Skip to main content

ပြည်သူကို လှည့်စားလှည့်ဖြားမည့် ပြည်တွင်းပြည်ပ အဖျက်သမားတို့ အကြံအစည် ကြိုတင်သတိပြုရှောင်ရှားနိုင်ရမည်

စွမ်းပြည့်

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းနဲ့ ကျင်းပပြီးတဲ့နောက်မှာ အနိုင်ရပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကိုလိုလားတဲ့ ပြည်သူတွေအတွက် ရွေးကောက်ပွဲတွေကို မြင်တွေ့ကြရပါတော့မယ်။ လွှတ်တော်တွေလည်း ပေါ်ထွက်လာပြီး လွှတ်တော်အသစ်၊ ရွေးကောက်ပွဲအသစ်တွေနဲ့တကွ ပြည်သူအားလုံးရဲ့လိုလားချက်နဲ့ကိုက်ညီမယ့် နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုလည်း မကြာမီဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

ပြည်သူအားလုံးရဲ့ ထွက်ပေါက်

ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးရချင်တဲ့၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုကို လိုလားတဲ့၊ ဒီမိုကရေစီကိုမြင်ချင်တဲ့ ပြည်သူအားလုံးရဲ့ထွက်ပေါက်တစ်ခုပါ။ အမျိုးသားရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက်၊ ပြည်သူအားလုံးအတွက် မှန်ကန်တဲ့လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အားလုံးအတွက် အကောင်းဆုံး ဖြစ်မယ့်လမ်းကိုခင်းထားပြီး မြင်သာတဲ့ထွက်ပေါက်အားလုံးကို ဖွင့်ထားပြီးပါပြီ။ လမ်းကြောင်းမှန်ဖို့၊ ထွက်ပေါက်မြင်ဖို့ဆိုရင် အားလုံးက အားစိုက်လုပ်ကြရမှာပါ။

“အား”ဆိုတဲ့နေရာမှာ ပညာအား၊ စေတနာအား၊ အမြော်အမြင်နဲ့ သတိ၊ ဝီရိယအားတွေ လိုအပ်ပါတယ်။ အဖျက်ကနေအပြု၊ အဆိုးကနေအကောင်း ဖန်တီးပြုပြင်နေတာဖြစ်တဲ့အတွက်လည်း ဒီအချိန် ဒီကာလဟာ အထူးအရေးကြီးပါတယ်။ အဆိုးလုပ်ရပ်၊ အဖျက်လုပ်ဇာတ်တွေနဲ့ ရင်ဆိုင်နေရတဲ့ အပြောင်းအလဲတစ်ခု၊ စိန်ခေါ်မှုများလှတဲ့ အချိုး အကွေ့တစ်ခုအတွက် ကျွန်တော်တို့အားလုံး အသင့်ရှိကြရမှာ ဖြစ်ပါတယ်။

ဘာကြောင့် ဖျက်ဆီးနေကြပါသလဲ

ဒါဆိုရင် နိုင်ငံနဲ့ ပြည်သူအတွက်ကောင်းတယ် ဆိုတဲ့အရာအားလုံးကို ဘာကြောင့်ဖျက်ဆီးနေကြပါသလဲ။ အဖျက်သမားကတော့ အဖျက်အတွေးပဲရှိမှာပါ။ သူတို့အားလုံး တပ်မတော်နဲ့ပြည်သူ စိတ်တူကိုယ်တူဖြစ်သွားမှာ အလွန်ကြောက်နေပုံရပါတယ်။ ဒို့တာဝန်အရေးသုံးပါး မြဲမြံခိုင်ခံ့သွားမှာ စိုးရိမ်နေပုံရတယ်။ ပြည်တွင်းပြည်ပ ရန်သူအားလုံး (ဆိုလိုတာက CRPH, NUG, PDF အမည်ခံအကြမ်းဖက်အားလုံးနဲ့ EAO နဲ့ အကြမ်းဖက်ထောက်ခံသူ အားလုံး)ဟာ ပြည်ထောင်စုကြီးပြိုကွဲပြီး တိုင်းရင်းသားအားလုံး မညီမညွတ်နဲ့ အချုပ်အခြာမတည်မြဲခြင်းကိုသာ မြင်ချင်ကြတာ အစဉ်အလာပါ။

လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့နိုင်ငံနဲ့ ပြည်သူကိုဆွဲချနေခြင်းဖြစ်ပါတယ်၊ ပြည်သူကို လမ်းအမှားပေါ် မရောက်ရောက်အောင် ပြန်တင်ချင်နေကြတယ်။ အလုံးစုံပျက်သုဉ်းတဲ့ နိုင်ငံအဖြစ်ကို ရောက်စေချင်ကြတယ်။ တည်ဆောက်ဆဲဒီမိုကရေစီစနစ် နောက်ကြောင်းပြန်အောင် ကြိုးစားခဲ့ကြပြီး ဖြစ်ထွန်းလာမယ့် ဒီမိုကရေစီအသီးအပွင့် မဖူးမပွင့်အောင်လည်း ထပ်ပြီးဖျက်ဆီးနေကြတယ်။ တပ်မတော်က ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကို မမြင်ချင်တဲ့ အကြောင်းတွေမှာ အမြစ်တွယ်နေတဲ့ မစ္ဆရိယစိတ်လည်းပါနေတယ်။ သူတို့တွေဟာ ပြည်သူကို လုံးဝမသနားသလို နိုင်ငံကိုလည်း လုံးဝပြန်မကြည့်ကြပါ။ ငါးနှစ်လုံးလုံး လက်နက်ကိုင်ခဲ့ကြပြီး စစ်ဒဏ်ခံပြည်သူတွေကို ငဲ့ညှာဖို့လည်းမရှိပါ။ NUG, PDF ထိပ်ပိုင်းခေါင်းဆောင်တွေမှာ တော်လှန်ရေးဗန်းပြ ချမ်းသာနေကြပေမယ့်အောက်ခြေမှာ တကယ်တိုက်ခိုက်နေရတဲ့
PDF တွေခမျာ တိုက်ချင်ခိုက်ချင်စိတ်ကုန်ခန်းနေကြပြီး စိတ်ဓာတ်လည်းကျနေကြပါပြီ။

ပြည်သူတွေဟာ တော်လှန်ရေးယောင်ယောင်၊ နိုင်ငံရေး​ယောင်ယောင် လုပ်စားသမားတွေအပေါ် ထိတ်လန့်နေကြပြီး ယုံကြည်မှုလည်းနည်းလာနေ ပြီဖြစ်ပါတယ်။ နောင်လာမယ့် နိုင်ငံရေးအခင်းအကျင်း သစ်တွေဟာ ပြည်တွင်း ပြည်ပ ရန်သူတွေအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်အတိဖြစ်နေတဲ့အတွက် ပြည်သူတွေ မဲပေးရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရနဲ့နိုင်ငံတော်သစ်ကြီး ဖြစ်တည်မလာရေး အသွင် မျိုးစုံနဲ့မဟုတ်မမှန် စွပ်စွဲတိုက်ခိုက်နေကြကြောင်းကို ကြိုမြင်၊ ကြိုသိကြဖို့လိုပါတယ်။ ရွေးကောက်ပွဲ ပြီးလို့ တပ်မတော်က သူ့နေရာသူပြန်သွားခဲ့ရင် သူတို့လက်ညှိုးထိုးစွပ်စွဲစရာ စစ်အစိုးရဆိုတဲ့ ခေါင်းစဉ်မရှိတော့မှာကို စိုးရိမ်နေကြပုံပါ။

အသွင်မျိုးစုံနဲ့ တိုက်ခိုက်နေ

အသွင်မျိုးစုံနဲ့ဆိုရာမှာ မီဒီယာအားကိုးပြီး တိုက်ခိုက်နေကြတာကို သတိပြုစေလိုခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝန်းကျင်တစ်ခုလုံးနဲ့ လွှတ်တော်နဲ့အစိုးရသစ်မပေါ်ခင်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာဖွယ်ရာတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲကို မဖြစ်စေချင်တာ၊ ပျက်စေချင်တာ ပြည်တွင်းကတင် မဟုတ်ပါဘူး၊ ပြည်ပနိုင်ငံအချို့နဲ့ အဖွဲ့အစည်းတချို့လည်း ပါပါတယ်။

ပြည်ပနိုင်ငံအချို့ ဖြစ်စေချင်တဲ့သဘောက ရွေးကောက်ပွဲနဲ့အညီ တက်လာမယ့်အစိုးရ တရားဝင်ဖြစ်သွားမှာကိုပဲ။ အမေရိကန်ဒီမိုကရက်တွေလို အချို့အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ ဘယ်သူအစိုးရတက်တက် ပျက်စေချင်ကြတာပါ။ ဒါကြောင့် ပြဿနာကို နည်းမျိုးစုံနဲ့ ရှာနေကြတာ။ အကြောင်းက မြန်မာနိုင်ငံကြီးတိုးတက်လာပြီး အင်အားကြီးမှာစိုးလို့ရယ်၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ BRI ကို နှောင့်နှေးစေလိုတာရယ်၊ ဒီအချက်တွေ ပါနိုင်တယ်လို့ ယူဆပါတယ်။

တချို့ကိစ္စတွေက ပြည်တွင်း ပြည်ပပေါင်းပြီး လုပ်ကြံတဲ့သဘောလည်းဖြစ်တယ်။ နိုင်ငံအရှေ့ တောင်ပိုင်း EAO တွေ ကြီးစိုးရာ​ဒေသက အွန်လိုင်းလိမ်လည်မှုတွေဆိုပါစို့။ ဒီအရေးကို ခေါင်းစဉ်အကြီး အကျယ်တပ်ပြီး ရွေးကောက်ပွဲကို နှောင့်ယှက်ချင်ပုံရတယ်။ ဒီအရေးမှာ KNU နဲ့ NUGဟာ လက်ဝါးရိုက်ပြီး နိုင်ငံတော်ဘက်က သက်သေအထောက် အထားအပြည့်အစုံနဲ့ ချပြတာတောင် သူတို့နဲ့မပတ်သက်သယောင် နိုင်ငံတကာနဲ့ပူးပေါင်း ဖြေရှင်းမယ်တို့ဘာတို့ကို လုပ်နေသေးတယ်။ အမှန်က သွယ်ဝိုက်ပြီး နိုင်ငံကိုသိက္ခာချတဲ့သဘောပါပဲ။

ရွေးကောက်ပွဲကာလတစ်လျှောက်မှာ ပြည်ပ သတင်းဌာနတွေနဲ့ ပြည်တွင်းသစ္စာဖောက်တွေအနေနဲ့ နိုင်ငံ့ပုံရိပ်နဲ့ တည်ငြိမ်မှုကို ဆက်လက် နှောင့်ယှက်နေကြမှာပါပဲ။ မီဒီယာအားကိုးပြီး ဝါဒဖြန့် စစ်ဆင်ရေးမပြတ်လုပ်ကြပါလိမ့်မယ်။ ဒီနေရာမှာ Justice For Myanmar (JFM) ဆိုတဲ့ တစ်ဖွဲ့ကတော့ မြန်မာနိုင်ငံပျက်စီးရေးကို အသည်းအသန် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ သူတို့ရဲ့နည်းလမ်းတစ်ခုက မဟုတ်တရား ဝါဒဖြန့်မှုတွေ ထိရောက်ဖို့အတွက် နိုင်ငံတော်ပိုင် တရားဝင်မီဒီယာ MRTV ဝက်ဘ်ဆိုက်၊ MITV ချန်နယ်တွေကနေ လွှင့်ထုတ်နေတဲ့ Application နဲ့ အကောင့်တွေကို Twitch, Facebook, Youtube, Mediafire စတဲ့ website တွေကနေ ဖျက်သိမ်းပေးဖို့ နည်းပညာ ကုမ္ပဏီတွေဆီ အကြောင်းကြား ဖိအားပေးနေခြင်းပါပဲ။

အင်မတန် အောက်တန်းကျပြီး မတရားတဲ့ Unjust လုပ်ရပ်တစ်ခုအဖြစ် မြင်လို့ရတယ်။ ဒီလုပ်ရပ်ကိုကြည့်ခြင်းဖြင့် ပိုင်းခြားစိစစ်စဉ်းစားကောက်ချက်ချလို့ရတဲ့ အချက်တွေလည်း ရှိလာတယ်။တကယ်လို့ နိုင်ငံတော်ဘက်က သတင်းတွေက မမှန်၊ သူတို့သတင်းတွေကသာ အမှန်ဆိုရင် ဘာကြောင့်နိုင်ငံရဲ့တရားဝင်သတင်းတွေကို ပြည်သူသိအောင် ချပြခွင့်မပြုရဲပါသလဲ။ မှန်တယ် ထင်ရင် ပြိုင်ရဲရပါမယ်။ ဘာကြောင့်သတင်းမှန်ကို မမြင်အောင်ဖုံးကွယ်ပြီး ပြည်သူကို မျက်စိပိတ်နားပိတ် လုပ်နေသလဲ။ နိုင်ငံတော်ကပြည်သူတွေကို သတင်းအမှောင်ချနေတယ်လို့ယူဆရင် ဘာကြောင့် JFM ကကော နိုင်ငံပိုင်သတင်းတွေကို ပြည်သူ မသိအောင် ပိတ်ပင်နေပါသလဲ။ ပြည်တွင်းက ပေးပို့ တဲ့ မြေပြင်သတင်းနဲ့ ပြည်ပကပေးပို့တဲ့သတင်း ဘယ်သူက ပိုမှန်နိုင်ခြေများမလဲ ပြည်သူတွေ စဉ်းစားပေးဖို့ပါ။ နိုင်ငံအတွင်းက လွတ်လပ်တဲ့ NP News Agency (ကျော်မျိုးမင်း) တို့လို ပုဂ္ဂလိက မီဒီယာသတင်းတွေကို နားထောင်တဲ့ ပြည်သူတွေ များသထက်များလာပြီး အဖြစ်မှန်တွေ သိလာမှာ ကိုလည်း JFM လို အဖွဲ့တွေက ကြောက်ရွံ့လာ ပုံရတယ်။ ဒီလုပ်ရပ်ကိုကြည့်ခြင်းဖြင့် သူတို့တွေဟာ ရွေးကောက်ပွဲနဲ့သွားမယ့် နိုင်ငံရေးလမ်းကြောင်းကို အလွန်အမင်းကြောက်လန့်နေပြီ၊ သတင်းမှန်တွေ ပြည်သူတွေဆီပျံ့နှံ့သွားမှာ ထိတ်လန့်နေပြီဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ယခုလိုလုပ်ရပ်တွေကို ပြည်သူတွေက ကြိုဆိုနေသယောင် ဝါဒဖြန့်ချက်များအားလုံး မှားယွင်းကြောင်းကို ယခုဆောင်းပါးနဲ့ သုံးသပ်ပြရခြင်းဖြစ်ပါတယ်။

အသေအချာ စိစစ်သုံးသပ်နိုင်ဖို့လိုအပ်

ဒါကြောင့် ယခုလိုကာလမှာ ပြည်သူတွေအနေနဲ့ ပြည်ပသတင်းဌာနတွေရဲ့ ဝါဒဖြန့်မှိုင်းတွေကို ဒီသတင်း မှန်/မမှန်၊ ဖြစ်နိုင်ခြေ ရှိ/မရှိ သတင်း ချန်နယ်ပေါင်းစုံကနေ အသေအချာစိစစ်လေ့လာ ပြီးမှ သုံးသပ်ကောက်ချက်ချစေလိုခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က ရွေးကောက်ပွဲပျက်ပြား ရေးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေအတွင်း မက်ခဲ့ဖူးတဲ့ အိပ်မက်ဆိုးတွေကို ပြန်လည်အသက်သွင်းရေးပါပဲ။ စစ်မီးကိုဆက်ပွားချင်ကြတယ်။ နိုင်ငံပျက်စီးရေးဟာ သူတို့ရဲ့ အန္တိမပန်းတိုင်ဖြစ်နေတယ်။ မဖြစ်နိုင် မှန်းသိပေမယ့်တတ်နိုင်သမျှ သူတို့ရည်ရွယ်ချက်မဖြစ်ဖြစ်အောင် ဆက်လုပ်ပါဦးမယ်။ စတင်ဖို့ လွယ်ပေမယ့် အဆုံးသတ်ခက်မယ့် ပြဿနာတစ်ခု မဟုတ်တစ်ခုကို ရွေးကောက်ပွဲကာလမှာကော ရွေးကောက်ပွဲအလွန် နောက်အစိုးရတက်လာတဲ့အထိ ရွေးချယ်ဖန်တီးဦးမယ့် Risk တွေလည်းရှိနေဆဲပါ။

ဒါကြောင့်လည်း ရွေးကောက်ပွဲကာလမှာ အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ဖော်ပြနိုင်ဖို့ ပြည်တွင်း ပြည်ပ သတင်းထောက်များစွာကိုနိုင်ငံတော်က ဖိတ်ခေါ်ထားခြင်း ဖြစ်ပါတယ်။

သူတို့ကို ပြည်သူအားလုံးက ကြိုဆိုကြပါတယ်။ ပြောမယုံကြုံမှသိဆိုပေမယ့် တစ်ဖက်မှာ သတိထားရမှာက စုန်းပြူးတွေပါရောနှောပါလာနိုင်တာကိုပါ။ နိုင်ငံရဲ့ပုံရိပ်နဲ့ ပြည်သူရဲ့ စိတ်ခွန်အားကို ရွေးကောက်ပွဲကနေတစ်ဆင့် သိရှိနိုင်စေမယ့် အခွင့်အလမ်းကို အကောင်းဆုံးအသုံးချရမှာ ဖြစ်သလို ပြည်ပအဖျက် Agenda အတိုင်း မဟုတ်မမှန် သတင်းလွှင့်ရေးသားကြမယ့် စိန်ခေါ်မှုတွေကိုလည်း ကြိုတင်ပြင်ဆင်သတိထားကြဖို့လိုပါတယ်။

ပိုပြီးသတိထားရမယ့်အရာတွေ

ယခုကာလဖြစ်စဉ်တွေကိုကြည့်ရင် ပြည်သူတွေ သတိထားရမယ့် အဖြစ်အပျက်များစွာ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း မန္တလေးမှာ ဖြစ်ခဲ့တဲ့ လူနည်းစုဆူပူမှု၊ မြောက်ဦးဆေးရုံကို စစ်စခန်းလုပ် ခိုအောင်းတိုက်ခိုက်နေတဲ့ AA အကြမ်းဖက်တွေကို လေကြောင်းက ချေမှုန်းခဲ့တဲ့ အပေါ် ပူညံပူညံဖြစ်ခဲ့တာတွေ၊ ဟိုးအဝေးနေတဲ့ သားတော်မောင်က မြန်မာပြည်က သူ့မိခင်ရဲ့ သတင်းတွေမရကြောင်း၊ သေသလား ရှင်သလား မသိကြောင်းဆိုပြီး ပြောဆိုခဲ့တာတွေဟာ ပြုလုပ် တော့မယ့် ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖန်တီးမှုတွေဖြစ်တာကို လေ့လာသုံးသပ် နိုင်ပါတယ်။ အလားတူ အိမ်နီးချင်းနိုင်ငံအချင်းချင်းကြားမှာ သွေးခွဲမှုတွေလည်း ရှိလာနိုင်တယ်။ ဘာသာရေး၊ လူမျိုးရေးအရသွေးခွဲမှုတွေ ဖန်တီးလာနိုင်တယ်။ နိုင်ငံရဲ့ရွေးကောက်ပွဲကို အတုအယောင်သဖွယ် သမုတ်ခြင်းနဲ့ တစ်ပြိုင်နက်မှာ ဘင်္ဂါလီအရေးကိုလည်း မသိမသာဇောင်းပေးလာတာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒီအချိန်မှာ ပိုပြီး သတိပြုနိုင်ကြဖို့ပါ။

အပြုသဘော လမ်းကြောင်းမှန်အပေါ်မှာ အကြမ်းဖက်အဖွဲ့ လှုပ်ရှားမှုတွေနဲ့ ချိန်သားကိုက် မီဒီယာလုပ်ဆောင်ချက်တွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ စိန်ခေါ်မှုတွေအဖြစ်အမြဲရှိနေ တတ်တာကို သင်ခန်းစာတွေလည်းရခဲ့ဖူးပါပြီ။ နိုင်ငံတကာမှာလည်း ထို့အတူပါ။ တစ်ကမ္ဘာလုံး ပတ်မွှေနေတဲ့ BBC, VOA, RFA, DVB သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းပေါင်းစုံရဲ့ဒဏ်ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံကြီးအချို့က ခေါင်းဆောင်အချို့လည်း ခံစားရပါတယ်။

ဒီအချက်ကို ဥပမာနှစ်ခုနဲ့ တင်ပြချင်ပါတယ်။ တစ်ခုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ BBC ရဲ့ပြဿနာပါ။ ၂၀၂၁ ခုနှစ်က US Capitol လွှတ်တော် စီးနင်းမှုကိစ္စမှာ ထရမ့်ရဲ့မိန့်ခွန်းကို ဖြတ်ညှပ်ကပ် လိုသလိုတည်းဖြတ်ပြီး သတင်းအမှားလွှင့်ခဲ့တဲ့ အပေါ် BBC အကြီးအကဲနှစ်ဦး နုတ်ထွက်ခဲ့ရပြီး BBC ရဲ့ တောင်းပန်မှုနဲ့တင်မပြီးဘဲ လျော်ကြေးငွေ ၁၀ ဘီလီယံပါတောင်းဆိုခံနေရတဲ့အဖြစ်က BBC ရဲ့ သရုပ်အမှန်ကိုပေါ် လွင်စေပါတယ်။ ယခုခေတ်က သတင်းအတုအယောင် ဖန်တီးရာမှာ AI အကူအညီယူ လှည့်စားလိမ်ညာနေကြတဲ့အတွက် အချို့ မီဒီယာတွေရဲ့ လိုရာဆွဲလှည့်စားထင်မြင်ချက်ပေးပုံ တွေကို ဗဟုသုတအဖြစ် သိရှိထားသင့်ပါတယ်။ နောက်ပုံစံတစ်ခုက ရုရှား-ယူကရိန်း-NATO အဖွဲ့ ပြဿနာပါ။ အခုတလောမှာ ရုရှားက ယူကရိန်းအပြင် NATO အနောက်ဥရောပနိုင်ငံတွေကိုပါ နယ်ချဲ့ကျူးကျော်တော့မယ့်ပုံအဖြစ် ကမ္ဘာကို ဝါဒဖြန့်၊ စစ်ပြင်ဆင်မှုတွေ အကြီးအကျယ်လုပ်၊ ကာကွယ်ရေးဘတ်ဂျက်ကို မရမကတိုးမြှင့်ပြီး ရုရှားကို မကောင်းဆိုးဝါးဖြစ်အောင်ပုံဖော်(Shape) လုပ်နေကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဥရောပ ပြည်သူတွေကို လှည့်ဖြားပြီးယူကရိန်းစစ် မရပ်စဲနိုင်အောင် စစ်ကိုဆွဲဆန့်နေခြင်းပါ။ မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေအကြား စစ်မီးမငြိမ်းအောင် လုပ်ထားပုံနဲ့တူနေတာကို သတိထားမိပါလိမ့်မယ်။ ဆိုလိုရင်းက မီဒီယာရဲ့ပရိယာယ်နဲ့ အနောက်အုပ်စုရဲ့ နှတ်ကြောင်းပေး ပုံဖော်မှုတွေကို ရိပ်မိသိရှိကြစေဖို့ ဖြစ်ပါတယ်။

အချုပ်အားဖြင့် လာမယ့်ရွေးကောက်ပွဲကြီးဟာ ရှောင်လွှဲလို့မရတဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုဆိုတာ နားလည်သဘောပေါက်ကြဖို့လိုပါတယ်။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်နိုင်မယ့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါတယ်။ အနိုင်အရှုံးနှစ်ခုမှာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုအတွက် နိုင်ငံရေးနည်းလမ်းကို ရွေးချယ်ခြင်းကသာ အနိုင်ဖြစ်ပါတယ်။ ထိုရလဒ်ကနေ ထွက်ပေါ် လာမယ့်စစ်မှန်တဲ့ Institutions အသစ်တွေကသာလျှင် ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ဒုက္ခကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

ဒါကြောင့်လည်း အပြောင်းအလဲ Change and Upgrade လိုချင်နေတဲ့ ပြည်သူတွေဘက်ကိုပဲ အနိုင်ပေးရမှာပါ။ မြေပြင်က ပကတိအခြေအနေ မှန်တွေကလည်း ဒီအချက်တွေမှန်ကန်ကြောင်း သက်သေပြနေပါပြီ။ လူတိုင်းရဲ့အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုရှိဖို့နဲ့ နိုင်ငံတည်ငြိမ်အေးချမ်းဖို့အတွက် ခိုင်မာတဲ့ Institutions တွေ ဖြစ်တည်လာ ဖို့အရေးဟာ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်နေတဲ့အတွက် အဖျက်မီဒီယာတွေရဲ့ ဘယ်သတင်း အချက်အလက်ကိုမဆို ချင့်ချိန်ယုံကြဖို့ အလွန်အရေးကြီးနေပါကြောင်း ရေးသားတင်ပြလိုက် ရပါတယ်။ ။