Skip to main content

ပြည်သူ့ကိုယ်စားလှယ်များ

အငြိမ်းစားဥပဒေအရာရှိတစ်ဦး

ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပါသည်။ ထိုအချုပ်အခြာအာဏာကို နိုင်ငံသားများက ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ (Members of Parliament) က ခံယူကျင့်သုံးကြပါသည်။

ဒီမိုကရေစီဆိုသည်မှာ ပြည်သူများ၏ အာဏာအပ်နှင်းခြင်းခံရသော အစိုးရက ပြည်သူများ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များဖြင့် အချုပ်အခြာအာဏာကို ကျင့်သုံးသည့်စနစ်ဖြစ်ပါသည်။ ပြည်သူများ ရွေးကောက်တင်မြှောက်သော ပုဂ္ဂိုလ်များသည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပါသည်။ ထိုပြည်သူ့ကိုယ်စားလှယ်များ စုဝေးပြီး အစည်းအဝေးကျင်းပသည့် နေရာကို လွှတ်တော်ဟု အသိအမှတ်ပြုကြပါသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် လွှတ်တော်ကဲ့သို့သော အဖွဲ့အစည်းကို ပါလီမန် (Parliament) ဟု ခေါ်ဆိုကြပါသည်။ ဂျပန်နိုင်ငံတွင် Diet ဟုလည်းကောင်း၊ အမေရိကန်နိုင်ငံတွင် Congress ဟုလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် The National People’s Congress ဟုလည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဒူးမား (Duma) ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။

အချို့သောနိုင်ငံများတွင် လွှတ်တော်နှစ်ရပ် (Bicameral)စနစ် ကျင့်သုံးပြီး အချို့သောနိုင်ငံများတွင် လွှတ်တော်တစ်ရပ် (Unicameral) စနစ်ကို ကျင့်သုံးကြပါသည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ် ပေါင်းစည်းထားသည့် Bicameral စနစ်ကို ကျင့်သုံးပါသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း တိုင်းဒေသကြီး လွှတ်တော်/ ပြည်နယ်လွှတ်တော်များကို ဖွဲ့စည်းထားပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ အရေအတွက်နှင့် အရည်အချင်းကို သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပြဋ္ဌာန်းသတ်မှတ်ထားရှိပါသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး (စီမံခန့်ခွဲရေး) နှင့် တရားစီရင်ရေးဟု ကဏ္ဍကြီးသုံးရပ်ပိုင်းခြားကျင့်သုံးကြပါသည်။ ဥပဒေပြုရေးအာဏာကို ဥပဒေပြုအဖွဲ့ (Legis-lature) က ကိုင်တွယ်ကျင့်သုံးပါသည်။ မြန်မာနိုင်ငံတွင် ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်က ကျင့်သုံးပါသည်။ ထိုအဖွဲ့များကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများက ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များ (Members of Parliament) ဖြင့် ဖွဲ့စည်းထားပါသည်။ ထိုအဖွဲ့အစည်းများ၏ အဓိကတာဝန်မှာ ဥပဒေပြုခြင်း(Legislation) ဖြစ်ပါသည်။ ဥပဒေပြုရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေပြုရေးနှင့် ဆက်စပ်သော ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရပါသည်။ ဥပဒေပြုအဖွဲ့ (မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော်ကဲ့သို့ အဖွဲ့အစည်း) က အတည်ပြုပြီးသောအခါ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ကြေညာရပါသည်။

ပြည်သူများက ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များ (Members of Parliament) ၏ တာဝန်များမှာ သက်ဆိုင်ရာနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ အနည်းငယ်ကွဲပြားမှုရှိသော်လည်း အခြေခံကျသည့်တာဝန်များမှာ တူညီမှုရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

ဥပဒေပြုရေးတာဝန်

ပြည်သူ့ကိုယ်စားလှယ်များ (လွှတ်တော်ကိုယ်စားလှယ်များ) ၏ အဓိကကျသောတာဝန်မှာ ဥပဒေပြုရေးဖြစ်ပါသည်။ နိုင်ငံတော်တွင် ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေများကို အဆိုပြုခြင်း၊ ထိုအဆိုပြုသည့် ဥပဒေများကို ဆွေးနွေးခြင်းနှင့် ဆန္ဒမဲပေးခြင်း၊ တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်း (ပယ်ဖျက်ခြင်း)၊ အစားထိုးခြင်း စသည့်ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်ကြရပါသည်။

ကိုယ်စားပြုခြင်း

ပြည်သူ့ကိုယ်စားလှယ်များသည် မိမိတို့အား ရွေးကောက်တင်မြှောက်လိုက်သည့် မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များကို ကိုယ်စားပြုရန် လိုအပ်ပါသည်။ ရွေးကောက်ပွဲမတိုင်မီကာလက မိမိတို့အား ရွေးကောက်တင်မြှောက်လိုက်သည့် မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များအား မဲဆွယ်စည်းရုံးခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုခဲ့ကြပါသည်။ ရွေးကောက်ပွဲအနိုင်ရရှိပြီးသည့် အခါတွင်လည်း မဲဆန္ဒရှင်များနှင့်တွေ့ဆုံပြီး မဲဆန္ဒရှင်များ၏ လိုအပ်ချက်များနှင့် မိမိမဲဆန္ဒနယ်များ ဖွံ့ဖြိုးတိုးတက်မှုကို အတတ်နိုင်ဆုံးပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်သို့ တင်ပြပေးနိုင်ရေးအတွက် မဲဆန္ဒရှင်များအား ကိုယ်စားပြုရန် လိုအပ်ပါသည်။

အပြန်အလှန်စစ်ဆေးကြပ်မတ်ခြင်း

နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်အား ခွဲဝေပိုင်းခြားကျင့်သုံးသည့်မူ (Principle of Separation of Power) ကို ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးကြပါသည်။ ထို့ပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး (စီမံခန့်ခွဲရေး) နှင့် တရားစီရင်ရေးကဏ္ဍကြီး သုံးရပ်သည်တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းကျောင်းသည့် (Check and Balance) မူကို ကျင့်သုံးကြပါသည်။ ထို့ကြောင့် ဥပဒေပြုရေးကဏ္ဍမှ လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးကဏ္ဍ (စီမံခန့်ခွဲရေး) နှင့် တရားစီရင်ရေးကဏ္ဍတို့ကို စိစစ်သုံးသပ်မှုများ ပြုရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ၊ မူဝါဒများကို ပြန်လည်သုံးသပ်ခြင်း၊ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းများမေးမြန်းခြင်း၊ သက်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများအား အစီရင်ခံစာများ တင်သွင်းစေခြင်း စသည့်နည်းလမ်းများဖြင့် ကဏ္ဍတစ်ရပ်နှင့်တစ်ရပ် အပြန်အလှန်ထိန်းကျောင်းမှု ပြုရပါသည်။

ကော်မတီလုပ်ငန်းများ

ပါလီမန်များ၊ လွှတ်တော်များတွင် သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများအရ ကော်မတီများ၊ ကော်မရှင်များကို ဖွဲ့စည်းထားရှိပါသည်။ ဥပမာအားဖြင့် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လူ့အခွင့်အရေးကော်မတီ၊ ကျန်းမာရေးနှင့် သက်ဆိုင် သောကော်မတီ၊ ပညာရေးနှင့် သက်ဆိုင်သော ကော်မတီ၊ အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးနှင့် သက်ဆိုင်သော ကော်မတီ၊ ပြည်သူများ တိုင်ကြားစာကော်မတီ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ရေးရာကော်မတီ စသည်ဖြင့် ကော်မတီများကို ဖွဲ့စည်းလေ့ရှိပါသည်။ ပြည်သူ့ကိုယ်စားလှယ်များ (လွှတ်တော်ကိုယ်စားလှယ်များ) သည် ထိုကော်မတီများတွင် ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိပါသည်။

ပါတီလုပ်ငန်းတာဝန်များ

ပြည်သူ့ကိုယ်စားလှယ်များတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များရှိသကဲ့သို့ ပါတီကိုယ်စားပြုရွေးချယ်ခံရသည့် ကိုယ်စားလှယ်များလည်း ရှိပါသည်။ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များသည် မိမိတို့ကိုယ်စားပြုသည့် နိုင်ငံရေးပါတီ၏ လုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ရပါသည်။ သို့ရာတွင် သက်ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသော နိုင်ငံတော်တာဝန်များ (ဥပမာ-ဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်း) ပေးအပ်ခြင်းခံရပါက ၎င်းကိုယ်စားပြုသည့် နိုင်ငံရေးပါတီ၏ တာဝန်များကို ထိုခန့်အပ်ခြင်းခံရသည့် နိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ဆောင်ရွက်ခွင့်မရှိပါ။

မြန်မာနိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုခြင်းဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်သည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုတစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း ဥပဒေပြုခွင့်ရှိပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေကြမ်းများကို တင်သွင်းခွင့်ရှိပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကတာဝန်မှာ ဥပဒေပြုရေးလုပ်ငန်းဖြစ်ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုသည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍကို အပြန်အလှန်ထိန်းကျောင်းခြင်း ပြုပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဆိုများ တင်သွင်းခြင်း၊ မေးခွန်းများမေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာများတင်သွင်းခြင်း စသည့်နည်းလမ်းများကို ကျင့်သုံးပါသည်။

လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာမဲဆန္ဒနယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ပြီး မဲဆန္ဒရှင်ပြည်သူများနှင့် အစဉ်ထိတွေ့နေရန် လိုအပ်ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းထားရှိပါသည်။ ထို့ပြင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးတို့အပြင် အခြားရေးရာကိစ္စများကို တင်ပြရန် လိုအပ်ပါက လွှတ်တော်ကော်မတီများကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ထိုကဲ့သို့သော အဖွဲ့အစည်းများတွင်လည်း တာဝန်ပေးအပ်ခြင်းခံရပါက ပါဝင်ဆောင်ရွက်ရပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များကို ဖွဲ့စည်းထားရှိပါသည်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာလွှတ်တော်ဥပဒေများတွင် ပြဋ္ဌာန်းထားသည့် တာဝန်များကို ထမ်းဆောင်ရပါသည်။

ပြည်သူ့ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ

ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံကို တည်ဆောက်ပြီး အာဏာကို ခွဲဝေကျင့်သုံးကြပါသည်။ အချုပ်အခြာအာဏာတွင်ပါရှိသော ဥပဒေပြုအာဏာကို ပါလီမန်ကဲ့သို့သော အဖွဲ့အစည်းက ခံယူကျင့်သုံးပါသည်။ ထိုပါလီမန်တွင် တက်ရောက်ရမည့် ကိုယ်စားလှယ်များကို သက်ဆိုင်ရာနိုင်ငံ၏ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများ၏ လွတ်လပ်သော ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ပါသည်။

ထိုသို့ပြည်သူများ ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များက နိုင်ငံတော်၏ အကြီးအကဲကို ရွေးကောက်တင်မြှောက်ပါသည်။ (အချို့သောနိုင်ငံများတွင် နိုင်ငံတော်သမ္မတကို ပြည်သူများက တိုက်ရိုက်ဆန္ဒမဲပေးသည့် စနစ်ဖြင့် ရွေးကောက်တင်မြှောက်ပါသည်။) အလားတူပင် သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပါလီမန်က နိုင်ငံတော်၏ အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းများ၏ တာဝန်ရှိပုဂ္ဂိုလ်များကိုလည်း ခန့်အပ်တာဝန်ပေးပါသည်။

ပြည်သူ့ကိုယ်စားလှယ်များသည် အဓိကအားဖြင့် ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်ရသည့်အပြင် အချုပ်အခြာအာဏာ၏ အစိတ်အပိုင်းများဖြစ်သော ဥပဒေပြုရေးကဏ္ဍ၊ စီမံခန့်ခွဲရေး (အုပ်ချုပ်ရေး) ကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍတို့၏ အပြန်အလှန်ထိန်းကျောင်းခြင်းတာဝန်နှင့် ပြည်သူကို ကိုယ်စားပြုခြင်းတာဝန်တို့ကို ထမ်းဆောင်ကြရပါသည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် ပြည်သူ့ကိုယ်စားလှယ်များသည် အလွန်အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်ပါသဖြင့် ထိုပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်နှင့် အခန်းကဏ္ဍကို အကျဉ်းချုပ်လေ့လာတင်ပြခြင်း ဖြစ်ပါသည်။ ။