Skip to main content

စက်သုံးဆီ အထိတ်တလန့်ဝယ်ယူမှု သတိပြု… အထိတ်တလန့်ဝယ်ယူခြင်း အကြောင်းအကျိုး

ရွှေသင် (MPP)

အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများ အရှိန်တက်၍ ပြင်းထန်လာချိန်တွင် နိုင်ငံအသီးသီး၌ ဈေးကွက်အလှုပ်အခတ်များ ရှိလာသည်။ ထိုဈေးကွက်များထဲတွင် အသိသာဆုံးမှာ နေ့စဉ်လှုပ်ရှား၊ အသုံးပြုနေကြရသော စက်ကိရိယာ၊ ယာဉ်ယန္တရားများအတွက် အရေးပါသည့် စက်သုံးဆီဈေးကွက်ဖြစ်သည်။ နိုင်ငံအချို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ယာဉ်ကြီး၊ ယာဉ်ငယ်အသွယ်သွယ်တို့ တစ်မျှော်တစ်ခေါ် တန်းစီနေကြသည်ကို သတင်းများတွင်‌ မြင်တွေ့နေရ၏။

အခြေအနေကို သက်ဆိုင်ရာမှ ထိန်းကျောင်းကြပ်မတ်နေသည်သာမက စီးပွားရေးသုတေသီများ၊ ပညာရှင်များကလည်း ထိုကဲ့သို့ စက်သုံးဆီများကို အထိတ်တလန့်ဝယ်ယူနေခြင်း၊ လိုအပ်သည်ထက်ပို၍ ဝယ်ယူ၊ စုဆောင်း၊ သိုလှောင်နေခြင်းတို့ကို မပြုလုပ်သင့်ကြောင်း တိုက်တွန်းဆော်ဩ၊ အကြံပြုနေကြသည်။ ယခုကဲ့သို့ အထိတ်တလန့်ဝယ်ယူသည့် အခြေအနေမျိုးကို မကြာခဏကြုံတွေ့ဖူးကြပြီး ဖြစ်သည်။ သတင်းအချက်အလက်အပြည့်အဝ မသိ၊ ဇာစ်မြစ်မရှိသည့် သတင်းကြားလိုက်ရသည်နှင့် စိုးရိမ်စိတ်ဖြစ်ပေါ်ကာ လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ အဆက်မပြတ်ဝယ်ယူခြင်းတို့ဖြင့် အထိတ်တလန့်ဝယ်ယူမှုကို ပြုလုပ်ကြခြင်းဖြစ်သည်။

အကျိုးဆက်သက်ရောက်မှု

အထိတ်တလန့်ဝယ်ယူခြင်းသည် ဝယ်ယူသူတစ်ဦးတစ်ယောက်ချင်းစီကို စိတ်သောက ဖြစ်စေရုံသာမက ဈေးကွက်တစ်ခုလုံး မတည်ငြိမ်မှုဖြစ်စေပြီး အခြားဆက်နွှယ်သည့် ကဏ္ဍများတွင်ပါ ဆိုးကျိုးများ ကြုံတွေ့လာနိုင်သဖြင့် တာဝန်ရှိသူများနှင့် ပညာရှင်များက ထိုသို့မပြုလုပ်ရန် တိုက်တွန်းအကြံပေးနေကြခြင်းဖြစ်သည်။

- စက်သုံးဆီအထိတ်တလန့်ဝယ်ယူမှုသည် (ဝယ်ယူသူတို့ ကိုယ်တိုင် ပြုလုပ်မှုကြောင့်) ဈေးကွက်အတွင်း အမှန်တကယ်မဟုတ် သော၊ အတုအယောင်ရှားပါးမှု ဖြစ်စေ သည်။

-         စက်သုံးဆီအထိတ်တလန့်ဝယ်ယူမှုသည် လူပင်ပန်းရုံသာမက အချိန်နှင့်ငွေကို ဖြုန်းတီးသကဲ့သို့ ဖြစ်စေသည်။ 

- စက်သုံးဆီအထိတ်တလန့်ဝယ်ယူမှုသည် စက်သုံးဆီအပါအဝင် အခြားကုန်စည်များ၏ ဈေးနှုန်းများ သိသိသာသာမြင့်တက်လာ စေတတ်ပြီး ငွေကြေးဖောင်းပွမှုကို မြင့်တက်ကာ အိမ်ထောင်စုများ၏ ကုန်ကျစရိတ်များကို ထပ်မံမြင့်တက်လာစေသည်။ 

-  စက်သုံးဆီအထိတ်တလန့်ဝယ်ယူမှုအပေါ် လက်လီရောင်းချသူများက အခွင့်ကောင်းယူကာ ပိုမိုအမြတ်တင်ရောင်းချတတ်သဖြင့် ဈေးကွက်မတည်ငြိမ်မှုကို ဖြစ်စေသည်။

- စက်သုံးဆီအထိတ်တလန့်ဝယ်ယူမှုများကြောင့် ဖြစ်ပေါ်လာသည့် မော်တော်ယာဉ် အမျိုးမျိုးတို့၏ ရှည်လျားသော တန်းစီစောင့်ဆိုင်းမှုများသည် လမ်းမကြီး၊ လမ်းမငယ်များကို ပိတ်ဆို့မှုဖြစ်စေကာ သွားလာမှုနှောင့်နှေးကြန့်ကြာခြင်း၊ အရေးပေါ်ကိစ္စ များတွင် သွားလာမှုခက်ခဲခြင်းတို့ ဖြစ်စေသည်။ ထိုအခြေအနေမြင်ကွင်းများသည် ကောလာဟလသတင်းများကို အများအပြားပေါ်ထွက်လာစေပြီး အများပြည်သူတို့ကြား စိုးရိမ်စိတ်များကို ပိုမိုကြီးထွားလာစေသည်။

အထိတ်တလန့်ဝယ်ယူမှု လျော့ကျစေရေး

စက်သုံးဆီ အထိတ်တလန့်ဝယ်ယူမှု မဖြစ်စေရန် /အထိတ်တလန့်ဝယ်ယူလိုစိတ် လျော့ကျစေရန် သက်ဆိုင်ရာဌာနများ၊ ဒေသအာဏာပိုင်များက နည်းလမ်းအမျိုးမျိုး ကျင့်သုံးနေကြသကဲ့သို့ ဝယ်ယူသုံးစွဲသူများ ကိုယ်တိုင်ကလည်း အောက်ပါတို့ကို သိရှိ၊ လိုက်နာလုပ်ဆောင်သင့်ပေသည်-

- အထိတ်တလန့်ဝယ်ယူမှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေသည် ဈေးကွက်အတွင်း ပုံမှန်ပမာဏထက် ပိုမိုဝယ်ယူမှုရှိလာတတ်သောကြောင့် (အချိန်ကာလ တစ်ခုအထိ လုံလောက်မှုရှိသည့် အနေအထားရှိနေသည့်တိုင်) အချိန်တိုအတွင်း မဖြစ်သင့်သော စက်သုံးဆီရှားပါးမှုဖြစ်လာစေတတ်သည်။ ထိုအခြေအနေသည် စိတ်ပညာဘာသာရပ်တွင်ရှိသည့် ကောင်းခြင်း/ ဆိုးခြင်း အခြေအနေများဖြစ်စေရန် မိမိတို့ကိုယ်တိုင်ကြိုတင်ဟောကိန်းထုတ်ခြင်း အယူအဆကဲ့သို့ ဖြစ်လာနိုင်စရာ ရှိသည်။

ဆိုလိုသည်မှာ အခြေအနေတစ်ရပ်အပေါ် အကောင်းရလဒ် သို့မဟုတ် အဆိုးရလဒ်တစ်ခုခု ဖြစ်လာလိမ့်မည်ဟု ထင်မှတ်၊ ယုံကြည်လျက်/မျှော်လင့်လျက် တစ်စိုက်မတ်မတ် ပြုမူလုပ်ဆောင်ရာမှ ထင်မှတ်ယုံကြည်ထားသည့်အတိုင်း အမှန်တကယ် ကြုံတွေ့လာရခြင်းဖြစ်သည်။ ယခုကြုံတွေ့နေရသည့် စိုးရိမ်စိတ်များဖြင့် စက်သုံးဆီများ အထိတ်တလန့်ဝယ်ယူမှုများကိုလည်း အဆက်မပြတ်ပြုလုပ်မိပါက (မြေပြင်၌ စက်သုံးဆီလက်ကျန် ပမာဏအရ အမှန်တကယ်ပြတ်လပ်မှုမရှိသေး သည့်တိုင်) ရှားပါးသည့်အခြေအနေမျိုးကို ကြုံလာနိုင်ခြင်းဖြစ်သည်။ စက်သုံးဆီဝယ်ယူသုံးစွဲနေသူများ ၏ကိုယ်တိုင်ပြုလုပ်မှုများကြောင့် ကြုံတွေ့လာနိုင်ခြင်းဟု ဆိုသည်။

- အထိတ်တလန့်ဖြစ်လျက် စက်သုံးဆီများကို ပမာဏများစွာဝယ်ယူ၍ သီးခြားထည့်စရာများတွင် သိုလှောင်သိမ်းဆည်းထားခြင်းသည် ဥပဒေနှင့် မကိုက်ညီသဖြင့် အရေးယူခံရနိုင်သကဲ့သို့ ဘေးအန္တရာယ်ကြီးမားသော မီးလောင်မှုများ ပိုမိုဖြစ်နိုင်ခြေရှိသည်ကိုလည်း သတိပြုရမည်။

- အထိတ်တလန့်ဖြစ်လျက် လူတစ်ဦးချင်း/မော်တော်ယာဉ်တစ်စီးချင်းစီက စက်သုံးဆီများကို အကြိမ်ကြိမ်၊ အခါခါဝယ်ယူသိုလှောင်နေပါက ဒေသတစ်ခုအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းများ၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ လူနာတင်ယာဉ်များစသဖြင့် အရေးကြီးသော၊ မရှိမဖြစ်ဝန်ဆောင်မှုကဏ္ဍများတွင် စက်သုံးဆီရရှိမှု ခက်ခဲလာနိုင်ခြင်းကြောင့် လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ဆက်စပ်မှုရှိသော အခြားကဏ္ဍများတွင် အခက်အခဲများ ဖြစ်ပေါ်ကာ ဒေသတွင်းမတည်ငြိမ်မှုကို ဖြစ်လာစေနိုင်သည်။ 

- ကောလာဟလများ၊ အွန်လိုင်းမီဒီယာများမှ ဇာစ်မြစ်မသေချာသည့် သတင်းများကို မယုံကြည်ဘဲ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်သည့် ကြေညာချက်များ၊ သတင်းများကိုသာ စောင့်ကြည့်သင့်ပါသည်။ သက်ဆိုင်ရာဌာနများ၏ တရားဝင်ကြေညာချက်များသည်သာ စက်သုံးဆီဈေးကွက်အခြေအနေမှန်ဖြစ်သည်ကို သတိပြုသင့်သည်။

- သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိဌာနများက စိုးရိမ်စရာမလိုကြောင်း၊ မည်သို့မည်ပုံ စီစဉ်ဆောင်ရွက်နေကြောင်း ကြေညာစေကာမူ ဝယ်ယူသုံးစွဲနေသူများက အခြေအနေမှန်ကို သဘောပေါက်နားလည်မှုမရှိ၊ လိုက်နာလုပ်ဆောင်မှုမရှိပါက အလုပ်မဖြစ်နိုင်ပေ။ ၎င်းတို့ကိုယ်တိုင်က ကောလာဟလများကို မယုံကြည်ဘဲ စိုးရိမ်စိတ်လျှော့ချလျက် ပုံမှန်ပြုမူဝယ်ယူမှသာ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် လက်ကျန်၊ ဝယ်ယူမှု၊ ရောင်းချမှုများကို အခြေအနေမပျက်၊ တည်ငြိမ်စွာ ထိန်းသိမ်းနိုင်လိမ့်မည်။ စက်သုံးဆီဈေးကွက် အလှုပ်အခတ်နည်းလျက် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိစေရေးအတွက် အထောက်အကူဖြစ်ပေမည်။ 

အခက်အခဲများ သက်သာစေရေး

ယခုအခါ ဒေသဆိုင်ရာအာဏာပိုင်များက QR Code စနစ်ကျင့်သုံး၍ လူတစ်ဦးချင်း/ မော်တော်ယာဉ်တစ်စီးချင်း၏ စက်သုံးဆီဝယ်ယူနိုင်မှုကို ထိန်းချုပ်နိုင်သည့် Individual Quota Manage-ment ပြုလုပ်လျက်ရှိရာ ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယူဆပါသည်။

စက်သုံးဆီဈေးကွက် အလှုပ်အခတ်များပါက အခြားသောဈေးကွက်များကိုပါ တစ်နွယ်ငင် တစ်စင်ပါမတည်ငြိမ်မှုများ ကူးစက်ဖြစ်ပေါ်လာနိုင်ပြီး စီးပွားရေးအဆောက်အအုံတစ်ခုလုံး အကျပ်အတည်းတစ်ခုဆီသို့ ဦးတည်သွားနိုင်ပေသည်။ ထို့ကြောင့် ဈေးကွက်အင်အားစုများဖြစ်သည့် ရောင်းလိုအားဘက်မှ တင်သွင်းသည့်ကုမ္ပဏီများ၊ အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင်များသည်လည်းကောင်း၊ ဝယ်လိုအားဘက်မှ ဝယ်ယူ သုံးစွဲသူများသည်လည်းကောင်း တရားဝင်သတင်းများ၊ ထုတ်ပြန်ကြေညာချက်ကို လက်ခံယုံကြည်လျက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဒေသန္တရအာဏာပိုင်အဖွဲ့အစည်းများ၏ အစီအမံများအောက်တွင် အလေးထားလိုက်ပါ ဆောင်ရွက်ခြင်းဖြင့် အထိတ်တလန့်ဝယ်ယူမှုမှတစ်ဆင့် နောက်ဆက်တွဲဖြစ်လာနိုင်သည့် အခက်အခဲများ၊ ဆိုးကျိုးများကို ရှောင်လွှဲနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ပါသည်။ ။