Skip to main content

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ အင်္ဂလိပ်စာဘာသာရပ် သိကောင်းစရာ

ဒေါက်တာဖြူဖြူသင်း၊ ပါမောက္ခ(ဌာနမှူး)၊ အင်္ဂလိပ်ဘာသာဌာန၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်

ယနေ့ပို့ချချက်ဟာ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုမည့် ကျောင်းသား ကျောင်းသူတွေအတွက် အင်္ဂလိပ်စာမေးခွန်းပုံစံဆိုင်ရာ သိမှတ်ဖွယ်ရာများဖြစ်ပါတယ်။ အင်္ဂလိပ်စာဘာသာ Grade 12 ပြဋ္ဌာန်းစာအုပ်မှာ Unit (၁၂)ခု ပါရှိပြီး Unit (၃) ခုပြီးတိုင်းပြီးခဲ့တဲ့ Unit များနဲ့ ဆက်စပ်တဲ့ revision exercise နဲ့ ကဗျာသင်ခန်းစာတို့ ပါဝင်ပါတယ်။ Grade 12 ပြဋ္ဌာန်း စာအုပ်မှာ reading, vocabulary, grammar, listening and  speaking နဲ့ writing ဆိုတဲ့ အပိုင်း ၅ ပိုင်း ပါရှိပါတယ်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် မေးခွန်းမှာ မေးခွန်းပုဒ်ရေ စုစုပေါင်း ၉ ပုဒ် မေးမှာ ဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေ အများစုဟာ Grade 12 စာအုပ်မှာပါတဲ့ သင်ခန်းစာများကို အခြေခံပြီးမေးမှာ ဖြစ်ပါတယ်။

မေးခွန်းနံပါတ် ၁ ကတော့ Complete the sentences with the appropriate words. The initial letters are given. ဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်မှာပါတဲ့ သင်ခန်းစာများကို အခြေခံပြီး မေးခွန်းငယ် ၁၀ ခု မေးထားတာဖြစ်ပါတယ်။ ဝါကျတွေမှာရှိတဲ့ ကွက်လပ်လေးတွေ ကို သင့်လျော်တဲ့စကားလုံးနဲ့ ဖြည့်ပေးရမှာပါ။ အဲဒီစကားလုံးရဲ့ အစ alphabet ကို ပေးထားပါတယ်။

ဥပမာ -

In some areas, hydroelectric dams use the energy of flowing water to g---------- electricity. လို့ ပေးထားရင် သင့်လျော်တဲ့ စကားလုံးဖြစ်တဲ့ generate ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ စာကြောင်းတွေကို ပြန်ကူးရေးစရာ မလိုပါဘူး။ အဖြေပဲရေးပေးရမှာ ဖြစ်ပါတယ်။ ဒီလိုပုံစံ မေးခွန်းဟာဆိုရင် ကျောင်းသား ကျောင်းသူတွေရဲ့ စကားလုံးအနက်အဓိပ္ပာယ် သေသေချာချာ သိရှိနားလည်မှုနဲ့ မှန်ကန်တဲ့ စကားလုံးသုံးနှုန်းနိုင်မှုတို့ကို စစ်ဆေးခြင်းပဲဖြစ်ပါတယ်။

နောက်တစ်ခုဖြစ်တဲ့ မေးခွန်းနံပါတ် ၂ ကတော့ Choose the appropriate words or phrases to complete the sentences. ဖြစ်ပါတယ်။ ကွက်လပ်ပါတဲ့ မေးခွန်း ၁၀ ခုနဲ့ မေးထားပါတယ်။ မေးခွန်းတစ်ခုစီမှာပေးထားတဲ့ စကားလုံး (၃) လုံးထဲကနေပြီး အဲဒီဝါကျအတွက် မှန်ကန်တဲ့စကားလုံးကို ရွေးချယ်ရမှာ ဖြစ်တယ်။

ဥပမာ -

For many people these days, a mobile phone is no longer a luxury but a ----------. ဆိုတဲ့မေးခွန်းမှာ

(A) need (B) necessity (C) demand

လို့ ပေးထားရင် အဖြေမှန်ဟာ (B) necessity ဖြစ်ရပါမယ်။ နောက် ဥပမာတစ်ခုဖြစ်တဲ့

Coffee was one thing that ---------- me get through the morning.

(A) let (B) felt (C) helped

လို့ ပေးထားရင် သဒ္ဒါအရရောအဓိပ္ပာယ်အရပါမှန်တဲ့အဖြေဟာ (C) helped ဖြစ်ရပါမယ်။ ဒီမေးခွန်းများဟာ ကျောင်းသား ကျောင်းသူများရဲ့ စကားလုံးအဓိပ္ပာယ်သိရှိမှု၊ သဒ္ဒါကို မှန်မှန်ကန်ကန် သုံးစွဲနိုင်မှုရှိ၊ မရှိကို စစ်ဆေးတဲ့ မေးခွန်းဖြစ်ပါတယ်။

မေးခွန်းနံပါတ် ၃ အနေနဲ့ကတော့ Stylistic Transformation ဖြစ်တဲ့အတွက် Rewrite the sentences according to the instruc-tions given in brackets. လို့ မေးထားတယ်။ ဝါကျ(၁၀)ကြောင်းကို ကွက်လပ်ထဲမှာ ပေးထားတဲ့ ညွှန်ကြားချက်အတိုင်း အဓိပ္ပာယ်မပြောင်းလဲစေဘဲ ပြန်ရေးပေးရမှာဖြစ်တယ်။ အထက်တန်းအဆင့် Grade 10, Grade 11 နဲ့ Grade 12 ပြဋ္ဌာန်းစာအုပ်တွေမှာရှိတဲ့ ဝါကျပုံစံတွေကို အခြေခံတဲ့ လေ့ကျင့်ခန်းများများ လေ့ကျင့်ထားရင် ဒီမေးခွန်းကို ကောင်းကောင်းဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

ဥပမာ -

Thu Thu didn’t go to the get-together party because she had to work late. (Use the zero/ first/ second/ third condi-tional.) လို့ မေးလာခဲ့ရင်

If Thu Thu had not had to work late, she would have gone to the get-together party./

သို့မဟုတ်

Thu Thu would have gone to the get-together party if she had not had to work late. လို့ ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေဆိုရာမှာ Subordinate clause ဖြစ်တဲ့ If clause ကို ရှေ့ကထားရေးမယ်ဆိုရင် ‘,’ ကို မဖြစ်မနေထည့်ပေးရမှာဖြစ်ပါတယ်။

မေးခွန်းနံပါတ် IV မှာ အပိုင်း ၂ ပိုင်း ပါရှိပါတယ်။ ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာတွေကို ကျေကျေညက်ညက် လေ့လာထားခြင်းရှိ၊ မရှိ စစ်ဆေးတဲ့ မေးခွန်းဖြစ်ပါတယ်။

IV (A) ကတော့ Write the appropriate words or groups of words to complete the lines of verse. လို့ မေးထားပါတယ်။ Grade 12 မှာပါတဲ့ ကဗျာတွေထဲက စာကြောင်းနှစ်ကြောင်းပေးထားပြီး အဲဒီစာကြောင်းထဲမှာရှိတဲ့ ကွက်လပ်ကို ဖြည့်ပေးရမှာဖြစ်ပါတယ်။ ဒီမေးခွန်းဟာ ကျောင်းသား ကျောင်းသူတွေအနေနဲ့ သင်ယူထားတဲ့ ကဗျာတွေကို လေ့လာကျက်မှတ်ထားရင် ဖြေဆိုဖို့လွယ်ကူတဲ့ မေးခွန်းဖြစ်ပါတယ်။ ကွက်လပ်ကိုဖြည့်ရာမှာလည်း တိတိကျကျ ပြန်လည်ဖော်ပြဖို့နဲ့ စာလုံးပေါင်း မှားယွင်းမှုမရှိအောင် သတိထားကြဖို့လိုတယ်။

ဥပမာ -

And looked down one as far as I could

To where it bent in ----------;

လို့ မေးရင် the undergrowth လို့ ဖြေပေးရမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ စာကြောင်းတွေကို ပြန်ကူးရေးစရာ မလိုပါဘူး။

IV (B) ကတော့ Answer the questions in complete sentences. ဖြစ်ပြီး မေးခွန်း ၅ ခုကို အဓိပ္ပာယ်ပြည့်စုံတဲ့ ဝါကျနဲ့ ပြန်ဖြေပေးရမှာ ဖြစ်ပါတယ်။ မေးခွန်းနံပါတ်ငယ် ၆ မှ ၉ ကတော့ ပြဋ္ဌာန်းစာအုပ်ရှိ reading passage မှာပါတဲ့ အကြောင်းအရာတွေကို အခြေခံပြီး မေးထားမှာ ဖြစ်ပါတယ်။

ဥပမာ -

Why are diet and nutrition considered the most fundamental human needs? လို့မေးရင်

Diet and nutrition are considered the most fundamental human needs because they are essential for our health, energy and growth.လို့ ပြန်ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေဆိုရာမှာ အချက်အလက်ပြည့်စုံပြီး သဒ္ဒါမှန်ကန်ဖို့ သတိထားရပါမယ်။

မေးခွန်းနံပါတ်ငယ် ၁၀ ကတော့ ပြဋ္ဌာန်းစာအုပ်ရှိ ကဗျာမှာပါတဲ့ စာကြောင်းနှစ်ကြောင်းလောက်ကို ပေးထားပြီး ဆိုလိုရင်းအဓိပ္ပာယ်ကို ရေးခိုင်းတာဖြစ်တယ်။

မေးခွန်းနံပါတ်ငယ် ၁၀ အတွက် ဥပမာ တစ်ခုကတော့

Yet knowing how way leads on to way,

I doubted if I should ever come back.

လို့ ကဗျာထဲက စာကြောင်း နှစ်ကြောင်းကို ပေးထားတယ်ဆိုရင် အဲဒီကဗျာနှစ်ကြောင်းကို စကားပြေပြန်ပေးရမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေနိုင်ဖို့ကတော့ ပြဋ္ဌာန်းထားတဲ့ကဗျာတွေရဲ့ အဓိပ္ပာယ်ကို နားလည်သိရှိထားဖို့ လိုပါတယ်။ ကဗျာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ ဆိုလိုရင်းအဓိပ္ပာယ်နဲ့ သဒ္ဒါပါမှန်ကန်တဲ့ ဘယ်အဖြေကိုမဆို လက်ခံမှာဖြစ်ပါတယ်။

မေးခွန်းနံပါတ် ၅ ကတော့ Grade 12 ပြဋ္ဌာန်းစာအုပ်မှာပါတဲ့ သင်ခန်းစာတွေထဲက ကျောင်းသား ကျောင်းသူများ လေ့လာထားပြီးဖြစ်တဲ့ စာပိုဒ်တစ်ပိုဒ် (သို့မဟုတ်) တစ်ပိုဒ်ထက်ပိုတဲ့စာပိုဒ်များကို ပေးထားပြီး အဲဒီစာပိုဒ်တွေမှာပါတဲ့ အကြောင်းအရာတွေကို အခြေခံပြီး မေးခွန်းအမျိုးအစား ၂ မျိုးနဲ့ မေးမှာဖြစ်ပါတယ်။ V (A) က Write the correct word or words to complete each sentence. ဖြစ်ပါတယ်။ ပေးထားတဲ့စာကြောင်းကို အဓိပ္ပာယ်ပြည့်စုံအောင် ကွက်လပ်ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဝါကျ ၅ ကြောင်းပေးထားပြီး ဝါကျတွေမှာပါရှိတဲ့ ကွက်လပ် ၁ ခုစီမှာ စကားလုံးတစ်လုံး၊ ဒါမှမဟုတ် စကားစုတစ်စုဖြည့်ရမှာဖြစ်တယ်။ သတိပြုရမှာက ပေးထားတဲ့ ဝါကျရဲ့ တည်ဆောက်ပုံပေါ်မူတည်ပြီး သင့်လျော်သလို စကားလုံးတွေကို ပြောင်းရေးဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဥပမာစာပိုဒ်ထဲမှာ

“As a result, the amount of carbon dioxide (CO2) in the atmosphere is increasing dramatically.” လို့ပေးထားပြီး “We may have a --------- in the amount of atmospheric carbon dioxide if we continue to use fossil fuel.” လို့ မေးလာရင် ပေးထားတဲ့အတိုင်း ပြန်ကူးချလို့ မရပါဘူး။ စာပိုဒ်ထဲက is increasing dramatically” ဟာ verb phrase ဖြစ်နေပြီး မေးထားတဲ့ဝါကျမှာ ဖြေရမဲ့အဖြေဟာ noun phrase ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် အဖြေဟာ dramatic increase ဖြစ်ပါတယ်။

V (B) ကတော့ “Answer each question in one sentence. ဖြစ်ပါတယ်။ စာပိုဒ်ထဲမှာပါတဲ့အကြောင်းအရာအချက်အလက်တွေနဲ့ ဆက်စပ်တဲ့ မေးခွန်း ၅ ခုကို မေးမှာဖြစ်ပြီး ပေးထားတဲ့ စာပိုဒ်ထဲက အဖြေရှာပြီး မေးခွန်းတစ်ခုစီကို ပြည့်စုံတဲ့ဝါကျတစ်ကြောင်းစီနဲ့ ဖြေပေးရမှာဖြစ်တယ်။ အမှတ်ပြည့် ရရှိဖို့အတွက် မေးခွန်းမှာမေးတဲ့ အချက်အလက် (fact) ရော သဒ္ဒါ (grammar) ပါ မှန်မှန်ကန်ကန်ဖြေနိုင်အောင် လေ့ကျင့်ထားဖို့လိုတယ်။

ဥပမာ စာပိုဒ်ထဲမှာ “… the Earth is running out of fossil fuels, which means that there is a need for alternative sources of energy for use on a wide scale.” လို့ပေးထားပြီး Why do we need alternative sources of energy for our day-to-day life? လို့မေးထားရင်အဖြေက “ We need alternative sources of energy for our day-to-day life because the Earth is running out of fossil fuels.” လို့ ဖြေဆိုပေးရမှာဖြစ်ပါတယ်။ အရေးကြီးတာကတော့ ဆီလျော်မှန်ကန်တဲ့ အဖြေဖြစ်ရမယ်။ သင်ရိုးညွှန်းတမ်းပါ စာပိုဒ်တွေနဲ့ ဆက်စပ်တဲ့ မေးခွန်းပုံစံအမျိုးမျိုးကို အဓိပ္ပာယ်ရှိရှိ မှန်မှန်ကန်ကန် ဖြေတတ်အောင် လေ့ကျင့်ထားဖို့လိုတယ်။ စာပိုဒ်ထဲက သက်ဆိုင်တယ်ထင်တဲ့ စာကြောင်းတွေကို တိုက်ရိုက်ကူးချတာမျိုးလည်း မပြုလုပ်ကြဖို့ သတိပြုစေချင်တယ်။

မေးခွန်း နံပါတ် ၆ ကတော့ စာပိုဒ်တစ်ပိုဒ် (သို့မဟုတ်) တစ်ပိုဒ်ထက်ပိုတဲ့ စာပိုဒ်များပါတဲ့ unseen reading passage ကို ပေးထားပြီး အဲဒီစာပိုဒ်တွေမှာပါတဲ့ အကြောင်းအရာတွေကို အခြေခံပြီး မေးခွန်းအမျိုးအစား ၂ မျိုးနဲ့ မေးမှာ ဖြစ်ပါတယ်။ Unseen passage ဖြစ်ပေမယ့် ကျောင်းသား ကျောင်းသူတို့ language level နဲ့ ကိုက်ညီမယ့်အကြောင်းအရာတွေပါတဲ့ စာပိုဒ်မျိုးကို ပေးထားမှာဖြစ်ပါတယ်။ ဒီလိုမေးခွန်းများကို ဖြေဆိုတတ်အောင် ကြိုတင်လေ့ကျင့်ထားရင် ကျောင်းသား ကျောင်းသူအများစုဟာ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသား ကျောင်းသူတွေ စာဖတ်ပြီး နားလည်နိုင်စွမ်းကို စစ်ဆေးတဲ့အနေနဲ့ စာပိုဒ်ထဲက အကြောင်းအရာကို တိုက်ရိုက်မမေးဘဲ ဆက်စပ်ပြီးမေးတဲ့ မေးခွန်းမျိုးတွေလည်း မေးနိုင်တယ်။

VI (A) ကတော့ “Find the bold-faced words in the passage that are similar in meaning to the following. There is an extra.” ဖြစ်တယ်။ ပေးထားတဲ့ စာပိုဒ်မှာ bold လုပ်ထားတဲ့ စကားလုံးခြောက်လုံးပါမှာ ဖြစ်တယ်။ အဲ့ဒီစကားလုံးလေးတွေနဲ့ အဓိပ္ပာယ်တူစကားလုံး (သို့မဟုတ်) စကားစု ၅ ခု ပေးထားတဲ့အတွက် စကားလုံးတစ်လုံး အပိုပါတာကို သတိပြုရမှာဖြစ်ပါတယ်။

ဥပမာ- miserable လို့မေးထားလျှင် စာပိုဒ်ရှိ bold လုပ်ထားတဲ့ အဓိပ္ပာယ်တူစကားလုံးကို ရှာပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီမေးခွန်းရဲ့ အဖြေမှန် melancholic ကို ရေးပေးရမှာဖြစ်ပါတယ်။

VI (B) ကတော့ Answer the following questions. Give complete answers. ပဲဖြစ်ပါတယ်။

မေးခွန်းရဲ့မေးထားတဲ့ အချက်ကို စာပိုဒ်မှာရှာပြီး ဖြေပေးရမှာဖြစ်တယ်။

According to the passage, what does the writer suggest? Do you agree with it, and why or why not? လို့မေးရင် စာရေးဆရာရဲ့ အကြံပြုချက်၊ ထင်မြင်ယူဆချက် စတဲ့အကြောင်းအရင်းကို မေးတာဖြစ်ပါတယ်။ အဲတော့အဖြေက According to the passage, the writer suggests that the best way to lead a life is to live in the moment.

အဲဒီနောက်က မေးတဲ့ Do you agree with it, … ကတော့ ကိုယ်က စာရေးဆရာရဲ့ အမြင်နဲ့ပတ်သက်ပြီး သဘောတူ မတူမေးတာဖြစ်လို့

“Yes or No” ဖြေပေးရမှာပါ။ ဒါ့အပြင် “… and why or why not?” လို့ မေးတာဖြစ်တဲ့အတွက် ကိုယ်ဘာကြောင့်သဘောတူလဲ၊ မတူဘူးလဲဆိုတဲ့ အကြောင်းအရင်းကို ဖြေပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် သဘောတူရင်

Yes, (I agree with it) because it is important to concentrate on the present situation rather than the past and the future. လို့ ဖြေပေးရမှာ ဖြစ်ပါတယ်။

သဘောမတူရင်တော့

 No, (I do not agree with it) because we need to consider all the consequences of the past and take the previous lesson based on the mistakes we made. လို့ ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဥပမာဖြေပေးထားတာဖြစ်ပါတယ်။ ဆီလျော်မှန်ကန်တဲ့ အဖြေဆိုရင် လက်ခံပါတယ်။

ဒီလိုမေးခွန်းမျိုးက ကျောင်းသား ကျောင်းသူတွေ စာဖတ်ပြီး နားလည်နိုင်တဲ့ စွမ်းရည်ကို စစ်ဆေးတဲ့အနေနဲ့ စာပိုဒ်ထဲက အကြောင်းအရာကို တိုက်ရိုက်မမေးဘဲ အားလုံးကို ယေဘုယျခြုံပြီးမေးတဲ့ မေးခွန်းမျိုးဖြစ်ပါတယ်။

မေးခွန်းနံပါတ် ၇ ကတော့ အပိုင်း ၂ ပိုင်းပါရှိပါတယ်။ ပထမပိုင်းကတော့ Grade 10, 11, 12 တွေမှာပါတဲ့ Listening and Speaking အပိုင်းကို အခြေခံပြီး မေးမှာဖြစ်ပါတယ်။

VII (A) ကတော့ Complete the dialogue with the expressions given in the box. There is an extra. လို့ ပေးထားမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ expression ခြောက်ခုကိုသုံးပြီး ကွက်လပ်ငါးခုကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ Expression တစ်ခု ပိုပေးထားပါတယ်။

ဥပမာ-

Thinzar: Hi, Su Mon. We haven’t seen each other since the beginning of the Thidingyut holiday. (1) ----------?

Su Mon:        I went on a trip to Bagan with my cousins. After the trip, I helped my mum with the housework.

 လို့ ပေးထားလျှင် အဖြေဟာ box ထဲမှာရှိတဲ့ expression ၆ ခုထဲက ဆီလျော်တဲ့ What have you been doing? လို့ ဖြေပေးရပါမယ်။

ဒုတိယပိုင်းကတော့ Grade 6 to Grade 12 တွေမှာပါတဲ့ Listening and Speaking အပိုင်းကို အခြေခံပြီး မေးမှာဖြစ်ပါတယ်။

VII (B) ကတော့ Complete the exchanges using the expressions given in the box. There is an extra. လို့ပေးထားမှာ ဖြစ်တယ်။ ဒီအပိုင်းကတော့ ကျောင်းသား ကျောင်းသူတွေရဲ့ အပြောစွမ်းရည်ကို စစ်ဆေးတဲ့အပိုင်းဖြစ်သလို Language function နားလည်အသုံးပြုနိုင်မှုကိုလည်း စစ်ဆေးတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာလည်း Expression တစ်ခု ပိုပေးထားပါတယ်။

မေးခွန်းနံပါတ် ၈ ကတော့ Letter writing ဖြစ်ပြီး Choose a situation given below and write a letter. Do not write more than 300 words. လို့မေးမှာဖြစ်တယ်။ Grade 10, Grade 11, Grade 12 စာအုပ်တွေမှာပါတဲ့ Formal letter နဲ့ Informal letter များကို အခြေခံပြီး လေ့ကျင့်ထားဖို့လိုပါတယ်။ ပေးထားတဲ့မေးခွန်း ၂ ပုဒ် ထဲက ကြိုက်ရာတစ်ပုဒ်ကိုရွေးပြီး စာလုံးရေ ၃၀၀ ထက်မပိုအောင် ရေးသားဖြေဆိုရမယ်။ ဒီမေးခွန်းကို ဖြေဆိုတဲ့အခါ သတိပြုရမယ့် အချက်တွေကတော့ ပေးထားတဲ့ ညွှန်ကြားချက်ကို သေချာဖတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပထမအချက်အနေနဲ့ စာရေးသူ (Addresser) နဲ့ စာလက်ခံရရှိမယ့်သူ (Addressee) တွေကို သေသေချာချာ သတိ ထားပြီး ပေးထားတဲ့နာမည်နဲ့ လိပ်စာကိုသာ ရေးရမှာဖြစ်တယ်။

ဒုတိယအချက်အနေနဲ့ ဘာအကြောင်းအရာရေးရမလဲဆိုတာ ဖတ်ပါ။ ရေးခိုင်းတဲ့ အကြောင်းအရာ ဘယ်နှစ်ခုလဲဆိုတာ သေသေ ချာချာ ဖတ်ပြီးမှ ရေးဖို့လိုပါတယ်။

ဥပမာ -

You are Kyi Pyar. Your address is No.31, 31st Street, Mandalay. Write a letter to your friend, Muyar, telling her about a birthday party at home, informing what your plans are for it, and inviting her to come and help you at the party.

ဆိုတဲ့ မေးခွန်းကိုကြည့်ရင် addresser က Kyi Pyar ဖြစ်ပြီး addressee က Muyar ဖြစ်ပါတယ်။ အကြောင်းအရာအနေနဲ့ အချက် သုံးချက် ပါပါတယ်။ ပထမအချက်က a birthday party at home အကြောင်းကို ရေးသားရမှာဖြစ်ပြီး ဒုတိယအချက်အနေနှင့် informing what your plans are for it လို့မေးထားတဲ့အတွက် ကိုယ့်ရဲ့ Plans တွေအကြောင်းကို ပြောပြရမှာပါ။ တတိယအချက်အနေနဲ့ inviting her to come and help you at the party. လို့ မေးထားတဲ့အတွက် သူမကို လာဖို့နဲ့ မွေးနေ့ပွဲမှာ ကူညီပေးဖို့ ဖိတ်ခေါ်ရန်အတွက် ရေးသားရမှာဖြစ်ပါတယ်။ အချက်သုံးချက်လုံးကို တိတိကျကျ ဆီလျော် မှုရှိအောင်ရေးမှ အမှတ်ကောင်းကောင်းရမှာဖြစ်ပါတယ်။ မေးခွန်းမှာ မေးထားတဲ့ အကြောင်းအရာနှင့် ဆီလျော်မှုမရှိဘဲ ကျက်မှတ်ထားသမျှရေးမယ်ဆိုရင် မေးထားတာနဲ့ မဆီလျော်လို့ အမှတ်မရနိုင်ပါဘူး။

မေးခွန်းနံပါတ် ၉ ကတော့ Essay ဖြစ်ပြီး Write an essay on  ONE of the following. Do not write more than 500 words. ဖြစ်ပါတယ်။ ပေးထားတဲ့ ခေါင်းစဉ် ၃ ခုထဲက မိမိအပိုင်နိုင်ဆုံး ခေါင်းစဉ်တစ်ခုကိုရွေးပြီး ရေးရမှာဖြစ်ပါတယ်။

ဥပမာ -

The importance of time management for success in school and life ဆိုတဲ့ စာစီစာကုံးမှာ ကျောင်းနဲ့ဘဝမှာအောင်မြင်စေဖို့အချိန် စီမံခန့်ခွဲမှုအရေးပါပုံကို မိမိရဲ့အမြင်နဲ့ တင်ပြရေးသားရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှသာ မေးထားတဲ့မေးခွန်းကို ထိထိမိမိဖြေဆိုနိုင်မှာဖြစ်ပါတယ်။

ပေးစာနဲ့ စာစီစာကုံးရေးတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေရှိပါတယ်။

ပထမဆုံးအနေနဲ့ Content and Relevancy ကို စဉ်းစားရမှာပါ။ မိမိရေးရမည့် အကြောင်းအရာနှင့် ဆီလျော်တာကို ရေးရမှာဖြစ်ပါတယ်။ လုံးဝသက်ဆိုင်မှုမရှိတဲ့ အကြောင်းအရာတွေကိုရေးရင် အမှတ်ရမှာမဟုတ်ပါဘူး။ ရေးရမည့်အကြောင်းအရာနှင့်စပ်လျဉ်းတဲ့ အချက်အလက်နဲ့ ဥပမာတွေကို ပြည့်ပြည့်စုံစုံရေးနိုင်ဖို့ လိုပါတယ်။

ဒုတိယအချက်ကတော့ Organization and Presentation ဖြစ်တဲ့ ဖွဲ့စည်းပုံကောင်းခြင်းနှင့် တင်ပြပုံကောင်းခြင်းကို စဉ်းစားရမှာပါ။ အကြောင်းအရာအချက်အလက်တွေကို အချိတ်အဆက်မိမိနဲ့ နိဒါန်း၊ စာကိုယ်၊ နိဂုံးမှာ အစီအစဉ်ကျကျရေးနိုင်ရမယ်။ ရေးတဲ့အကြောင်း အရာကို စာဖတ်သူ စိတ်ဝင်စားလာအောင်လည်း ဖွဲ့နွဲ့တင်ပြနိုင်စွမ်းရှိရမယ်။

နောက်တစ်ချက်ကတော့ Language အပိုင်းမှာပါတဲ့ စကားလုံးအသုံးအနှုန်းနှင့် သဒ္ဒါမှန်ကန်ခြင်းကို စဉ်းစားရပါမယ်။ စကားလုံးများကို သုံးရာတွင် လှလှပပနှင့် မှန်မှန်ကန်ကန် သုံးနိုင်ပြီး ဝါကျတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ ဖွဲ့နွဲ့ရေးသားနိုင်ရမယ်။ စာလုံးရေကန့်သတ်ထားတဲ့အတွက် စကားလုံးဖောင်းပွခြင်းမရှိဘဲ ကျစ်လျစ်တဲ့ အရေးအသားဖြစ်စေဖို့ သတိပြုရမှာ ဖြစ်ပါတယ်။

ပေးစာနဲ့ စာစီစာကုံးရေးရာမှာ ထပ်မံသတိပေးလိုတာကတော့ စာလုံးရေကန့်သတ်ထားတာကို သတိရှိဖို့ပါပဲ။ ဆီလျော်မှုရှိတဲ့ ပေးစာတွေ၊ စာစီစာကုံးတွေကို ကျစ်ကျစ်လျစ်လျစ်၊ ထိထိမိမိ၊ သဒ္ဒါမှန်မှန်ရေးဖို့ ရည်ရွယ်ချက်နဲ့ စာလုံးရေကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စာမရေးခင်မှာ မိမိရေးသားမည့်အကြောင်းအရာကို သေသေချာချာအစီအစဉ်ချပြီးမှ ရေးသင့်တယ်။ ဒါမှသာမေးထားတဲ့ အချက်တွေအားလုံးကို ထည့်သွင်းရေးသားနိုင်ပြီး အမှတ်ကောင်းကောင်းရမှာ ဖြစ်ပါတယ်။

 တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူတွေကို အထူးမှာချင်တာကတော့ သင်ခန်းစာအားလုံးကို သေသေချာချာလေ့လာမှတ်သားဖို့၊ စကားလုံးတွေ၊ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်တွေအပြင် သူတို့ကို ဘယ်လိုအသုံးပြုတယ်ဆိုတာကိုပါ သိရှိအောင် လေ့လာဖို့၊ reading comprehension တွေကို ဘယ်လိုဖြေဆိုရမယ်ဆိုတာ သိရှိအောင် လေ့ကျင့်ထားဖို့ ကဗျာတွေကိုလည်း ရွတ်ဆိုနိုင်ရုံသာမက အဓိပ္ပာယ်ဖွင့်ဆိုတတ်အောင် ကြိုးစားဖို့လိုပါတယ်။ ပေးစာနဲ့ စာစီစာကုံးတွေကိုလည်း သတ်မှတ်ထားတဲ့ စကားလုံးအရေအတွက် အတွင်းမှာ ကျစ်ကျစ်လျစ်လျစ်နဲ့၊ ဆီလျော်မှန်ကန်အောင်ရေးတတ်ဖို့လည်း လေ့ကျင့်ကြပါလို့ မှာကြားလိုပါတယ်။

ကျောင်းသား ကျောင်းသူများအားလုံး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာနဲ့ အခက်အခဲမရှိ ထူးထူးချွန်ချွန်နဲ့ ဖြေဆိုအောင်မြင် နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ။