မေတ္တာစွမ်းအင်
ခင်လေး (ပြည်ထောင်စုနယ်မြေ)
အခန်း(၁)
စွမ်းအင်တဲ့လေ၊ သိပ်လှတဲ့မြန်မာစကားလေး နှစ်လုံးပါပဲ။ နှစ်လုံးပေါင်းလိုက်မှ ပြည့်စုံလွန်းတဲ့ စကားလေးပါလားလို့ ကျွန်မတွေးနေမိတယ်။ စကားလုံးလေး တစ်လုံးတည်းကျပြန်တော့လည်း အဓိပ္ပာယ်က မပြည့်စုံသလောက်စွမ်းဆိုတဲ့ စကားလုံးနဲ့ အင်ဆိုတဲ့စကားလုံးလေး ပေါင်းလိုက်တော့လည်း သိပ်ကို အကျိုးအာနိသင်ရှိတဲ့ စကားလုံးလေးဖြစ်နေပြန် ပါရောလားရှင်။
မီးထွန်းရန်၊ ယာဉ်များသွားလာရန်၊ စက်ကိရိယာများလည်ပတ်ရန် စသည်တို့အတွက်သာမက စားနပ် ရိက္ခာဖူလုံရေး၊ ရေရရှိရေးစသည်တို့အတွက်ပါတိုး၍ လိုအပ်လာနေသော စွမ်းအင်ကိုရယူရာ၌ သဘာဝပတ်ဝန်းကျင်အခြေအနေနှင့် လိုက်လျောမှုမရှိသည့် ရုပ်ကြွင်းလောင်စာများကသာ ယနေ့ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင် နေရာအများဆုံး ယူထားဆဲဖြစ်သည်။
“သမီးရေ... တူလေးကျောင်းဆင်းချိန်နီးနေပြီနော် သွားကြိုပေးမယ်ဆို မေ့နေမှာစိုးလို့ သတိပေးတာကွဲ့...” အောက်ထပ်မှ မေမေ့အော်သံကိုကြားရသည်။ ရေးလက်စစာမူကို တစ်ခေါက်ပြန်ဖတ်ကြည့်နေရာမှ ရပ်လိုက်သည်။ “ဟုတ်ကဲ့မေမေ၊ သမီးသွားကြိုပေးပါ့မယ် ခဏလေးနော်၊ ရေးလက်စစာမူတွေ သေချာသိမ်းလိုက်ဦးမယ်မေမေ” အသံဆုံးသည်နှင့်တစ်ပြိုင်နက် စာရေးစားပွဲမှထရပ်ကာ အောက်ထပ်သို့ ဆင်းလာ ခဲ့လိုက်သည်။
အိမ်ကဒရိုင်ဘာ ကိုအောင်မောင်းက ခွင့်တစ်ရက်ယူထားသည်။ သူ့မိသားစုကိစ္စဟုပင် ထင်ပါသည်။ ကျွန်မကိုယ်တိုင်ပင် ကားမောင်းရပေဦးတော့မည်။ အတွေးများလွန်းသော ကျွန်မကို ကျွန်မအိမ်က မိသားစုတွေက ကားမမောင်းစေချင်ကြပေ။ ဒီနေ့တော့ မတတ်နိုင်တော့၊ ကျွန်မကိုယ်တိုင်ကားမောင်းမှ ဖြစ်တော့မည်။ မနက်ကတူတော်မောင်ကို သူများကားကြုံနှင့် ကျောင်းထည့်ပေးလိုက်ရသည်။ ကျောင်းဆင်းချိန်ကိုတော့ သွားကြိုမှဖြစ်တော့လိမ့်မည်။ မနက်ခင်းကတည်းက သူများကားကြုံနှင့် ကျောင်းသို့လိုက်သွားရခြင်းအတွက် တူတော်မောင့်မျက်နှာမကြည်မလင်ဖြစ်သွားမှန်းလည်း ကျွန်မရိပ်မိလိုက်သည်။ သို့ဖြင့် အိမ်မှကားကို ကိုယ်တိုင်မောင်းပြီး တူလေးတို့ ကျောင်းဘက်ဆီကို ဦးတည်ကာ မောင်းထွက်လာခဲ့လိုက်သည်။ အိမ်တွင် ကျန်ခဲ့သူမိသားစုအားလုံးကဖြင့် ပါးစပ်မပိတ်နိုင် တစ်ယောက် ပြီးတစ်ယောက် တတွတ်တွတ် မှာကြားသတိပေးရင်းသာ ကျန်ခဲ့ကြတော့သည်။
“ခင်လေးရေ... ကားမောင်းနေတုန်း စာရေးဖို့ ကိစ္စတွေ ဇာတ်လမ်းတွေ မတွေးနေနဲ့နော် အိမ်ရောက် မှတွေး ကြားလားသမီးရေ...” ဆိုတာကတစ်မျိုး။ “ညီမလေး ကားမောင်းနေတုန်း နင့်ဇာတ်ကောင်တွေ အကြောင်း စိတ်ထဲမှာ မစဉ်းစားနေနဲ့ ခဏလောက် အာရုံဖြတ်ထားဦးနော် ကြားလား ကောင်မလေး...” ဆိုတာက တစ်ဖုံ။ “ကောင်မလေး နင့်ဝတ္ထုထဲက ဇာတ်ကောင်က နင်ဖြစ်သွားဦးမယ်နော်လမ်းကို ဂရုစိုက်မောင်း ကြားလား ညီမလေး”လို့ မှာသူက တစ်သွယ်။
“စိတ်ချပါရှင့် ဘာမှမဖြစ်စေရပါဘူး၊ အကောင်းအတိုင်း ပြန်လာခဲ့ပါ့မယ်နော်... ဟီး ဟီး...” အဲ့လို နောက်နောက်ပြောင်ပြောင်လေးပြန်ဖြေရင်း ကားကို မောင်းထွက်လာခဲ့ပါသည်။ ကားဆီမှတ်ကို ကြည့်လိုက်တော့ ဒီခရီးစဉ်အတွက်တော့ လုံလောက် နေသေးသည်မို့ စက်သုံးဆီဆိုင်ဝင်ရောက်တန်းစီရန် မလိုအပ်သေး။ ဆီဝင်ဖြည့်နေလျှင် တူတော်မောင် နှုတ်ခမ်းစူနေမှာလည်း ကြိုသိနေသည်။ ကျောင်းဆင်းလျှင် အမြဲလိုလို ဗိုက်ဆာနေတတ်သည့် ကလေးက အိမ်သို့သာ ရောက်ချင်ဇောကပ်နေပေလိမ့်မည်။ ကားလမ်းတွေ မပိတ်ပါစေနဲ့ဟုလည်း ဆုတောင်းရသေးသည်။ အလျင်လိုလျှင် အနှေးဖြစ်တတ်သည့် သဘာဝတစ်ခါတစ်ရံကားလမ်းတွေက ပိတ်တတ် သည်။ တစ်ခါကဆိုလည်း ခင်လေးကိုယ်တိုင်ကားမောင်း ၍သွားရသည့်ခရီးစဉ်တစ်ခုတွင် ကားလမ်းပိတ်တာမှ တော်တော်လေးကို ကြာသည်။ ဘယ်လောက်ထိ ကြာသလဲဆို ရေးလက်စစာမူကို စတီရီယာရင်ကိုင်ရင်းက စိတ်နဲ့ဆက်ပြီး ရေးကြည့်နေလိုက်တာများ စာမူ ထဲက ချစ်သူနှစ်ယောက် မိဘသဘောတူ၊ မင်္ဂလာဆောင်၊ ကလေးတွေကို မွေးတဲ့အထိရောက်ရော။ နောက်မှကားက ဟွန်းတတီတီမြည်နေမှ အတွေးစ ပြတ်သွားခဲ့တော့သည့်အဖြစ်။ အဲ့သလိုမျိုး ဆိုတော့ကာ...။
အခန်း(၂ )
၁၉၈၀ ပြည့်နှစ်ဝန်းကျင် နောက်ပိုင်း၌ ကက်စပီယမ်ရေနံနှင့် သဘာဝဓာတ်ငွေ့များ ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာခြင်း စသည့်ဖြစ်ရပ်များ၊ ရေနံကြောအသစ် ရှာဖွေတွေ့ရှိခြင်း စသည်တို့က လူဦးရေနှင့်စွမ်းအင်ပိုမိုလိုအပ်လာချက်ကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးသည်မှာ မှန်သော်လည်း ယင်းအချက်ကြောင့်ပင် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ကမ္ဘာ့ရာသီဥတုစနစ်ကြီး တစ်ခုလုံးကို ပြောင်းလဲစေမည့် လက္ခဏာများသည်မူလက မသိမသာပေါ်ပေါက်နေခဲ့ရာမှ နောက်ပိုင်းတွင် ကမ္ဘာ့နေရာအများအပြား၌ မြင်သာထင်သာ ရှိလာခဲ့သည်။
“တီလေး...တီလေး သားခေါ်နေတာကြာလှပြီ ဘာတွေစဉ်းစားနေတာလဲ...”
“ဪ... သားလေးပြောလေ၊ ဘာမှမစဉ်းစားပါဘူး... သားကို လာကြိုတုန်းက စက်သုံးဆီဆိုင်တွေရှေ့မှာ တန်းစီနေတဲ့ ယာဉ်တန်းရှည်ကြီးကိုတွေ့ပြီး တီလေးဖတ်ဖူးတဲ့ စာလေးတစ်ပုဒ်ကို သတိရပြီး ပြန်စဉ်းစား နေမိလို့ပါဟယ်၊ ကဲ... ပြော သားကဘာမေးချင်လို့လဲ”
“သားလည်း အဲ့ဒါမေးမလို့၊ အရင်နေ့တွေက အဲဒီလိုကြီးမများပါဘူးတီလေးရယ်..” စက်သုံးဆီဆိုင် ရှေ့တည့်တည့် ကားဖြတ်မောင်းလာတော့ တူတော်မောင်ထံမှ ကျွန်မအတွက် မေးခွန်းတစ်ပုဒ် ထပ်ထွက် လာပြန်သည်။
“တီလေး... သားတို့ကားရော... ဆီမထည့်ထားသေးဘူးလား၊ မနက်ဖြန်သားကို မနက်အစောကြီး လိုက်ပို့ရဦးမှာနော် ဆီဖြည့်ထားလိုက်ဦးလေ”
“ဒို့ကားမှာ ဆီရှိပါသေးတယ်ကွ”
“တီလေးကလည်း ဟိုမှာ သူများတွေ အကြိတ်အနယ် တန်းစီနေကြတာ မတွေ့ဘူးလား၊ နောက်ရက် တွေ ဆီမရမှာစိုးလို့လားမှမသိတာ”
“သားရယ်... တီလေး ပြောပြမယ် အခုသားလေး ဖြစ်နေတဲ့စိတ်မျိုး လူတိုင်းမှာဖြစ်နေကြလို့ ဒီကနေ့ စက်သုံးဆီ မလုံလောက်တဲ့ပြဿနာဆိုတာ ဖြစ်နေ တာလေ”
“ဘာဆိုင်လို့လဲ တီလေးကလည်း...”
ကျွန်မ၏စကား ဆိုလိုရင်းကို သားလေးကောင်းစွာနားလည်ဟန် မရှိသေးမှန်း သိရှိသော်ငြား ကားကိုသာ ဂရုစိုက်မောင်းနေရ၍ အကျယ်တဝင့် မရှင်းပြနိုင်သေးပေ။ ကျောင်းဆင်းချိန်ဖြစ်၍ လမ်းပေါ်တွင် ကားများက ကျပ်ညပ်ရှုပ်ထွေးနေသည်။ များလိုက် သည့်ဖြစ်ခြင်း။ ကျောင်းကြို/ ပို့ယာဉ်တွေနှင့် အိမ်စီးကားတွေက အထပ်ထပ်ဖြစ်နေသေးသည်။ ကားစီးနိုင်တဲ့ လူတန်းစား ပိုများလာတဲ့သဘောဟု သတ်မှတ်ရ လေမည်လားမသိ။
“အိမ်ရောက်တော့မှသားကို တီလေးသေသေချာချာ ရှင်းပြမယ် သားလေးရေ ခုခဏလေးနော်...” ကားကို တူဝရီးနှစ်ယောက်နှင့်အတူ ကောင်းကောင်းမွန်မွန် ဘေးမသီရန်မခ အထိအခိုက် မရှိဘဲ ခြံထဲဝင်လာတာမြင်မှပင် မေမေနှင့်အတူအိမ်တွင် ကျန်ခဲ့သည့်အဖွဲ့ သက်ပြင်းချနိုင်ကြောင်း ပြောရင်း ထွက်ကြိုနေကြလေသည်။
“ဆီထပ်ဖြည့်ခဲ့သေးလား ညီမလေး”
“ဟင့်အင်း.. .မနက်ဖြန်အတွက် ရှိသေးတယ်လေ၊ မနက်ဖြန်ကျောင်းသွားပို့ပြီးအပြန်မှ ဝင်ဖြည့်ခဲ့မယ်၊ အခုဆီဆိုင်မှာ လူတွေတန်းစီနေတာ အများကြီးပဲ မြင်ခဲ့တယ်၊ ညီမလေးတို့ကားထဲဆီမှ မလိုသေးတာ၊ ဆီလိုနေတဲ့ကားတွေ ဖြည့်ပါစေ”
“သားကဖြည့်ပါလို့ပြောတယ် တီလေးက မဖြည့်သေးဘူးလို့ပြောတာ...” ဆီဝင်မဖြည့်ခဲ့လို့ တူတော်မောင်က အစာမကြေချင်သေးပေ။ “သားရယ်ကိုယ့်မှာလည်း လုံလောက်နေသေးတယ်ဆိုရင် လောဘမကြီးရဘူးလေ” ကျွန်မဒီမျှလောက်သာပဲ ပြောထားလိုက်ပါတယ်။ သားငယ်လေးရဲ့ စိတ်ဓာတ် လေးကို ခွန်အားကောင်းတွေဖြည့်ပေးဖို့တော့ လိုအပ်နေပြီ။
အခန်း(၃)
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စွမ်းအင်ပြဿနာကို ဖြေရှင်းရာ၌ မိမိတို့နိုင်ငံ၏ ပကတိအရှိတရားကို အမှန်အတိုင်း သုံးသပ်ရန်လိုအပ်သည်။ ရေနံသည် ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်ပိုင်းတွင် ကမ္ဘာ့ပထဝီနိုင်ငံရေး၌ ပို၍အရေးပါသောအခန်းသို့ ရောက်ရှိလာခဲ့ပေသည်။ ရေနံသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး နှင့် လူမှုရေး စသည်တို့တွင် အရေးပါ အရာရောက်သော အချက်တစ်ချက် ဖြစ်လာသည်။ လိုအပ်ချက်တိုင်းတွင် အကျိုးသက်ရောက်မှုတို့ရှိသကဲ့သို့ ထိုလိုအပ်ချက်နှင့်အတူ အလေးဂရုပြုရမည့် အချက်များလည်း ရှိပါသည်။ ယင်းမှာ ရေနံသည် ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေသည်။ ထိုမျှမကရေထုနှင့်မြေထုထဲသို့ ယိုဖိတ်စိမ့်ဝင်ခြင်းဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည်ဆိုသော အချက်ပင်ဖြစ်သည်။
“တီလေး ဘာလုပ်နေတာလဲ၊ စာရေးနေတာလား၊ စောစောကသားကို လာခေါ်တယ်ဆိုလို့လေ၊ သားက သွားကစားတော့မလို့၊ မေမေက တီလေးဆီ သွားလိုက်ဦး တီလေးခေါ်နေတယ်တဲ့၊ ဟုတ်လား တီလေးသားကို ဘာခိုင်းမလို့လဲ” “သားရဲ့ ဆရာမပြန်သွားပြီလား၊ စာသင်ပြီးရင် သားနဲ့တီလေး တစ်ခုခုထွက်စားရအောင်၊ သားကိုစောင့်ရင်းနဲ့ စာမူလေးတစ်ပုဒ် ရေးနေတာပါကွာ၊ ကဲတို့တူဝရီးနှစ်ယောက် ကြက်ကြော်သွားစားကြမယ်” “ဟေး... ဒါမှတို့ တီလေး...ကွ”
“ဒီနေ့ရုံးတွေကျောင်းတွေ ပိတ်တယ်ဆိုပေမယ့် မြို့ထဲမှာ ကားမောင်းရင်တော့ သတိထားမောင်းနော် တူဝရီးနှစ်ယောက်လုံး ဖြည်းဖြည်းနော်” “ဟုတ်ကဲ့ ဘွားဘွား၊ တီလေးကို ကားမောင်းရင်း အတွေးမလွန် အောင်သားက ဘေးနားကထိုင်ပြီး စကားတွေပြောပေးထားမယ် ဘွားဘွား...” “အောင်မယ် ငါ့များသူကပဲ ပြောရတယ်ရှိသေး၊ အေးပါ တီလေးကလည်း သားလေးဘေးမှာရှိနေမှ ကားမောင်းရတာ အဆင်ပြေ တာ သားရဲ့နော်”
နိုင်ငံတိုင်းရဲ့ အနာဂတ်လှပစေဖို့ဆိုရင် အဲဒီနိုင်ငံရဲ့ လူငယ်တွေကောင်းဖို့ တော်ဖို့လိုပါတယ်။ တော်ရုံနဲ့ မရသေးဘူးလေ၊ ကောင်းလည်းကောင်းမှဖြစ်မယ်။ ဘယ်လိုကောင်းရမလဲလို့ တူတော်မောင်က ပြန်မေးလိမ့်မယ်ဆိုတာ ကျွန်မသိတယ်။ ဒီနေ့တော့ ကျွန်မရဲ့ကိုယ်ပိုင်အချိန်ကို အသုံးချလို့၊ ကိုယ်ပိုင်ငွေနဲ့သူစားချင်တာ ဝယ်ကျွေးပြီးတော့ကို လူငယ်ကောင်းမှ နိုင်ငံကောင်းမှာမို့ လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်ကို လမ်းမှန်ပေါ် ဆွဲတင်ဖို့ ကျွန်မ တတ်စွမ်းသမျှနှင့် ကြိုးစားကြည့်ချင်မိပါသည်။
“တီလေး သားတို့ ကားဆီဖြည့်ရမှာနော် မေ့နေဦးမယ်၊ တော်ကြာလမ်းမှာ ဆီပြတ်သွားရင်တော့ မောပြီနော်” “အမလေးဟယ် မပြတ်ပါဘူး တီလေး သိပါတယ်၊ ကဲရှေ့မှာ စက်သုံးဆီဆိုင်ပါတော်ရယ် တီလေးတို့ ဝင်ထည့်မယ်လေ၊ ကားတွေ ဆိုင်ကယ်တွေလည်း မနေ့ကလောက်မများဘူး သားရေ အဆင်ပြေလိုက်တာ”
ကျွန်မတို့ကား အလှည့်ရောက်တော့ ပန့်ကိုင်ထား တဲ့ဝန်ထမ်းက အန်တီဘာဆီထည့်မလဲ ဘယ်လောက် ဖိုးထည့်မလဲလို့ ထုံးစံအတိုင်း မေးပါတယ်။ 92 ထည့်မယ်သား၊ နှစ်သောင်းဖိုးထည့်မယ်နော်လို့ ကျွန်မက ပြန်ဖြေလိုက်တဲ့အခါ ကျွန်မဘေးမှာ ထိုင်နေတဲ့ တူတော်မောင်က အလန့်တကြားနဲ့ ထအော်ပါတော့တယ်။
“ဟာ... တီလေးကလည်း ဆီရှိတုန်းများများ ထည့်ထားလေ နောက်တစ်ခါ ဟိုတစ်နေ့ကလို ဆီပြတ်နေလို့ ယာဉ်တစ်စီးကို ငါးထောင်ဖိုးပဲရမယ်တို့ တစ်သောင်းဖိုးပဲ ရောင်းပေးမယ်လို့ ဖြစ်နေဦးမယ်နော်”
ကျွန်မကို မကျေနပ်သလိုလို ဟိုတစ်နေ့က ဖြစ်ပွားခဲ့သော စက်သုံးဆီ ပြတ်တောက်မှုဖြစ်စဉ်ကို စိုးရိမ်ထိတ်လန့်နေဟန်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
“သားရယ်...အမှန်ကလေ၊ ပုံမှန်ဆိုရင် အဲဒီနေ့က စက်သုံးဆီမပြတ်ပါဘူးကွယ်၊ မင်းတို့တွေ သိပ်ကို ယုံကြည်အားကိုးနေကြတဲ့ အွန်လိုင်းပေါ်က သတင်းတု၊ သတင်းမှားနဲ့ လုပ်ကြံသတင်းတွေကိုဖတ်ပြီး လျှောက်ပြောနေကြတာပါကွဲ့၊ လိုင်းပေါ်မှာမဟုတ်တဲ့ မမှန်တဲ့သတင်းတွေကို ဖွတဲ့အဖွဲ့ကဖွ ယုံတဲ့အဖွဲ့ကယုံ လိုက်လည်း လိုက်ကြပါတယ်”
“ဘာလို့ဖွတာလဲ တီလေး” “သားရယ် အဲဒီလို လူတန်းစားတွေက နိုင်ငံတိုင်းမှာ အနည်းနဲ့အများတော့ ရှိကြပါတယ်၊ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့စိတ် ကိုယ့်အရိပ်ကိုယ်ပြန်နင်းချင်တဲ့စိတ် ရှိသူတွေလို့ပဲ တီလေးက သတ်မှတ်တယ်” ကျွန်မစကားလုံးတိုင်းကို သားလေးသဘောပေါက်ချင်မှ ပေါက်ပါလိမ့်မည်။ အခုလောလောဆယ်တော့ သားကို ပြောလက်စစကားကို ခဏရပ်ထားလိုက်ပြီး ကားထဲကို ဆီဖြည့်ရန် ဆိုင်ဝန်ထမ်း ကလေးမလေးကို “သမီးရေ 92 ၂၀၀၀၀ ဖိုး ထည့်မယ်နော်”ဟု ပြောလိုက်ပါသည်။ “ဟင်... တီလေးကလည်း ပိုက်ဆံမပါလို့လား ၂၀၀၀ဝ ဖိုးတဲ့...” “ဟဲ့လောက်ပြီလေသားရဲ့ ဘာလုပ်ဖို့လဲ၊ ကိုယ့်ကားအတွက် ဒီလောက်များများကြီးလည်း မလိုအပ်တဲ့ အရာတွေကို လောဘဇောမတိုက်ချင်စမ်းပါနဲ့ သားရယ်၊ ဒီစက်သုံးဆီဆိုင်က အမြဲရောင်းပေးနေတဲ့ဟာပဲ”
“တီလေးမှားနေပြီ ဒီဆိုင်က အမြဲမရောင်းနိုင်ဘူး တီလေးရဲ့ ဟိုနေ့တွေက ဆီပြတ်သွားလို့ တန်းစီနေတဲ့ ကားတွေ ဆိုင်ကယ်တွေမှ ပြန်လှည့်ပြန်သွားကြရတာ အများကြီးပဲလေ၊ တီလေးကလည်း သိရဲ့သားနဲ့ ရောင်းပေးတုန်း ထည့်ထားလိုက်ပါဦးလားလို့” “လောဘကြီးလိုက်တာ သားရယ်”
အင်း... ဒီပုံစံအတိုင်းဆိုရင်တော့ ကျွန်မရဲ့ တူတော်မောင်လည်း အဆိပ်မိနေပြီပဲ။ သားကတစ်ဆင့် နောက်တစ်ယောက်ကို အဆိပ်မပျံ့နှံ့စေချင်တော့ပါ။ အဲဒီနေ့ကသားကို ကျွန်မနောက်ထပ်စက်သုံးဆီကိစ္စ ဘာမှထပ်မပြောဘဲ မသိမသာ နေပေးလိုက်ပါတယ်။ သူနှစ်သက်တဲ့ အစားအသောက်တွေနဲ့ အသုံးအဆောင်တွေ ဝယ်ပေးပြီးတော့သာ အိမ်ပြန်လာခဲ့လိုက်ပါတော့တယ်။
အခန်း( ၄ )
တူတော်မောင်ရဲ့ အဆိပ်မိနေတဲ့ အသိဉာဏ်တွေကို သန့်ရှင်းရေးလုပ်တဲ့လုပ်ငန်း ထိထိရောက်ရောက် အောင်မြင်တယ်ဆိုတဲ့အကြောင်း ကြွားပါရစေ။ ဒီနေ့ညနေကျောင်းဆင်းချိန် ထုံးစံအတိုင်း စက်သုံးဆီ ဝင်ဖြည့်ကြတော့ ကျွန်မဘက်ကိုလှည့်ပြီး “တီလေးသားတို့ကားကို နှစ်သောင်းဖိုးပဲဖြည့်မယ်နော်”
“ဘာလို့လဲ တီလေးမှာ ပိုက်ဆံပါတယ်လေ မင်းဖြည့်ချင်သလောက်ဖြည့်လေ”
“တီလေး ကိုယ်ပြောတဲ့စကား ကိုယ်မေ့သွားပြီ လား၊ ကိုယ်ချင်းစာစိတ်က ကိုယ်ရချင်စိတ်ကို အနိုင် ယူနိုင်မှ လူပီသတယ်ဆို၊ သားတို့ ပိုက်ဆံပါသလောက် ဖြည့်လိုက်ရင် နောက်ကစောင့်နေတဲ့ယာဉ်တွေ၊ လုပ်ငန်းဆောင်ရွက်နေတဲ့ ကားတွေ၊ ခရီးသည်ယာဉ် တွေ၊ အနှေးယာဉ်တွေအားလုံးကို ဆီလောက်လောက်ငင မရတော့ရင် သတင်းတု၊ သတင်းမှား လွှင့်နေတဲ့အဖွဲ့ကသားတို့ မြန်မာနိုင်ငံမှာ စက်သုံးဆီပြဿနာတက်နေပြီလို့ လူမှုကွန်ရက်ကနေတစ်ဆင့် လျှောက်ပြီးရေးကြဦးမယ်။ ကျောင်းမှာလည်း သားက သူငယ်ချင်းတွေကို တီလေးပြောပြသလို ပြောပြလိုက်တော့ သူတို့က လက်ခံတယ် တီလေးရဲ့၊ သားတို့ နေ့တိုင်း လိုသလောက် ပဲ ဖြည့်ရအောင်နော်၊ သူများတွေလည်း အဆင်ပြေ အောင်လို့လေ” ကျွန်မရဲ့ တူတော်မောင်ကတော့ လူပီသတဲ့ လူသားလေးတစ်ယောက်၊ မေတ္တာစွမ်းအင် အားကောင်းတဲ့ လူသားလေးတစ်ယောက် ဖြစ်လို့နေ ပါပြီရှင်။
လူတိုင်းမှာသာ မေတ္တာစွမ်းအင် လုံလုံလောက်လောက်ရှိကြမယ်ဆိုရင် ဘယ်လိုအသုံးဝင် ပစ္စည်းမျိုးမှ မရှားပါးနိုင်ဘူးလို့ ပြောချင်တာပါ။ ကျွန်မ တို့ ပတ်ဝန်းကျင်မှာ ရှားပါးနေတဲ့စွမ်းအင်က စက်သုံးဆီ စွမ်းအင်မဟုတ်ပါဘူး၊ မေတ္တာစွမ်းအင် ရှားနေလို့ပါ။ တကယ်တော့ စက်သုံးဆီ စွမ်းအင်က မရှားပါးပါဘူး။ ရှားပါးပြီး လိုအပ်နေတာက မေတ္တာစွမ်းအင်ပါလို့ပဲ ကျွန်မယုံကြည်နေမိပါတော့တယ်ရှင်။
