စက်သုံးဆီအရေး စုံ နှင့် မ အတိအကျလိုက်နာခြင်းဖြင့် နိုင်ငံကြီးသားပီသကြောင်းသက်သေပြပါ
မေ
တစ်စစနှင့် နွေကာလကလည်း ရောက်ရှိလို့လာပြီပေါ့။ ကလေးရှိတဲ့ စာရေးသူတို့ အိမ်မှာတော့ နွေကျောင်းပိတ်ရက်မို့ ကျောင်းသူ ကျောင်းသားတွေ အားလပ်ချိန်ဖြစ်တာကြောင့် အိမ်မှာလူစုံတဲ့ရာသီလို့ ပြောရမယ်။ ဒီအချိန်ဟာ ဆောင်းအကုန် နွေအကူး ရာသီပြောင်းချိန်မို့ အပူအအေးမမျှတတာကြောင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြရတဲ့ အချိန်ဆိုလည်း မမှားဘူး။ လူစုံတက်စုံရှိတဲ့အချိန် မီးဖိုချောင်ကို တာဝန်ယူကြတဲ့ အိမ်ရှင်မတွေအတွက် သွေးတက်တဲ့ကာလပါပဲ။ အစပ်မစားနိုင်တဲ့ ကလေး၊ ဆီပြန် ဟင်းကြိုက်တဲ့လူကြီးနဲ့ အနူးအနပ်ဟင်းကိုမှ ဝါးနိုင်တဲ့ သက်ကြီးဘိုးဘွားတွေအတွက်၊ အသီးအရွက်မပါရင် မစားတတ်သူတွေအတွက် စသည်ဖြင့် လောက်ငဗိုက်ဝအောင် ဖြည့်ဆည်းကြရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပေဘူး။
ဒီနေ့လည်း ဆီပြန်ဟင်းကို မနက်ညလောက်ငပြီး ဟင်းအနှစ်နဲ့မျှတအောင်ပြင်ဆင်ရင်း နေ့လယ်ထမင်းဝိုင်းလေး စတင်ချိန်မှာ သမီးကြီးက လက်ရှိတစ်နိုင်ငံလုံးအတွက် သတင်းသစ်တစ်ပုဒ် ဖြစ်တဲ့ စုံ၊ မ ရက်အလိုက် စက်သုံးဆီချွေတာရေး အစီအမံအကြောင်း စကားစတယ်။ အိမ်က ဆိုင်ကယ်နံပါတ်အက္ခရာက မဂဏန်းမို့ သတ်မှတ်ရက်မှာ ဈေးဝယ်ဖို့နဲ့ လိုအပ်တာသုံးဖို့ သူကအကြံပြုရာကစလို့ ထမင်းဝိုင်းဟာ စက်သုံးဆီချွေတာရေးအကြောင်း အပြန်အလှန်သုံးသပ်ငြင်းခုံကြရင်း ပိုပြီးစည်ကားနေတော့တာပါပဲ။ ဒါပေမယ့် အိုးသူကြီး စာရေးသူကတော့ စကားတပြောပြောနဲ့ စားကောင်းနေကြတဲ့ ထမင်းဝိုင်းကိုကြည့်ရင်း ရင်တမမပေါ့။ ချက်ထားတဲ့ဟင်းက ညမနက်စာဖြစ်တာကြောင့် တစ်နပ်တည်းနဲ့ အကုန်များ စားပစ်လိုက်ကြရင် ညနေစာအတွက် ရင်မောရမှာမဟုတ်လား။
မိသားစုအားလုံးက ညှာညှာတာတာ စားသောက်တာကြောင့်ပဲလား၊ အိုးသူကြီး ပိုင်နိုင်လို့ပဲလားမသိ၊ ကလေးတွေအားလုံးစားသောက်ပြီးချိန်မှာ မိသားစုညစာအတွက် ဆီပြန်ဟင်းက ကွက်တိ အတိအကျကျန်နေပါသေးတယ်။ တော်သေးတာပေါ့။ အကယ်၍များ မနက်ညစာ ကြိုတင်မစဉ်းစားမိရင် ၊ ဒါမှမဟုတ် မိသားစုထဲက ဗွေဖောက်ပြီး အတ္တကြီးသူက စားနိုင်တာထက်ပိုပြီး မညှာမတာ စားသောက်ရင် ညနေစာအတွက် ထပ်မံဖြည့်တင်းရဦးမယ်။
တစ်လက်စတည်း လက်ရှိစက်သုံးဆီချွေတာရေးအကြောင်းကို ဆက်စပ်တွေးတောမိတယ်။ စာရေးသူလို အိမ်ရှင်မတစ်ဦးဟာ မိသားစုစားရေးအတွက် နေ့စဉ်နဲ့အမျှ တွေးတော ပူပန်ရတယ်။ အာဟာရပြည့်ဝအောင်၊ ဝင်ငွေနဲ့မျှတအောင်၊ ကျန်းမာကြံ့ခိုင်အောင်၊ အရသာပြည့်စုံအောင် စသည်ဖြင့် ဖြည့်တင်းရတာဟာ နိုင်ငံ့အရေးနဲ့ ဆက်စပ်နေတာပါပဲ။ အခုနိုင်ငံမှာ စက်သုံးဆီအရေး အားလုံးပူးပေါင်းအဖြေရှာသင့်တာလည်း နိုင်ငံရေးပါပဲ။ ဒါကြောင့် Politics begins in the kitchen လို့ ၁၉ ရာစုက ပေါ်ထွက်ခဲ့တဲ့ ဂျာမန်စာရေးဆရာနဲ့ နိုင်ငံရေးသမား Luise OttoPeters က ဆိုခဲ့တာဖြစ်မယ်။ မိသားစုတစ်စုမှာ အခက်အခဲအကျပ်အတည်းတွေ ကြုံတွေ့လာတဲ့အခါ အတူတူရင်ဆိုင် ဖြေရှင်းကြမယ်၊ ဆင်းရဲဒုက္ခကြုံတဲ့အခါ အတူဖြတ်ကျော်လို့ ချမ်းသာသုခရရှိတဲ့အခါလည်း အတူတကွ မျှဝေကြမယ်ဆိုသလို နိုင်ငံတစ်နိုင်ငံဟာ မိသားစုတစ်စုလိုပဲ အခက်အခဲ၊ အကျပ်အတည်းတွေကို နိုင်ငံသားတွေ စုပေါင်းအဖြေရှာကြမယ်၊ ကိုယ်ကျိုးအတ္တထက် အများအကျိုးပရစိတ်ထားနဲ့ မျှတတဲ့အမြင်၊ စာနာတဲ့အတွေးနဲ့ မြင့်မြတ်တဲ့ကရုဏာစိတ်ထားကြမယ်ဆိုရင် အဲဒီအခက်အခဲတွေဟာ မကြာမီလွန်မြောက်ပြီး သုခချမ်းသာကို ရရှိကြမှာမလွဲပါဘူး။
ဘာကြောင့်ချွေတာသုံးစွဲရတာလဲ
အခုလို နိုင်ငံအတွင်း စက်သုံးဆီချွေတာတဲ့ အစီအစဉ်တွေ ဘာကြောင့်ချမှတ်ရသလဲဆိုတာကို အားလုံးသိကြမယ်လို့ထင်ပါတယ်။ အဓိက အကြောင်းရင်းကတော့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့်လို့ဆိုရပါမယ်။ အရှေ့အလယ်ပိုင်းလို့ခေါ်တာဟာ အထူးသဖြင့် ဗြိတိန်ရဲ့ ပထဝီဝင်ရှုထောင့်ကနေမြင်တဲ့အမြင်ဖြစ်ပါတယ်။ ၁၉ ရာစု နှောင်းပိုင်းမှာ ဗြိတိသျှတွေဟာ ကမ္ဘာ့နေရာတွေကို သူတို့အရပ်ဒေသဥရောပကနေဗဟိုပြုပြီး စဉ်းစားလေ့ရှိတာကြောင့် အရှေ့ဖျားဒေသ၊ အရှေ့အလယ်ပိုင်းဒေသ စသည်ဖြင့်ခေါ်ဆိုရာကနေ ဒီအသုံးအနှုန်းဖြစ်လာတာပါ။ အမှန်က ပထဝီဝင်အရ အနောက်အာရှဒေသဖြစ်ပါတယ်။ အဲဒီဒေသမှာ အီရန်၊ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်းနဲ့ အာရေဗျကျွန်းဆွယ်က နိုင်ငံတွေပါဝင်ပါတယ်။
လက်ရှိမှာ အီရန်ကို အမေရိကန်နဲ့ အစ္စရေးက စစ်ဆင်နွှဲလိုက်တဲ့အတွက် ကမ္ဘာ့ရေနံတင်ပို့မှု လမ်းကြောင်းတွေ ပြတ်တောက်သွားတာ၊ ကမ္ဘာ့ရေနံရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံလိုက်ရတာစတာတွေကြောင့် ဒီရေလက်ကြားကနေ အာရှကို ရေနံတင်သင်္ဘောတွေ သွားတဲ့လမ်းကြောင်းဖြစ်လို့ စက်သုံးဆီ တင်ပို့မှုလမ်းကြောင်းတွေ ကြန့်ကြာနေရခြင်းဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ပြည်ပကနေ စက်သုံးဆီ ၉၀ ရာခိုင်နှုန်းလောက် တင်သွင်းနေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အဓိကကတော့ မလေးရှား၊ စင်ကာပူစတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကနေ သန့်စင်ပြီးသားဆီကို တင်သွင်းရတာပါ။ ဒါကြောင့် နိုင်ငံတော်အစိုးရကနေ စက်သုံးဆီခြိုးခြံချွေတာ သုံးစွဲရေးအတွက် ပြည်သူတွေကို အသိပေးကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
ဒီနေရာမှာ လစဉ်စုံရက်တွေမှာ စုံနံပါတ် အက္ခရာပါတဲ့ယာဉ်တွေ၊ မရက်တွေမှာ မ နံပါတ် အက္ခရာပါတဲ့ယာဉ်တွေက မောင်းနှင်အသုံးပြုကြရမှာဖြစ်ပါတယ်။ ဒါဟာ စက်သုံးဆီလုံးဝပြတ်တောက် လို့မဟုတ်ဘဲ လက်ကျန်စက်သုံးဆီတွေကို ပိုပြီး ကြာရှည်သုံးစွဲနိုင်အောင်၊ လက်ရှိဆိုက်ရောက်လာတဲ့ ဆီတင်သင်္ဘောတွေပေါ်က စက်သုံးဆီတွေကို လည်း စနစ်တကျ အချိန်ပိုကြာကြာ သုံးစွဲနိုင်အောင် စီမံပေးတဲ့သဘောလို့ နားလည်လက်ခံပြီး အားလုံးက ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။
တစ်ယောက်အားနှင့် ယူသော်မရ စုပေါင်းအားနှင့် ယူသော်ရ၏
လက်ရှိမှာ ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး စုံ၊ မ စက်သုံးဆီချွေတာရေးနည်းလမ်းကို အများပြည်သူတွေ နားလည်သဘောပေါက်အောင် ဆောင်ရွက်ပေးနေတာကိုလည်း မြင်တွေ့ရပါတယ်။ ထုတ်ပြန်ချက်နှစ်ကြိမ်အရ အများပြည်သူသုံး ခရီးသည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်၊ ဖယ်ရီကြိုပို့ယာဉ်၊ ဆီဘောက်ဆာတွေနဲ့ ရုံးဌာန ယာဉ်တွေ၊ အမှိုက်သိမ်းယာဉ်နဲ့ နာရေးယာဉ်စတာတွေကတော့ ပုံမှန်အတိုင်းသွားလာခွင့်ရရှိမှာပါ။ သို့သော် အများနဲ့မသက်ဆိုင်တဲ့ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်ဆိုင်ကယ်တွေ အပါအဝင် ဒီစည်းကမ်းကို လိုက်နာကြရမှာပါ။
အခုလို ကန့်သတ်လိုက်တဲ့အတွက် စက်သုံးဆီ အခက်အခဲကို အထိုက်အလျောက် လျော့ပါးသက်သာစေသလို တစ်ဖက်မှာလည်း အိပ်ဇောအမျိုးမျိုးက ထွက်ပေါ်လာမယ့် ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ကိုလည်း လျှော့ချပြီးသားဖြစ်သွား မယ်၊ မလိုအပ်ဘဲ အပြင်မထွက်ကြတော့တဲ့အတွက် ကုန်ကျစရိတ်သက်သာစေမှာ ဖြစ်ပါတယ်။ ဒါဟာ မိမိမိသားစုအတွက်ရော၊ နိုင်ငံအတွက်ရော၊ ကမ္ဘာ မြေကျန်းမာဖို့အတွက်ရော အကျိုးရှိတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အကယ်၍ အရေးပေါ် သွားလာဖို့ လိုအပ်မယ်ဆိုရင် အများပြည်သူသုံးယာဉ်တွေကို အသုံးပြုလို့ရနိုင်သလို နီးစပ်ရာခရီးစဉ်တွေကို ခြေကျင်ခရီးနှင်ခြင်း၊ စက်ဘီးစီးခြင်းအားဖြင့် ကျန်းမာရေးနဲ့ညီညွတ်မှုကိုပါ ရရှိစေနိုင်မှာ ဖြစ်ပါ တယ်။
မနှစ်က တရုတ်နိုင်ငံယူနန်ပြည်နယ် မာလီပိုကောင်တီကို အလည်အပတ်ရောက်ခဲ့စဉ် ထူးခြားမှုတစ်ခုကို ခံစားခဲ့ရဖူးပါတယ်။ မော်တော်ကားစီးရေ နည်းပါးခြင်းနဲ့ စက်ဘီးနဲ့ လျှပ်စစ်မော်တော် ဆိုင်ကယ်တွေကို အားထားအသုံးပြုခြင်း၊ အများပြည်သူသုံးယာဉ်တွေကိုသာ အသုံးပြုခြင်းစတာတွေကို မြင်တွေ့ခဲ့ရပါတယ်။ အကျိုးဆက်တွေအနေနဲ့ ပြာလဲ့တဲ့ကောင်းကင်ဟာ မီးခိုးမြူတို့ ကင်းစင်နေတာ၊ သက်ကြီးဘိုးဘွားတွေ အတော်များများ သက်ရှည်ကျန်းမာကြံ့ခိုင်နေတာနဲ့ စက်ဘီးနဲ့ လျှပ်စစ်ဆိုင်ကယ် အဓိကသုံးတာကြောင့် ကောင်တီတစ်ခုလုံးမှာ အိပ်ဇောသံလုံးဝနီးပါးမကြားရပါဘူး။ ကာဗွန်လျှော့ချခြင်းဟာ ကမ္ဘာကြီးကို အသက်ရှည်အောင် ကူညီခြင်းပဲမဟုတ်လား။
စည်းကမ်းလိုက်နာခြင်းဖြင့် ပူးပေါင်းကြစေလို
အခုလို အခက်အခဲရှိနေတဲ့ကာလမှာ စက်သုံးဆီတွေကို မလိုအပ်ဘဲ ဝယ်ယူကြတာမျိုးနဲ့ ဈေးအဆမတန် မြှင့်တင်ရောင်းချတာမျိုးကို ရောင်းသူရော၊ ဝယ်သူဘက်ကပါ ရှောင်ကြဉ်ကြ ဖို့လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့ စုံ၊ မ ရက် အလိုက် ဆီဖြည့်တာ၊ အပြင်သွားတာမျိုးကို လုပ်ဆောင်သင့်ပြီး မသမာတဲ့နည်းလမ်းတွေဖြစ်တဲ့ နံပါတ်ပြားလဲလှယ်တပ်ဆင်တာ၊ နံပါတ်ပြားအတု အသုံးပြုတာတွေကိုတွေ့ရှိရင် ပညာပေးကာလ ပြီးဆုံးတဲ့အခါ အရေးယူမှုအစီအစဉ်တွေ စတင်နိုင်တာမို့ သတိပြုရှောင်ကြဉ်သင့်ပါတယ်။
ပြီးခဲ့တဲ့ရက်က မန္တလေးမြို့မှာ ဆီထည့်ရန်စောင့်ဆိုင်းရင်း စက်သုံးဆီဆိုင်အနီး ဆေးလိပ်သောက်သုံးတဲ့အတွက် အများပြည်သူက ဝိုင်းဝန်းတားဆီးခဲ့တယ်လို့ အွန်လိုင်းစာမျက်နှာတွေမှာ မြင်တွေ့ရပါတယ်။ ထို့အတူ ဆီကို ပုံးအလွတ်တွေနဲ့ ဝယ်ယူစုဆောင်းခြင်းဟာ မီးဘေးအန္တရာယ် ကျရောက်စေနိုင်တဲ့အတွက် သတိပြုရှောင်ကြဉ်ကြရမှာပါ။
စက်သုံးဆီအခက်အခဲဟာ မိမိတို့ တစ်ဦးတည်း၊ တစ်နိုင်ငံတည်းကြုံတွေ့ရတဲ့ အခက်အခဲမဟုတ်ပါဘူး။ နိုင်ငံအများအပြားကြုံတွေ့ရပြီး ဝိုင်းဝန်းအဖြေရှာနေကြရတဲ့ အချိန်ဖြစ်ပါတယ်။ လက်ရှိမှာ ရက်ပေါင်း ၄၀ လောက် ပုံမှန်အသုံးပြုနိုင်မယ့် စက်သုံးဆီပမာဏနဲ့ ဆိပ်ကမ်းရောက်နေတဲ့ စက်သုံးဆီတွေ၊ မြန်မာနိုင်ငံကိုဦးတည်ပြီး ထွက်ခွာလာနေတဲ့ ဆီတင်သင်္ဘောပေါ်ကဆီတွေ ပေါင်းစပ်လိုက်ရင် လက်ရှိမှာ အလွန်အမင်းခက်ခဲကျပ်တည်းနေခြင်းမရှိပါဘူး။ အခုလို စုံ၊ မ ခွဲခြား အသုံးပြုချွေတာလိုက်ခြင်းဖြင့် ပိုပြီး စိတ်ချစရာ မျှတသုံးစွဲ ခြင်းနည်းလမ်းဖြစ်တာကြောင့် အားလုံးက နိုင်ငံကြီးသားပီသစွာဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်း လိုက်ရပါတယ်။ ။
