Skip to main content

မိုဘိုင်းဖုန်းတစ်လုံးတွင် ပါဝင်သည့် IMEI ၏ အရေးပါမှုများ

အင်ကြင်းစံ

မိုဘိုင်းစက်ပစ္စည်းတစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ထားသည့် နံပါတ်စဉ်ဖြစ်သော IMEI သည် ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာတွင် အလွန်အရေးပါလှပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်းလုံခြုံရေးနှင့် တရားဝင်ဖြစ်မှုမှစ၍ အခြားနိုင်ငံ၏ မိုဘိုင်းကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်သည့်နည်းပညာ (နိုင်ငံတကာ Roaming) ကို အသုံးပြုနိုင်ရန်အထိ IMEI သည် မိုဘိုင်းနည်းပညာတွင်  အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေပါသည်။

IMEI ၏အရေးပါမှုကို သိရှိနားလည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ မိုဘိုင်းစက်ပစ္စည်းများကို ကာကွယ်နိုင်သကဲ့သို့ မိုဘိုင်းအသုံးပြုမှု အတွေ့အကြုံကောင်းများကိုလည်း ရရှိနိုင်စေမည်ဖြစ်ရာ IMEI အကြောင်းကို တတ်စွမ်းသမျှ လေ့လာတင်ပြလိုပါသည်။

IMEI ဆိုတာဘာလဲ

အပြည်ပြည်ဆိုင်ရာ မိုဘိုင်းလက်ကိုင်ဖုန်း၏ သက်သေခံအမှတ်အသား (International Mobile Equipment Identity – IMEI) ဆိုသည်မှာ တရားဝင်အသုံးပြုခွင့်ရှိပြီး စံချိန်စံညွှန်းနှင့် ကိုက်ညီသော မိုဘိုင်းဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်သတ်မှတ်ထားသော ထူးခြားသည့် ဂဏန်း ၁၅ လုံး သို့မဟုတ် ၁၆ လုံးပါ နံပါတ်တစ်ခုဖြစ်သည်။ ယင်းနံပါတ်ကို ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းဆက်သွယ်ရေးအဖွဲ့အစည်း (GSMA) က သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။ IMEI နံပါတ်အား ကမ္ဘာတစ်ဝန်းရှိ တရားဝင်ထုတ်လုပ်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းတစ်လုံးစီတွင် ကိုယ်ပိုင် IMEI အဖြစ်ပါဝင်ပြီး မိုဘိုင်းဆက်သွယ်ရေးကွန်ရက်အတွင်း သုံးစွဲသူတစ်ဦးချင်းစီနှင့် ဆက်သွယ်နိုင်ရေးခွဲခြားသတ်မှတ်ရာ၌ အသုံးပြုပါသည်။

မိုဘိုင်းဟန်းဆက် သက်သေခံမှတ်ပုံတင်စနစ် (Equipment Identity Register- EIR) ဆိုသည်မှာ တရားဝင်အသုံးပြုခွင့်ရှိသော မိုဘိုင်းဟန်းဆက်များ၏ IMEI နံပါတ်များ ထည့်သွင်းထားသော ဒေတာဘေ့စ် (Database) ပါဝင်သည့် မှတ်တမ်းကို ဆိုလိုပါသည်။ ထို့ကြောင့် EIR စနစ်သည် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် စာတို (SMS) ပေးပို့ခြင်းတို့ကို တရားဝင်အသုံးပြုခွင့်ရရှိထားသည့် မိုဘိုင်းဟန်းဆက်မှ ဖုန်းခေါ်ဆိုခြင်း/ စာတိုပေးပို့ခြင်း ဟုတ်-မဟုတ်တို့အား IMEI နံပါတ်ကိုအသုံးပြု၍ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်မှ စစ်ဆေးပေးနိုင်ခြင်း ဖြစ်ပါသည်။

IMEI ကနေ မိုဘိုင်းဖုန်းအသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်များကို သိနိုင်ပါသလား?

IMEI နံပါတ်များသတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ စံချိန်စံညွှန်းနှင့်ကိုက်ညီသော မိုဘိုင်းဟန်းဆက်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို မိုဘိုင်းဟန်းဆက်ကုမ္ပဏီ/ ထုတ်လုပ်သူ (Maker)၊ အမှတ်တံဆိပ် (Brand)၊ မော်ဒယ် (Model)၊ ထုတ်လုပ်သည့်နိုင်ငံ စသည့်အချက်များကို သိရှိနိုင်ရန် ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် IMEI တွင် ပါဝင်သည့် အချက်အလက်များသည် ဖုန်းထုတ်လုပ်သည့် အချိန်ကတည်းက ထည့်သွင်းထားသော အချက်အလက်များဖြစ်ပြီး ဖုန်းပိုင်ရှင်၏ အမည်၊ လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် SIM ကတ်ပေါ်ရှိ ဖုန်းနံပါတ်အစရှိသော အသုံးပြုသူနှင့် သက်ဆိုင်သည့် အချက်အလက်များ ပါဝင်ခြင်းမရှိပါ။

IMEI နံပါတ်ကို ဘယ်လိုသိနိုင်မလဲ

မိုဘိုင်းဟန်းဆက်မှတစ်ဆင့် IMEI နံပါတ်ကို စစ်ဆေးကြည့်ရှုရန်အလွယ်ကူဆုံးနည်းမှာ ဖုန်းထဲတွင် *#06# ဟု ရိုက်ထည့်၍ ဖုန်းခေါ်ဆိုခြင်းဖြစ်ပြီး မိုဘိုင်းဖုန်း၏ Settings သို့ ဝင်ရောက်၍ About Phone ခေါင်းစဉ်အောက်တွင်လည်း စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ထို့ပြင် မိုဘိုင်းဖုန်း (ဟန်းဆက်) အသစ်ဖြစ်ပါက မိုဘိုင်းဖုန်းဘူးခွံပေါ်တွင်လည်း IMEI နံပါတ်ကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ SIM Card နှစ်ခုထည့်သုံးနိုင်သည့် (Dual-SIM) ဖုန်းများတွင် SIM Slot တစ်ခုချင်းစီအတွက် သီးခြားနံပါတ် တစ်ခုစီဖြင့် IMEI နံပါတ်နှစ်ခု ဖော်ပြပါသည်။

IMEI က ဘာကြောင့် အရေးကြီးတာလဲ

IMEI နံပါတ်များသည် မိုဘိုင်းဟန်းဆက်ပျောက်ဆုံးသွားလျှင်ဖြစ်စေ၊ ခိုးယူခံရလျှင်ဖြစ်စေ မသမာသူတစ်ဦးမှ အသုံးပြုနိုင်ခြင်းမရှိစေခြင်းဖြင့် ပြန်လည်ရရှိစေရေး အထောက်အကူပြုနိုင်စွမ်းရှိပါသည်။ ဆိုလိုသည်မှာ မိုဘိုင်းဟန်းဆက်ခိုးယူခံရသူသည် IMEI နံပါတ် အထောက်အထားများဖြင့် ခိုးယူခံရမှုအား မိုဘိုင်းအော်ပရေတာများရှိ EIR အားလုံးကို စုစည်းထားသည့် ဗဟိုမှတ်တမ်း (Central Equipment Identity Register- CEIR) စနစ်တွင် စစ်ဆေးနိုင်ရန် ပေးပို့တိုင်ကြားနိုင်ပါသည်။ ထိုသို့တိုင်ကြားသည့်အခါ CEIR စနစ်ဖြင့် ခိုးယူခံရသည့် ဟန်းဆက်အားခိုးယူသူက ဆက်လက်အသုံးပြု၍မရစေရန် ယာယီဖြစ်စေအမြဲဖြစ်စေ ပိတ်သိမ်းပေးနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် အခြားနိုင်ငံများနှင့် ချိတ်ဆက်၍ မိုဘိုင်းအော်ပရေတာများရှိ EIR များတွင်လည်း အသုံးပြုနိုင်ခြင်းမရှိစေရန် လိုအပ်ပါက ညှိနှိုင်းဆောင်ရွက်နိုင်ပါသည်။

မိုဘိုင်းဖုန်းဝယ်ရင် IMEI ကို ဘာကြောင့် စစ်သင့်တာလဲ

နောင်တွင် မိုဘိုင်းဟန်းဆက်တစ်လုံး ဝယ်ယူမည်ဆိုပါက IMEI နံပါတ်ကို စစ်ဆေးရန် အလွန်အရေးကြီးပါသည်။ IMEI နံပါတ်ကို မစစ်ဆေးဘဲ ဝယ်ယူမိပါက မိမိဝယ်ယူသည့် မိုဘိုင်းဟန်းဆက်သည် ခိုးယူထားခံရခြင်း၊ ကျသင့်အခွန်မပေးဆောင်ရသေးသဖြင့် ကာလတိုသာအသုံးပြုနိုင်ခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းနှင့်မကိုက်ညီသော အတုထုတ်လုပ်ထားသည့် ဖုန်း (Clone Phone) ဖြစ်၍ အချိန်ကာလတစ်ခုထိသာ တရားဝင်အသုံးပြုခွင့်ရှိနေခြင်းတို့ကို ကြုံတွေ့နိုင်ပါသည်။ ထို့ပြင် IMEI နံပါတ်သည် ဟန်းဆက်ပျောက်ဆုံးလျှင် CEIR စနစ် မှတစ်ဆင့်ပိတ်သိမ်းနိုင်ရန် အသုံးပြုနိုင်သည့် အရေးကြီးဆုံးလုံခြုံရေးနံပါတ်တစ်ခုလည်းဖြစ်ခြင်း တို့ကြောင့် မိုဘိုင်းဖုန်းဝယ်ယူလျှင် IMEI နံပါတ်ကို အလေးထားစစ်ဆေးသင့်ပါသည်။

IMEI နံပါတ်ကို ဘယ်လို စစ်ဆေးရမှာလဲ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံအလိုက် အသုံးပြုနေသည့် ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာစနစ်များမှတစ်ဆင့် ဝင်ရောက်၍ IMEI နံပါတ် မှန်ကန်မှု ရှိ/မရှိကို စစ်ဆေးကြပါသည်။ (ဥပမာ-ထိုင်းနိုင်ငံတွင် NBTC စနစ်၌ စစ်ဆေးနိုင်ပါသည်။) မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ IMEI နံပါတ် အား စစ်ဆေးနိုင်မည့် CEIR စနစ်အား စတင်ချိန်တွင် IMEI နံပါတ် မှန်ကန်မှု ရှိ/မရှိကို စစ်ဆေးနိုင်မည် ဖြစ်ပါသည်။

အချုပ်ဆိုရပါက မိုဘိုင်းဟန်းဆက်ကိုဖြစ်စေ၊ မိုဘိုင်းဆက်သွယ်ရေးပစ္စည်းကိုဖြစ်စေ သုံးစွဲကြသူများအနေဖြင့် မိမိဝယ်ယူအသုံးပြုသည့် မိုဘိုင်းပစ္စည်း၏ IMEI နံပါတ်ကို မှတ်သားထားရန်၊ အသစ်ဝယ်သည့်ဖုန်း၏ IMEI နံပါတ်ကို  တရားဝင်ဖြစ်/မဖြစ် စစ်ဆေးရန်ဟူသည့်အချက်များမှာ အလွန်အရေးကြီးကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခက်အခဲများကြားမှ အများပြည်သူတို့၏ အကျိုးစီးပွားကို စောင့်ရှောက်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုအသစ်များဖြင့် အခြားနိုင်ငံများနည်းတူ မိုဘိုင်းဟန်းဆက် မှတ်ပုံတင်ခြင်းစတင်ချိန်တွင် အတူလိုက်ပါဆောင်ရွက်ရမည့် ပြည်သူများ ကြိုတင်သတိပြုနိုင်ရန်နှင့် နေ့စဉ်အသုံးပြုသော မိုဘိုင်းဟန်းဆက်များနှင့် စပ်လျဉ်းသည့် ဗဟုသုတပိုမိုရရှိစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ယနေ့ခေတ်ဒစ်ဂျစ်တယ်ကမ္ဘာတွင် အလွန်အရေးပါလှသည့် IMEI ၏ အကြောင်းကို လေ့လာမိသမျှပြန်လည်မျှဝေဖော်ပြအပ်ပါသည်။ ။