Skip to main content

 မြန်မာနိုင်ငံသည် အမေရိကန်၏ ထိတွေ့ဆက်ဆံမှု လိုအပ်နေ

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခု နီးပါးကာလအတွင်း ဝါရှင်တန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒရပ်တည်ချက်မှာ ကိုယ်ကျင့်တရားဆိုင်ရာ အမျက်ထွက်မှုနှင့် မဟာဗျူဟာမြောက် လျစ်လျူရှုမှုတို့အကြား လူးလားခေါက်တုံ့ ဖြစ်နေခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတွင် လူ့အခွင့်အရေးချိုးဖောက် မှုများရှိခဲ့သည်ဆိုသည့်အပေါ် မည်သို့မျှ ငြင်းဆိုမည် မဟုတ်သော်လည်း မေးခွန်းထုတ်စရာမှာ အနာဂတ်အတွက် မဟာဗျူဟာမြောက် စဉ်းစားရမည့်အစား ထိုကိစ္စရပ်များကို အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အပေါ် ဘယ်လောက်ကြာကြာ လွှမ်းမိုးခွင့်ပေးထား မည်နည်းဟူသော အချက်ဖြစ်ပါသည်။

စီးပွားရေးပညာရှင်တစ်ဦးနှင့် ကွန်ဂရက်လွှတ်တော်အမတ်ဟောင်းတစ်ဦးအနေဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏အသက်မွေးဝမ်းကျောင်း သက်တမ်းတစ်လျှောက်လုံးတွင် စီးပွားရေးကျင့်ဝတ်များကိုလေ့လာခြင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ အခိုင်အမာပြောဆိုမှုများနှင့် ယှဉ်ပြိုင်ဘက် အကျိုးစီးပွားများအကြား ချိန်ခွင်လျှာထိန်းညှိခြင်းတို့ကို လုပ်ဆောင် ခဲ့သည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူရန်သာ စွဲလမ်းနေသော အမေရိကန်၏ ချဉ်းကပ်ပုံသည် အာရှ၏ ပထဝီနိုင်ငံရေးအရ အချက်အချာအကျဆုံး လမ်းဆုံလမ်းခွတစ်ခု၌ ကျွန်ုပ်တို့နိုင်ငံ၏ အနေ အထားကို အားနည်းသွားစေခဲ့သည်ဟု ကျွန်ုပ်ယုံကြည်သည်။

သို့ရာတွင် သမ္မတ ထရမ့်သည် ထိုမူဝါဒရပ်တည်ချက်ကို ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း အချက်ပြခဲ့သည်။ ပထမဦးစွာ မြန်မာနိုင်ငံနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံခြင်းသည် ထိုနိုင်ငံ၏ အစိုးရကို ထောက်ခံအတည်ပြုခြင်းမဟုတ်ဘဲ ဒေသတွင်းတည်ငြိမ်မှုနှင့် ရေရှည်စီးပွားရေးလုံခြုံမှုတို့အတွက် ရင်းနှီးမြှုပ်နှံခြင်းသာဖြစ်ပါသည်။ ထို့အပြင် အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံစလုံးအတွက် ပိုမိုကောင်းမွန်သည့်အခြေအနေကို ပေးစွမ်းနိုင်မည့် အခြားသော အစားထိုးအဆိုပြုချက်မျိုးလည်း မရှိပါ။

မကြာသေးမီက နိုင်ငံတကာလေ့လာစောင့်ကြည့် သူများရှေ့မှောက်တွင် အကျဉ်းသားလွှတ်ပေးမှုများနှင့်အတူ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏အပိုင်းခွဲခြား၍ ကျင်းပသော နိုင်ငံအဆင့် ရွေးကောက်ပွဲများ သည် ထရမ့်အစိုးရအား သတိထား၍ တံခါးဖွင့် ဆက်ဆံမှုမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သမ္မတထရမ့်သည် ယခင်အမေရိကန် မူဝါဒများတွင် တွေ့ရလေ့ရှိသည့် ဟိတ်ဟန်ထုတ်သော သံတမန်ရေးနည်းလမ်းများကို ရည်ရွယ်ချက်ရှိရှိရှောင်ရှားခဲ့ပြီး သဘောတူညီချက်များရရှိနိုင်ခြေကို ထိန်းသိမ်းရန်ရွေးချယ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သံတမန်ရေးရာ တွင် တံခါးဖွင့်ထားရှိမှုနှင့် တည်ငြိမ်ရင့်ကျက်မှုတို့ လိုအပ်သောကြောင့်ဖြစ်သည်။

အမေရိကန်၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ မှုသည် ချို့ယွင်းချက်ရှိသော နိုင်ငံရေးလုပ်ငန်းစဉ်ကို အသိအမှတ်ပြုရာရောက်စေသည်ဟု ဝေဖန်သူများကဆိုကြပါသည်။ ကျွန်ုပ်ကမူ သဘောမတူပါ။ စီးပွားရေးပညာရှင်များ နားလည်ထားသည့်အတိုင်း မက်လုံးများက ရလဒ်များကိုပုံဖော်ပေးပါသည်။ ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများနှင့် လူသိရှင်ကြား ပြစ်တင်ရှုတ်ချမှုများမှတစ်ဆင့် လုံးဝ အဆက်အသွယ်ဖြတ်တောက်ထားခြင်းသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကို တိုးတက်ကောင်းမွန်မလာစေခဲ့ပါ။ သို့သော် ၎င်းသည် အမေရိကန်၏ ပြိုင်ဘက် များက အငမ်းမရ ဝင်ရောက်အစားထိုးနေရာယူနိုင် မည့် အာဏာဟာကွက်တစ်ခုကိုသာ ဖန်တီးပေးခဲ့ပါသည်။

မြန်မာ့ကမ်းရိုးတန်းမှ တရုတ်နိုင်ငံယူနန်ပြည်နယ်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ အဓိကပိုက်လိုင်းကို လည်ပတ်နေပြီဖြစ်ကာ မဟာဗျူဟာမြောက် စွမ်းအင်ရယူခွင့် အခိုင်အမာရယူထားပြီးဖြစ်ပါသည်။ အကယ်၍ အမေရိကန်အနေဖြင့် ကျွန်ုပ် တို့ ပထဝီနိုင်ငံရေးအနေအထားကို ခိုင်မာစေရန် အလေးအနက်ထားပါက လစ်ဟာနေသော မူဝါဒမျိုးကို ကျွန်ုပ်တို့လက်မခံနိုင်ပါ။ လက်ရှိအခြေအနေ အနေအထားမှာ အလုပ်မဖြစ်တော့ပါ။

ထိတွေ့ဆက်ဆံရန်အတွက် ခိုင်မာသော စီးပွား ရေးဆိုင်ရာ အကြောင်းပြချက်လည်း ရှိနေပါသည်။ မြန်မာနိုင်ငံသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် မြေရှားသတ္တုများ(Rare Earth Minerals) အမြောက် အမြားရှိသည့်နေရာတွင် တည်ရှိနေပါသည်။ ဤ သယံဇာတများသည် ခေတ်မီစွမ်းအင်စနစ်များ၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် အမျိုးသားကာကွယ်ရေးတို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။ အရေးကြီး သတ္တုများအတွက် ကမ္ဘာလုံးဆိုင်ရာအပြိုင်အဆိုင် ကြိုးပမ်းမှုများ ပြင်းထန်လာနေပြီး နိုင်ငံတစ်နိုင်ငံတည်း၏ထောက်ပံ့ရေးကွင်းဆက်အပေါ် မှီခိုနေ ရခြင်းမှာ မဟာဗျူဟာအရ မဆင်ခြင်ရာ ရောက်ကြောင်း သက်သေပြပြီးလည်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် အရေးကြီးသတ္တု အခွင့်အလမ်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ထောက်ပံ့ရေးကွင်းဆက်ကို မျိုးစုံကွဲပြားစေမည် ဖြစ်သလို တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံအဖို့ သံတမန်ရေးအရ ဩဇာလွှမ်းမိုးမှုအဖြစ် အသွင် ပြောင်းနိုင်သော စီးပွားရေး အကျိုးအမြတ်များကို ရရှိစေမည်ဖြစ်ပါသည်။

အမေရိကန်၏ ပိုမိုကျယ်ပြန့်သော အင်ဒို-ပစိဖိတ်မဟာဗျူဟာသည် အာဆီယံအပါအဝင် အရှေ့တောင်အာရှနှင့် ခိုင်မာသော ထိတွေ့ဆက်ဆံမှုအပေါ် မူတည်နေပါသည်။ ဒေသတွင်း ထိပ်သီး အစည်းအဝေးများတွင် အသံတိတ်သံခင်းတမန်ခင်းဆောင်ရွက်ခြင်း၊ နယ်စပ်တစ်လျှောက် ယုံကြည်မှုတည်ဆောက်ရေးအစီအစဉ်များနှင့် စီးပွားရေးအရ ပြန်လည်ဝင်ရောက်ခြင်းတို့သည် အမေရိကန်အနေဖြင့် အလေးအနက်ထားပါဝင်ဆောင်ရွက်သူအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အချက်ပြနေသည်။

အမေရိကန် ကုမ္ပဏီအများအပြားသည် ဘိုင်ဒင်၏ အုပ်ချုပ်ရေးအမိန့်ဖြင့် ချမှတ်ခဲ့သော ၂၀၂၁ ခုနှစ် ပိတ်ဆို့အရေးယူမှုများနောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကြရပြီး အခြားသောကုမ္ပဏီများကို နေရာပေးခဲ့ရသည်။ ထိုအရေးယူဆောင်ရွက်ချက်များ သည် ပြန်လည်သက်တမ်းမတိုးပါက ယခုနှစ်အစော ပိုင်းတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ ဝါရှင်တန်အနေဖြင့်မဖြစ်မနေ ရွေးချယ်စရာတစ်ခုရင်ဆိုင်နေရပါသည်။ အမေရိကန်၏ဩဇာကို လက်လွှတ်ခဲ့ရသော မူဝါဒဟောင်းကို ဆက်လက်ဆုပ်ကိုင်နေမည်လား သို့မဟုတ် အမေရိကန်၏ အကျိုးစီးပွားကိုရှေးရှုသည့် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှု ဆီသို့ ပြန်လည်ညှိနှိုင်း ချိန်ညှိမည်လားဆိုသည့် မေးခွန်းကို ရွေးချယ်ရန်ပင်ဖြစ်ပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ မကြာသေးမီက မြန်မာလူပုဂ္ဂိုလ်အချို့ကို ပိတ်ဆို့အရေးယူ မှုစာရင်းမှ ပယ်ဖျက်ပေးခဲ့သည့် ဆုံးဖြတ်ချက်၊ ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီးနုမ်း (Kristi Noem)၏ မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ် ကောင်းမွန်သောရည်ညွှန်းပြောဆိုချက်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို(Marco Rubio)၏ ပြည်ပ ရွေးကောက်ပွဲများ၏ တရားဝင်မှုကို ကြိုတင်အဆုံး အဖြတ်မပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများကို ညွှန်ကြားချက်တို့က ပိုမိုနက်ရှိုင်းသော ချဉ်းကပ်မှုမျိုး ဖြစ်နိုင်ခြေရှိကြောင်း ညွှန်ပြနေပါသည်။

တစ်ဖက်တွင်လည်း ဆီးနိတ်အမတ် မစ်ချ် မက်ကောနယ် (Mitch McConnell) က အမေရိကန် ၏ ကင်းကွာနေမှုကြောင့် ကျွန်ုပ်တို့၏ပြိုင်ဘက် များကို အနိုင်ပေးနေသည့် မူဝါဒဟောင်းကိုသာ ပိုမိုနှစ်သက်နေပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများ ကို လုံးဝပယ်ချထားသည်။

အမေရိကန်အနေဖြင့် သံတမန်ရေးအရ ထိတွေ့ ဆက်ဆံနေသောနိုင်ငံများတွင် ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုအကူအညီနှင့် နိုင်ငံရေးအရ အားလုံးပါဝင်နိုင်မှုကို တွန်းအားပေးသင့်ပါသည်။ သို့ရာတွင် ထိုရည်မှန်းချက်များကို ဖော်ဆောင်ရန်မှာ ထိတွေ့ဆက်ဆံမှုစားပွဲဝိုင်းတွင် ရှိနေမှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် အမျိုးသား လုံခြုံရေးမဟာဗျူဟာစာတမ်းတွင် သမ္မတ၏ဆောင်ရွက်မည့် နည်းဗျူဟာမှာ အလွန်ရှင်းလင်းပါသည်။

ပြောင်းလွယ်ပြင်လွယ်ရှိသော လက်တွေ့ဆန်မှု (Flexible Realism) အမေရိကန်၏မူဝါဒသည် အခြားနိုင်ငံများနှင့် ဆက်ဆံရာတွင် မည်သည့်အရာက ဖြစ်နိုင်ခြေရှိပြီး မည်သည့်အရာကို ရှာဖွေလိုလား အပ်သည်ဆိုသည့်အပေါ် လက်တွေ့ကျစွာရှိနေလိမ့် မည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့နိုင်ငံများနှင့် ကောင်းမွန် သောဆက်ဆံရေးနှင့် ငြိမ်းချမ်းသော ကုန်သွယ်မှုဆက်ဆံရေးကိုရှာဖွေပြီး ၎င်းတို့၏ ဓလေ့ထုံးတမ်းနှင့် သမိုင်းကြောင်းများနှင့် များစွာကွဲပြားနေသော ဒီမိုကရေစီသို့မဟုတ် အခြားသောလူမှုရေးအပြောင်း အလဲများကို အတင်းအကျပ် သွတ်သွင်းမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ အုပ်ချုပ်ရေးစနစ်များ၊ လူမှုအသိုက်အဝန်းကွဲပြားသော နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းခြင်း သို့မဟုတ် ထိုသို့ သော လက်တွေ့ကျသော အကဲဖြတ်ချက်အပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းတို့တွင် ရှေ့နောက်မညီ ခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း လုံးဝမရှိကြောင်း ကျွန်ုပ်တို့ အတည်ပြုပါသည်။

တစ်ချိန်တည်းမှာပင် တူညီသော စံနှုန်းများကို ထိန်းသိမ်းရန် စိတ်တူကိုယ်တူ မိတ်ဆွေများကို တိုက်တွန်းသွားမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ အကျိုးစီးပွားများကို မြှင့်တင်သွား မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် ထိတွေ့ ဆက်ဆံခြင်းသည် အမေရိကန်ပြည်ထောင်စုအား ပြိုင်ဘက်များကို ယှဉ်ပြိုင်ရာတွင် ကျွန်ုပ်တို့၏အနေ အထားကို ခိုင်မာစေရန်နှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးအရ အလွန်အရေးပါသောဒေသတွင် တည်ငြိမ်မှုရရှိစေရန် အခွင့်အရေးတစ်ရပ်ကို ပေးစွမ်းသည်။

ဤအရေးကြီးသော အချိန်ကာလတွင် လျစ်လျူရှုထွက်ခွာသွားခြင်းသည် မဟာဗျူဟာအရ မှားယွင်း မည်ဖြစ်သောကြောင့် ကွန်ဂရက်လွှတ်တော်အနေဖြင့် ဤမဟာဗျူဟာ ပြန်လည်ချိန်ညှိမှုအပေါ်တွင် သမ္မတထရမ့်ကိုထောက်ခံသင့်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ အကျိုးစီးပွားများက ထိုသို့လုပ်ဆောင်ရန် တောင်းဆိုနေသောကြောင့်ဖြစ်သည်။

(၁၂-၁-၂၀၂၆ ရက်နေ့တွင် ဝါရှင်တန်တိုင်းမ်ပါ Dave Brat ၏ Myanmar needs American engagement ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

ဒေ့ဗ် ဘရက်တ် (Dave Brat) သည် ပါရဂူဘွဲ့ရ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ၂၀၁၄ မှ ၂၀၁၉ အထိ ဗာဂျီးနီးယားပြည်နယ်၏ ၇ ခုမြောက် ကွန်ဂရက်လွှတ်တော်မဲဆန္ဒနယ်ကို ကိုယ်စားပြုခဲ့သည်။