Skip to main content

ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်းအစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်လို့ မှန်ကန်တဲ့     သတင်းအချက် အလက်တွေ၊  စိတ်ဓာတ်ပိုင်းဆိုင်ရာ၊   ကျန်းမာရေးပိုင်းဆိုင်ရာ သိသင့်သိထိုက်တဲ့ကိစ္စတွေ၊ သိချင်တဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီး တွေက အပတ်စဉ်အသိပညာပေး   ရှင်းလင်းဆွေးနွေးပြောကြားပေးနေတဲ့ ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/ အဖြေ အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကာလဟာ တစ်နှစ်ပြည့်ခါနီးကာလကို ရောက်ရှိနေပြီး ယခုအချိန်အထိ ကူးစက်ခံရသူ ၅၅ သန်းကျော်နဲ့ သေဆုံးသူ ၁ ဒသမ ၃ သန်း ကျော်လွန်လာပြီး ရောဂါဖြစ်ပွားမှု ဒဏ်ကို ခံနေကြရဆဲဖြစ်ပါတယ်။  ကိုဗစ် -  ၁၉  ရောဂါ အန္တရာယ်ဟာ လူသားတွေနဲ့အတူ ဆက်လက်ရှိနေဦးမှာဖြစ်ပြီး ကာကွယ်ဆေးမရခင်အချိန်အထိ  ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက  ထုတ်ပြန်ထားတဲ့အတိုင်း   တိတိကျကျ လိုက်နာကြ ဖို့လည်း တကယ်လိုအပ်ပါတယ်။

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကြောင့် အဘက်ဘက်မှာ ထိခိုက်မှုတွေရှိနေသလို စီးပွားရေးထိခိုက်မှုတွေကိုလည်း တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့လည်း   ပြည်သူတွေကြုံတွေ့ နေရတဲ့  စီးပွားရေးအခက်အခဲတွေကို   ပြေလည်စေဖို့ ကြိုးစားဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေးတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး အခြေခံ ကျန်းမာရေးကောင်းအောင် သတိပြုနေထိုင်ကြဖို့ အကြံပေးပါရစေ။

ဒီနေ့အစီအစဉ်မှာ ကိုဗစ် - ၁၉ ရောဂါနဲ့ ရင်ဆိုင်ခဲ့ရပြီး မှန်ကန်ကောင်းမွန်းတဲ့ ကုသမှုတွေခံယူခဲ့ သူတွေနဲ့ တွေ့ဆုံပြီး သူတို့  ဘယ်လိုခွန်အားတွေနဲ့   ဒီရောဂါကို ကျော်လွှားခဲ့ကြတယ်ဆိုတဲ့       အတွေ့အကြုံတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။     ဒီနေ့အစီအစဉ်မှာ  ဆေးတက္ကသိုလ် - ၂ (ရန်ကုန်)  စိတ်ကျန်းမာပညာဌာနမှ ကထိက ဒေါက်တာ မျိုးကျော်သူ၊ သင်္ဃန်းကျွန်းမြို့နယ်မှ ဦးကျော်သူရဝင်းနဲ့   ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်ကြည်ကြည်ဝေ တို့ကို ဖိတ်ခေါ်ထားပါတယ်။

ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရတဲ့ အခြေအနေကစပြီး ပြောပြပေးဖို့  ပထမဦးဆုံး   ဒေါက်တာမျိုးကျော်သူက ပြောပေးပါဦးရှင်။

ဒေါက်တာမျိုးကျော်သူ။ ။ ကျွန်တော် ကူးစက်ခံရတာက  ကျွန်တော့်ရဲ့ အမျိုးသမီးဆီကလို့ ယူဆထားပါတယ်။   သူကလည်း စိတ်ကျန်းမာပညာဌာန၊  ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)က ကထိကတစ်ဦးပါ။ သူက ဒီလို  ကူးစက်ခံရတယ်လို့ မသိခင်တစ်ပတ်က ကလေးဆေးရုံမှာ ပြင်ပလူနာသွား ကြည့်ပါတယ်။ ပြင်ပလူနာသွားကြည့်ရင်းနဲ့  အဲဒီထဲက စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်က   Positive ဖြစ်တယ်လို့ စသိပါတယ်။ စသိပြီး သူနဲ့ Contact တွေကို နောက်ပိုင်းလိုက်စစ်တဲ့အခါ ကျွန်တော့်အမျိုးသမီးလည်း Positive ဖြစ်နေတာကို သိရှိရပါတယ်။ အဲဒါနဲ့ ကူးစက် ခံရတယ်လို့ ကျွန်တော်ယူဆပါတယ်။

ကျွန်တော် တကယ်ဖြစ်တဲ့အချိန်က  စက်တင်ဘာ ၂၂ ရက်နေ့မှာပါ။ PCR Test နဲ့ စစ်လိုက်တော့ Positive ဆိုတာ သေချာသွားပါတယ်။ အဲဒီမတိုင်ခင်မှာ ကျွန်တော် က အိမ်မှာ Home Quarantine လုပ်နေပါတယ်။ အဲဒီ အချိန်မှာ ကျွန်တော်   နှလုံးခုန်တာ   မမှန်တာကိုလည်း မြောက်ဥက္ကလာပဆေးရုံကြီးက Fever Clinic မှာ သွားပြ ခဲ့ပါတယ်။ ဒီလိုပြသတဲ့အချိန်မှာ လိုအပ်တဲ့ သွေးဖောက် စစ်ဆေးမှုတွေ၊ ဓာတ်မှန်ရိုက်တာတွေ၊ လိုအပ်တဲ့ကုသမှု တွေကို သတ်မှတ်ထားတဲ့အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီရဲ့အဖြေတွေ အကုန်လုံးကလည်း  ကောင်းနေတယ်။ အဖြေကောင်းတဲ့အတွက်   အိမ်မှာဆက်ပြီး ကျွန်တော် နေပါတယ်။ စက်တင်ဘာ   ၃၀ ရက်နေ့   ညနေကျတော့ အောက်ဆီဂျင် နည်းနည်းကျလာတယ်။   နှလုံးခုန်နှုန်း မမှန်တာက ပိုဖြစ်လာတဲ့အတွက် အောက်တိုဘာ ၁ ရက်နေ့ မနက်အစောကြီးမှာ အင်းစိန်ဆေးရုံကို တက်ရောက် ခဲ့ပါတယ်။

အင်းစိန်ဆေးရုံကို ရောက်တဲ့အခါ ဆေးရုံက သမား တော်ကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ Rapid Test နဲ့ နှစ်ကြိမ် စစ်ခဲ့ပါတယ်။ Rapid Test နှစ်ကြိမ်လုံးကလည်း Nega-tive ထွက်ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့မှာ  သမား တော်ကြီးတွေက PCR ပို့မယ်ဆိုပြီး PCR   စစ်တဲ့အခါ အောက်တိုဘာ ၃ ရက်နေ့    မနက်ခင်းမှာ   Positive ဖြစ်တယ်ဆိုတာကို အဖြေရခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ဝေဘာဂီဆေးရုံကို ပြောင်းရွှေ့ပြီး  အဲဒီမှာ  ကုသမှုခံယူ ခဲ့ပါတယ်။

ဝေဘာဂီဆေးရုံမှာ အောက်တိုဘာ ၃ ရက် မနက်ခင်းကစပြီး အောက်တိုဘာ ၂၃ ရက်အထိကို ကုသမှုတွေ ခံယူခဲ့တယ်။ အဲဒီမှာ Remdesivir လည်း သွင်းတယ်။ Antibiotics တွေ သွင်းတယ်။  သွေးရည်ကြည်လည်း နှစ်ကြိမ်သွင်းတယ်။ ဒီထိထိရောက်ရောက်နဲ့ ရှေ့ကြိုပြီး ကုသမှုခံယူရတဲ့အတွက် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကလီစာတွေ အတိုက်အခိုက်ခံရမှု အနည်းဆုံးဖြစ်ပြီး ဆေးရုံက ပြန်လည်ဆင်းခွင့်ရခဲ့ပါတယ်။

ဆေးပညာအရ ပြောရရင်  နည်းနည်းစီပေါ့နော်၊  နှလုံး၊ ကျောက်ကပ်၊ အသည်းနဲ့ သွေးထဲမှာ ရောဂါတွေ အကြီးအကျယ် မဖြစ်သော်လည်း နည်းနည်းစီ တိုက်ခိုက် ခြင်းခံခဲ့ရတယ်လို့  အဖြေထွက်ပါတယ်လို့  သမားတော် ကြီးတွေက ပြောပါတယ်။ အခုထက်တိုင် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးခဲမှုမရှိအောင်    သွေးဖောက်မှုကို ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။    နောက်ဝေဘာဂီရဲ့ ညွှန်ကြားချက်နဲ့ နောက်ဆက်တွဲ ဆက်လက်လုပ်ဆောင်ရမယ့် အချက်တွေကိုလည်း ဆောင်ရွက်နေပါတယ်။ သွေး ရည်ကြည် လှူဖို့အတွက်လည်း နာမည်စာရင်း ကျွန်တော် ပေးထားပါတယ်။ လှူရမယ့်ရက်ကို   သတ်မှတ်ပြီးရင် ကျွန်တော့်ကို အကြောင်းကြားမှာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ စဖြစ်တဲ့အချိန်   နှစ်အစပိုင်းကစပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝေဘာဂီဆေးရုံမှာ လူနာတွေက ဒီစိတ်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ များလို့ ဖြစ်ဖြစ်၊ စိတ်နဲ့ပတ်သက်ပြီး မထိန်းနိုင်တဲ့အခါ မျိုးဖြစ်ဖြစ် ကုသမှုပေးနိုင်အောင် ကျွန်တော်တို့လို စိတ် ကျန်းမာရေး ဆရာဝန်တွေကို   တာဝန်ချထားပေးခဲ့ပါတယ်။ ဒီလိုတာဝန်ချပေးတဲ့အတွက်   အဲဒီမှာလူနာတွေကို သွားကြည့်ပြီး လူနာတွေနဲ့ ပတ်သက်တဲ့  စိတ်ဖိစီးမှုတွေ ကို ကျွန်တော်ကိုယ်တိုင်   နှစ်သိမ့်ဆွေးနွေးပေးမှုတွေ လုပ်တယ်။ လိုအပ်တဲ့ ဆေးဝါးတွေကို ပေးပြီး ကျွန်တော် ကုသပေးခဲ့ပါတယ်။

အခုအချိန်မှာ ကျွန်တော် ရောက်သွားတာက လူနာ တစ်ယောက်အနေနဲ့  ရောက်သွားတာပါ။    လူနာ တစ်ယောက်အနေနဲ့  ရောက်သွားတဲ့အတွက်   လူနာတစ်ယောက်အနေနဲ့ ကျွန်တော်က ခန္ဓာကိုယ်နဲ့ ပတ်သက် ပြီး ခံစားရတာတွေရှိတယ်။ စိတ်နဲ့ပတ်သက်ပြီး ခံစားရတာတွေရှိပါတယ်။

အစီအစဉ်မှူး။ ။ ဦးကျော်သူရဝင်းအနေနဲ့ ကိုဗစ်- ၁၉ ရောဂါ ဘယ်လိုမျိုး  ကူးစက်ခံရ သလဲ ဆိုတာကို အရင်ဆုံး ပြောပြပေးပါဦး။

ဦးကျော်သူရဝင်း။ ။ ကျွန်တော်က         ရန်ကုန်တိုင်းဒေသကြီး   သင်္ဃန်းကျွန်းမြို့နယ် မှာနေပါတယ်။ ဒီရောဂါစပြီး   ကူးစက်ခံရတဲ့ အချိန်ဖြစ်တဲ့ ၉ လပိုင်း လဆန်းပိုင်းလောက်က သင်္ဃန်းကျွန်းမြို့နယ်က ကိုဗစ်ရောဂါကူးစက်ခံရမှု   အများဆုံးဖြစ်နေပါတယ်။ အိမ်မှာက မိသားစု ကိုးယောက်ရှိပါတယ်။ အိမ်မှာ အသက်အကြီးဆုံး အမေက ၈၃ နှစ်ဖြစ်ပြီး အသက်အငယ်ဆုံး သမီးလေးက လေးနှစ်ပဲ ရှိပါသေးတယ်။ သားက ခုနစ်နှစ် ရှိပါတယ်။ အငယ်တွေ၊ အကြီးတွေ ရောနေပါတယ်။

မိသားစုထဲမှာ အလုပ်လုပ်တာက ကျွန်တော်က ဘဏ် တစ်ခုမှာ အလုပ်လုပ်သလို၊ ကျွန်တော့် အမျိုးသမီးကလည်း တခြားဘဏ်တစ်ခုမှာ  အလုပ်လုပ်ပါတယ်။ ကျွန်တော့် သမီးအကြီးက ကုမ္ပဏီတစ်ခုမှာ   အလုပ်လုပ်ပါတယ်။ ဘဏ်မှာနေတဲ့ ကျွန်တော်တို့က ရုံးမှာ စည်းကမ်းတွေ တင်းတင်းကျပ်ကျပ်နဲ့     ကိုဗစ်ကာကွယ်ရေးတွေကို စနစ်တကျ  လုပ်ရပေမယ့်     အိမ်မှာနေတဲ့ သူတွေကလည်း ဈေးသွားတာတွေ၊ ဘာတွေရှိပါတယ်။

စပြီးကူးစက်ခံရတာက ကျွန်တော်ရဲ့ ယောက္ခမ ဖြစ်ပါတယ်။ စက်တင်ဘာ  ၄ ရက်နေ့မှာ စပြီး အနံ့ပျောက်ပါတယ်။ အနံ့ပျောက်တဲ့အခါ ကျွန်တော်က သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို  ပို့ပါတယ်။   ဆေးရုံရောက်တဲ့အခါ သံသယလူနာစာရင်းထဲကို သွင်းတယ်။ Swab Test ယူပါ တယ်။ အဖြေကို စက်တင်ဘာ  ၆ ရက်နေ့မှာ  Positive ဆိုတာကို သိရပါတယ်။ ယောက္ခမကို စံပြဆေးရုံကြီးကနေ ဖောင်ကြီးကို ပို့ပါတယ်။ ကျန်တဲ့ မိသားစုရှစ်ယောက်က ဟိုတယ်မှာ Quarantine   ဝင်ရပါတယ်။   စက်တင်ဘာ ၉ ရက်နေ့မှာ ကျွန်တော်တို့ကို Swab Test ယူပြီး ၁၁ ရက် နေ့မှာ Positive အဖြေရပါတယ်။ အဲဒီနေ့မှာ မှတ်မှတ်ရရ ၁၁၅ ယောက် အဖြေထွက်ပါတယ်။ ၁၁၅ ယောက်ထဲမှာ ကျွန်တော်တို့ မိသားစု ရှစ်ယောက်လုံး ပါပါတယ်။

ကျွန်တော့်ရဲ့ အခြေအနေက ဘယ်လိုဖြစ်လဲဆိုရင် ၁၁ ရက်နေ့မှာ  အဖျားတက်တယ်။   နောက်ပြီးပြန်ကျတယ်။ နောက်ချောင်းဆိုးတာ ဖြစ်လာတယ်။ ၁၃ ရက်နေ့ မှာလည်း အဖျားဆက်ပြီးတက်တယ်။ အနံ့လည်း ပျောက်သွားတယ်။ ဒါမျိုးတွေ ကျွန်တော်ခံစားရပါတယ်။ ၁၄ ရက်နေ့မှာ ကျွန်တော်တို့ကို ရိုးမရိပ်သာကို ပို့လိုက်ပါတယ်။ အဲဒီအချိန် ကျွန်တော် အစိုးရိမ်ဆုံးက အသက် ၈၃ နှစ် အရွယ်အမေနဲ့ ကလေးနှစ်ယောက်ကို  စိုးရိမ်ပါတယ်။ ကျန်တဲ့လူတွေက  ခံနိုင်ရည်ရှိတယ်။    ကျွန်တော့်ကို ကျွန်တော်လည်း ခံနိုင်ရည် အတော်ရှိမယ်လို့ ထင်ထားတာပါ။

အခုလက်ရှိလည်း      ကျန်းမာရေးနဲ့ပတ်သက်လို့ တင်းနစ်ကစားနည်းကို    မပြတ်ကစားနေတုန်း ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရည်ရှိတယ်လို့   ထင်နေတုန်းပါပဲ။ ဒါပေမယ့် အမေ့ကို စိုးရိမ်တဲ့အတွက် အတင်းအကျပ်ကို ကုသရေးစင်တာပို့ပါတယ်။ သမီးအကြီးနဲ့အတူ အမေက အဲဒီနေ့မှာပဲ ဝေဘာဂီဆေးရုံကို   ရောက်သွားတယ်။ ကျွန်တော်က ရိုးမရိပ်သာရောက်တယ်။    နောက်နေ့မှာ ဆက်ပြီး    အဖျားတက်တဲ့အတွက်   ကျွန်တော့် အမျိုးသမီးကမရဘူး၊ ကုသမှုခံယူမှရ မယ်လို့ ဆရာဝန်တွေကို အတင်းအကျပ်သတင်းပို့ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာ  ကျွန်တော်လည်း    ဝေဘာဂီဆေးရုံကို   ရောက်ခဲ့ပါတယ်။

ကျွန်တော် အရင်တုန်းက ထင်ခဲ့တယ်။  ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်ကိုင်နိုင်မယ်လို့ ထင်ခဲ့တာ ဝေဘာဂီဆေးရုံ ရောက်တဲ့အချိန်မှာ ကျွန်တော် အရေးပေါ်လူနာတင်ယာဉ် ပေါ်ကနေပြီး ဘေးက ဝှီးချဲပေါ်မထိုင်နိုင်တဲ့ အနေအထား ဖြစ်သွားတယ်။ တော်တော်လေးကို မောပြီး ဘယ်လိုခံစားရ မလဲကို မသိဘူး။ တော်တော်လေးကို ဆိုးဆိုးရွားရွား ခံစားရပါတယ်။ အဲဒီကနေ ကျွန်တော်ကို တစ်ခါတည်းတန်းပြီး ICU ထဲကိုပို့ပါတယ်။   ICU  ထဲမှာ  ကျွန်တော်နဲ့အတူ ဆေးကုသမှုခံယူတဲ့ သူတွေရှိပါတယ်။   ဆရာဝန်တွေက  တော်တော်လေးကို  ကြပ်ကြပ်မတ်မတ်နဲ့   ကုသပေးပါတယ်။

ကုသပေးတဲ့နေရာမှာ စောစောက ဆရာပြောခဲ့သလို ပါပဲ။ Zomax ဆိုတဲ့ဆေးကို ၁၇ ရက် နေ့မှာ ထိုးပေးပါတယ်။ ၁၈ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာ သွေးရည်ကြည်ကုထုံးနဲ့ ဆက်ပြီး ကုသပေးပါတယ်။ ၂၃ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိကို Remdesivir ဆေးခုနစ်လုံးထိုးပြီး ကုသပေးခဲ့ပါ တယ်။ ကျွန်တော် ICU ထဲမှာ  ရက်ပေါင်း  ၃၀ ကျော် နေခဲ့ရပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့ကျမှ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ စုစုပေါင်း ဆေးရုံမှာ ရက်ပေါင်း ၄၀ နီးပါး ကြာမြင့်ခဲ့ပါတယ်။ ICU ထဲမှာ နေရတဲ့အချိန်ကာလ မှာ ဆရာဝန်၊ ဆရာမတွေက တော်တော်လေးကို ကြပ်ကြပ် မတ်မတ်နဲ့ တော်တော်စေတနာထားပြီး   ကုသပေးတာ ကိုလည်း ကျွန်တော်တွေ့ရပါတယ်။

ဆေးရုံ၊ ဆေးခန်းဆိုတာ ကျွန်တော်နဲ့   တော်တော် အလှမ်းဝေးပါတယ်။ တစ်ခါမှလည်း   မရောက်ဖူးပါဘူး။ နောက်ပြီး  ကိုယ်မြင်ရတဲ့၊ ကိုယ်ကြားရတဲ့  ဆေးရုံတွေဆိုတာ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့မထင်ပါဘူး။ ဆေးရုံမှာ ပိုက်ဆံလည်း တစ်ပြားမှ  မကုန်ခဲ့ပါဘူး။ ဆေးဝါး၊ အစား အစာကအစ အလှူရှင်ရှိတာရော၊ အလှူရှင်မရှိဘဲ ဆေးရုံ ကကျွေးတာရော တကယ်ကို ကောင်းကောင်းမွန်မွန်နဲ့ စေတနာထားပြီး ပြုစုစောင့်ရှောက်တာကိုလည်း ခံခဲ့ရပါ တယ်။ ဆေးရုံနဲ့ ပတ်သက်ပြီးတော့လည်း တကယ်ကို ကျေးဇူးတင်ဖို့ကောင်းတဲ့ အနေအထားဖြစ်ပါတယ်။

ဆေးရုံက ဆင်းလာတဲ့အခါမှာတော့  Side Effect အနေနဲ့ အသည်းရောင်၊ အသားဝါတော့ပါလာတယ်။ ဒါကို CT Scan သေချာစစ်ဆေးပြီး မြောက်ဥက္ကလာဆေးရုံကြီးက အသည်းရောဂါ အထူးကုဆရာဝန်နဲ့ ချိတ်ဆက်ပြီးတော့ ကုသမှုကို Viber ကနေလည်း အခုထိ ဆက်လုပ်နေတုန်း ပါပဲ။ အသည်းရောင်၊ အသားဝါကတော့  မပျောက်သေး ပါဘူး။ ကိုဗစ်နဲ့ ပတ်သက်ပြီး   ဘာမှခံစားရခြင်းမရှိတော့ ပါဘူး။ 

အစီအစဉ်မှူး ။ ။   ဆရာမအနေနဲ့ရော   ကိုဗစ်-၁၉ ရောဂါ ဘယ်လိုစပြီး ကူးစက်ခံရ တာလဲ။ ကိုယ့်ကိုယ်ကိုယ် ကူးစက်ခံရပြီဆိုတာ ဘယ်လို စပြီး သိသလဲ အဲဒါလေးလည်း ပြောပြပေးပါဦးရှင့်။

ဒေါ်ကြည်ကြည်ဝေ ။ ။  ကျန်းမာရေးဝန်ထမ်း တစ်ယောက်အနေနဲ့  ဒီရောဂါက ဘယ်ကနေကူးတယ်ဆိုတာ အတိအကျပြောဖို့ တော့  ခက်ပါတယ်။ ကိုဗစ်စပြီးဖြစ်တဲ့  First   Time ကတည်းက   ကျွန်မတို့က  ဆေးရုံမှာ   တာဝန်ကျတော့ သံသယလူနာတွေ၊ အတည်ပြုလူနာတွေ၊ ရိုးရိုးလူနာတွေ အကုန်လုံးကို   ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခဲ့ ပါတယ်။ အဲဒီလိုပေးရာမှာလည်း ဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကူးစက်ရောဂါ   ကာကွယ်ရေးနဲ့   ထိန်းချုပ်ရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့အညီ    သတ်မှတ်ထားတာကိုလည်း ဝတ်ဆင်ပြီး ပြုစုစောင့်ရှောက်မှုပေးပါတယ်။

အဲဒီလိုပေးပေမယ့်လည်း ထမင်းစားတဲ့အခါ Mask ချွတ်တာတို့၊ Face Shield ချွတ်တာတို့လည်း ရှိခဲ့တယ်။ အဲဒီအခါ ကျန်းမာရေးဝန်ထမ်းအချင်းချင်းပဲ ကူးသလား အတိအကျတော့ မပြောနိုင်ပါဘူး။ ဒီဆေးရုံမှာလုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘယ်ကနေကူးပါတယ် ဆိုတာ တိတိကျကျပြောဖို့တော့ ခက်ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျွန်မနံနက် အိပ်ရာ ထတဲ့အခါ တစ်ကိုယ်လုံး နုံးချည့်ပြီး ကိုယ်တွေ၊ လက်တွေ ကိုက်ခဲလာတယ်။ နှာလည်း နည်းနည်းစေးတယ်။ အဲဒါနဲ့ ကျွန်မ Ward ထဲက အစ်မတွေကို လှမ်းပြောလိုက်တဲ့အခါ နေတဲ့အဆောင်မှာ   ခဏနားနေဦးဆိုလို့   နားနေလိုက် တယ်။  အဲဒါက   ဆေးသောက်လိုက်၊   သက်သာလိုက်နဲ့ မပျောက်သွားတဲ့အခါကျတော့ စက်တင်ဘာ ၁၈ ရက်နေ့ မှာ  ကျွန်မကို   Swab  ယူလိုက်တယ်။  ၁၉ ရက်နေ့မှာ Positive ဆိုပြီး အဖြေထွက်လာတယ်။

ကျွန်မကို   Quarantine  Center ကို  ပို့ဖို့စီစဉ် ဆောင်ရွက်ထားတယ်။ အဲဒီလို ပို့ဖို့စောင့်နေတဲ့ အချိန်မှာပဲ ကျွန်မဘာတွေဖြစ်လာသလဲဆိုတော့    မောလာတယ်။ အန်လာတယ်။     ခေါင်းကလည်း   လုံးဝ  မထူနိုင်ဘူး။ ခေါင်းတွေကိုက်တယ်။ ဘာစားစား စားတာနဲ့အန်တယ်။ နည်းနည်းလေးလှုပ်တာနဲ့ မောတဲ့အခါကျတော့ ကျွန်မကို စင်တာကို မပို့တော့ဘဲ ဝေဘာဂီဆေးရုံကို ဆက်သွယ်ပြီး ပို့ဆောင်ခဲ့တယ်။

ကျွန်မ ဝေဘာဂီဆေးရုံကို စက်တင်ဘာ ၂၁ ရက်မှာ ရောက်တယ်။ ရောက်တဲ့အခါ ကြည့်ပြီး ၂၂ ရက်နေ့မှာ ICU ထဲကို ထည့်လိုက်တယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှု တွေကို ပေးတယ်။ ၂၄ ရက်နေ့မှာ ICU ထဲက  ပြန်ထွက် ရပြီး Ward ထဲမှာနေရတယ်။ အောက်ဆီဂျင်ကတော့ နည်းနည်းရှူရတယ်။   ICU  ထဲက  ထွက်လာပြီး  အပြင် ရောက်တော့ ကျွန်မမောတာတွေ နည်းနည်းသက်သာလာတယ်။   တစ်ပတ်လောက်အကြာမှာတော့   ကျွန်မပုံမှန် လူလိုပဲ   လှုပ်ရှားသွားလာနိုင်တယ်။   ဒါပေမယ့်   လိုအပ်တဲ့    ဆေးဝါးကုသမှုတွေကိုတော့     ဆက်လက်ပေးပြီး အောက်တိုဘာ  ၁၇   ရက်နေ့မှာ   ဝေဘာဂီဆေးရုံက ပြန်ဆင်းလာရပါတယ်။

အစီအစဉ်မှူး ။ ။ ဒါဆိုရင်   ဆရာမ အခု  တာဝန်တွေ  ပြန်ထမ်းဆောင်နေပြီလား။

ဒေါ်ကြည်ကြည်ဝေ ။ ။  နိုဝင်ဘာ ၃ ရက်ကစပြီး အခု တာဝန်တွေ ပြန်ထမ်းဆောင် နေပါပြီ။ အခုလက်ရှိလည်း အနောက်ပိုင်းဆေးရုံကြီး ဆေးကုသဆောင်မှာ တာဝန်ဆက်လက် ထမ်းဆောင်နေ ပါတယ်။

အစီအစဉ်မှူး ။ ။ ဒေါက်တာမျိုးကျော်သူရှင့်။ ဆရာ တို့အနေနဲ့    ခုနပြောတဲ့အထဲမှာ လူနာတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အကြံပေးတာမျိုး တွေရှိတယ်ဆိုတော့   ကိုဗစ်ရောဂါ  ခံစားနေရတဲ့ လူနာ တွေအနေနဲ့     ဆရာတို့ဆီကို     စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးဖို့အတွက်   ဘယ်လိုမျိုး    ကိစ္စမျိုးတွေကို အများဆုံး ဖြေရှင်းပေးခဲ့ရလဲရှင့်။

ဒေါက်တာမျိုးကျော်သူ ။ ။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး  အခုထက်တိုင်လည်း   ကျွန်တော်တို့က  အကြံဉာဏ်တွေပေးနေတုန်း၊ ကုသမှုတွေပေးနေတုန်း    ဖြစ်ပါတယ်။    စင်တာတွေ တော်တော်များများကလည်း ကျွန်တော်တို့ စိတ်ကျန်းမာ ရေးဆရာဝန်တွေကို ချိတ်ဆက်ပြီး လူနာတွေအတွက် စိတ်နဲ့ပတ်သက်တဲ့ ပံ့ပိုးမှုတွေ၊ Counseling တွေ လက်ရှိ အထိလည်း လုပ်နေတုန်းရှိပါတယ်။

ကျွန်တော်စတွေ့တဲ့ လူနာကတော့ မတ်လကတရုတ် နိုင်ငံက  လေယာဉ်နဲ့လာတဲ့   လူနာဖြစ်ပါတယ်။ အဲဒီလူနာ က  မြန်မာစကားလည်း  မတတ်ဘူး။  အင်္ဂလိပ်စကား လည်း မတတ်ဘူး။  တရုတ်စကား တစ်ခုပဲ  တတ်တယ်။  မြန်မာနိုင်ငံကို   Worker အနေနဲ့   လာတယ်လို့  ပြောပါတယ်။ အဲဒီလူနာကို ဆေးတွေတိုက်လို့ မရဘူး။ ဒီဘက်က ကုသမှုတွေ အကုန်လုံးကို သူကငြင်းဆန်တယ်။

ဘာဖြစ်လို့လုပ်တာလဲဆိုတော့    နောက်ကျတော့ ကျွန်တော်တို့ကို ပြောပြတယ်။  ခေါ်တယ်။ ကျွန်တော်တို့နဲ့ Counseling လုပ်ရတယ်။ တရုတ်စကားပြန်နဲ့ တွေ့တဲ့ အခါကျတော့  သူက  ဆေးနဲ့ ပတ်သက်ပြီး   ယုံကြည်မှု မရှိဘူး။ နောက်ပြီး သူဘာဆက်ဖြစ်မယ်မှန်း မသိဘူး။ ကျွန်တော်တို့က   ပြောပြတယ်။   ဒီစင်တာမှာ   အစပိုင်း ဆိုတော့ ကုသမှုကို ဘယ်လိုပေးမှန်းလည်း မသိဘူး။ အဲဒါ တွေကလည်း   သူတို့အတွက်  အခက်အခဲနဲ့   စိတ်တိုတဲ့ လက္ခဏာတွေပြတာတို့၊ အခန်းကို လက်သီးနဲ့ ထိုးတာတို့ အဲဒီလိုမျိုးတွေရှိတယ်။

အခုနောက်ပိုင်းမှာတော့ မတိကျ မသေချာ မရေရာမှု တွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်မှုတွေ က အဓိကပေါ့လေ။ လူနာတစ်ယောက်က သူ့မှာ Positive ဖြစ်သွားပြီဆိုရင် အစပိုင်းမှာသူက လက်မခံချင်ဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ ရောဂါတစ်ခုဖြစ်ရင်     ဒီရောဂါရဲ့    တိုက်ခိုက်နေတဲ့ သက်ရောက်မှုတွေကိုလည်း ဆိုရှယ်မီဒီယာကပဲဖြစ်ဖြစ်၊ သတင်းမီဒီယာကပဲဖြစ်ဖြစ်     သူကသိနေတဲ့အတွက် ဒီရောဂါဖြစ်ရင်တော့ ဒါနဲ့ပတ်သက်ပြီး ရောဂါကြီးကြီး မားမား ခံစားရမှာပဲဆိုတဲ့ ကြောက်လန့်မှုကလည်း ဖြစ်စေတယ်။

အဲဒီကြောက်လန့်မှုကြောင့်လည်း ဒီရောဂါမဖြစ်ဘူး ဆိုတဲ့ စိတ်ထဲမှာ  ဒွိဟတွေဖြစ်နေတယ်။  အဲဒီဒွိဟတွေ ဖြစ်နေတဲ့   တစ်ချိန်တည်းမှာပဲ  သူ  Positive  ဖြစ်ရင် သူတစ်ယောက်တည်းနဲ့ မပြီးဘူး။ သူ့ရဲ့ မိသားစုဝင်တွေ၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ    အကုန်လုံးကို    သူက ကူးစက်ဖို့၊ Effect ဖြစ်ဖို့များတယ်။ အဲဒီလို Effect ဖြစ်သွား ရင် သူတို့တွေ့နေကြတာ၊ သိနေကြတာတစ်ခုက သူကိုယ် တိုင်လည်း ဒီရောဂါနဲ့ ပတ်သက်ပြီး နေရာတစ်ခုမှာ ကုရ မယ်။ ကိုယ့်ရဲ့ မိသားစုဝင်တွေကလည်း Positive ဖြစ်သွား ရင်ပဲဖြစ်ဖြစ်၊ မဖြစ်ခင် Quarantine ပဲဖြစ်ဖြစ်  ကိုယ်နေ နေကျ အခြေအနေတစ်ခု မဟုတ်ဘဲ အခြားအခြေအနေ တစ်ခုမှာ    ပြောင်းနေကြရမယ်။   အဝတ်အစားက   အစ၊ နေရေးထိုင်ရေး၊   စားသောက်ရေးကအစ   အဆင်ပြေပါ့ မလားဆိုတဲ့ ဒီပူပန်မှုတွေကလည်း သူတို့ကို ရိုက်ခတ်စေ တယ်။

နောက်ပြီး ကုသတဲ့စင်တာကို ရောက်တဲ့အခါ ရောဂါနဲ့    ပတ်သက်တဲ့     မသေချာမှုတွေ၊    မရေရာမှုတွေ၊ ဘာဆက်ဖြစ်မယ်ဆိုတာလည်း    မသေချာသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့  ရောဂါက   အခုမှဖြစ်တဲ့   ရောဂါ အဆန်းအသစ်ဖြစ်တယ်။    ကျွန်တော်တို့ဘက်က  သမား တော်တွေ၊    ကမ္ဘာမှာရှိတဲ့   Research   ဆရာတွေက လုပ်တုန်းရှိသေးတယ်။     ဆေးတွေနဲ့     ပတ်သက်ပြီး ဘယ်လောက်အထိ     ထိရောက်မယ်၊    Side  Effect ဘယ်လောက်အထိရှိမယ် ဒါတွေနဲ့ပတ်သက်ပြီး မသေချာ၊ မရေရာမှုတွေကလည်း  တစ်ခါပြန်ပြီး သူတို့ကို Stress ဖြစ်စေပြန်တယ်။

အဲဒီ  Stress  ဖြစ်စေတဲ့ကြားထဲမှာပဲ  တချို့တချို့ ကျတော့ တစ်ယောက်နဲ့ တစ်ယောက် Outlet ကမတူဘူး။ တချို့က စိတ်ညစ်လို့အိပ်သွားတယ်။ Depression ရသွား လို့ ဝပ်သွားတယ်၊ အိပ် သွားတယ်ဆိုပေမယ့် အဲဒီ Outlet ကို  တစ်ခါတလေကျတော့  ဝုန်းဒိုင်းကြဲတယ်။  တစ်ခါ တလေကျရင်  ပစ္စည်းတွေ  ပစ်ပေါက်တယ်။  ဖျက်ဆီး တယ်။ ဒါမျိုးတွေနဲ့ တုံ့ပြန်ကြတယ်။ ဒါလေးတွေကိုလည်း ကျွန်တော်တို့ကုသမှု၊ Counseling လုပ်တယ်။

အစပိုင်းကတော့    ကျွန်တော်တို့က    လူနာလည်း နည်းတဲ့အချိန်ဆိုတော့ ဝေဘာဂီဆေးရုံကို လူကိုယ်တိုင် သွားတယ်။ အင်တာကွန်းတွေနဲ့ ဖုန်းတွေဆက်ပြီး လုပ် တယ်။ နောက်တစ်ခုက PPE တွေ ဝတ်ပြီး လူနာတွေနဲ့ Counseling လုပ်ခဲ့တယ်။ အခုနောက်ပိုင်းတော့ အွန်လိုင်း အနေနဲ့ အဓိက လုပ်နေတယ်။ အွန်လိုင်းကနေ Video Call နဲ့ လုပ်ပေးတယ်။ ဖုန်းလိုင်းနဲ့လည်း လုပ်ပေးတယ်။ သူတို့ရဲ့   ခံစားချက်လေးတွေကို   နားထောင်ပေးတယ်။ အထူးသဖြင့် သူတို့ခံစားနေတဲ့ ခံစားချက်တွေကို ရင်ဖွင့်တယ်။ ဥပမာပြောပြရရင် တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်ပေးနေတယ်။ ပြုစုကုသမှုကို စဉ်ဆက် မပြတ်လုပ်ပေးနေတယ်ဆိုတာ တစ်ခုခုရှိလိုက်ရင် အဲဒီအချိန်မှာ  နောက်ဆုံး  ကောက်ရိုးတစ်မျှင်ပုံစံနဲ့  သူတို့အတွက် အားတစ်ခုဖြစ်စေတယ်။ အဲဒါတွေကလည်း အခုနောက်ပိုင်း ကျွန်တော်တို့  Counseling  လုပ်တဲ့အချိန်မှာ    တွေ့ရတယ်။   ကျွန်တော်တို့ကို  ဖုန်းဆက်တယ်။ စိတ်ကျန်းမာရေးဆရာဝန် တစ်ယောက်အနေနဲ့ ပြောပြတဲ့အခါ ဆရာတို့က ကျွန်တော်တို့ကို စောင့်ရှောက်ပေးနေ ပါလား သူတို့ကပြောတယ်။ အများကြီး အားတက်သွားစေ တာလေးတွေလည်း ကျွန်တော်တို့ တွေ့ရပါတယ်။

အစီအစဉ်မှူး ။ ။ ဦးကျော်သူရဝင်းရှင့်။    လက်ရှိမှာ ရောဂါ   ဖြစ်ပွားမှုကလည်း   သိသိ သာသာ လျော့ကျသွားခြင်း မရှိသေးဘူး။ တချို့ဆိုရင် လည်း   ကိုယ့်ဆီမှာ  ကိုဗစ် - ၁၉ ရောဂါ   ဖြစ်နေပြီဆိုတဲ့ သံသယလက္ခဏာတွေလည်း ကြုံရတယ်။ တချို့ကျတော့ လည်း ဒီအတိုင်းပဲ ပျောက်သွားမှာပဲဆိုပြီး အိမ်မှာပဲ နေနေ ကြတဲ့သူတွေလည်းရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် သွားရမှာလည်း   ကြောက်တဲ့လူတွေအတွက်   အကြံပြု စကားလေးပြောပေးပါဦးရှင့်။

ဦးကျော်သူရဝင်း ။ ။ ကျွန်တော့်ကို  လာမေးတဲ့ သူတိုင်းကို  အကြံပြုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောပြ   ဆေးရုံ၊   ဆေးခန်းကို  သွားပါ။ Fever Clinic တွေ  ဖွင့်ထားတာရှိပါတယ်။ ဆက်သွယ်ရန် လိပ်စာတွေ  မြို့နယ်အလိုက် ပေးထားတာရှိတယ်။ Fever Clinic ကို ဆက်သွယ်၊ ကိုယ့်အခြေအနေကို ပြောပြပါ။  သူတို့ကိုမလိုဘူး၊ ဆေးသောက်လို့ရတယ်ဆိုရင် ဆေးတိုက် ပါလိမ့်မယ်။ လွှတ်မယ်ဆိုရင်လည်း ဘယ်ကိုသွားပါဆိုပြီး    လွှတ်ပါလိမ့်မယ်။  ကုသမှုခံယူပါဆိုပြီး ကျွန်တော်အမြဲတမ်း  ပြောပါတယ်။  ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့ ဖြစ်လာရင် ထိမ်ချန်မထားဘဲ အသိပေးပြီး  ကုသမှုခံယူဖို့ လိုပါတယ်လို့  အသိပေးလိုပါတယ်။

ခုနဆရာပြောကြားသွားတာနဲ့   တစ်ဆက်တည်းပဲ စိတ်နဲ့ပတ်သက်ပြီး ကျွန်တော်က  ကောင်းကောင်းမွန်မွန် သန်သန်မာမာကြီး ဖြစ်ပါလျက် ဘာကြောင့် ဒီလောက် ဆိုးရွားသွားတာလဲဆိုတာ ဝေဘာဂီဆေးရုံက ဆရာကြီး၊ ဆရာမကြီးတွေဆို သိပါတယ်။ ကျွန်တော် တော်တော်လေးကို ဝေဒနာ ခံစားရတာပါ။ ဘာကြောင့်ခံစားရသလဲဆိုတော့ ကျွန်တော်ဒီလောက် မဖြစ်သင့်ဘဲ ဖြစ်သွားရတာ အချက်နှစ်ချက်ရှိပါတယ်။   ကျွန်တော်    Hotel  Quarantine ဝင်တယ်။ ဖြစ်ပြီဆိုတာ သိလိုက်တဲ့အချိန်မှာ ပြင်းပြင်း ထန်ထန်အားကစားကို   လုပ်လိုက်တယ်။   အဖျားတွေ တအားတက်ပြီး ပိုဆိုးသွားတယ်လို့ ထင်တယ်ဆိုတာက တစ်ချက်ပါ။

နောက်တစ်ချက်က ကျွန်တော်က အမေ့ကို တအားစိုးရိမ်တယ်။      အဲဒီစိုးရိမ်စိတ်က     ဆိုးသွားတယ်။ ကိုယ့်ကြောင့် ဖြစ်သွားရတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ အမေဆုံးသွားတာကို ကျွန်တော့်ကို အသိမပေးကြဘူး။ အသိပေးလိုက်ရင် ကျွန်တော် ပိုဆိုးသွားမယ်ထင်ပါတယ်။ ဆေးရုံတက်နေတုန်း စက်တင်ဘာ ၂၅ ရက်မှာ ဆုံးသွား ပါတယ်။ ဆေးရုံတက်ပြီးတော့ တစ်ပတ်လောက် ကုသမှုခံယူတဲ့ အချိန်မှာ ဆုံးသွားပါတယ်။ ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာသာ ဆုံးမယ်ဆိုရင် အမေ ဒီလိုကောင်းကောင်းမွန်မွန်နဲ့    အသက်ထွက်ခွင့်ရမှာ မဟုတ်ပါဘူး။   ဆေးရုံမှာ   ဘာမှမပူပင်  မကြောင့်ကြဘဲ အေးအေး ချမ်းချမ်းနဲ့ နှလုံးသာမခုန်တော့တယ်၊ အသက်က  ရှူနေတုန်းပဲ။   အောက်ဆီဂျင်စက်တွေ  ပေးထားတဲ့အတွက် အသက်က ရှူနေတုန်းအနေအထားနဲ့  သေသွားတဲ့အတွက်   ကောင်းကောင်း မွန်မွန် သေသွားတယ်လို့   မြင်ပါတယ်။  အဲဒီတော့ပြောချင်တာက   ဆေးရုံမှာနေတာ    Stress တအားများရင် ပိုပြီးတော့ဆိုးပါတယ်။ အဲဒီ Stress တွေကို   လျှော့ချနိုင်မယ်ဆိုရင်    ဒီလောက်ခံစားရမှာ မဟုတ်ဘူး။

အစီအစဉ်မှူး ။ ။ ဆရာ့အမေ     ဆုံးသွားတာလည်း  စိတ်မကောင်းပါဘူးရှင့်။    ဆရာမ အနေနဲ့ရော  ဆေးရုံသွားရမှာ ကြောက်တဲ့သူတွေအတွက် ကို ကျန်းမာရေးဝန်ထမ်း  တစ်ယောက်အနေနဲ့   အားပေး စကားလေးပြောပေးပါဦးရှင့်။

ဒေါ်ကြည်ကြည်ဝေ ။ ။ ဆေးရုံသွားရမှာ ကြောက်တဲ့သူတွေကို   ဒီလိုမျိုးရောဂါ လက္ခဏာတွေ    ရှိတယ်ဆိုရင်   ဆေးရုံသွားရမှာလည်း    မကြောက်ဘဲနဲ့  လာခဲ့ကြပါ။   အိမ်မှာနေမယ်၊   ရောဂါ လက္ခဏာ     ပိုဆိုးလာမှဆိုရင်    ဆေးရုံကို   နောက်ကျမှ   ရောက်လာတဲ့အတွက် ကုသမှုတွေကို မရဘဲနဲ့ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ရှိတဲ့အတွက် ဒီလိုရောဂါ လက္ခဏာ ပေါ်လာပြီဆိုရင် စိုးရိမ်စိတ်မရှိနဲ့၊ သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ပြီး  တိကျတဲ့ကုသမှုတွေကို   ခံယူမယ်ဆိုရင် အသက်အန္တရာယ်လည်း  မစိုးရိမ်ရဘူး။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေလည်း   မရတော့ဘူး။  အဲဒါကြောင့်   ဆေးရုံ၊ ဆေးခန်းကို မကြောက်ဘဲ ရောဂါလက္ခဏာတွေ ပေါ်လာပြီ ဆိုရင် သက်ဆိုင်ရာဌာနတွေကို အမြန်ဆုံးဆက်သွယ်ပြီး လာကြပါလို့ ပြောချင်ပါတယ်။

အစီအစဉ်မှူး ။ ။ ဒေါက်တာမျိုးကျော်သူရှင့်။    ဆရာ့ အနေနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး စိတ်အားငယ်နေတဲ့သူတွေ၊ ရောဂါကူးစက်ခံရမှာကို စိုးရိမ် နေကြတဲ့သူတွေအတွက်ကိုလည်း အားပေးစကားလေး ပြောပေးပါဦးရှင့်။

ဒေါက်တာမျိုးကျော်သူ ။ ။  ကျွန်တော် အကြံပေးချင်တာကတော့     တစ်နေ့ တစ်နေ့  ဆိုရှယ်မီဒီယာက  သတင်းတွေကလည်း  မိဘ ပြည်သူတွေအတွက်ကို စိတ်လှုပ်ရှားမှုတွေ၊ Stress တွေကို ဖြစ်စေတယ်။ အဲဒီတော့ ဆိုရှယ်မီဒီယာမှာ ဘယ်နေရာက ဘာဖြစ်သွားပြီ။   ဘယ်နေရာက   ဘာသတင်းတွေဆိုတဲ့ ကိစ္စကလည်း သတိထားပြီးတော့ ကြည့်သင့်တယ်။ ဆိုရှယ် မီဒီယာမှာပဲ တောက်လျှောက်ကြီး အချိန် မကုန်စေချင်ဘူး။ ဒီသတင်းတွေပဲ ဖတ်ပြီး အချိန်ကုန်နေမယ်ဆိုရင် Stress တွေ ထပ်ပြီး ဖြစ်စေမယ်။ အဲဒီတော့ တိတိကျကျထုတ်ပြန် နိုင်တဲ့     သတင်းဌာနတွေကို    ကျွန်တော်တို့က    အချိန် ကန့်သတ်ပြီးတော့ တစ်နေ့ နှစ်ကြိမ်ဖြင့်နှစ်ကြိမ်၊ သုံးကြိမ် ဖြင့် သုံးကြိမ် ကြည့်ပြီးတော့ အဲဒီသတင်းတွေအပေါ်မှာပဲ ဆုံးဖြတ်စေချင်တယ်။

မသေချာ၊ မရေမရာ တစ်ဦးတစ်ယောက်တင်လိုက်တဲ့ သတင်းတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ စင်တာတစ်ခုခုသွားလိုက်ရင်၊ Positive ဖြစ်သွားရင် ဒုက္ခ ရောက်စေမယ်ဆိုတဲ့     အကြောင်းအရာတွေ၊     သူတို့ရဲ့ တစ်သီးပုဂ္ဂလခံစားချက်တွေကို လိုက်ဖတ်ရင်း၊ လိုက်ဖတ် ရင်းနဲ့ အကုန်လုံးက Stress တွေရပြီး စိတ်မတည်ငြိမ်မှု တွေကို မဖြစ်အောင်လုပ်စေချင်ပါတယ်။

နောက်တစ်ပိုင်းက    ဒီရောဂါကြီးကတော့    ရှိနေပါတယ်။     ဖြစ်သွားခဲ့ရင်လည်း      စိတ်တည်ငြိမ်မှုထား၊ အာဟာရရှိအောင် စားသောက်၊ အိပ်ရေးဝအောင်အိပ်ပြီး ကျွန်တော်တို့က တွန်းလှန်ကြရမှာဖြစ်ပါတယ်။ အဲဒီလို ပြောတဲ့အတွက် ရောဂါကူးချင်လည်းကူးပါစေ၊ ဖြစ်ချင် လည်း  ဖြစ်ပါစေတော့   ဘာမှမဖြစ်ပါဘူးဆိုပြီး  ပေါ့ပေါ့ တန်တန်နေခိုင်းတာ မဟုတ်ပါဘူး။

ဒါပေမယ့် တစ်ခါတစ်ခါကျရင် မရေရာ၊ မသေချာမှု တွေကို၊ စိုးရိမ်ပူပန်မှုတွေကို  ပိုပြီးတက်စေပြီး လူတွေကို ပိုပြီး ဒုက္ခရောက်စေပါတယ်။ တစ်ခုခုရောဂါ လက္ခဏာ ပေါ်လာပြီဆိုရင် လုပ်ပေးနိုင်တဲ့ဌာနတွေကို ဆက်သွယ် ကြည့်ပါ။ လုပ်ပေးနိုင်တဲ့ဌာနတွေနဲ့ စကားပြောကြည့်ပါ။ သူတို့ရဲ့ ကုသမှုကို   ခံယူကြည့်ပါ။  သူတို့မှာကျွမ်းကျင် ပညာရှင်တွေ၊  SOP တွေ  အဆင့်ဆင့်ရှိနေတဲ့အတွက် ဒီလူနာကတော့ ဒီမှာဆက်နေလို့ရတယ်။ ဒီလူနာကတော့ ဟိုတယ်မှာ ဆက်ကုလို့ရတယ်။ ဒီလူနာကတော့ ဆေးရုံကို ပြောင်းလွှဲရမယ်ဆိုတဲ့  သူတို့မှာ  SOP ရှိနေတဲ့အတွက် စိတ်ချယုံကြည်စွာနဲ့ သူတို့ရဲ့ ကုသမှု၊ လမ်းညွှန်မှုကို ခံယူ စေချင်ပါတယ်။

တစ်ခါတလေ      ခြွင်းချက်လေးတွေတော့လည်း ရှိကောင်း ရှိနိုင်ပါတယ်။ အယူအဆလွဲမှားတာပဲဖြစ်ဖြစ်၊ ကံတရားကြောင့်ပဲ ဖြစ်ဖြစ် ဒါမျိုးတွေဖြစ်လာခဲ့ရင် လက်ခံ စေချင်တယ်။ လက်ခံဖို့လည်း ပြင်ဆင်ထားသင့်တယ်လို့ ကျွန်တော်ယူဆတယ်။

ကျွန်တော်   ဆေးရုံတက်နေတုန်းမှာ    ဘာတွေက အားဖြစ်စေသလဲဆိုတော့  ကျွန်တော်လည်း ဆရာဝန် တစ်ယောက်ပါပဲ။ ဒါပေမယ့် ဆရာတွေ၊ ဆရာဝန်တွေ၊ ဆရာမတွေ PPE ဝတ်ပြီး လူနာတွေအပေါ်မှာ အနီးကပ် သွေးဖောက်တယ်၊ ဆေးသွင်းတယ် ဒါတွေကို ကျွန်တော်တို့ ချီးကျူးတယ်။ လေးစားတယ်။ သူတို့ကိုပိုပြီးတော့ Encou-rage ဖြစ်အောင် လုပ်ပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါရှိနေမှန်းသိတယ်။ ကူးနိုင်နေမှန်းသိပေမယ့် ဒါတွေကို   နောက်မှာထားပြီး  သူတို့   လုပ်သင့်တာတွေ လုပ်ပေးနိုင်တယ်။

နောက်တစ်ခု ပြောချင်တာက အဖျားပဲရှိရှိ၊ အောက်ဆီဂျင်ပဲ ကျကျ၊ အနံ့ပဲပျောက်ပျောက် ဒါတွေဖြစ်ခဲ့ရင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။   အတတ်နိုင်ဆုံး   တစ်ဦး တစ်ယောက် တည်းပဲနေပါ။    သူများနဲ့   အဆက်အဆံ အနည်းဆုံးနေပါ။  ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ပြီး သူတို့ရဲ့ လမ်းညွှန်မှုကို  ခံယူသင့်ပါတယ်လို့  ကျွန်တော် အကြံပြုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်