ဆယ်စုနှစ်များစွာ ရပ်တန့်နေသော ဆက်ဆံရေးကို ပြန်လည်သတ်မှတ်ရန် အမေရိကန်နိုင်ငံကို အခွင့်အရေးပေးသည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများ
မြန်မာ့ရွေးကောက်ပွဲများ - အရှေ့တောင်အာရှရှိ အမေရိကန်၏ မူဝါဒကို ပြန်လည်ချိန်ညှိခြင်းလား (Myanmar Elections: U.S. Policy Reset in Southeast Asia?)
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် တည်ငြိမ်အေးချမ်းမှုအပိုင်းတွင် တိုးတက်မှုများ ရှိလာသည်ကို အကြောင်းပြုလျက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မြန်မာနိုင်ငံသားများအပေါ် ပေးအပ်ထားသော ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း (Temporary Protected Status for Burmese-TPS) ကို မကြာသေးမီက ရပ်စဲလိုက်ခြင်းသည် အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အချက်ပြနေပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် စတင်ကျင်းပမည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရွေးကောက်ပွဲများသည် ဆယ်စုနှစ်များစွာကြာရပ်တန့်နေခဲ့သော အမေရိကန်-မြန်မာဆက်ဆံရေးကို ပြန်လည်ချိန်ညှိရန် ဝါရှင်တန် (အမေရိကန်အစိုးရ) အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်စေပြီး အရှေ့တောင်အာရှတစ်ဝန်းရှိ အမေရိကန်၏ မဟာဗျူဟာမြောက် နေရာယူရပ်တည်မှုအပေါ် သက်ရောက်မှုများ ရှိလာစေနိုင်ပါသည်။
လတ်တလော ဒေသတွင်းအရှိန်အဟုန်
အမေရိကန်အစိုးရအဖွဲ့သည် အလယ်ပိုင်းနှင့် အရှေ့တောင်အာရှဒေသများတွင် စီးပွားရေးအရ ထိတွေ့ဆက်ဆံရန် စဉ်ဆက်မပြတ် အလေးထားလျက်ရှိကြောင်း ပြသခဲ့ပါသည်။ ကာဇက်စတန်နိုင်ငံနှင့် အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ မကြာသေးမီက သဘောတူညီချက်တွင် အမေရိကန်နိုင်ငံထုတ် မီးရထားစက်ခေါင်းဝယ်ယူမှုအတွက် ဒေါ်လာ ၄ ဘီလီယံပါဝင်ပါသည်။ ထို့ပြင် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ဆက်ဆံရေးအဆင့်တိုးမြှင့်ထားသော ဥဇဘက်ကစ္စတန်နိုင်ငံနှင့်လည်း အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံတန်သဘောတူညီချက်တွင် အမေရိကန်နိုင်ငံထုတ်လေယာဉ်ဝယ်ယူမှုတန်ဖိုး ၈ ဘီလီယံကျော် ပါဝင်ပါသည်။
မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်သည့် ထိုင်း၊ မလေး ရှား၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် ကုန်သွယ်ရေးသဘောတူညီချက်များက အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော တွင်းထွက်သတ္တုများကို ပိုမိုလက်လှမ်းမီစေခဲ့ပါသည်။ ထို့ပြင် ယင်းသဘောတူညီချက်များသည် နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်များကို ဖြိုခွင်းရာ၌ အမေရိကန်နိုင်ငံနှင့် ဒေသတွင်းတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားကောင်းလာစေခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း သတ္တုသယံဇာတကြွယ်ဝမှုနှင့် ယင်း၏ နယ်နိမိတ်အတွင်း လှုပ်ရှားနေသော ရာဇဝတ်ဂိုဏ်းကွန်ရက်များနှင့် ပတ်သက်သည့် စိန်ခေါ်မှုများ ရှိနေခြင်းကြောင့် အဆိုပါအစပျိုး လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် အသုံးချနိုင်မည့် ပုံစံကွက်တစ်ရပ်ကို ဖော်ဆောင်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါမှု
မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားတစ်ခုတည်းကပင် မဟာဗျူဟာအရ အာရုံစိုက်မှုကိုခံရထိုက်သည်။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်နှစ်ခုစလုံးသို့ တိုက်ရိုက်ထွက်ပေါက်ရှိသည့် တစ်ခုတည်းသော အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသကို ချိတ်ဆက်ပေးထားသည့် အရေးပါသောနေရာတွင် တည်ရှိနေပါသည်။
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသကို ထိန်းချုပ်ထားနိုင်ခြင်းသည် အရေးပါသော ပင်လယ်ရေကြောင်းများတွင် အမေရိကန်ရေတပ်အတွက် ဝင်ထွက်သွားလာခွင့်အလားအလာကို ပေးစွမ်းနိုင်သကဲ့သို့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်နေခြင်းကလည်း ဒေသတွင်းကုန်သွယ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် သဘာဝအလျောက် အချက်အချာကျသော ဆုံချက်နေရာတစ်ခုဖြစ်ပေါ်စေပါသည်။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုနှင့် ထွန်းသစ်စနည်းပညာများအတွက် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုများ (Rare Earth Elements) အပါအဝင် နိုင်ငံ၏သဘာဝသယံဇာတများသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက်တန်ဖိုးကို ပိုမိုမြင့်မားစေသော အခြားကဏ္ဍတစ်ခုဖြစ်ပါသည်။
အမေရိကန်နိုင်ငံက ဆယ်စုနှစ်နှစ်စုကြာ ကျင့်သုံးလျက်ရှိသည့် မြန်မာနိုင်ငံအပေါ် သီးခြားဖယ်ကြဉ်ရေးမူဝါဒသည် ဟာကွက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ယင်းနေရာတွင် ပြိုင်ဘက်အင်အားကြီးနိုင်ငံများက ဝင်ရောက်နေရာယူခဲ့ကြပါသည်။ အမေရိကန်က သိသာထင်ရှားရှိမနေခြင်းကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုများအတွက် အခြားနေရာအရပ်ဒေသသို့ ပိုမိုမျှော်ကြည့်လာခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ပြန်လည်ချိတ်ဆက်ခြင်းသည် အဆိုပါလွှမ်းမိုးမှုများကို ပြန်လည်ထိန်းညှိရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ကာကွယ်ရေးနှင့် နည်းပညာကဏ္ဍများအတွက် မရှိမဖြစ်လိုအပ်သော အရေးပါသည့် အရင်းအမြစ်များကို အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှရရှိနိုင်စေမည် ဖြစ်ပါသည်။
လတ်တလော သံတမန်ရေးရာအချက်ပြမှုများက နှစ်နိုင်ငံ ထိုကဲ့သို့ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရန် လမ်းဖွင့်ထားသည်ကို ညွှန်ပြလျက်ရှိပါသည်။ အောက်တိုဘာလတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး၌ (အမေရိကန်) အစိုးရအဖွဲ့က မြန်မာအစိုးရအပေါ် လူသိရှင်ကြားဝေဖန်ခြင်းမှ ထူးခြားစွာ ရှောင်ကြဉ်ခဲ့ပြီး ယင်းသည် ယခင်ချဉ်းကပ်ဆောင်ရွက်မှုများနှင့် သိသာထင်ရှားစွာ ကွဲပြားသည်။ ယခုကဲ့သို့ ချင့်ချိန်တုံ့ပြန်မှုသည် နိုင်ငံရေးဆိုင်ရာ ကန့်သတ်ချက်များ (political conditionality) ထက် မဟာဗျူဟာမြောက်ထိတွေ့ဆက်ဆံရေးကို ဦးစားပေးလိုသည့် ဆန္ဒရှိကြောင်း ညွှန်ပြနေခြင်းဖြစ်နိုင်သည်။
အလားအလာရှိသည့် ပြန်လည်တည်ဆောက်ရေး အစီအမံများ
ခိုင်မာသော မူဝါဒပြင်ဆင်မှုအချို့သည် အပြန်အလှန်တုံ့ပြန်ဆက်သွယ်မှုများအတွက် အခြေအနေများကို ဖန်တီးပေးရင်းတစ်ဖက်တွင် အမေရိကန်အနေဖြင့် ထိတွေ့ဆက်ဆံမှုအသစ်များ ပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း အချက်ပြနိုင်သည်။ ပုံမှန်ဆက်ဆံရေးဆီသို့ ဦးတည်သွားမည့် အရှိန်အဟုန်ကို တည်ဆောက်ရန်အတွက် ဂရုတစိုက်အဆင့်ဆင့် စီစဉ်ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mr. Rubio က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ တရားမျှတမှု၊ ယုံကြည်နိုင်မှု၊ တရားဝင်မှု သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ၏ ဒီမိုကရေစီတန်ဖိုးများအပေါ် အမြင်သဘောထားထုတ်ဖော်ပြောကြားခြင်းကို ရှောင်ရှားမည်ဟု ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတရားကို မြန်မာနိုင်ငံ၏ ယခုပြုလုပ်မည့် ရွေးကောက်ပွဲများအပေါ် လိုက်နာအသုံးချမည်ဆိုပါက အမေရိကန်အစိုးရ၏ ထုတ်ပြန်ထားသော မူဝါဒနှင့် ကိုက်ညီသည့် လုပ်ဆောင်ချက်ဖြစ်သကဲ့သို့ ပိတ်ထားသော သံတမန်လမ်းကြောင်းများကို ပွင့်သွားစေနိုင်သည်။
ဤရပ်တည်ချက်က ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ ဝေဖန်မှုများ ကြုံတွေ့ရနိုင်သော်လည်း အထူးသဖြင့် အထီးကျန်ထားခြင်းက မြန်မာနိုင်ငံအတွင်း လိုလားသော နိုင်ငံရေးအပြောင်းအလဲများကို မဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဆက်လက်အထီးကျန်ထားခြင်းထက် ထိတွေ့ဆက်ဆံခြင်းက အမေရိကန်၏ အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းစေနိုင်သည်ဟူသော သုံးသပ်ဆုံးဖြတ်ချက်ကို ထင်ဟပ်စေသည်။
စီးပွားရေး မျက်နှာစာတွင် လေယာဉ်အစိတ်အပိုင်းများ၊ သတ္တုတူးဖော်ရေး စက်ပစ္စည်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့အခြေခံအဆောက်အအုံများအတွက် အသုံးပြုမည့် ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများအပါအဝင် အမေရိကန်ကုမ္ပဏီများအတွက် အကျိုးရှိစေမည့် စီးပွားရေးအခွင့်အလမ်းများအတွက် ပံ့ပိုးမှုများ တည်ဆောက်ပေးရမည်။ ထိုကဲ့သို့ အစီအစဉ်များသည် ပြစ်ဒဏ်ခတ်သည့် အစီအမံများကို ကျော်လွန်၍ ရှေ့ဆက်လိုသော အမေရိကန်၏ ဆန္ဒကိုပြသရာရောက်မည်ဖြစ်သည်။
၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူမှုစည်းမျဉ်းများ (Burma Sanctions Regulations) က အမေရိကန်စွမ်းအင်ကုမ္ပဏီများကို မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ထိရောက်စွာ ဖယ်ထုတ်ထားခဲ့သည်။ ထိုကဲ့သို့ ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ပါက လက်ရှိမြန်မာ့စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးထားသော အခြားနိုင်ငံများ၏ နိုင်ငံပိုင်စွမ်းအင်လုပ်ငန်းများနှင့် အမေရိကန်ကုမ္ပဏီများအကြား ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးများ ရှိလာနိုင်ပါသည်။ အမေရိကန်စွမ်းအင်ကုမ္ပဏီများသည် အရင်းအနှီးနှင့် နည်းပညာသာမက မြန်မာ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုနိုင်မည့် ပိုမိုမြင့်မားသော သဘာဝပတ်ဝန်းကျင်နှင့် ဘေးကင်းရေးဆိုင်ရာ စံချိန်စံညွှန်းများကိုပါ ယူဆောင်လာပေးနိုင်သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် စီးပွားရေးအကျိုးအမြတ်များကို ရရှိစေမည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးလမ်းကြောင်းနှင့် နိုင်ငံတကာ ရပ်တည်မှုများကို ပုံဖော်ပေးနေသော ကဏ္ဍတစ်ခုအပေါ်တွင် မဟာဗျူဟာမြောက်လွှမ်းမိုးမှုကိုပါ ရရှိစေမည်ဖြစ်သည်။
ဒေသတွင်းဆက်စပ်အခြေအနေများနှင့် သာဓကများ
မြန်မာနိုင်ငံ ခေါင်းဆောင်ပိုင်းက အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းများကို တန်ပြန်ရာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့ပါသည်။ မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုစင်တာများကို နှိမ်နင်းရန်ခြေလှမ်းများ စတင်ခြင်းဖြင့် အပြန်အလှန်စိုးရိမ်ပူပန်မှုဖြစ်စေသည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းကို ပြသခဲ့ပါသည်။ မွန်ဂိုလီးယားနှင့် ကာဇက်စတန်နိုင်ငံတို့တွင် အောင်မြင်စွာ ကျင့်သုံးခဲ့ပြီးဖြစ်သော (အမေရိကန်) အစိုးရ၏ ‘‘တတိယအိမ်နီးချင်း (Third Neighbor)’’ ကုန်သွယ်ရေးမူဘောင်သည် ၎င်းတို့၏ နိုင်ငံတကာ မိတ်ဖက်ဆက်ဆံရေးများကို စုံလင်ကွဲပြားစေရန် ကြိုးပမ်းနေသော နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် သက်သေပြပြီးသားသာဓကတစ်ခုဖြစ်သည်။
အဆိုပါမူဘောင်သည် ကမ္ဘာ့နိုင်ငံများအား အမေရိကန်နိုင်ငံနှင့် လွတ်လပ်သော စီးပွားဆက်ဆံရေး တည်ဆောက်နိုင်စေမည်ဖြစ်သည့်ပြင် အရေးပါသည့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ဆက်ဆံရေးဟန်ချက်ညီမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။
မဟာဗျူဟာမြောက် ထည့်သွင်းစဉ်းစားစရာများ
အမေရိကန်နိုင်ငံက ထိတွေ့ဆက်ဆံမှုထက်အထီးကျန်ထားခြင်း (Isolation) ကို ဦးစားပေးထားသည့် မူဝါဒကို ဆယ်စုနှစ်နှစ်ခုကြာ ကျင့်သုံးခဲ့သည်။ ဤအချက်က မဟာဗျူဟာမြောက်နေရာများကို ပြိုင်ဘက်များထံ လက်လွှတ်လိုက်ရုံသာ ဖြစ်စေခဲ့သည်။ မူဝါဒဆိုင်ရာမေးခွန်းတစ်ခုမှာ ဆက်လက်အထီးကျန်ထားခြင်းက စည်းကမ်းသတ်မှတ်ချက်များပါရှိသော ထိတွေ့ဆက်ဆံမှု (conditional engagement) ထက် အမေရိကန်၏ အကျိုးစီးပွားကို ပိုမိုအကျိုးပြုမည်လားဆိုသည်ပင်ဖြစ်သည်။
မကြာမီကျင်းပမည့် ရွေးကောက်ပွဲများသည် အမြဲတမ်းရှိမနေနိုင်သော သံတမန်ရေးရာ လမ်းစတစ်ခုကို ပေးစွမ်းနေသည်။ အုပ်ချုပ်မှုတိုးတက်မှုများ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအပြင် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့နှင့် ဆက်စပ်နေသည့် ခိုင်မာသော စံနှုန်းများအပေါ်တွင် အခြေခံ၍ ထိတွေ့ဆက်ဆံမှုကို ဖော်ဆောင်နိုင်ပါမည်။ ထိုကဲ့သို့သော ချဉ်းကပ်မှုသည် ဘက်စုံပြောင်းလဲမှုကို ကြိုတင်စည်းကမ်းချက်အဖြစ် တောင်းဆိုခြင်းမျိုးမဟုတ်ဘဲ တစ်ဆင့်ချင်းတိုးတက်မှုအတွက် မက်လုံးများ ဖန်တီးပေးရင်းတစ်ဖက်တွင်လည်း သြဇာညောင်းမှုကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
ချဉ်းကပ်မှုသည် ကြီးမားသော ပြောင်းလဲမှုများကို တိုက်ရိုက်တောင်းဆိုခြင်းအစား တဖြည်းဖြည်းဖော်ဆောင်မည့် တိုးတက်မှုအတွက် လှုံ့ဆော်မှုကို ထိန်းသိမ်းပေးနိုင်မည်ဖြစ်ပါသည်။
အရှေ့တောင်အာရှဒေသ၏ နိုင်ငံရေးနှင့် စီးပွားရေးအခင်းအကျင်းကို ပြိုင်ဘက်အင်အားကြီးနိုင်ငံများက တက်ကြွစွာ ပုံဖော်ပေးလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် ဩဇာလွှမ်းမိုးမှုရရန် ယှဉ်ပြိုင်မည်လား သို့မဟုတ် ပြိုင်ဘက်များက မြေပြင်အခြေအနေများကို အခိုင်အမာတည်ဆောက်နေချိန်တွင် ဆက်လက်စောင့်ကြည့်နေမည်လားဆိုသည်မှာ အင်ဒို-ပစိဖိတ် ဒေသတွင်း အင်အားချိန်ခွင်လျှာအတွက် ရေရှည်အကျိုးသက်ရောက်မှုများရှိစေမည့် အခြေခံကျသော မဟာဗျူဟာမြောက်ရွေးချယ်မှုတစ်ခုဖြစ်သည်။ အလယ်အာရှနှင့် ပင်မအရှေ့တောင်အာရှရှိ (အမေရိကန်) အစိုးရ၏ လတ်တလောလုပ်ဆောင်ချက်မှတ်တမ်းများက မဟာဗျူဟာအကျိုးစီးပွားများနှင့် အမေရိကန်အကျိုးစီးပွားများ ကိုက်ညီသည့် နေရာတွင် ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြသနေသည်။
မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား၊ သယံဇာတများနှင့် အာဆီယံအတွင်း တည်ရှိမှုတို့က ဤချဉ်းကပ်မှုအတွက် ယုတ္တိရှိသော နောက်ထပ်အာရုံစိုက်စရာ ဖြစ်လာစေပါသည်။ ။
Joe Buccino သည် အမေရိကန်ကြည်းတပ် ဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦးဖြစ်ပြီး Vantage + Vox ၏ CEO လည်းဖြစ်သည်။
(မြန်မာနိုင်ငံ၌ မကြာမီပြုလုပ်မည့် ရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ မူဝါဒပြောင်းလဲမှုဖြစ်စေနိုင်ခြင်း ရှိ/ မရှိနှင့် စပ်လျဉ်း၍ ၂၂- ၁၂-၂၀၂၅ ရက်နေ့က RealClear Defense တွင် သုံးသပ်ရေးသားဖော်ပြခဲ့သည့် Joe Buccino ၏ Myanmar Elections: U.S. Policy Reset in Southeast Asia? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
