Skip to main content

ရန်ကုန်တက္ကသိုလ်၏ သုတ၊ ရသစာပေ အစဉ်အလာ

ရန်ကုန်တက္ကသိုလ်သည် သုတ၊ ရသ စာကောင်းပေမွန်များ အစဉ်အဆက်ပေါ်ထွန်းရာ ‘ရေခံမြေခံကောင်း ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချသော ပညာရှင်ဆရာ ဆရာမများသည် ပညာရပ်ဂျာနယ် စာစောင်များတွင် ပညာရပ်အမျိုးမျိုးကို စာတမ်းများ၊ ဆောင်းပါးများဖြင့် ဖြန့်ဝေသကဲ့သို့ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးသော ကျောင်းသား ကျောင်းသူများထဲမှ စာပေဝါသနာရှင်များသည် တက္ကသိုလ်မဂ္ဂဇင်း စာစောင်များတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများ ရေးသားကြသည်။  ဤအစဉ်အလာသည် အမိတက္ကသိုလ်ကြီး၏ နှစ်တစ်ရာသက်တမ်းကာလအထိ ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်သည်။

ရန်ကုန်တက္ကသိုလ်      စတင်ပေါ်ပေါက်သော   ၁၉၂၀ ပြည့်နှစ်တွင် ပညာရပ်အသင်းကြီးဖြစ်သော မြန်မာနိုင်ငံ သုတေသနအသင်း (Burma Research  Society) သည် သက်တမ်း ၁၀ နှစ်ရှိနေပြီဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ    ပညာရှင်များအပါအဝင် မြန်မာပညာရှင်များ၊ အနောက် တိုင်းပညာရှင်များ အများအပြားပါဝင်၍ မြန်မာနိုင်ငံတွင် ပညာရပ် အမျိုးမျိုးဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ကြသည်။   ဆရာကြီးဦးဖေမောင်တင်၊    ဆရာကြီးဦးဖေအောင်  စသည့် မြန်မာပညာရှင်များ  ထင်ရှားသည်။ ပညာရပ်နယ်ပယ်အသီးသီးတွင်      သုတေသနပြု၍   စာတမ်းများဖတ်ကြသည်။    မြန်မာနိုင်ငံ   သုတေသန အသင်းဂျာနယ်     (Journal  Of  The Burma Research Society) ကို တစ်နှစ်လျှင် နှစ်ကြိမ်၊ အချို့နှစ်များတွင် သုံးကြိမ် ထုတ်ဝေ၍ ပညာဖြန့်ဖြူးကြသည်။  ပညာရှင် များ၏  သုတေသန စာတမ်းများ၊ ဆောင်းပါးများကို  ဂျာနယ်တွင် ထည့်သွင်းသည့်အတွက် ဖတ်ရှုသူတို့ အသိအမြင်တိုးပွားရသည်။ အစပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသော ဆောင်းပါးစာတမ်းများသာ    ပါဝင်သော်လည်း မကြာမီမှာပင် အဂ္ဂမဟာပဏ္ဍိတဆရာကြီးဦးလင်း၊ ဆရာဖြေ စသည့်မြန်မာပညာရှင်ကြီးများ၏ ဆောင်းပါးများ လည်း ပါဝင်လာသည်။ နောက်ပိုင်းတွင် ဦးဝန်၊ ဦးတင်ကြီး၊ ဦးတင်လှ၊ ဒေါက်တာသန်းထွန်း၊ ဒေါ်ကြန်စသည့် ဆရာကြီး ဆရာမကြီးများ မြန်မာလိုရေးသည့် ဆောင်းပါး စာတမ်းများကို တွေ့ရသည်။ ၁၉၈၀    ပြည့်နှစ်တွင်   မြန်မာနိုင်ငံ သုတေသနအသင်း ရပ်စဲသည့် အချိန်အထိ နှစ် ၇၀ တိုင်တိုင်  သုတစာပေများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့်     ဖြန့်ဝေပေးခဲ့သော   ပညာဘဏ်တိုက်ကြီးဖြစ်သည်။

ထိုအစဉ်အလာသည် ၁၉၆၆  ခုနှစ်တွင်   ရန်ကုန်တက္ကသိုလ်ပရိဝုဏ်၌      နှစ်စဉ်  နွေရာသီ ကျောင်းပိတ်ရက်များတွင်    ခြိမ့်ခြိမ့်သဲသဲ   ကျင်းပခဲ့သော မြန်မာနိုင်ငံ သုတေသနကွန်ဂရက် (Burma Research  Congress) ခေါ်    ဆွေးနွေးပွဲများနှင့်   ချိတ်ဆက်မိသွားသည်။ ထိုဆွေးနွေးပွဲတွင်   ပညာရပ်အသီးသီး၏  သုတေသန စာတမ်းဖတ်ပွဲများကို နေရာခွဲ၍ ကျင်းပရာ တက္ကသိုလ် ဆရာ    ဆရာမများ၊ ပြင်ပပညာရှင်များက   စာတမ်းများ ဖတ်ကြားကြသည်။ ဘာသာစာပေယဉ်ကျေးမှု၊ လူမှုသိပ္ပံ၊ ရူပသိပ္ပံ၊ ဘူမိသိပ္ပံ၊ ဆေးသိပ္ပံ၊ အင်ဂျင်နီယာသိပ္ပံ၊ ဓာတုသိပ္ပံ၊ ပညာရေး    စသည့်ဘာသာရပ်  နယ်ပယ်အသီးသီးက ဖတ်ကြားသော စာတမ်းများကို သက်ဆိုင်ရာ ဂျာနယ်များ၊ ပြင်ပစာစောင်များတွင်  ပုံနှိပ်ထည့်သွင်းပြီးသည့်အတွက် အများဖတ်ရှုလေ့လာနိုင်ကြသည်။ ၁၉၈၀ ကျော်ကာလ အထိ ထိုလှုပ်ရှားမှုသည် အသက်ဝင်ခဲ့သည်။

ထိုကာလတွင်  ‘ကန်သာစိမ်းလဲ့ ခေါ် ပညာရပ် အဖွဲ့ အစည်းက ကျင်းပသော စာတမ်းဖတ်ပွဲများ ပေါ်ပေါက်ပြီး စာတမ်းများကို   ပုံနှိပ်ထုတ်ဝေသည်။ သမိုင်းစာပေ၊  ယဉ်ကျေးမှု   စာတမ်းများဖြစ်သည်။  ‘ကန်သာစိမ်းလဲ့ စာတမ်းများ ဟု ထင်ရှားသည်။

၁၉၆၅  ခုနှစ်ကစ၍    ရန်ကုန်တက္ကသိုလ်တွင် ဘာသာတွဲစနစ်မှ အဓိကဘာသာစနစ်သို့ ပြောင်းလဲသော ပညာရေးစနစ်သစ်ကို  စတင်အကောင်အထည်ဖော်ရာ ‘တက္ကသိုလ်ပညာ မြန်မာလိုသင်မည် ဟူသော   ဆောင်ပုဒ်နှင့်အတူ   ပညာရပ်အသီးသီးကို   မြန်မာဘာသာဖြင့် သင်ကြားနိုင်ရေးအတွက် မြန်မာဘာသာဖြင့် စာအုပ်စာတမ်းများ ရေးသားပြုစုကြ သည်။ တက္ကသိုလ်ပညာကို မြန်မာလိုသင်ကြားနိုင်ရေးအတွက် အထောက်အကူပြုရန် တက္ကသိုလ် ပညာပဒေသာစာစောင်ကို ၁၉၆၆ ခုနှစ်ကစ၍ တစ်နှစ်လျှင် လေးကြိမ် (နောက်ပိုင်းတွင်   ခြောက်ကြိမ်) ထုတ်ဝေသည်။ ပါမောက္ခချုပ်မှ နည်းပြသရုပ်ပြအထိ တက္ကသိုလ်ဆရာ ဆရာမများက ပညာရပ် ဆောင်းပါးများ၊ စာတမ်းများ  ပါဝင်ရေးသားကြသည်။ ပညာထူးချွန်သော ဘွဲ့လွန်ဘွဲ့ကြို  ကျောင်းသားများလည်း  ပါဝင်ရေးသားကြသည်။ အဆင့်မြင့် ဆောင်းပါးစာတမ်း အများအပြား  ပေါ်ထွက်လာသည်။ ၁၉၈၀ ကျော်ကာလအထိ တက္ကသိုလ်ပညာ ပဒေသာစာစောင် အသက်ဝင်လှုပ်ရှားခဲ့သည်။

၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင်   မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့  ပေါ်ပေါက်လာပြီး  နှစ်စဉ်  စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊   ပညာရပ်ဂျာနယ် ထုတ်ဝေခြင်း တို့ဖြင့် ထိုအစဉ်အလာကို   လက်ဆင့်ကမ်း  အကောင်အထည်ဖော်လျက်ရှိသည်။

သုတစာပေအစဉ်အလာသည် ဤနည်းဤပုံ ဖွံ့ဖြိုးလာသည်နှင့်အတူ ရသစာပေအစဉ်အလာ သည်လည်း ရန်ကုန်တက္ကသိုလ်ပေါ်ပေါက်စကပင် စတင်အသက်ဝင် ခဲ့သည်။ တက္ကသိုလ်ဆရာ  ဆရာမများ  ကျောင်းသား  ကျောင်းသူများထဲမှ ‘စာပေသမား များသည် ‘ရန်ကုန် တက္ကသိုလ် ကျောင်းတိုက်မဂ္ဂဇင်း ခေါ်   ‘တက္ကသိုလ် မဂ္ဂဇင်း၊  တက္ကသိုလ် ကျောင်းသားသမဂ္ဂ(တကသ)က  ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၊  ရန်ကုန်တက္ကသိုလ်နှင့် နှီးနွှယ် နေသော ဂန္ထလောကမဂ္ဂဇင်း တို့တွင် ဝတ္ထု၊ ဆောင်း ပါး၊ ကဗျာစသည့်   ရသစာပေများကို   ရေးသားကာ ‘ကလောင်သွေး ကြသည်။ ၁၉၂၀ ကျော်ကာလတွင် ထိုမဂ္ဂဇင်းများမှာ စတင်ရေးသားခဲ့သောစာများကို ဆရာကြီး ဦးဖေမောင်တင်က ကောင်းနိုးရာရာစုစည်း၍ ‘ခေတ်စမ်း ပုံပြင်များနှင့် ‘ခေတ်စမ်းကဗျာများ ကို ၁၉၃၄ ခုနှစ်တွင်  ထုတ်ဝေလိုက်ခြင်းဖြင့် ခေတ်စမ်းစာပေလှုပ်ရှားမှုသည်       ရန်ကုန်တက္ကသိုလ် ပရိဝုဏ်တွင် စတင်အသက်ဝင်ခဲ့သည်။ အများက ကြိုဆိုလက်ခံသည့်အတွက် ‘ခေတ်စမ်းစာပေ     ထင်ရှား လာသည်။ သိပ္ပံမောင်ဝ၊ တက္ကသိုလ်မောင်သန့် စင်၊ ဇော်ဂျီ၊ မင်းသုဝဏ်   စသောခေတ်စမ်းစာရေးဆရာ များနှင့်အတူ မောင်ထင်၊ ညိုမြ၊ သိန်းဖေ(မြင့်)  စသော တက္ကသိုလ်စာရေးဆရာများ ထင်ရှားလာသည်။ ထိုကာလတွင် ထင်ရှားသော ‘ဒဂုန်မဂ္ဂဇင်း က တက္ကသိုလ်ကဏ္ဍ  ဟူ၍ ဖွင့်ကာ တက္ကသိုလ်ကလောင်ရှင်များ၏ စာများကို ဖိတ်ခေါ်ခဲ့သည်။

ထိုကာလက  ရန်ကုန်တက္ကသိုလ်လက်ရေးစာစောင် ထုတ်ဝေသော အစဉ်အလာလည်းရှိသည်။ ဆရာဇော်ဂျီ သည် ဟံသာကြေးမုံလက်ရေးစာစောင် တွင် အယ်ဒီတာ လုပ်စဉ် ပထမခေတ်စမ်းကဗျာ ဖြစ်သော ပိတောက်ပန်း ကဗျာကို ၁၉၂၈ ခုနှစ်တွင် ရေးဖွဲ့သည်ဟု မှတ်သားရသည်။ သထုံဆောင်က ‘သထုံသန်လျက်၊ ပုဂံဆောင်က ‘ပုဂံ လက်သီး   လက်ရေးစာစောင်များ   ထုတ်ဝေကြောင်း အမှတ်အသားရှိသည်။ 

ခေတ်စမ်းစာပေလှုပ်ရှားမှုကို အကြောင်းပြု၍     တက္ကသိုလ်ကလောင်ရှင်   အများအပြား ပေါ်ပေါက်ပြီး  တက္ကသိုလ်ပရိဝုဏ်ကို ကျော်၍  ပြင်ပစာပေလောကအထိ ဝင်ဆန့် ခဲ့ကြသည်။ ကလောင်နာမည်တွင် ‘တက္ကသိုလ် ဟူသော ဝိသေသနဖြင့်  အထူးပြုထားသည့် ကလောင်ရှင် များစွာ ပေါ်ထွက်လာ သည်။

စစ်ပြီးကာလတွင်  တက္ကသိုလ်ထွက်စာရေးဆရာများသည် စာပေလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည်။ ခေတ်မီ အတွေးအမြင် အရေးအဖွဲ့များဖြင့် စာပေလောကတွင် အောင်မြင်စွာ     နေရာယူခဲ့သည်။  လွတ်လပ်ရေးရပြီး နောက်တွင်လည်း    နှစ်လည်မဂ္ဂဇင်းထုတ်သည့်    အစဉ်အလာသည်  ရန်ကုန်တက္ကသိုလ်တွင်  ဆက်လက် ရှင်သန်သည်နှင့်အတူ      လူငယ်ကလောင်ရှင်များစွာ  ဆက်လက်ပေါ်ထွန်းခဲ့သည်။ တက္ကသိုလ်ကဗျာဆရာများ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ထုတ်ဝေသော ကဗျာစာအုပ်များ   ပေါ်ထွက်လာသည်ကို တွေ့ရသည်။ ရန်ကုန် တက္ကသိုလ် ကလောင်အသင်း စသည့်ကလောင်ရှင်များစုဝေးရာ အဖွဲ့အစည်းများကလည်း စာပေ ဖွံ့ဖြိုးရေးကို အားပေးသည်။   တက္ကသိုလ်တွင်   အခါအားလျော်စွာ  ပေါ်ပေါက်သော   အရေးကိစ္စများကို အကြောင်းပြု၍လည်း ကဗျာစာအုပ်များ ပေါ်ထွက်သည်။

စစ်ကြိုခေတ်က   ဂန္ထလောကမဂ္ဂဇင်းတွင် အနောက်နိုင်ငံမှာ  ထွန်းကားသော ‘အက်ဆေး စာပေကို အခြေပြု၍ ‘အစမ်းစာ ဟူသော   စာပေပုံသဏ္ဌာန် ပေါ်ပေါက်ခဲ့ရာ    တက္ကသိုလ် ဆရာများ၊  ကျောင်းသားများက     အစမ်းစာ အများအပြား ရေးသားခဲ့ကြသည်။   လွတ်လပ်ရေးရပြီးနောက် အစမ်းစာအရေးအသား ကို အစောပိုင်းတွင် မဂ္ဂဇင်းများမှာ    ထင်ထင်ရှားရှား   မတွေ့ရဘဲ  မှေးမှိန်သလို ဖြစ်နေရာမှ  ၁၉၆၄  ခုနှစ်တွင်  တက္ကသိုလ်ဆရာများ၏ စာများကို စုစည်းထုတ်ဝေသော ကံ့ကော်မြိုင်စာတမ်း ပေါ်ထွက်လာသောအခါ  အစမ်းစာ  အရေးအသားသည် အသွင်သစ်ဖြင့် ပြန်လည်ထွန်းကားလာသည်။ ကံ့ကော်မြိုင်စာတမ်းတွင် ဝါရင့်စာရေးဆရာကြီးများ၏  လက်ရာများနှင့်အတူ လူငယ်စာရေးဆရာများ၏ လက်ရာများလည်း ပါဝင်သည်။  မဂ္ဂဇင်းများတွင်လည်း ‘စာတမ်း ကဏ္ဍပြန်လည်နိုးကြားလာပြီး   ‘စာတမ်း   ရေးသည့် လူငယ်အများအပြား ပေါ်ထွက်လာသည်။ ထိုစာမျိုးကို ‘စာတမ်း ဟု ခေါ်ရာမှ စာတမ်းငယ်၊  ရသစာတမ်းငယ်၊ ‘အက်ဆေး စသည်ဖြင့် အမျိုးမျိုးခေါ်ကြပြီး ယခုအခါတွင် ‘ရသစာတမ်း ဟူသော အမည်တွင်ကျယ်နေပြီဖြစ်သည်။ ရသစာတမ်းသည် စာပေပုံသဏ္ဌာန် တစ်ခုအဖြစ် အခိုင်အမာရပ်တည်နေပြီဖြစ်သည်။

အမိရန်ကုန်တက္ကသိုလ်  နှစ်တစ်ရာပြည့် မြောက်ချိန်တွင် ရန်ကုန်တက္ကသိုလ်မှ ပေါက်ဖွားလာသော တက္ကသိုလ် အများအပြား ပေါ်ထွန်းနေသည်နှင့်အတူ အမိရန်ကုန် တက္ကသိုလ်နှင့် တက္ကသိုလ် အသီးသီးတွင် စာပေအသင်းအဖွဲ့များ၏ အားထုတ်မှုဖြင့် မဂ္ဂဇင်းစာစောင်ဂျာနယ်များ၊ စာအုပ်စာတမ်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လျက်ရှိရာ အသစ်အသစ် ပေါ်ထွက်လာသော    သုတ ရသစာပေများနှင့်အတူ   ရန်ကုန်တက္ကသိုလ်၏ စာပေအစဉ်အလာသည်လည်း  ဆက်လက်ဖွံ့ဖြိုး နေမည်ဖြစ်ပါသည်။       ။

ဆောင်းပါးပါဓာတ်ပုံများကို         ဒေါက်တာ အောင်ဆန်း    (ရန်ကုန်တက္ကသိုလ်)  က ပူးပေါင်းကူညီ ပေးပါသည်။

စာရေးသူ၏

အတ္ထုပ္ပတ္တိအကျဉ်း

- အမည်- ဒေါက်တာခင်အေး

 - ဓနုဖြူမြို့နယ်၊ ကျုံတနီးရွာ   ဇာတိဖြစ်ပြီး  ၁၉၄၀ပြည့်နှစ်   ဇန်နဝါရီ ၂၄ ရက်နေ့တွင်  ဖွားမြင်သည်။

 - ရန်ကုန်တက္ကသိုလ်မှ   ဝိဇ္ဇာ  (အထွေထွေ ဂုဏ်ထူး)ဘွဲ့၊ မဟာဝိဇ္ဇာ(မြန်မာစာ)ဘွဲ့၊ ဂုဏ်ထူးဆောင်စာပေပါရဂူ(ဒီလစ်) ဘွဲ့များ ရရှိသည်။

 - တက္ကသိုလ်ဆရာအဖြစ် ၄၃ နှစ်အမှုထမ်းပြီး ၂၀၀၆   ခုနှစ်တွင်  ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန   ပါမောက္ခဌာနမှူးအဖြစ်မှ အငြိမ်းစားယူသည်။

 - အငြိမ်းစားယူပြီးနောက်    မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်၊   အမျိုးသားသင်ရိုးညွှန်း တမ်း ကော်မတီဝင်အဖြစ် ဆောင်ရွက်လျက် ရှိသည်။

 - စာပေအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက် လျက်ရှိသည်။

 - ရသစာတမ်းများ၊ ဆောင်းပါးများ၊ စာအုပ်များ၊ သုတေသနစာတမ်းများ  ရေးသားခဲ့သည်။ ဘာသာစကား၊  စာပေ၊ ပညာရေး၊ လူငယ် အကြောင်းများနှင့် ဘဝအတွေ့အကြုံများကို ရေးသားလေ့ရှိသည်။ ယခုလည်း ရေးသား နေဆဲဖြစ်သည်။

 - စာပေဗိမာန်စာမူဆု၊  အမျိုးသားစာပေဆု၊ အမျိုးသားစာပေတစ်သက်တာဆု၊ ထွန်း ဖောင်ဒေးရှင်း  စာပေဆု၊  ဆရာဝန်တင်ရွှေ စာပေတစ်သက်တာဆု၊ ထွန်းဖောင်ဒေးရှင်း တစ်သက်တာဆု၊ သုတစွယ်စုံ တစ်သက်တာဆုများ ရရှိသည်။

မောင်ခင်မင်(ဓနုဖြူ)