Skip to main content

ကြိုတင်ခန့်မှန်း၍ မရနိုင်သော ငလျင်ဘေးအန္တရာယ်

ဒေါက်တာ ယဉ်မျိုးမင်းထွေး (မိုး/ဇလ)

မြန်မာနိုင်ငံသည် ဘူမိဗေဒ အထောက်အထားများအရ ငလျင်လှုပ်ရှားမှု တွေ့ကြုံခံစားရနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတိတ်ကာလကလည်း အပျက်အစီးများရှိသော အင်အားပြင်းငလျင်ကြီးများ လှုပ်ရှားခဲ့ဖူးပါသည်။ မြေထုချပ် (Plate) ဟု ခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှတစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုက တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများတဖြည်းဖြည်းစုစည်းမိလာကာ တစ်ချိန်တွင် စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ အဘက်ဘက်သို့ ပြန့်ထွက်သွားပါသည်။

အဆိုပါအားများ (စွမ်းအင်များ) ဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများ အားလုံးတုန်ခါ၍သွားခြင်းကို ငလျင်လှုပ်သည်ဟု ခေါ်ဆိုကြပါသည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး လူနေမှုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငလျင်အန္တရာယ်ကို အထူးဂရုပြုကြရန် လိုအပ်ပါသည်။

ငလျင်လှုပ်ရသည့် အကြောင်းရင်းကိုလိုက်၍ ငလျင်ကို သုံးမျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ (၁) မြေထုချပ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်သောငလျင် (၂) မီးတောင်ပေါက်ခြင်းကြောင့် ဖြစ်ပေါ်သောငလျင်နှင့် (၃) လူလုပ်ငလျင် တို့ဖြစ်ပါသည်။

ကမ္ဘာ့မြေကြီးကို မြေထုချပ်များဖြင့် ဖွဲ့စည်းထားပြီး ယင်းမြေထုချပ်များပေါ်တွင် ပြတ်ရွေ့များလည်း တည်ရှိပါသည်။ ယင်းမြေထုချပ်များနှင့် ပြတ်ရွေ့များ ရွေ့လျားမှုကြောင့်ဖြစ်ပေါ်သော ငလျင်များအား မြေထုချပ်လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်သော ငလျင်ဟု ခေါ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် မြေထုချပ်လှုပ်ရှားခြင်းကြောင့် ဖြစ်ပေါ်သောငလျင်များအား အများဆုံးတွေ့ရပြီး ဖျက်ဆီးမှုစွမ်းအားသည်လည်း အမြင့်မားဆုံးဖြစ်ပါသည်။ မီးတောင်များ ပေါက်ကွဲမှုအရှိန်ကြောင့် ဖြစ်ပေါ်သော ငလျင်များအား မီးတောင်ပေါက်ခြင်းကြောင့် ဖြစ်ပေါ်သောငလျင်ဟုခေါ်ပြီး မီးတောင်တည်ရှိရာ အနီးဝန်းကျင်တွင် ပျက်စီးမှုဖြစ်ပေါ်စေပါသည်။ စမ်းသပ်ဖောက်ခွဲမှုများကဲ့သို့သော လူတို့၏ လုပ်ဆောင်မှုများကြောင့်ဖြစ်ပေါ်သော ငလျင်များအား လူလုပ်ငလျင်ဟုခေါ်ပြီး အဆိုပါလူလုပ်ငလျင်သည် ကြီးမားသော အပျက်အစီးများ ဖြစ်ပေါ်စေလောက်အောင် ပြင်းထန်လေ့မရှိကြောင်း တွေ့ရှိရပါသည်။

 မြန်မာနိုင်ငံသည် ကမ္ဘာတွင်ဖြစ်ပေါ်သော ငလျင်လှုပ်ရှားမှု၏ ၁၅ ရာခိုင်နှုန်းခန့်ကို ခံစားရသည့် မြေထဲပင်လယ် - ဟိမဝန္တာဇုန်တွင် တည်ရှိနေပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ငလျင်များသည် နှောင်းဖြစ်ဘူမိအနေအထားတို့ကြောင့် ဖြစ်ပေါ်ခဲ့ရကာ အထူးသဖြင့် ပြတ်ရွေ့များရှိရာနေရာများ၌ ငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ရှားမှု ဖြစ်ပေါ်စေသော အဓိကပြတ်ရွေ့ကြီးဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့အပြင် ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နန်းမပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စသည့် ပြတ်ရွေ့ များအပြင် ပြတ်ရွေ့ငယ်များစွာ တည်ရှိနေပါသည်။ အဆိုပါ ပြတ်ရွေ့များ ရွေ့လျားမှုကြောင့် ပြတ်ရွေ့ များတည်ရှိရာဒေသများနှင့် အိန္ဒိယမြေထုချပ်သည် မြန်မာမြေထုချပ်အောက်သို့ တိုးဝင်မှုဖြစ်စဉ်ဖြစ်ပေါ်နေသော မြန်မာနိုင်ငံအနောက်ဘက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများတွင် ငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် အဆိုပါဒေသများတွင် ငလျင်ဘေးအန္တရာယ်အားသတိပြု၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတစ်လျှောက် တောင်မြောက်ကီလိုမီတာ ၁၂၀၀ ဝန်းကျင် ရှည်လျားသည့် မြန်မာနိုင်ငံ၏ အဓိကသက်ရှင်ပြတ်ရွေ့ကြီးဖြစ်သော စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံရှိ လူဦးရေထူထပ်များပြားသော မြို့ကြီးများကို ဖြတ်သန်းသွားပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ ဖြင့် လှုပ်ရှားခဲ့သော မန္တလေးငလျင်ကြီးသည်လည်း စစ်ကိုင်းပြတ်ရွေ့ ရွေ့လျားမှုကြောင့် လှုပ်ရှားခဲ့ခြင်းဖြစ်ပါသည်။ လှုပ်ရှားမှု၏ ပြင်းအားသည် စက္ကန့်ပိုင်းအတွင်း ကီလိုမီတာ ၅၀၀ ခန့် မြေသားအက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ဖြတ်သန်းသွားရာ လမ်းကြောင်းပေါ်ရှိ မြို့ကြီးများဖြစ်သော မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူနှင့် ဖြူးစသည့် လူဦးရေထူထပ်ပြီး စီးပွားရေးအရ အချက်အချာကျသော မြို့ကြီးများတွင် အသက်အိုးအိမ်၊ စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရပါသည်။

ငလျင်သည် ကြိုတင်ခန့်မှန်းတွက်ချက်၍မရသော သဘာဝဘေးတစ်မျိုးဖြစ်သော်လည်း ယခုအခါ လူမှုကွန်ရက်များတွင် ငလျင်လှုပ်ရှားမှုနှင့် ပတ်သက်၍ ခန့်မှန်းရေးသားမှုများ ပြုလုပ်နေကြပါသည်။ ငလျင်လှုပ်ရှားမှုအား ယနေ့အချိန်ထိ မည်သည့်နိုင်ငံ၊ မည်သည့်ပညာရှင်မျှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိပါ။ ငလျင်သည် အခြားသောသဘာဝဘေးများကဲ့သို့ ဖြစ်လေ့ဖြစ်ထရှိသော အချိန်ကာလရာသီမရှိဘဲ အချိန်မရွေးဖြစ်ပေါ်နိုင်သော သဘာဝဘေးတစ်မျိုး ဖြစ်ပါသည်။

ယခုအခါ နေကြတ်ခြင်း၊ လကြတ်ခြင်း၊ ဂြိုဟ်များ တစ်တန်းတည်းကျခြင်းကဲ့သို့သော နက္ခတ်ဗေဒဆိုင်ရာဖြစ်စဉ်များကြောင့် ငလျင်လှုပ်ရှားနိုင်သကဲ့သို့ ရေးသားမှုများရှိနေရာ အဆိုပါဖြစ်စဉ်များသည် ငလျင်လှုပ်ရှားမှုနှင့် ဆက်နွှယ်နေခြင်းမရှိပါကြောင်း လေ့လာတွေ့ရှိရပါသည်။

ငလျင်သည် မြေထုချပ်များနှင့် ပြတ်ရွေ့များ ရွေ့လျားခြင်းကြောင့်သာ ဖြစ်ပေါ်နေကြခြင်းဖြစ်ပြီး ဂြိုဟ်များ၏ အနေအထားနှင့် မသက်ဆိုင်ပါ။ ဂြိုဟ်များ တစ်တန်းတည်းကျခြင်းသည် အာကာသဖြစ်စဉ်တစ်ခုသာဖြစ်ပြီး ဘေးအန္တရာယ်လက္ခဏာ မဟုတ်ပါ။ လ၏ဆွဲအားသည် ဒီရေအတက်အကျဖြစ်စေသည့် အားရှိသော်လည်း ဂြိုဟ်များဆွဲအားသည် အလွန်နည်းပြီး ယင်းတို့၏ Gravitational Pull သည်

သေးငယ်သည့်အတွက် ငလျင်လှုပ်ရှားနိုင်သည်အထိ မဖြစ်နိုင်ပါ။ ဂြိုဟ်များ တစ်တန်းတည်းဖြစ်စဉ် သည် တစ်ခါတစ်ရံ ဖြစ်တတ်သော်လည်း တစ်တန်းတည်းဖြစ်သည့်အချိန်တိုင်းတွင် ငလျင်လှုပ်ရှားမှုအား မှတ်တမ်းများအရ မတွေ့ရှိရပါ။ သို့ဖြစ်ပါ၍ နေကြတ်ခြင်း၊ လကြတ်ခြင်း၊ ဂြိုဟ်များတစ်တန်း တည်းကျခြင်းတို့သည် ငလျင်လှုပ်ရှားမှုအပေါ် သက်ရောက်မှုမရှိပါကြောင်း လေ့လာတွေ့ရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ရှားခဲ့သော မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် ၅၀၀ ကီလိုမီတာခန့် မြေသားအက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါမြေသားများ မူလအခြေအနေသို့ ရောက်ရှိအောင် လုပ်ဆောင်နေရ၍ နောက်ဆက်တွဲငလျင်များ လှုပ်ရှားနေရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့သော နောက်ဆက်တွဲငလျင်များ လှုပ်ရှားနေခြင်းအား မြေငလျင်ပညာရပ်ဖြင့်သာ နောက်ဆက်တွဲ လှုပ်ရှားနိုင်သည့် အလားအလာကို ပြောကြားနိုင်ခြင်းဖြစ်ပြီး မည်သည့်နေ့ရက်တွင် အင်အားမည်မျှဖြင့် လှုပ်ရှားနိုင်မည်မျိုး တိတိကျကျ ကြိုတင်မခန့် မှန်းနိုင်ကြောင်း တွေ့ရှိရပါသည်။

မြေငလျင်ဆိုင်ရာ သိပ္ပံပညာရပ်တွင်ပင် ငလျင်လှုပ်ရှားမှုအား ကြိုတင်မခန့်မှန်းနိုင်ပါ၍ နက္ခတ်ဗေဒပညာရပ်ဖြင့်လည်း ကြိုတင်မခန့်မှန်းနိုင်ပါ။ ငလျင်သည် အချိန်တိုအတွင်း ဖြစ်ပေါ်သော သဘာဝဘေးတစ်မျိုးဖြစ်ပြီး ငလျင်လှုပ်ရှားစဉ်မြေကြီး လှုပ်ရှားမှုကြောင့် တိုက်ရိုက်ထိခိုက်ဒဏ်ရာရရှိမှုသည် အလွန်နည်းပါးပြီး အထက်မှကျသော အရာဝတ္ထုများနှင့် အဆောက်အအုံများပြိုကျမှုကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်လေ့ရှိပါသည်။ အင်အားပြင်းငလျင်ကြီးများလှုပ်ရှားပြီး နောက်ဆက်တွဲငလျင်ငယ်များသည် နာရီပေါင်းများစွာမှ တစ်ခါတစ်ရံ ရက်ပေါင်းများစွာကြာသည်အထိ ဖြစ်ပေါ်တတ်ပါသည်။ မန္တလေးငလျင်ကြီး လှုပ်ရှားပြီးနောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ အင်အားပြင်းငလျင်တစ်ကြိမ်၊ အင်အားအသင့်အတင့်ရှိသော ငလျင် ၁၀ ကြိမ်၊ အင်အားပမာဏ ၃ ဒသမ ၀ နှင့် အထက်ရှိသည့် အင်အားနည်းငလျင်ငယ် ၂၆၉ ကြိမ်၊ အင်အားပမာဏ ၃ ဒသမ ၀ အောက်ရှိသည့် အင်အားနည်းငလျင်ငယ် ၂၈၈ ကြိမ်တို့ နောက်ဆက်တွဲငလျင်အဖြစ် လှုပ်ရှားခဲ့ကြောင်း တွေ့ရှိရပါသည်။

အင်အားပြင်း ငလျင်ကြီးများသည် ပင်လယ်ရေအောက်ကြမ်းပြင်တွင် ဗဟိုချက်အနက်တိမ်၍ အထက်အောက်လှုပ်ရှားသည့်အခါ နောက်ဆက်တွဲအဖြစ် ဆူနာမီဘေးအန္တရာယ်လည်း ကျရောက်နိုင်သည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသကြီးများဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ငလျင်၏နောက်ဆက်တွဲ ဘေးအန္တရာယ်တစ်ခုဖြစ်သော ဆူနာမီကိုလည်း သတိပြုကြရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ငလျင်ဘေးသည် ကြိုတင်ခန့်မှန်း၍ မရရှိနိုင်သောကြောင့် ငလျင်ဘေးနှင့် ပတ်သက်ပြီး ငလျင်ဆိုင်ရာပညာရှင်များ၏ အကြံပြုချက်များအတိုင်း ငလျင်မလှုပ်ရှားမီ၊ လှုပ်ရှား‌နေစဉ်နှင့် လှုပ်ရှားအပြီး ဆောင်ရွက်ရမည်များအား သိရှိလိုက်နာ၍ ဇာတ်တိုက်လေ့ကျင့်မှုများ မကြာခဏဆောင်ရွက်ခြင်း၊ အများပြည်သူအား ငလျင်အသိနှင့် သတိရှိစေရန် အသိပညာပေးဟောပြောပို့ချမှုများ လုပ်ဆောင်ပေးခြင်း၊ ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံများ ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် Myanmar National Building Code (MNBC) 2025 အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ခြင်းများ လုပ်ဆောင်သင့်ပါကြောင်းနှင့် ငလျင်သည် ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးတစ်မျိုးသာဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။