Skip to main content

အာဆီယံနိုင်ငံများ၏ လျှပ်စစ်ကဏ္ဍ

စွမ်းအင်မူဝါဒကျောင်းသား

လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ခြင်းသည် လူတစ်ဦးတစ်ယောက်ချင်း၏ နေထိုင်မှုဘဝအဆင်ပြေချောမွေ့ခြင်းမှသည် လူမှုဘဝနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ခြင်းတို့အတွက် အဓိကအခြေခံအချက် ဖြစ်ပါသည်။

အာဆီယံနိုင်ငံများ

၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ စတင်ထူထောင်ခဲ့သော အရှေ့တောင် အာရှနိုင်ငံများအသင်း (The Association of Southeast Asian Nations / ASEAN)တွင် ယခုအခါ ဒေသတွင်းနိုင်ငံများအားလုံး ပါဝင်လျက်ရှိပြီး ချမ်းသာကြွယ်ဝ၍ ငြိမ်းချမ်းသော အသိုက်အဝန်းတစ်ခုအဖြစ် ဖြစ်ထွန်းနိုင်ရန်၊ စီးပွားရေးတိုးတက်ရန်၊ လူမှုဘဝမြှင့်တင်ရန်နှင့် ယဉ်ကျေးမှုဖွံ့ဖြိုးရန်တို့အတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

လျှပ်စစ်ဓာတ်အားရရှိမှု

လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးအတွက် ယေဘုယျအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ သယ်ပို့ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ ဟန်ချက်ညီဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပထမဦးစွာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ရန် စွမ်းအင်အရင်းအမြစ်များဖြစ်သော ရုပ်ကြွင်းဖြစ်လောင်စာများ (ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး)၊ ရေအရင်းအမြစ်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်အရင်းအမြစ်နှင့် ဇီဝလောင်စာတို့ကို အသုံးပြုရမည်ဖြစ်ရာ မိမိတို့နိုင်ငံ၌ စွမ်းအင်အရင်းအမြစ်ပေါကြွယ်ဝခြင်းသည် လိုအပ်သော စွမ်းအင်အရင်းအမြစ်များ ပြည်ပမှတင်သွင်းရခြင်းကို လျှော့ချနိုင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအတွက်များစွာ အထောက်အကူပြုပါသည်။

လူနေထိုင်မှုဘဝမြင့်မားရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အခြေခံကျကျအရေးပါသော်လည်း “ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစွာ ထုတ်ယူရရှိနိုင်မည့် လျှပ်စစ်ဓာတ်အားကို လူတိုင်းတတ်နိုင်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးနိုင်ရေး”မှာ ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းကြုံတွေ့ရသည့် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်ပါသည်။

မြေမျက်နှာသွင်ပြင်အနေအထားနှင့် ယဉ်ကျေးမှုအနေအထားတို့အရ ကွဲပြားခြားနားမှုများစွာမရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် နိုင်ငံတစ်ဝန်းလျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ တိုးတက်ဆောင်ရွက်နိုင်ခြင်းကို အောက်ပါအတိုင်း တွေ့ရှိရပေသည်။

အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်းဒါရူဆလမ်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့က ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိပြီး ဖြစ်ပါသည်။ ဒေသတွင်း၌ ဧရိယာအကြီးမားဆုံးနှင့် လူဦးရေအများဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည်လည်း ရာနှုန်းပြည့်နီးပါး လျှပ်စစ်ဓာတ်အားရရှိနေပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တစ်နှစ်အတွင်း နိုင်ငံအလိုက် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိမှုကို အာဆီယံဗဟိုစွမ်းအင်ဌာန(ASEAN CENTER FOR ENERGY-ACE)၏ 8th ASEAN Energy Outlook 2023–2050, အစီရင်ခံစာ အချက်အလက်များအရ အထက်ပါအတိုင်း ပုံ-၁ တွင် တွေ့မြင်နိုင်ပါသည်။

ရုပ်ကြွင်းဖြစ်လောင်စာ(Fossil Fuels) သုံးစွဲမှု

၂၀၂၂ ခုနှစ် ကိန်းဂဏန်းများအရ အာဆီယံဒေသနိုင်ငံများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အသုံးပြုသော စွမ်းအင်အရင်းအမြစ်အများဆုံးမှာ ရုပ်ကြွင်းဖြစ်လောင်စာများဖြစ်၍ ဒေသတွင်း လျှပ်စစ်ဓာတ်အားပေးစက်များ၏ စုစုပေါင်းစက်တပ်ဆင်အင်အား၏ ၆၆ ဒသမ ၄ ရာခိုင်နှုန်းမှာ ယင်းရုပ်ကြွင်းဖြစ် လောင်စာများဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့ကို အသုံးပြုထုတ်လုပ်လျက်ရှိပါသည်။

ကျောက်မီးသွေး။ ။ ကမ္ဘာတွင် ကျောက်မီးသွေးထုတ်လုပ်မှု တတိယအများဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံက အာဆီယံနိုင်ငံအားလုံးအသုံးပြုသည့် စက်တပ်ဆင်အင်အားပမာဏ၏ ၄၃ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံက ၂၄ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံက ၁၂ ရာခိုင်နှုန်းအထိ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိပါသည်။

ရေနံ။ ။ အမျိုးသားဓာတ်အားကွန်ရက် ပြင်ပ (Off Grid)ဝေးလံခေါင်သီသော ဒေသများကို ရေနံထွက်ပစ္စည်း(ဓာတ်ဆီ၊ ဒီဇယ်)များ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးလေ့ရှိရာ ယခုအခါတွင် အာဆီယံနိုင်ငံအများစု၌ အမျိုးသားဓာတ်အား ကွန်ရက်တိုးချဲ့တည်ဆောက်၍ ယင်းသုံးစွဲမှုကို လျှော့ချလျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံတွင်သာ သုံးစွဲမှုများပြားလျက်ရှိပါသည်။

သဘာဝဓာတ်ငွေ့။     ။ကျောက်မီးသွေးနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ်ပိုမိုများပြားသော်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းခြင်းကြောင့် နိုင်ငံအများစုက သဘာဝဓာတ်ငွေ့သုံးစွဲမှုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အသုံးပြုလာရာ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ လွဲ၍ အာဆီယံနိုင်ငံများအားလုံးက သဘာဝဓာတ်ငွေ့ကို အသုံးပြုကြပါသည်။

 

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု

ကမ္ဘာကြီးပူနွေးလာမှုလျော့နည်းစေရေးနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ဟန့်တားစေရေးတို့အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုလျော့နည်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းရေးတို့ကို ထည့်သွင်းစဉ်းစားခဲ့ကြသည်နှင့်အညီ ရုပ်ကြွင်းဖြစ်လောင်စာများ အသုံးပြုခြင်းအစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များဖြစ်သော ရေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဘူမိအပူစွမ်းအင်၊ ဇီဝစွမ်းအင်နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တို့ကို အသုံးပြုလာကြပေသည်။

အာဆီယံဒေသသည် လက်ရှိအချိန်တွင် သဘာဝသယံဇာတဖြစ်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ ပေါများသော်လည်း အဆင့်မြင့်နည်းပညာအသုံးပြုရခြင်းနှင့် ဓာတ်အားစနစ်တည်ငြိမ်စေရန် စွမ်းအင်သိုလှောင်စနစ် ထည့်သွင်းတည်ဆောက်ရခြင်းအတွက် ကနဦးကုန်ကျစရိတ်မြင့်မားခြင်းတို့က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်းကိုကြီးမားသော စိန်ခေါ်မှုဖြစ်နေပါသည်။ ထိုစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်မှာ ရင်းနှီးမြှုပ်နှံမှုအကူအညီရရှိရေးပင်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေရန် နိုင်ငံ၏စွမ်းအင်မူဝါဒရေးရာတွင် နိုင်ငံတော်အဆင့်အနေဖြင့် မက်လုံးပေးဆောင်ရွက် လျက်ရှိကြပါသည်။ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းများအရ ဗီယနမ်နိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုမှာ အတုယူဖွယ်ဖြစ်လောက်အောင် တိုးတက်ခဲ့ပါသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များသည် သဘာဝအတိုင်းဖြစ်တည်မှုဖြစ်သဖြင့် အရင်းအမြစ်ရရှိမှုကို ထိန်းချုပ်၍မပါ။ ဥပမာ- ရေအား လျှပ်စစ်ထုတ်လုပ်ရာတွင် ရေလှောင်ကန်အတွင်း ရေသိုလှောင်မှုအရ ထုတ်လုပ်ရပြီး မိုးရွာသွန်းမှုကိုမူ ကြိုတင်ခန့်မှန်းတွက်ဆခြင်းဖြင့်သာ တွက်ချက်နိုင်ပါသည်။ အတိအကျခန့်မှန်း၍ မရပါ။ လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်တို့သည်လည်း စဉ်ဆက်မပြတ်ရရှိမှုကို အတိအကျမှန်းဆ၍မရဘဲ ခန့်မှန်းတွက်ချက်ခြင်းမှ ရရှိနိုင်မှုအပေါ် ထုတ်လုပ်ရပြီး နေ့စဉ်အချိန်နှင့်အမျှ ပြောင်းလဲမှုရှိသဖြင့် ပြောင်းလဲနိုင်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ် များ (Variable Renewable Energy Resources, VRE)ဟု ခေါ်ဝေါ်ပါသည်။

ထိုအရင်းအမြစ်များကို အသုံးပြုရာတွင် စဉ်ဆက်မပြတ် တည်ငြိမ်စွာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမရှိခြင်းကြောင့် စရိတ်စကကြီးမားသော စွမ်းအင်သိုလှောင်စနစ် (Energy Storage System)အဖြစ် Battery များ တွဲဖက်တပ်ဆင် အသုံးပြုရသကဲ့သို့ သဘာဝဓာတ်ငွေ့များ၊ ကျောက် မီးသွေးများ၊ ရေနံထွက်ပစ္စည်းများ (ဓာတ်ဆီ၊ ဒီဇယ်) အသုံးပြု၍ အရန်ဓာတ်အားထုတ်လုပ်ရေး စနစ်အဖြစ်ထည့်သွင်းတည်ဆောက်မှသာ ယုံကြည်စိတ်ချဖွယ်ရာ သတ်မှတ်အရည်အချင်းပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပါသည်။

နိုင်ငံစုံ ဓာတ်အားကုန်သွယ်ရေး (Multilateral Power Trade)

စွမ်းအင်အရင်းအမြစ်များ အကျိုးရှိစွာ အသုံးပြုခြင်းနှင့် အရင်းအမြစ်များ မျှဝေသုံးစွဲခြင်းတို့ကို မြှင့်တင်ဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်းစွမ်းအင်ဖူလုံရေး(regional energy security) စီမံ ဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံလျှပ်စစ်ဓာတ်အား ရောင်းဝယ်ခြင်းမှသည် နိုင်ငံစုံဓာတ်အားကုန်သွယ်ရေးအထိ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အာဆီယံနိုင်ငံများက ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။

ရေအားလျှပ်စစ်အရင်းအမြစ် ပေါကြွယ်ဝသည့် လာအိုနိုင်ငံက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သို့ လျှပ်စစ်ဓာတ်အားရောင်းချ သကဲ့သို့ နွေရာသီတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အား ပြန်လည်ဝယ်ယူရခြင်းက ဒေသတွင်းနိုင်ငံများအကြား စွမ်းအင်အရင်းအမြစ်များ မျှဝေသုံးစွဲနိုင်ခြင်း ပြယုဂ်တစ်ခုပင်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ လာအိုနိုင်ငံက စင်ကာပူနိုင်ငံအထိ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၀၀ ကို ထိုင်းနိုင်ငံကို ဖြတ်သန်း၍ မလေးရှားနိုင်ငံမှ တစ်ဆင့် ရောင်းချနိုင်ခဲ့သည်ကလည်း နိုင်ငံစုံဓာတ်အားကုန်သွယ်ရေးအတွက် အကောင်းဆုံး အတွေ့အကြုံကောင်းများကို ရရှိခဲ့ပါသည်။

အနာဂတ်အလားအလာ

အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည်မှာ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သဖြင့် အခြေခံအဆောက်အအုံဖြစ်သော လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ လူတိုင်းတတ်နိုင်သည့် ဈေးနှုန်းဖြင့်သုံးစွဲနိုင်သည့် ယုံကြည်စိတ်ချဖွယ် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးမှာ စီးပွားရေး တွက်ခြေကိုက်သော “ရုပ်ကြွင်းဖြစ်လောင်စာများ အသုံးပြုခြင်း” ဖြစ်သဖြင့် ထိုအရင်းအမြစ်များ သုံးစွဲခြင်းကို ရပ်တန့်၍မရသကဲ့သို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းနှင့် ကမ္ဘာကြီးပူနွေးလာခြင်းကို ဟန့်တားကာကွယ်ရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ တိုးတက်သုံးစွဲမှုကိုလည်း ရည်မှန်းချက်ထား အလေးထားဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံနိုင်ငံများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် စုစုပေါင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်တပ်ဆင်အင်အား၏ ၃၅ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၃၃ ဒသမ ၇ ရာခိုင်နှုန်း ရရှိနေ ပါသည်။ မြန်မာနိုင်ငံတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် ၂၄၀ အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဤသို့ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အဆင့်မြင့်နည်း ပညာလိုအပ်ချက်နှင့် ရင်းနှီးမြှုပ်နှံမှုစရိတ် မြင့်မားလှသော နေစွမ်းအင်၊ လေစွမ်းအင် စသည့် “ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များသုံးစွဲခြင်း”နှင့် စီးပွားရေးတွက်ခြေကိုက်သော “ရုပ်ကြွင်းဖြစ်လောင်စာများ အသုံးပြုခြင်း”တို့မှာ အာဆီယံနိုင်ငံများ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟန်ချက်ညီ အကောင်အထည်ဖော်နိုင်ရေး စိန်ခေါ်မှုများ ဖြစ်သကဲ့သို့ နိုင်ငံအလိုက် အလေးထားဆောင်ရွက်လျက်ရှိသည့် စွမ်းအင်မူဝါဒဆိုင်ရာ ရေတို၊ ရေရှည် စီမံချက်များသည် လျှပ်စစ်ဓာတ်အားရရှိမှုနှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများအပေါ် သက်ရောက်မှုများစွာရှိကြောင်း တွေ့ရှိရပါသည်။ ။

ကိုးကားစာရင်း-

ASEAN Member States - ASEAN Main Portal.

8th ASEAN Energy Outlook 2023 – 2050.

ASEAN POWER UPDATES 2023.

Roadmap for Multilateral Power Trade,2024

ASEAN Center for Energy

Lao PDR’s Power Sector Development and Planning, 4th GMS Energy Transition Task Force Meeting December 10-12-2024, Jakarta, Indonesia