Skip to main content

ဓမ္မနှင့်ညီသည့် ပုံစံအသစ်ဖြင့် နှစ်သစ်မှသည် ရှေ့သို့ဆီ ….

မိုးကေနိုင်

နှစ်ဟောင်းတစ်နှစ်ကုန်သည်နှင့် နှစ်သစ်တစ်ခု ဆုံကြရတော့မည်။ နှစ်ဟောင်းတို့ ပြောင်းခါနီးနှစ်သစ်တို့ ဆီးကြိုမြဲဖြစ်၍ အဟောင်းပြီးလျှင် အသစ်တို့လာသည်မှာ ဖြစ်ပျက်ဓမ္မတာ၊ ဒဿနအရသာဖြစ်ပေသည်။ သတ္တဝါအားလုံး ဘေးကင်းရန်ကွာဖို့၊ စိတ်ချမ်းသာကိုယ်ကျန်းမာဖြစ်ဖို့၊ လိုအင်ဆန္ဒများ တောင့်တအရာရာ ဖြစ်စေဖို့ရန်မှာ နေ့စဉ်ဆုတောင်းမြဲဖြစ်သော်လည်း နှစ်ဟောင်းအကုန် နှစ်သစ်အကူးမှာ အထူးအလေးမူဂရုပြု၍ ကောင်းတာများဖြစ်ဖို့ နှစ်စဉ်ဆန္ဒပြုကာ ဆုတောင်းမြဲခဲ့သည်မှာလည်း အစဉ်အလာတစ်ခုအဖြစ်ရှိခဲ့ပါပြီ။

ကျန်းမာရေးမကောင်းသော ဤကမ္ဘာကြီးမှာ

ယခု ၂၀၂၅ ခုနှစ်အကုန် ၂၀၂၆ ခုနှစ် အကူးအပြောင်းတွင်လည်း ထိုနည်းတူစွာပင်။ ယခုကာလထူးမခြားနားက ကမ္ဘာရောမြန်မာမှာပါ အခက်အခဲ၊ စိန်ခေါ်မှု၊ ပြဿနာမျိုးစုံနှင့်ရယ်ပါ။ ယေဘုယျအားဖြင့် ကမ္ဘာကြီး၏ ကျန်းမာရေးအခြေအနေက သိပ်ကောင်းလှသည်မဟုတ်။ ကျွန်တော်တို့အားလုံး လက်ရှိရာသီဥတုဖောက်ပြန်မှုနှင့်တကွ သဘာဝဘေးဆိုးကြီးများကို မမျှော်လင့်ဘဲ ရင်ဆိုင်နေရသည်။ ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ကြရသည်မှာ လက်တွေ့ဘဝဖြစ်ခဲ့သည်။ ကူးစက်ရောဂါဆိုးများကိုလည်း ရင်ဆိုင်ခဲ့ရပြီး ယခုလည်း ရင်ဆိုင်နေရဆဲပါပဲ။ အကြမ်းဖက်ပြဿနာ ခြိမ်းခြောက်မှုမျိုးစုံနှင့် စစ်မက်ရေးရာများစွာ၏ သက်ရောက်မှုကို ဆိုးဆိုး ရွားရွားခံစားကြရသည်။

ကမ္ဘာ့စီးပွားအခြေအနေနှင့် ငွေကြေးပြဿနာ အချို့အနာဂတ်တွင် မရေရာ၊ မသေချာ အနေအထား မှာရှိသည်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် ဖွဲ့စည်းထားသည့် ကမ္ဘာ့အဖွဲ့အစည်းအချို့အတွင်းမှာပင် မပြေမလည်နှင့်အက်ကြောင်းများ တွေ့လာရသည်။ အနာဂတ်တွင် အကျိုးစီးပွားနှင့် အတ္တများကြောင့် ဒေသတွင်းအဖွဲ့အစည်းများ ပြိုကွဲသွားနိုင်သလို ကိုယ်ခံအားမကောင်းသည့် နိုင်ငံအချို့ ပြိုလဲသွားနိုင်သည့်အနေအထားကိုလည်း မြင်နေရသည်။

အထက်ပါအခြေအနေများကို ထင်ဟပ်နေသည့် နိုင်ငံအချို့၏ လက်ရှိပြဿနာများကို ဆွဲယူသုံးသပ်ကြည့်က သိနိုင်လောက်ပါသည်။ မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက်မူ ကောင်းမွန်သော ရလဒ်တစ်ခု ထွက်ပေါ်ရန်အတွက် မြင်သာသော ထွက်ပေါက်တစ်ခုရှိပြီးဖြစ်သည်မို့အနာဂတ် အခင်းအကျင်းသစ်နှင့်အတူ လူအများစုတွင် အပြုသဘောခံယူချက်များ ရှိနိုင်သည်ဟု အကောင်းမြင်ထားကြသည်။

ကမ္ဘာကြီးအပေါ် အမြင်မှာမူ တစ်မျိုး၊ ခြားနားစွာ ခံစားနိုင်မှ တော်ကာကျပါမည်။ ၂၀၂၂ ခုနှစ်မှ စဖြစ်ခဲ့သည့် ရုရှား-ယူကရိန်း ပဋိပက္ခမှာ ပြီးဆုံးရန် ခက်ခဲနေသည့်ကြားက အရှေ့အလယ်ပိုင်း စစ်မီး သည်လည်း ဘယ်အချိန်ထတောက်ဦးမည်မသိ တငွေ့ငွေ့လောင်ဆဲအနေအထားမှာ ရှိဆဲဖြစ်သည်။ ဤကြားထဲ ဂျပန်အမျိုးသမီးဝန်ကြီးချုပ် ဆာနေးတာကိုင်ချီ၏ တရုတ်တိုင်ပေ(ထိုင်ဝမ်)အရေး စကား တစ်ခွန်းကြောင့် တရုတ်-ဂျပန် - ထိုင်ဝမ်အကြား ပြဿနာအသစ်တစ်ခု တိုးခဲ့ရပြန်သည်။ ထို့အတူတောင်အမေရိက ကာရေဘီယန်ဒေသပြဿနာက လည်းတစ်မှောင့်၊၊ ကမ္ဘာကြီးအနေအထားက စိတ်ချမ်းသာစရာဟူ၍မရှိလှ၊ အရာရာပြဿနာများနှင့်သာ၊၊

ထို့ကြောင့် စစ်နှင့်ဖြေရှင်းဖို့ ပြင်ဆင်နေကြသည်။ စစ်လက်နက်များ တိုးမြှင့်ထုတ်လုပ်ပြီး ကာကွယ်ရေးဘတ်ဂျက်ကို မြှင့်တင်နေကြပါပြီ။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စကားစစ်ထိုး၊ အားကြီးသူနှင့် အားနည်းသူ ဖိနှိပ်ကြ၊ အနိုင်ယူကြ၊ ပြဿနာမျိုးစုံ ဖန်တီး၊ ဖန်တီးသူနှင့် ခံရသူအကြား စကားအပြော အဆိုမှအစ ဆင်ခြင်နိုင်မှသာ။ ကမ္ဘာကြီးက ဘယ်လောက်အထိ နေမကောင်းဖြစ်နေသလဲ ဆိုတော့ ခရစ္စမတ်ငြိမ်းချမ်းရေးစကားပြောရာမှာတောင် တစ်ပါးသူကိုသေဖို့၊ ပျက်စီးစေဖို့အထိ ဆုတောင်းကြသည့်အဖြစ်ပါ။ ကမ္ဘာ့သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရခြင်းဖြစ်သည်။ လက်ရှိဖြစ်နေသည့် ဥရောပက နှစ်နိုင်ငံစစ်ပွဲထဲပါသည့် ခေါင်းဆောင်တစ်ဦးက အခြားရန်ဘက်ခေါင်းဆောင်တစ်ဦးအပေါ် ပို့သလိုက်သည့်မေတ္တာက "May he perish" ဆိုတဲ့ စကားပါပဲ။ အင်မတန်ခံပြင်းနာကြည်းမှုများနှင့် ပေါက်ကွဲထွက်လာ‌သော အမုန်းတရား စကားလုံးပါ။ ယခုလို အာဃာတ၊ ဒေါသတို့ ရှိနေသမျှ ထိုနှစ်နိုင်ငံ ငြိမ်းချမ်းပါ့မလား။

တစ်ဦးတစ်ယောက်၏ အမုန်းတစ်ခုကြောင့် သန်းပေါင်းများစွာသော လူသားများ နေ့စဉ်ထိခိုက် သေကျေပျက်စီးနေရသည်မှာ ဖြစ်သင့်ပါသလား။ ဆန့်ကျင်ဘက်များကြီးထွားနေသမျှ ကမ္ဘာကြီးလည်း သာယာပါ့မလား။ ရန်သူကိုတောင် မေတ္တာဖြင့် အနိုင်ယူနိုင်စွမ်းသည့် ဗုဒ္ဓမြတ်စွာဘုရား၏ နာယူဖူးသမျှ တရားဒေသနာများနှင့် ယှဉ်ထိုးဆင်ခြင်ကြည့်မိသည်။ ယနေ့ခေတ်တွင် အင်အားသည်သာ အခရာဖြစ်၍ ကမ္ဘာကြီးကို လက်နက်နှင့်သာ တည်ဆောက်နေကြသည်မှာ ထိတ်လန့်စရာ။ အင်အားနှင့် ဟန်ရေးတပြပြအခြေအနေတွင် ကမ္ဘာ့ပြည်သူများ ကျီးလန့်စာစားဘဝနှင့်သာ။ အကောင်းက နည်းနည်း၊ အကောင်းထက် အဆိုးကပိုများနေသည့်ကမ္ဘာကြီးကို တွေ့မြင်ရသည်မှာ စိတ်မချမ်းသာစရာပါ။

မေတ္တာဖြင့် ကြိုဆို၊ မေတ္တာထား မေတ္တာပွားရမှာ

ဗုဒ္ဓသာသနာထွန်းကားရာနိုင်ငံတွင် ဓမ္မအသိဖြင့်နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင်များအနေ ဖြင့်မူနှစ်သစ်ကို မေတ္တာဖြင့် ကြိုဆိုကြမည်သာ ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို လိုက်နာကျင့်ကြံပြီး ရင်ဆိုင်ဖြေရှင်းကြပါမည်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို မမေ့မလျော့ ဆည်းကပ်၍ မကောင်းမှုကိုပယ်၊ ကောင်းမှုကို သယ်ဆောင်ကြပါမည်။ မေတ္တာဟူသည် တဏှာရာဂ မဖက်ဘဲသူ့အကျိုးကို လိုလားခြင်းမည်ပါသည်။ သူ့အကျိုးပျက်စီးမှာ မလိုလားသည်က မေတ္တာတရားပါ။ သူတစ်ပါးပျက်စီးဖို့၊ သေစေဖို့၊ ကြံစည်ဖို့ဝေးစွ။ မကောင်းမှုကို ဘယ်တော့မှဆုမတောင်း၊ ကောင်းမှုကိုသာလိုလားသည့် တရားမြတ်တစ်ခုပါ။ ထို့ကြောင့် မေတ္တာသည် သူတစ်ပါးကို ပျက်စီးစေသည့် ခက်ထန်ကြမ်းတမ်းမှုပါသော ဒေါသ၏ ဆန့်ကျင်ဘက်တရားဖြစ်၍ ဒေါသကိုဖြေဖျောက်ရာတွင် မေတ္တာထား မေတ္တာပွား၍နေကြခြင်းသည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

မေတ္တာသည် မိမိအတွက်မဟုတ်၊ သူ့အတွက် မျှသာတွေးပြီး လုပ်ကိုင်သည်။ အတ္တကို ဘယ်တော့မျှ ဗဟိုမပြုဆိုသည့်သဘောကို သိထားသည့်အတွက် သူ့အလိုအတိုင်းလည်း လိုက်လို့မရ၊ ငါ့အလိုအတိုင်းလည်းမဖြစ်၊ ဘာမှလည်းအစိုးမရဆိုသည့် သဘောကို ယှဉ်တွဲ၍ သဘောပေါက်ထားသည်။ ထို့ကြောင့်လည်း တစ်ဆက်တည်း ဘာမှလည်း မမြဲ၊ ဘာမှလည်း ဆုပ်ကိုင်ထားလို့မရ၊ အရာရာက ခဏတာ၊ ကြာရှည်တည်တံ့နေတာ ဘာတစ်ခုမျှမရှိ၊ အဖြစ် တစ်ခုက အဆုံးမှာ ပျက်သွားသည်သာဖြစ်၍ ဘာမှမမြဲဆိုသည်မှာ ပေါ်လွင်မြဲပါပဲ။ ဘုရားသာသနာ၏ အဆုံးအမက ဤသို့ပင်လာပါသည်။

အကြောင်းများညီညွတ်၍ ဖြစ်ရသည့်အကျိုးတရားသိဖို့ရန်မှာ

ထို့ကြောင့် ဘာမှမမြဲ၊ အရာရာဖြစ်ပြီးပျက်၊ အစိုးမရသည့်အတွက် ဘာကိုဆုပ်ကိုင်ထားမလဲ၊ လွတ်အောင် လွှတ်ချသင့်သည်ကို လွှတ်ချဖို့ကိုယ့်ကိုယ်ကိုယ် ဆုံးမကြရအောင်ပါ။ မိမိလိုချင် သည်များရှိလည်းရလာက ကြာရှည်မြဲမည်ဟု ထင်ပါသလား။ ချမ်းသာလာလျှင်လည်း ပို၍ချမ်းသာချင်သည်သာ။ ရလာတော့လည်း ပို၍ပိုင်ဆိုင်ချင်သည်သာ။ တဏှာသဘော၊ အစွဲသဘောများကြောင့်ပါ။ ထို့ကြောင့်လည်းကောင်းကံ၊ မကောင်းကံများ ဖြစ်ကြရသည်၊၊ အကြောင်းကံသတ္တိကြောင့် အကျိုးဘဝများ ထပ်ရကြသည်၊ ခန္ဓာများထပ်ဖြစ်ရသည်၊၊ အကြောင်းကြောင့် အကျိုးဖြစ်ရသည့်သဘောများကိုလည်း မသိလို့မဖြစ်ပြန်။

ဤဘဝ၊ ဤခန္ဓာသည် အတိတ်အကြောင်း၊ ကံအကြောင်းများဆိုသည်ကို သိဖို့လိုပြန်သည်။ ယခုဘဝလုပ်တာ ကိုင်တာ၊ ပြောတာဆိုတာမှအစ ကုသိုလ်၊ အကုသိုလ်မှန်းမသိ။ ကိုယ်စိုက်တာ ကိုယ်ပြန်စားရမည်ဟူသောအကြောင်းကို ဂရုမစိုက် အားကြ။ ထို့ကြောင့်မသိ၍လုပ်ကြသည်၊၊ ဘဝတို့ ထပ်ကာထပ်ကာဖြစ်ရသည်၊၊ လူ့ဘဝ၊ နတ်ဘဝ၊ ငှက်ဘဝ၊ ခွေးဘဝ၊ ပြိတ္တာဘဝ၊ ငရဲဘဝ စသည်၊ စသည် ခန္ဓာတို့ထပ်ရ။ ခန္ဓာဆိုသည်မှာ ပရမတ်သဘောအရ ရုပ်နှင့်နာမ်မျှသာဆိုသော်လည်း ငါ၊ သူတစ်ပါး ၊ ယောက်ျား ၊ မိန်းမ စသည် ပညတ်အမြင် ကို မစွန့်နိုင်ကြပါ။ ခန္ဓာရလာတော့ လောကဓံကို ထပ်ကြုံရပြန်သည်၊ အကောင်းလောကဓံကြုံတော့ လောဘ၊ အဆိုးလောကဓံကြုံတော့ ဒေါသများ ထပ်ဖြစ်ကြရသည်၊၊

ဤသံသရာတွင် ကျင်လည်နေသည်ကို အဟုတ်ထင်သည့် အထင်မှားမှုမှ အဆိုးများ၊ အဆိုးများ ထပ်ဖြစ်နေသည်ကိုမသိဘဲ အကောင်းဟုသာ ထင်မိသည်၊၊ အဆိုးကိုအကောင်းနှင့် ပြန်လည်ကယ်တင်နေသည်ကိုလည်းမသိ၊ ထိုမသိမှု မောဟကြောင့်ပင် လောဘ၊ ဒေါသတို့ ထပ်ဖြစ်ကြပြန်သည်။ ထိုမသိမှုမောဟ၏ ဆန့်ကျင်ဘက်က အမောဟဖြစ်၍ ဓမ္မသဘောအရ ပညာဖြစ်သည်ဟု ဆိုပါသည်။ ထိုပညာဖြင့် ဆင်ခြင်မှု၊ ပိုင်းခြား ဆုံးဖြတ်မှု၊ နှလုံးသွင်းမှုများဖြင့်သာ ကုသိုလ်ဘက်ကို ရှေးရှုသွားပါသည်။ ယုံကြည်မှုသဒ္ဓါတရားကို ပို၍အားကြီးသွားစေပါသည်။ အကြောင်းတရားတို့ ညီညွတ်၍ဖြစ်ရခြင်းကြောင့်သာ အကျိုးတရားဖြစ်ရသည်ဟူသော မှန်ကန်သောအမြင်ကို ရရှိသွားစေပါသည်။ ထိုမှန်ကန်သောယုံကြည်မှုမှမျက်ကန်း ယုံကြည်မှုများ၊ မျက်ကန်းအမြင်များကို ပပျောက်စေနိုင်သည်မှာလည်း အမှန်တရားတစ်ခု ဖြစ်ပါသည်။

အသိကို အကျင့်နှင့်ပေါင်းကြရအောင်ပါ

ထို့ကြောင့် နှစ်သစ်တွင်လည်း အကြောင်းများကောင်းအောင် ဆက်လုပ်ကြရပါဦးမည်။ အကြောင်း ကောင်းအောင်လုပ်မည်ဆိုတော့ဘာတွေကို ကောင်းအောင်လုပ်မလဲ။ လောဘ၊ ဒေါသ၊ မောဟ တို့ နည်းစေမည်ပေါ့၊ ကာယကံ၊ ဝစီကံ၊ မနောကံများ ကောင်းအောင်နေကြမည်ပေါ့ ။ ကောင်းမြတ်သည့် တရားအားလုံးဆိုသည်က လေ့ကျင့်အားထုတ်ရမည့် အရာတွေပါ။ ဘယ်လိုလေ့ကျင့်ကြမလဲ။ ကာယကံ၊ ဝစီကံအမှုကို သီလကစောင့်ရှောက်ထိန်းသိမ်းပေးသည်ဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံး သိထားပြီးသော တရားဖြစ်၍ ငါးပါးသီလ၊ ရှစ်ပါးသီလကို တတ်နိုင်သမျှ စောင့်ထိန်းကြပါမည်။ မနောကံကိုတော့ သမထ၊ ဝိပဿနာ၊ ဘာဝနာအားဖြင့် စောင့်ထိန်းနိုင်သည်။ မိမိစိတ်ကိုသတိလေးကပ်ပြီး ထိန်းကျောင်းဆင်ခြင်နေရသည့် ဘာဝနာအလုပ်ပေးတရားကြောင့် ကိလေသာအညစ်အကြေးများ တဒင်္ဂလေး ကင်းနေသည်ကပင် အမြတ်တစ်ခုဖြစ်နေပါပြီ။

စက္ကန့်မလပ် အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောကို ဆင်ခြင်နိုင်လျှင်တော့ ကြီးစွာသောအမြတ်ဖြစ် မည်ပေါ့။ ထိုသို့အားထုတ်မှုမှရလာသည့် သတိ၊ သမာဓိတရားများကြောင့်ပင် လက်တွေ့ဘဝ ပတ်ဝန်းကျင်၌ ဘယ်လိုလူသူ၊ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေတွင် ဘာအာရုံပဲလာလာ လောဘဆိုလည်း မများအောင်၊ ဒေါသဆိုလည်း လျှော့နိုင်အောင်၊ အမှန်သိ၍ တွေဝေမိုက်မှား မောဟဆိုလည်းဆင်ခြင် နိုင်အောင်နေတတ်လာမည်မှာဧကန်ပါ။ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားတတ်အောင် နာယူပြီးသကာလ ကာယကံ၊ ဝစီကံ၊ မနောကံအမှုတို့တွင် အကုသိုလ်များ ဖြစ်မသွားအောင် ဘာဝနာအကျင့်မှရလာသည့် သတိဆိုသည့်တရားနှင့်လည်း ထိန်းတတ်လာ ပါမည်။ ဤသည်ပင် ယခုပစ္စုပ္ပန်တွင် အကြောင်းများ ကောင်းအောင်လုပ်နေခြင်းဖြစ်ပါသည်။ ဝီရိယ နှင့် သဒ္ဓါကိုပါ ထည့်ပေါင်းလိုက်လျှင်မူ ပို၍ကောင်းသော အထောက်အပံ့များ ဖြစ်သွားပါပြီ။

ဤလို တရားသဘောများ၊ အဆုံးအမများ မျာစွာ၊ များစွာကို အားလုံး၊ အားလုံးက လိုက်နာကျင့်ကြံကြရုံသာ။ အတိတ်ဘဝ ကုသိုလ်ကံကောင်းခဲ့၍ ရခဲလှသည့် ပစ္စုပ္ပန်လူ့ဘဝတွင် အကြောင်းကောင်းများတည်ဆောက်ဖို့ အချိန်ကျန်သေးသည်ဆိုလျှင် ယခုအချိန်သည် အကောင်းဆုံးအချိန်ပါ။ သူသူငါငါ အပြစ်တင်မစောကြပါနှင့်။ ပြဿနာမှန်သမျှ တရားဖြင့် ရှေ့ဆောင်၍ ဖြေရှင်းကြမည်ဆိုလျှင် ပြေလည် နိုင်ပါသည်။။ ဓမ္မအသိအခြေခံသည့် ပညာဉာဏ်နှင့်တကွ အမြော်အမြင်ရှိသည့်၊ အတ္တနည်းသည့် ခေါင်းဆောင်များ၊ နိုင်ငံသားများ၊ ကလျာဏမိတ်ဆွေ ကောင်းများ များစွာရှိနေသရွေ့ မိမိဖန်တီးချင်သည့် ပုံစံတစ်ခုကိုရမည်မလွဲပါ။ သို့မှသာ ဘာကိုမျှလွန်လွန်ကျူးကျူးမဖြစ်စေဘဲ မိမိကိုရော မိမိလူ့အဖွဲ့အစည်းနှင့်ပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြလိမ့်မည်ဟု သဘောပိုက်ပါသည်။

တရားအခံရှိသူသည် ပတ်ဝန်းကျင်နှင့်လည်း အဆင်ပြေပါသည်။ ပြဿနာကို စိတ်ထားဖြူဖြူ စင်စင် ကြည်ကြည်လင်လင်ဖြင့် ဖြေရှင်းနိုင်စွမ်းရှိပါသည်။ ကောင်းမှု၊ မကောင်းမှုကို ရှင်းလင်းစွာ သိသည့်အတွက် ပေါက်ကွဲတော့မည့် အားပြိုင်မှုတွေကို များစွာလျော့ပါးစေနိုင်ပါသည်။ ထို့ကြောင့် ထိုအချင်းအရာများသည်သာ စစ်မှန်သောအရည် အချင်းများဖြစ်ပါသည်။ ထိုအရည်အချင်းများ ပိုင်ဆိုင်ထားသမျှ မဖြေရှင်းနိုင်စရာ ပြဿနာဟူ၍လည်း ရှိမည်မဟုတ်ပါ။ ပြည့်ဝသောလိုအင်ဆန္ဒ ချမ်းသာဟူသမျှသည် တရားဓမ္မမှသာလာသည်ကို ဤသို့ပင် သက်သေထူနိုင်ပါလိမ့်မည်။ ။