး တာဝန်တစ်ရပ်နှယ် ခံယူထားသည်။ ထို့ကြောင့်လည်း တတ်နိုင်သမျှ စိတ်ရှည်သည်းခံပေးနေခြင်း ဖြစ်ပါသည်။ ပြည်သူတစ်ရပ်လုံးက သောင်းကျန်းသူ လက်နက်ကိုင်များကင်းစင်မှသာ ဆင်းရဲခြင်း ကင်းမည်ဆိုသည်ကို သိသကဲ့သို့ သူပုန်ရှိသည့် တိုင်းပြည် မည်သည့်အခါမျှ မတိုးတက်နိုင်ဆိုသည် ကို တပ်မတော်ကလည်း သိသည်။ သိသည့်ကြားမှ ထာဝရငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခြင်းကြောင့်သာ ရှိသမျှ လက်နက်ကိုင်အဖွဲ့အားလုံး ပါနိုင်သမျှ ပါနိုင်အောင် တပ်မတော်က ကြိုးစားခေါ်ယူနေခြင်း ဖြစ်သည်ကို မြင်အောင်ကြည့်ရန်လိုသည်။ နိုင်ငံ၏ အဖိုးတန်လူ့အရင်းအမြစ်များ၊ အသက်အိုးအိမ်စည်းစိမ်များ မဆုံးရှုံးစေရန်လည်း ပါဝင်သည်။
ထို့ကြောင့် ဉာဏ်ပညာရှိရှိ ဆင်ခြင်တုံတရားအပြည့်ဖြင့် အမြော်အမြင်ရှေ့ထား လုပ်ကိုင်နေခြင်း ဖြစ်သည်။ ရေရှည်ဖွံ့ဖြိုးရေးအမြင်ဖြင့် ဘက်ပေါင်းစုံမှ ကြိုတင်မြော်တွေးနိုင်၍လည်းဖြစ်သည်။ ထိုအတွေး၊ ထိုခံယူချက်များမှတစ်ဆင့် နားလည်မှုကို ရရှိနိုင်ပါသည်။ ထို့ကြောင့်လည်း အပြန်အလှန် နားလည်မှုမရရအောင် ကြိုးစားပြီး ယုံကြည်မှုမရရအောင် တည်ဆောက်နေခြင်းဖြစ်သည်။ ယုံကြည် မှုအားကောင်းလျှင် စိတ်ဝမ်းကွဲမှုများ ပပျောက်သည်။ ယုံကြည်မှုဆိုသည်မှာ တပ်မတော်နှင့်ပြည်သူအကြား၊ မဏ္ဍိုင်တစ်ခုနှင့်တစ်ခုအကြား၊ တိုင်းရင်းသားများအကြား အပြန်အလှန်ယုံကြည်မှုပင် ဖြစ်သည်။ ယုံကြည်မှုကင်းမဲ့လျှင် ပူးပေါင်း ဆောင်ရွက်မှုတွင် အားမကောင်းနိုင်သည့်အချက်ကို လက်တွေ့မြင်ရပြီးဖြစ်သည်။ ထို့ကြောင့် စိတ်ရှည်သည်းခံခြင်းမှသည် အပြန်အလှန်နားလည်မှုကို တည်ဆောက်၊ အပြန်အလှန်နားလည်မှုမှသည် အပြန်အလှန်ယုံကြည်မှုရရှိ၊ ယုံကြည်မှုကို အရင်းတည်သည့် တည်ငြိမ်အေးချမ်းမှုနှင့်အတူ တည်ငြိမ်အေးချမ်းမှုမှသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီသို့ မရောက်ရောက်အောင် သွားနေခြင်းဖြစ်ပါသည်။
ယခုအချိန်မှာ နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေပါပြီ။ သို့သော် ကမ္ဘာကြီးက မငြိမ်းချမ်းနိုင်ဘဲ နိုင်ငံတကာမှာ ဖြစ်နေသည့် မျက်မှောက်ခေတ်သစ် စစ်ပွဲများကိုသာ တွေ့မြင်နေရသည်။ ပြည်တွင်း ပြည်ပ အန္တရာယ်များကားရှိဆဲ၊ ဆက်လက်ရှိနေမည်ဟုလည်း သုံးသပ်ရမည်။ စွမ်းအင်၊ စားရေရိက္ခာငတ်မွတ်မှုစိန်ခေါ်ချက်များက အသင့်စောင့်ကြိုနေသည်ကို မြင်ရမည်။ နိုင်ငံကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြစဉ် ရိုက်ခတ်လာမည့် ဘေးဆိုးအန္တရာယ်များကို မျက်ခြည်ပြတ်၍မရပါ။ ထို့အတွက် တပ်မတော်ကြီး ခိုင်မာတောင့်တင်း နေရန်လိုအပ်သည်။ ပြည်သူများ စည်းလုံးညီညွတ် နေရန်လိုသည်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ဖြောင့်မတ်နေရန်လိုသည်။ ပြည်သူနှင့် တပ်မတော်အင်အား၊ အမျိုးသားညီညွတ်မှုအားဖြင့် ပြည်ထောင်စုကြီးအင်အားရှိနေရန် လိုအပ်သည်။ နိုင်ငံသမိုင်း တစ်လျှောက် ခေတ်အဆက်ဆက်အတွေ့အကြုံ၊ သင်ခန်းစာများအရ တပ်မတော်မရှိလျှင်မဖြစ်သည့် အနေအထားတွင် တပ်မတော်မရှိဘဲ နိုင်ငံတစ်နိုင်ငံသည် မည်သို့မျှ ရပ်တည်နိုင်စွမ်းမရှိဟူသော အဖြေရ၍ တပ်မတော်သည်သာ နိုင်ငံ၏ အဓိကအင်အားစုဖြစ်သည်ကို တွေ့မြင်နိုင်သည်။
ထို့အတွက် နိုင်ငံ၏ လူငယ်စွမ်းအားအရင်းအမြစ်ကို အကောင်းဆုံးအသုံးချနိုင်ခဲ့သဖြင့် ပြည်သူ့စစ်မှုထမ်းနှင့် အမျိုးသမီးစစ်မှုထမ်းများသည် ယခုအခါ နိုင်ငံ၏ကာကွယ်ရေးအင်အားများအဖြစ် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြပါပြီ။ လူသားအရင်းအမြစ်အပြင် ကြည်း၊ ရေ၊ လေ လက်နက်၊ ပစ္စည်းအင်အားနှင့် စွမ်းပကားကိုလည်း တိုးချဲ့အဆင့်မြှင့်တင်ပြီး နိုင်ငံတကာအဆင့်မီ စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ် ဖြစ်အောင် ကြိုးစားတည်ဆောက်နေသည်ကို တွေ့ရပေမည်။ နည်းပညာဖြင့် အဆင့်မြှင့်၊ ဝယ်ယူဖြည့်တင်းသင့်သည်ကို ဖြည့်ဆည်း၊ ကိုယ်ပိုင်ထုတ်လုပ်နိုင်သည်ကို ကိုယ်တိုင်ထုတ်လုပ်လာနိုင်သည့်အခါ စစ်လက်နက်အသုံးအဆောင်ပစ္စည်းများသည် ယခင်ကထက်ပို၍ ခေတ်မီလာသည်။ မိတ်ဖက်နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများတိုးတက်လာခဲ့ခြင်းဖြင့် တပ်မတော် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှသည် နိုင်ငံတကာဆက်ဆံရေးဝန်းကျင်ကောင်းများ ဖန်တီးနိုင်ခဲ့သည်ကို တွေ့ရသည်။
စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများဖြင့် …
မြန်မာ့တပ်မတော်၏ ခေတ်အဆက်ဆက် ပြည်သူကို အလုပ်အကျွေးပြုသည့် ဆောင်ရွက်ချက် ကောင်းများစွာ၏ရလဒ်များကို တိုင်းတာရာတွင် ရန်သူအတွက် စစ်ပွဲမဟုတ်သည့် ပြည်သူ့အတွက် စစ်ဆင်ရေးများစွာနှင့်လည်း တိုင်းတာနိုင်ပါသည်။ စစ်ရေးအမြင်တစ်ခုတည်းမဟုတ်ဘဲ စစ်ပွဲမဟုတ်သည့် စစ်ဆင်ရေးများအဖြစ် စစ်ဘက်- အရပ်ဘက် ဆက်ဆံရေးကောင်းများစွာကို တည်ဆောက်နိုင်ခဲ့ပါသည်။ စစ်ဘက်၏ စုစည်းမှုအားကောင်းသော အရင်းအမြစ်များကို စွမ်းဆောင်ရည်ရှိရှိ စနစ်တကျအသုံးချနိုင်မှု၊ နည်းပညာကို မျှဝေဖလှယ်နိုင်ခဲ့မှုများသည် မြန်မာ့တပ်မတော်၏ အားသာချက်များ ဖြစ်ခဲ့ပါသည်။
ထိုအားသာချက်များဖြင့် ပြည်သူတို့၏ လူမှုဘဝလုံခြုံရေးကို တာဝန်ယူ၍ နိုင်ငံ၏ပုံရိပ်ကို မြှင့်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ သာဓကပြရလျှင် သမားရိုးကျမဟုတ်သည့် ကိုဗစ်-၁၉ ကပ်ဆိုးကြီး ကဲ့သို့သော စိန်ခေါ်မှုများကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရစဉ်က တပ်မတော်ကို အဓိကမဏ္ဍိုင်ထား၍ စစ်ဘက်-အရပ်ဘက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့မှု များကို ပြသနိုင်ပါသည်။ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟူသောမူအောက်တွင် ကန့်သတ် ပိတ်ဆို့မှုများကို အလေးမထား၊ စစ်သည်-အရပ်သားမခွဲခြားဘဲ တပ်မတော်ဆေးရုံများတွင် လက်ခံကုသပေးခဲ့သည်။
ဒုက္ခရောက်ပြည်သူများ၊ သံဃာသီလရှင်များကို ကူညီစောင့်ရှောက်နိုင်ခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသောဒေသများရှိ သန်းနှင့်ချီသည့်ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်ကို တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက နယ်လှည့်ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သဘာဝဘေးအန္တရာယ်ကျရောက်သည့် နိုင်ငံအနှံ့မည်သည့် နေရာမဆို တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ချက်ချင်းရောက်သည်။ အချိန်ပိုင်းအတွင်း တုံ့ပြန်နိုင်စွမ်းရှိသည်။
လူမှုဘဝလုံခြုံရေးမှသည် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကိုလည်း စစ်ဆင်ရေးပမာ ဆောင်ရွက် ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများ၏ ပညာရည်မြှင့်တင်ရေးအပိုင်းမှာ အထူးအားထည့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ နိုင်ငံကို ပညာဖြင့်တည်ဆောက်ရာတွင် တပ်မတော်က တစ်စိတ်တစ်ပိုင်း ပံ့ပိုးကူညီပါဝင် နေခြင်းကို မြင်အောင်ကြည့်ရပါမည်။ တပ်ကို တည်ဆောက်ရာအချက်လေးချက်အနက် စိတ်ဓာတ်ဖြင့် တည်ဆောက်ဆိုသည့်အချက်တစ်ခု ပါဝင်နေရာ ပညာအခြေခံသောစိတ်ဓာတ်ဖြင့် တပ်ကိုကောင်းအောင် တည်ဆောက်နေမှုကို ပြသရာလည်း ရောက်ပါသည်။
(၈၁) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု ယခုဆောင်းပါးကို ယနေ့ဖြစ်ပွားနေသည့် အရှေ့အလယ် ပိုင်းပဋိပက္ခကို မြင်အောင်ကြည့်ရန်တိုက်တွန်းလျက် နိဂုံးချုပ်လိုပါသည်။ နိုင်ငံအချင်းချင်း လက်နက်ကိုင်ပဋိပက္ခကြားက မြေစာပင်ဖြစ်ရှာသည့် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တွေ ဘယ်လောက်ထိခိုက်နစ်နာဆုံးရှုံးနေ ရပါသလဲ။ အနှစ်နှစ် အလလထူထောင်ထားသည့် နိုင်ငံ၏ အရင်းအမြစ်များစွာ ဘယ်လောက်ဆုံးရှုံးသွားခဲ့ပြီလဲ။ မြင်နိုင်ပါလိမ့်မည်။ စစ်ဆိုတာ မဖြစ်တာ အကောင်းဆုံးပါ။ ဖြစ်ခဲ့လျှင်လည်း ခံနိုင်ရည်ရှိမှဖြစ်သည်။ ခံနိုင်ရည်ရှိဖို့ကလည်း တပ်မတော် အင်အားတောင့်တင်းမှ၊ နိုင်ငံအားကောင်းမှ ဖြစ်မည် ဆိုသည်ကို သတိရစေချင်သည်။
ထို့ကြောင့် လက်နက်ကိုင်အဖျက်သမားများက စစ်ကိုမဖန်တီးနိုင်အောင် ပြည်သူများက တပ်မတော်နှင့် ပူးပေါင်းရမည်။ တပ်မတော်ကို ကူညီရပါမည်။ တပ်မတော်နှင့်ပြည်သူ အပြန်အလှန်ကူညီ၍ တပ်မတော်၏ ဂုဏ်၊ နိုင်ငံ၏ဂုဏ်ကို ဆက်လက်ထိန်းသိမ်းကြရပါမည်။ ။
