Skip to main content

တစ်ဦးမှသည် တစ်ဖွဲ့ချင်း အမှားပြင် အမြင်မှန်၍ အပူကို ငြိမ်းစေသူများ

မိုးကေနိုင်

ကိုယ်က မှန်သည်ထင်တိုင်း ဧကန်မှန်ပါသလား၊ သူမှားသည်ဟု ထင်တိုင်းလည်း အမှန်တကယ်မှားသည်ဟု ဆိုနိုင်ပါသလား။ ပညာဖြင့် အရာရာအဆုံးအဖြတ်ပေးငြား အချို့အရာများက အတွေ့အကြုံကို ရင်းပြီးမှ သိလာရသည့်အမှန်တရားတွေရှိသည်။

အမှားနှင့် အမှန်ဆိုသည်မှာ ယုံကြည်ချက်၊ အကျိုးစီးပွားနှင့် အင်အားအပေါ် မူတည်၍ ပြောင်းလဲနေတတ်သည်ဟု ဆိုသည်။ သို့သော် ယုံကြည်ချက်အမှားကြောင့် ပြုလုပ်မှုမှန်သမျှ ဘယ်တော့မှ အမှန်မဖြစ်နိုင်။ အတ္တအခြေခံသည့် အကျိုးစီးပွားသည်လည်း တစ်ချိန်၌ အမှားဖြစ်မည်သာ။ အင်အားကို အလွန်အကျွံသုံးစွဲသမျှလည်း ဘယ်တော့မှ တရားမျှတမှုကို ရရှိနိုင်မည်မဟုတ်ပါ။ မမြဲသောအရာဆိုသော်လည်း အစဉ်အမြဲမဖောက်မပြန်၊ မပြောင်းမလွဲ၊ ဖြောင့်မတ်သောအရာကိုသာ တကယ့်အမှန်တရားအဖြစ် ယူ၍ရနိုင်ပါသည်။ သို့သော် ယနေ့မျက်မှောက်မှာ အမှားက အမှန်၊ အမှန်ကအမှားဖြစ်နေသည်မှာလည်း နေရာတိုင်း၌ တွေ့နေရသည်။ ဘာကြောင့်ပါလဲ။ အတ္တ၊ အမုန်း၊ အစွဲ အခြေခံသည့် အဂတိများကြောင့်သာ။ အမှားအမှန် နှလုံးသွင်းမှားနေကြ၍သာ လမ်းမှားရောက်နေကြခြင်း ဖြစ်သည်။

အတ္တနည်း သတ္တိရှိသူများအဖြစ်

အရေးကြီးသည့်အချက်က မသိ၍ မှားခဲ့သည်ကို လက်ခံသည်။ သို့သော် သိလျက်နှင့် ဆက်မှား၊ မှားမှန်း သိလျက်နှင့် မပြင်နိုင်လျှင်သာ တကယ့်လူမိုက်အဖြစ် သတ်မှတ်ခံနေရခြင်းဖြစ်သည်။ မှားပြီးရင်းဆက်မှား၊ ကိုယ်တိုင်လည်းကျူးလွန်၊ ကိုယ့်အကျိုးလည်း ထိခိုက်၊ အများအပေါ်လည်း ကျူးလွန်မိ၊ အများအကျိုးစီးပွားထိခိုက်အောင် ဆက်လုပ်နေသူများ ကားတကယ့် လူယုတ်မာ၊ ဒုစရိုက်သမားများအဖြစ် ရောက်သွားကြရသည်သာ။

လမ်းမှန်မှ လမ်းမှားသွေဖည်မှုများကြောင့် ပြည်သူအများ မပျော်ရွှင်သော ဘဝများစွာမှာ သောကများ ဝေခဲ့ကြရသည်။ လမ်းမှားမှ လမ်းမှန်ပြန်ရောက်လာသူများကြောင့်လည်း ငြိမ်းချမ်းရေး ဤခရီး နီးလာသလိုခံစားရပြန်သည်။ လမ်းမှားမှ လမ်းမှန်ပြန်ရောက်သူသည် အမှားကိုသိ၍ အမှန်ပြင်နိုင်သူများဖြစ်ရာ သတ္တိရှိသူများဟု ဆိုထိုက်ပါသည်။ မိမိကြောင့် မိမိသာမက အများအကျိုးကိုပါ ထိခိုက်သွားပါလား၊ အမှန်မြင်လာ၍ အတ္တနည်းလာသူများအဖြစ် မြင်မိပါသည်။ သူတို့သည် အစွန်းနှစ်ဖက်မှ ရှောင်ဖယ်နိုင်ကြပြီး အစွဲလျော့သူများ ဖြစ်လာခဲ့ပါပြီ။ တစ်နည်းအေးချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ခုအတွက် ချမ်းသာသုခဆောင် မည့်သူများအဖြစ် သူတို့အပေါ် ယုံကြည်မှုများ ရှိလာခဲ့ပါပြီ။

အမှားမြင်၍ အမြင်မှန်စေချင်

ဆိုလိုသည်မှာ အမှန်ကိုမြင်ပြီး အမှားကိုပြင်စေ ချင်၍ဖြစ်သည်၊၊ အမှားခရီးကြမ်း ဆူးခင်းလမ်း၌ လျှောက်နေသော ခြေလှမ်းများကို ပြန်လည်ရုပ်သိမ်းစေချင်၍ ဖြစ်သည်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခြင်းဆိုသည်မှာ အင်မတန်အေးချမ်းသော စကားဖြစ်သည်။ တစ်နည်းမိဘရင်ခွင်ကို ပြန်လည်ဝင်ရောက်သဖြင့် အလင်း၏ အရသာကို ပြည့်ပြည့်ဝဝ ခံစားရခြင်းဖြစ်၍ အများသူငါအားလုံးအတွက် မင်္ဂလာစကားလည်း ဖြစ်သည်။

စည်းကမ်းတို့၊ ကျင့်ဝတ်တို့ရှိသော ဥပဒေဘောင်အတွင်းမှာ လူမိုက်၊ လူ့အန္ဓတို့ မနေနိုင်ပါ၊၊ လူလိမ္မာတို့သာ နေနိုင်ကြသည်ဖြစ်၍ ဥပဒေနှင့် ထိန်းကွပ်ရာအရပ်သည် လူလိမ္မာသား၊ ပညာရှိလူအများတို့ နေထိုင်ရာသင့်တော်ရာ အရပ်သည်သာမင်္ဂလာနှင့် ညီပါသည်။ သွေးဆူသည့်အချိန် လျှောက်ခဲ့သည့် လမ်း၊ ဆူးခင်းလမ်းဟု သူတို့မမြင်သာခဲ့သည်ကိုလည်း ခွင့်လွှတ်နိုင်ပါသည်။ အလွယ်တွေး၍ ရွေးလျှောက်ခဲ့ကြသော်လည်း အမှောင်မှအလင်းသို့ ပြန်ဝင်ရန်မှာမူ ဆုံးဖြတ်ရန်ခက်ခဲခဲ့ကြပေမည်။ ထို့ကြောင့် သူတို့သတ္တိကို လေးစားရပါသည်။ ထို့ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော ကြိုဆိုထိုက်သူမည်သူမဆို ကြိုဆိုနေခြင်းဖြစ်ပါသည်။ ယုံယုံကြည်ကြည်လက်ခံ၊ ခမ်းခမ်းနားနား ကြိုဆိုပေးနေခြင်းဖြစ်သည်။

ယုံကြည်ချက်ကြောင့် အမှားလမ်းစဉ်လျှောက်ခဲ့ကြသည်၊ မည်သို့ဆိုဆို မှန်ကန်သော ယုံကြည်ချက်မဟုတ်လျှင် ခံယူချက်လည်း ကောင်းနိုင်မည်မဟုတ်ပါ။ ကိုယ့်လုပ်ရပ်သည် အများသူငါစိတ်ဆင်းရဲဖြစ်စေသလား၊ ဒုက္ခရောက်စေသလား။ ဆင်ခြင်ကြည့်ပါ။ ပညာမျက်စိနှင့် ကြည့်တတ်ဖို့၊ တိုင်းတာဖို့တော့လိုသည်။ ကိုယ့်လုပ်ရပ်က အများအကျိုးမဖြစ်သရွေ့၊ လက်တွေ့မှာ အများဒုက္ခဆင်းရဲ တွေ့နေသရွေ့ဘယ်လိုယုံကြည်ချက်မျိုး လက်ကိုင်ထားသည်ဖြစ်စေ၊ မည်သို့မှ မှန်စရာအကြောင်းမရှိပါ။ ဤအချက်ကို အယူတိမ်းယနေ့လူငယ်အချို့ သိစေချင်သည်။ အမြင်မှန်ရစေချင်ပါသည်။

မှတ်တမ်းဝင်၍ မှတ်တမ်းတင်ထိုက်သူများ

ယနေ့ အမှန်မြင်၍ လမ်းမှားကို စွန့်ခွာခဲ့သူများက မိမိတို့၏သမိုင်းအမှန်ကို ကိုယ်တိုင်မှတ်တမ်းတင်သူများ ဖြစ်လာပါလိမ့်မည်။ အမှန်တကယ်လည်း မှတ်တမ်းဝင်၍ သမိုင်းတွင်ခဲ့ကြပါပြီ။ ယမ်းငွေ့များကြား ယုံကြည်ချက်တို့ ပြိုဆင်းရာမှ မိမိနှင့် မိမိ မိသားစု၊ မိမိလူ့အဖွဲ့အစည်းအတွက် အမှန်တကယ် ငြိမ်းချမ်းရေးရောင်ခြည်သန်းရာ အစတစ်ခုဖြစ်ခဲ့ပါပြီ။ ထို့ကြောင့်လည်း မှတ်တမ်းတင်ထိုက်သည်ဟု ဆိုခြင်းဖြစ်သည်။

အမှောင်မှ အလင်းသို့ မှတ်တမ်းဝင်သည်ဖြစ်၍ နာမည်ကောင်းဖြင့် မှတ်တမ်းဝင်ရန် ပို၍ကောင်းရာသို့ ပြင်ဆင်ရန်သာ ရှိတော့သည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူမှန်သမျှ ဆွေမျိုးရင်းချာ မိသားစုပမာသက်ဆိုင်ရာက ကြည်ဖြူစွာ လက်ခံသည့် မြင်ကွင်းမျိုးသည် မြန်မာသမိုင်းခေတ်အဆက်ဆက်မှာ မဆန်းလှပါ။ အမှောင်မှ အလင်းဝင်လာသူမည်သူမဆို ပို၍ လင်းလက်လာစေဖို့ အစစအရာရာ ကူညီပံ့ပိုးကြသည်သာ။ ဤသည်မှာ လူကောင်းလူတော်တို့၏ ကောင်းမြတ်သော အစဉ်အလာတစ်ခုဖြစ်သည်။ ထို့ကြောင့် အမှားကို စွန့်ခဲ့ကြပြီး သူတို့အနေဖြင့် အမှောင်ထဲကျန်ခဲ့သူတို့အတွက် လက်ရှိကူညီနေသူတို့၏ ပုံရိပ်ကောင်းများကို ကူညီပြသစေလိုပါသည်။ ငါတို့ကို နိုင်ငံ၊ တပ်မတော်နှင့် ပြည်သူများက ဘယ်လိုစေတနာထားခဲ့သလဲ၊ သဘောထားကြီးစွာဖြင့် ဘယ်လိုပြုမူဆက်ဆံကြသလဲ အသိပေးစေလိုသည်။ ထို့ကြောင့် သမိုင်းတစ်ခေတ်တွင် တစ်ခေတ်မှာတစ်ယောက် မှတ်တမ်းတင်နိုင်အောင် အမြင်မှန်ရကြပါဟူ၍သာ နိုးဆော်လိုပါသည်။

ကျေးဇူးဆပ်ရာရောက်

မင်းတို့လျှောက်နေတဲ့ လမ်းက အမှား၊ ငါတို့ ယခုအမှန်လမ်းပေါ်ရောက်နေကြပြီ။ ငါတို့ကြောင့် ငြိမ်းချမ်းရေးခရီး နီးလာပြီ။ သူငယ်ချင်းတို့…အမှန်မြင်ကြပါ၊ အမှောင်နှင့် အလင်း၊ အမင်္ဂလာနှင့် မင်္ဂလာ အရပ်နှစ်ခုကား အလွန်ကွာခြားပါသည်။ သူတစ်ပါးကို ဆင်းရဲခြင်းပေး၊ ငါတို့လည်း ချမ်းသာခြင်းနှင့်ဝေး၊ ဘာတွေကောင်းတာရှိခဲ့သလဲ၊၊  ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့အမျိုး၊ နောက်ဆုံး အနာဂတ်မျိုးဆက်အထိ တွေးပြီးဘာတွေကောင်းတာ လုပ်ခဲ့ကြသလဲ။ ကိုယ့်ဒေသအတွက်လည်း ဘာတစ်ခုမှမလုပ်နိုင်၊ ကိုယ့်နိုင်ငံအတွက်လည်း ဘာမှအကျိုးမပြုနိုင်။ တကယ့်အကျင့်ပျက်ခြစား မတရားမှုများနှင့်သာ ကျင်လည်နေရသည့် ဆိုးလှဘဝများကို အကောင်းဘက်ပြန်လှည့်ကြဖို့ သတင်းစကားအမှာပါးခြင်းဖြင့် မိမိတို့၏ သူငယ်ချင်းမိတ်ဆွေများကို လမ်းစဉ်အမှားမှ အမှန်လမ်းသို့ ပြန်ခေါ်ပေးရန် တိုက်တွန်းလိုပါသည်။ မကောင်းတာကို ကောင်းရာညွှန်ပြခြင်းသည် ကုသိုလ်ဖြစ်ပါသည်။ အမှားမှ အမှန်ဘက်ဆွဲခေါ်ခြင်းသည် အားနည်းသူကို ကယ်ဆယ်ရာရောက်၍ ကရုဏာမည်ပါသည်။ ဤနည်းဖြင့်သာ နိုင်ငံကို ကျေးဇူးဆပ်၊ ပြည်သူကို ကူညီရာရောက်ပါမည်။

ရလဒ်မကောင်းလျှင် ယုံကြည်မှုတို့ ပြိုလဲနိုင်

လများစွာကတည်းကပင် အမှောင်မှအလင်းသို့ ကူးပြောင်းသူလူငယ်များ အများအပြားရှိလာကြောင်း သတိထားမိသည်။ အဖျက်နှင့်အပျက်တို့ကြား လူငယ်များ အသိတရား နိုးကြားလာခြင်းကို ကြိုဆိုပါသည်။ ကိုယ့်မိသားစု၊ ကိုယ့်အိုးအိမ် ကိုယ်တိုင်စောင့်ရှောက်ဖို့ သူတို့သိလာကြပါပြီ။ မိသားစုအတွက် စဉ်းစားရင်း ကိုယ်ချင်းစာတရားလည်း ထားနိုင်လာပါပြီ။ ပြည်သူကို ကာကွယ်ဖို့၊ နိုင်ငံကို ကာကွယ်ဖို့လည်း နိုးကြားလာကြပါပြီ။ ငါတို့ယုံကြည်ခဲ့တာ ဘာလဲ၊ ထိုယုံကြည်ချက်နှင့်အတူ ငါတို့ ဘာတွေလုပ်ခဲ့ကြသလဲ၊ တရားမဲ့ဝန်းကျင်မှာ မိမိတို့ယုံကြည်မှုများ ပြိုလဲသွားခြင်းကို ယနေ့လူငယ်များ သင်ခန်းစာယူသင့်ပါသည်။ ရလဒ်မကောင်းလျှင် ယုံကြည်မှုဆိုသည်မှာ ပျောက်ဆုံးသွားတတ်ပါသည်။ ကိုယ်တိုင်သာ မမြင်နိုင်တာ။ ဘေးကကြည့်နေသူက ကောင်းစွာမြင်သည်။ သတ်ဖြတ်မှုနှင့် သေဆုံးခြင်း၊ ဖျက်ဆီးမှုနှင့် ပျက်စီးမှုရလဒ်များက သက်သေပင်ဖြစ်သည်။

ရလဒ်ကောင်းမဖြစ်သည့် ရှုံးမြင်းကို အလောင်းအစားလုပ်၊ ကြမ်းကြုတ်မှုများအပေါ် ဘယ်လောက်စိတ်ကုန်နေကြပြီလဲ သဘောပေါက်သူများလာနေပြီဖြစ်ကြောင်း အထောက်အထားများပင် ဖြစ်သည်။

တရားမဲ့လမ်းစဉ်သည် အဖြေမဟုတ်၊ အကြမ်းဖက်နည်းလမ်းသည် အမှား၊ ထိုလမ်းစဉ် မှားများကြောင့် တန်ဖိုးရှိ လူ့အသက်များ ဘာကြောင့် ပေးဆပ်နေမလဲ၊၊ စားပွဲဝိုင်းနည်းလမ်းကသာ အမှန်ဆိုသည့် သဘောကို ကိုယ်ပိုင်အသိဖြင့် သိမြင်လာခြင်းသည်ပင်ပညာဖြစ်သည်၊၊ နားမလည်လျှင်လည်း နားထောင်ပေးရန်လိုသည်။ ခံစားချက်ပြင်းပြင်းနှင့် မခံချင်စိတ်တို့ကို နောင်မျိုးဆက်များအထိ သယ်ယူမသွားဘဲ အစွန်းရောက်စိတ်များကို ဖြတ်ကြရန်လိုသည်။ တလွဲဆံပင်ကောင်းသည့် မခံချင်စိတ်မျိုးက ချမ်းသာခြင်းကို မပေးဆောင်နိုင်၊ နိုင်ငံပိုင်၊ ပြည်သူပိုင်၊ အများပိုင် ဥစ္စာပစ္စည်းများကို ခိုးဝှက်လုယက်မတရားသိမ်းပိုက်ထားသည့် တဒင်္ဂအရသာသည်လည်း တကယ့်ချမ်းသာအစစ်မဟုတ်၊ ပျော်ရွှင်မှု အစစ်မဟုတ်သည့် အမြင်မှားခြင်းသက်သက်ကို အမှောင်ထဲမှ လူငယ်လူကြီးမရွေးသိကြပါစေ။

လူ့ဘဝတွင် ကောင်းမွန်သောဘဝနှင့် ကောင်းမွန်သောအနာဂတ်ကို ကိုယ်တိုင်ရွေးချယ်တတ်မှသာလျှင် လူပီသပေမည်။ လက်ရှိမိသားစုသာမက နောင်အနာဂတ်မျိုးဆက် အဆက်ဆက်အထိ ကြည့်တတ်ရသည်။ အမှောင်ဖုံးနေခြင်းကို ကိုယ်တိုင်အလင်းရှာတတ်မှလည်း အမှန်ကို အမှန်အတိုင်း မြင်ရာရောက်ပါသည်။ အမြော်အမြင်ရှိသူဆိုသည်မှာ အခင်းအကျင်းအသစ်အသစ်ဖြစ်သမျှကို မြင်နိုင်စွမ်းသည်။ နိုင်ငံက ကဏ္ဍသစ်တစ်ခုသို့ ရွေ့နေပြီလားသူသိသည်။ အဏုမြူဒီပလိုမေစီနှင့် ဒေါ်လာဒီပလိုမေစီ (Actomic diplomacy and Dollar diplomacy) ကြားက ကမ္ဘာကြီးဘယ်ဆီရွေ့နေသလဲ၊ နိုင်ငံတကာအရေးမျက်ခြည်ပြတ်မခံ မှီငြမ်း၍ ပြည်တွင်း EAO များ၏ Geopolitical Game များအကြောင်း လူငယ်တို့ အများကြီး လေ့လာရဦးမည်။

သို့မှသာ တပ်မတော်က မိမိတို့အချုပ်အခြာမပျက်ယွင်းအောင် ဘယ်လိုကာကွယ်စောင့်ရှောက်နေရသလဲ သိနိုင်ပါမည်။ ထိုမှတစ်ဆင့် ကျေးဇူးဆပ်လိုသူများအတွက် အပျက်အစီးများ ပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ခွင့်ရရေး ကြိုးစားရပါမည်။ ထို့ကြောင့် နိုင်ငံပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည့် နိုင်ငံအရေးတွင် အားထည့်၍ ပါဝင်ကြစေလိုပါသည်။ သို့မှသာ နိုင်ငံနှင့် ပြည်သူကို ပြန်လည်ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်ပြီး အမှောင်မှအလင်းသို့ ပြန်ရောက်ရကျိုးနပ်ပါမည်။ ။