ဥပဒေများ စိစစ်ခြင်း - Legislative Scrutiny
အငြိမ်းစားဥပဒေအရာရှိတစ်ဦး
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး သို့မဟုတ် စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးဟု အာဏာကြီးသုံးရပ် ပိုင်းခြားကျင့်သုံး ဆောင်ရွက်ကြပါသည်။ ဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ်အရေးကြီးသောအရာဖြစ်ပါသည်။ ဥပဒေများသည် တရားမျှတမှု၊ မှန်ကန်မှု၊ ခေတ်နှင့်လျော်ညီမှုရှိသောအခါ နိုင်ငံနှင့် ပြည်သူများသည် ဖွံ့ဖြိုးတိုးတက်ပြီး ဥပဒေ၏အကာအကွယ်နှင့် အနှစ်သာရ အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ပါသည်။
ဥပဒေများကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေပြုအာဏာပိုင်က ပြဋ္ဌာန်းပါသည်။ နိုင်ငံအကျိုးပြုဥပဒေကောင်းများသည် ဥပဒေပြုအာဏာပိုင်များအပေါ်မူတည်၍ ထွက်ပေါ်လာပါ သည်။ ထိုသို့ထွက်ပေါ်လာသော ဥပဒေကောင်းများသည် ဥပဒေတွင် ဖော်ပြထားသော ရည်ရွယ်ချက် များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အရေးကြီးပါသည်။ ဥပဒေကောင်းများ ပေါ်ထွက်ရန် လိုအပ်သကဲ့သို့ ထိုဥပဒေကောင်းများ အာဏာသက်ရောက်မှုရှိပြီး လက်တွေ့အကောင်အထည် ဖော်နိုင်ရန်မှာလည်း အလွန်အရေးကြီးသည့်အချက်ဖြစ်ပါသည်။
ဥပဒေကောင်းများ ပြဋ္ဌာန်းနိုင်ခြင်းမရှိလျှင် သော်လည်းကောင်း၊ ဥပဒေကောင်းများ ပြဋ္ဌာန်းနိုင် သော်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ အာဏာသက်ရောက်ခြင်းမရှိ လျှင်သော်လည်းကောင်း ထိုဥပဒေများသည် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးပြုနိုင်သည့် ဥပဒေများဟု ဆိုနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဥပဒေကောင်းများ ပေါ်ထွက်လာစေရန် ဥပဒေများမပြဋ္ဌာန်းမီ စိစစ်ခြင်းနှင့် ထိုဥပဒေကောင်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေများပြဋ္ဌာန်းပြီးနောက် စိစစ်ခြင်းသည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။
ဥပဒေများစိစစ်ခြင်း
ဥပဒေများစိစစ်ခြင်းကို လေ့လာပါက ဥပဒေများ မပြဋ္ဌာန်းမီစိစစ်ခြင်းနှင့် ဥပဒေများ ပြဋ္ဌာန်းပြီးနောက် စိစစ်ခြင်းဟု နှစ်ပိုင်းခွဲခြားတွေ့ရပါသည်။
နိုင်ငံများသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် နိုင်ငံရေးစနစ်၊ ဥပဒေစနစ်များ တူညီမှုမရှိကြပါ။ အချို့နိုင်ငံများသည် သမ္မတနိုင်ငံများဖြစ်ပြီး အချို့မှာ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသော နိုင်ငံများဖြစ်ကြပါသည်။ အချို့နိုင်ငံများတွင် လွှတ်တော်နှစ်ရပ်ရှိပြီးအချို့မှာ လွှတ်တော်တစ်ရပ် သာရှိကြပါသည်။ နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေများမှာလည်း အခါအားလျော်စွာ ပြင်ဆင်မှုများ၊ အသစ်ပြုပြင်ရေးဆွဲမှုများ ရှိကြပါသည်။ ထို့ကြောင့် ဥပဒေပြုလုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမှုများရှိသကဲ့သို့ ကွဲပြားခြားနားမှုများလည်း ရှိကြပါသည်။
ဥပဒေများ မပြဋ္ဌာန်းမီ စိစစ်ခြင်း
နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုအာဏာပိုင်/ ပါလီမန်နှင့် ပါလီမန်အမတ်များ၏ အဓိကတာဝန်မှာ ဥပဒေများရေးဆွဲခြင်းနှင့် နိုင်ငံအကျိုးပြု ဥပဒေကောင်းများ ပြဋ္ဌာန်းပေးရန်ဖြစ်ပါသည်။ ဥပဒေ ကောင်းများ ပေါ်ပေါက်လာရန်မှာ ထိုဥပဒေများ ရေးဆွဲခြင်းလုပ်ငန်းတွင် ဥပဒေများမပြဋ္ဌာန်းမီ စိစစ်ခြင်းအပေါ်တွင် မှီတည်နေပါသည်။ ဥပဒေများ မပြဋ္ဌာန်းမီ စိစစ်ရာ၌ ဥပဒေ၏ ရည်ရွယ်ချက်၊ အနှစ်သာရသည် အရေးကြီးသကဲ့သို့ ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ရေးသားထားသော စာသားများသည်လည်း အဓိပ္ပာယ်ဖွင့်ဆိုမှု တိကျမှန်ကန်စေရန်အတွက် အရေးကြီးပါသည်။ Spirit of Law and Letter of Law ဟု ဆိုကြပါသည်။ ထို့ကြောင့် ထိုအချက်များကို ပြည့်စုံမှန်ကန်စေရန်အတွက် ဥပဒေကြမ်းများ စတင်ရေးဆွဲသောအခါတွင် သက်ဆိုင်ရာဌာနများ၊ ပညာရှင်များ အားလုံးနှင့် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ဥပဒေကြမ်းများကို တင်သွင်းရာတွင် အမျိုးသားစီမံကိန်းနှင့်ဆိုင်သော ဥပဒေများ၊ အခွန်အကောက်နှင့် သက်ဆိုင်သော ဥပဒေများ၊ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်း ဥပဒေများကို အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိကြောင်း နိုင်ငံအများတွင် ပြဋ္ဌာန်းထားပါသည်။ ကျန်ဥပဒေများကို အစိုးရဝန်ကြီးဌာနများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းနိုင်ကြောင်း တွေ့ရှိရပါသည်။ ဥပဒေကြမ်းများကို လွှတ်တော်သို့မတင်မီ အစိုးရအဖွဲ့တွင် စိစစ်မှုများ ပြုလုပ်ကြပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ဥပဒေကြမ်းကို စတင်တင်သွင်းသည့် ဝန်ကြီးဌာနများက ကနဦးစတင်ရေးဆွဲပါသည်။ ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနသို့ ပေးပို့ပြီး စိစစ်အကြံပြုချက် ရယူပါသည်။
အချို့သောနိုင်ငံများတွင် ဥပဒေပထမမူကြမ်းကို ကနဦးစတင်ရေးဆွဲသောဝန်ကြီးဌာနက သက်ဆိုင်ရာ အခြားသောဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် အစိုးရအဖွဲ့၏ ဥပဒေရေးဆွဲရေးအဖွဲ့က ထပ်မံစိစစ်သုံးသပ်ပြီးမှသာ လွှတ်တော်သို့တင်သွင်းပါသည်။ အလားတူပင် အချို့သောနိုင်ငံများတွင်လည်း Legislative Council ကဲ့သို့သောအဖွဲ့များထားရှိကာ ဥပဒေကြမ်းများကို စိစစ်ကြပါသည်။
ဥပဒေကြမ်းတစ်ရပ်ကို ပါလီမန်သို့ တင်သွင်းပြီးသည့်အခါ သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေပြုလုပ်ငန်းအစီအစဉ်များအရ ဆက်လက်ဆွေးနွေး စိစစ်ကြပါသည်။ ဥပမာအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟု လွှတ်တော်နှစ်ရပ်ရှိပါသည်။ ဥပဒေကြမ်းတစ်ရပ်ကို ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးပါက ထိုသို့ ဆွေးနွေးပြီးနောက် အမျိုးသားလွှတ်တော်သို့ ပေးပို့ ရပါသည်။
အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးပါက ထိုသို့ဆွေးနွေးပြီးနောက် ပြည်သူ့လွှတ်တော်သို့ ပေးပို့ရပါသည်။ ထိုလွှတ်တော်နှစ်ရပ်လုံး သဘော တူညီမှုရရှိပြီးသောအခါ ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးအတည်ပြုပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းကြပါသည်။ အလားတူပင် အခြားသောနိုင်ငံများတွင်လည်း ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေပြုရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးအတည်ပြုပြီးနောက် ဥပဒေအဖြစ် ပြဋ္ဌာန်းကြပါသည်။ ထိုသို့ဆောင်ရွက်သည့် လုပ်ငန်းစဉ်များမှာ ဥပဒေများမပြဋ္ဌာန်းမီ စိစစ်ခြင်းနှင့် သက်ဆိုင်ပါသည်။
ဥပဒေများပြဋ္ဌာန်းပြီးနောက် စိစစ်ခြင်း
ဥပဒေများပြဋ္ဌာန်းပြီးနောက် စိစစ်ခြင်းသည် ကျယ်ပြန့်သော လုပ်ငန်းတစ်ခုဖြစ်ပြီး ရည်ရွယ်ချက် မှာ ဥပဒေသည် ရည်ရွယ်ထားသော မျှော်မှန်းချက်၊ မူဝါဒများ၊ ဦးတည်ချက်များ ပြည့်မီမှု၊ အကောင် အထည်ဖော်နိုင်မှု ရှိ၊ မရှိနှင့်ရှိပါက မည်သည့်အတိုင်း အတာအထိ ထိရောက်မှုရှိသည်ကို လေ့လာခြင်း ဖြစ်ပါသည်။ ဥပဒေများကို လေ့လာသုံးသပ်ရာတွင် ပြဋ္ဌာန်းပြီးသော ဥပဒေတစ်ရပ်သည် ရည်ရွယ်သည့်အတိုင်း အကျိုးသက်ရောက်မှုမရှိခြင်း၊ အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက ဥပဒေ၏ အားနည်းချက်ကြောင့် ဖြစ်ပါသလား၊ အကောင်အထည်ဖော် သူများ၏ အရည်အချင်းမပြည့်ဝမှုကြောင့်၊ ဥပဒေကို လိုက်နာဆောင်ရွက်မှုမရှိခြင်းကြောင့်၊ ရိုးသားမှုမရှိခြင်းကြောင့် ဖြစ်ပါသလားစသည့်အချက်များကို လေ့လာဆန်းစစ်သုံးသပ်ရန်လိုပါသည်။
ဥပဒေ၏ အားနည်းချက်ကြောင့်ဖြစ်လျှင် ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပြင်ဆင်သင့်သည့်အချက်များကို လေ့လာဆန်းစစ် သုံးသပ်ပြင်ဆင်ရန် လိုအပ်ပါသည်။ လူပုဂ္ဂိုလ် ကြောင့်ဖြစ်သည်ဆိုလျှင် ထိုဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်သူများ၏ အရည်အချင်းကို မြှင့်တင်ပေးရန် လိုအပ်ပါသည်။ ရိုးသားမှုမရှိခြင်းကြောင့်၊ အကောင်အထည်ဖော်မဆောင်ရွက်ခြင်းကြောင့်ဖြစ်သည်ဆိုလျှင် မည်သို့အရေးယူ ဆောင်ရွက်မည် စသည့်နည်းလမ်းများကို ရှာဖွေဆောင်ရွက်ခြင်းဖြင့် ဥပဒေ၏ အကျိုးသက်ရောက်မှုရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများ၏ ဥပဒေပြုအဖွဲ့များ (လွှတ်တော်များ)သည် ဥပဒေပြဋ္ဌာန်းရန် တာဝန်ရှိသည့်အပြင် ဥပဒေများ၏ ရည်ရွယ်ချက်ကို အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ ဆန်းစစ်သုံးသပ်ရန်နှင့် စောင့်ကြည့်ရန်လည်း တာဝန်ရှိကြောင်း ခံယူထားကြပါသည်။
အချို့သော လွှတ်တော်များသည် ဥပဒေပြဋ္ဌာန်း ပြီးနောက် စိစစ်ခြင်းကို အထူးလွှတ်တော်ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်ပါသည်။ ဥပဒေကိုပြင်ဆင်ရန် ဆောင်ရွက်ခြင်း၊ လွှတ်တော်ဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ အုပ်ချုပ်ရေး ကဏ္ဍအား အစီရင်ခံစာပေးပို့စေခြင်းနှင့် အချိန်ကာလ အတိုင်းအတာတစ်ခုအတွင်း တုံ့ပြန်ရန် တောင်းဆိုခြင်း၊ ဥပဒေအသစ် ပြင်ဆင်ဆောင်ရွက်ရာတွင် အခြေအနေအထောက်အထားများနှင့် မည်သည့်အကြောင်းကြောင့် ဆောင်ရွက်ရကြောင်း စာတမ်းများတင်သွင်းစေခြင်းတို့ဖြင့် ဆောင်ရွက် ကြပါသည်။ အချို့နိုင်ငံများတွင် အုပ်ချုပ်ရေးကဏ္ဍနှင့် လွှတ်တော်တို့အား ပါဝင်စေပြီး သက်ဆိုင်ရာဌာနမှ စိစစ်ခြင်းနှင့် လွှတ်တော်မှစိစစ်ခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်သည့် နိုင်ငံများလည်းရှိပါသည်။
ယူကေ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တောင်အာဖရိက၊ ဆွစ်ဇာလန်၊ အိန္ဒိယ စသည့်နိုင်ငံတို့၏ လွှတ်တော်များကို လေ့လာပါက ဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပြန်လည်စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း တွေ့ရှိရပါသည်။ ထိုနိုင်ငံများတွင် ဥပဒေပြုပြီးနောက် စိစစ်ခြင်းလုပ်ငန်းကို လုပ်ဆောင်သည့် အဖွဲ့အစည်း၊ ကော်မတီစသည်တို့၏ အခေါ်အဝေါ်၊ အမည်နာမ မတူညီကြသော်လည်း လုပ်ငန်းဆောင်ရွက်မှု အနှစ်သာရအားဖြင့် တူညီကြကြောင်း တွေ့ရှိရပါသည်။
နိုင်ငံများသည် တရားဥပဒေစိုးမိုးရေးကို အလေးထားကြသော်လည်း ဥပဒေများပြဋ္ဌာန်းပြီး နောက် ဥပဒေအကောင်အထည်ဖော်မှု လုပ်ငန်းစဉ်ကို သတိမမူ၊ လျစ်လျူရှုထားတတ်ကြပါသည်။ နိုင်ငံများစွာတွင် ဥပဒေများ အတည်ပြုပြဋ္ဌာန်းပြီးသော်လည်း လက်တွေ့ကျင့်သုံးမှုမရှိခြင်း၊ ထိုဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းမှုမရှိခြင်း၊ လက်တွေ့ကျင့်သုံးမှု၊ ဥပဒေ၏ အကျိုးသက်ရောက်မှုတို့နှင့် သက်ဆိုင်သော သတင်းအချက်အလက်များ မရှိခြင်းတို့သည် ဥပဒေ၏ ရည်ရွယ်ချက်နှင့် အောင်မြင်မှုကို အဟန့်အတား ဖြစ်စေသည့် အချက်များဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေပြုအာဏာပိုင်က ပြဋ္ဌာန်းလိုက်သော ဥပဒေများကို အုပ်ချုပ်ရေးအာဏာပိုင်များ၊ တရားစီရင်ရေးအာဏာ ပိုင်များအားလုံးက လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရပါသည်။ နိုင်ငံတွင်း နေထိုင်သူအားလုံးနှင့် နိုင်ငံသားများအားလုံးလည်း လိုက်နာကြရပါသည်။ ဥပဒေများကောင်းမွန်ပြီး ထိုဥပဒေကောင်းများကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်နိုင်မှသာ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်ပြီး တရားဥပဒေစိုးမိုးနိုင်မည် ဖြစ်ပါသည်။
ဥပဒေပြုရေးတာဝန်မှာ အလွန်အရေးကြီးသော်လည်း ယခင်က ဥပဒေပညာဘွဲ့ သင်ရိုးများတွင် ဥပဒေရေးဆွဲရေးဘာသာရပ်ကို သီးခြား ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားခဲ့ရခြင်းမရှိခဲ့ပါ။ ယနေ့ ခေတ်တွင်လည်း ထိုဘာသာရပ်ကို သီးခြားဘာသာ ရပ်တစ်ခုအနေဖြင့် သင်ကြားနေသည်ဟု လေ့လာ တွေ့ရှိရခြင်းမရှိပါ။ တက္ကသိုလ်များတွင် ဥပဒေဘာသာရပ်သင်ကြားပို့ချရာ၌ ထိုဘာသာရပ်ကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ထည့်သွင်းပို့ချသင်ကြား သင့်ပါသည်။
အချို့သောနိုင်ငံများတွင် ဥပဒေများစိစစ်ခြင်း နှင့်စပ်လျဉ်း၍ Legislative Council ၊ Cabinet Legislation Bureau ၊ Standing Committee on Legislation စသည့်အမည်များဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်းကာ ဥပဒေစိစစ်ခြင်းကို ဆောင်ရွက်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ဥပဒေများမပြဋ္ဌာန်းမီ စိစစ်ခြင်းအား ဥပဒေကို ကနဦး စတင်ရေးဆွဲသော ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး/ ဥပဒေရေးရာဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ကြပြီး ရရှိလာသောဥပဒေကြမ်းကို ပြည်ထောင်စုရှေ့နေ ချုပ်ရုံး/ ဥပဒေရေးရာဝန်ကြီးဌာနသို့ ပေးပို့စိစစ် အကြံဉာဏ်တောင်းခံပါသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီး လွှတ်တော်တွင် ဥပဒေကြမ်းကော်မတီနှင့် သက်ဆိုင်ရာဌာနများက စိစစ်ဆောင်ရွက်ကြပါသည်။ ဥပဒေများ ပြဋ္ဌာန်းပြီးနောက် စိစစ်ခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများက အခါအားလျော်စွာ သုံးသပ်ဆောင်ရွက်သော်လည်း တိကျသောပြဋ္ဌာန်းချက်များ၊ အဖွဲ့အစည်း များဖြင့် တာဝန်ပေးအပ်ထားခြင်းများ မတွေ့ရှိရပါ။
ဥပဒေများစိစစ်ခြင်းသည် နိုင်ငံတိုင်းအတွက် အလွန်အရေးကြီးသောကဏ္ဍဖြစ်ပါသဖြင့် နိုင်ငံများအနေဖြင့် အလေးထားဆောင်ရွက်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ဥပဒေများစိစစ်ခြင်းကဏ္ဍ ကောင်းမွန်တိုးတက်လာသည်နှင့်အမျှ နိုင်ငံနှင့် ပြည်သူကို အကျိုးပြုသော ဥပဒေများ ပေါ်ထွက်လာပြီး ဥပဒေ၏ အာဏာသက်ရောက်မှုများ ပိုမိုထိရောက်မှုရှိလာမည်ဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတော်တွင် ပြဋ္ဌာန်းထားခြင်းမရှိသေးသော ဥပဒေများကို ခေတ်နှင့်အညီ ဖြစ်စေရန်အတွက် လိုအပ်သောဥပဒေများကိုလည်း ပြဋ္ဌာန်းသင့်ပါသည်။ ဥပမာအားဖြင့် ရှေးယခင်က ရာဇဝတ်မှုများသည် ရိုးရှင်းသော်လည်း မျက်မှောက်ခေတ်တွင် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ Cyber Crime ကဲ့သို့မှုခင်းများမှာ အသစ်အဆန်းပေါ်ပေါက်လာသည့်မှုခင်းများ ဖြစ်ပါသည်။ ထိုသို့သော ဆန်းသစ်သည့်အမှုများကို အရေးယူဆောင်ရွက်နိုင်ရန်အတွက်လည်း ဥပဒေအသစ်များကို ပြဋ္ဌာန်းရန်လိုအပ်မည် ဖြစ်ပါသည်။
အခြေခံပညာအထက်တန်းအဆင့်က ရူပဗေဒဘာသာရပ်ကို သင်ယူခဲ့ရာတွင် အလုပ်ဆိုသည်မှာ ဆောင်ရွက်မှုအတွက် ဆိုလိုခြင်းမဟုတ်ဘဲ အောင်မြင်ပြီးမြောက်မှုအတွက် ဆိုလိုကြောင်း မှတ်သားမိပါသည်။ ဥပဒေများ ပြဋ္ဌာန်းရာတွင်လည်း ဥပဒေ၏ရည်ရွယ်ချက်အတိုင်း ထိရောက်အောင်မြင်မှသာ နိုင်ငံနှင့် ပြည်သူအတွက် အကျိုးဖြစ်ထွန်း မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ တည်ဆဲဥပဒေများသည် အစဉ်ခေတ်မီ တိုးတက်ပြီး နိုင်ငံနှင့်ပြည်သူကို အကျိုးဖြစ်ထွန်းစေရန် အစဉ်ပြန်လည်သုံးသပ်စိစစ်နေရန် လိုအပ်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
