ကိန်းဂဏန်းများနောက်ကွယ်က မျက်ကွယ်ပြုခံရတဲ့ အမှန်တရား
အောင်ရှင်း
မြန်မာနိုင်ငံအစိုးရအဆက်ဆက်ဟာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ စဉ်ဆက်မပြတ်တိုက်ဖျက်လျက်ရှိတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းမှာလည်း နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် တစိုက်မတ်မတ် နှိမ်နင်းလျက်ရှိရာမှာ ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းတွေကို တရားဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန်တိုက်ဖျက်လျက်ရှိပါတယ်။
နိုင်ငံတော်အစိုးရရဲ့ဆောင်ရွက်ချက်တွေကို မျက်စိမှိတ်၊ နားပိတ်ပြီး မမြင်ချင်ယောင်၊ မကြားချင် ယောင်ဆောင်ကာ ခိုင်မာမှုမရှိတဲ့ သတင်းအချက် အလက်တွေကိုအခြေခံပြီး အချို့နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြဿနာကို ပုံကြီးချဲ့ စွပ်စွဲလေ့ရှိပါတယ်။ အဲဒီစွပ်စွဲ ချက်တွေထဲက ဒီဇင်ဘာလ ၃ ရက်နေ့ UNODC က ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ အမှန်တရားကို မျက်ကွယ်ပြုပြီး လိုရာပုံဖော်ထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အသုံးချကာ နိုင်ငံရေးအရ ဖိအားပေးလိုတဲ့ ရိုးသားမှုမရှိတဲ့ အစီရင်ခံစာ တစ်စောင်ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime-UNODC) က ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုစစ်တမ်း (Myanmar Opium Survey 2025) အစီရင်ခံစာမှာ “စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့် သက်ရောက်မှုများ” ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာတယ်၊ ဘိန်းစိုက်ပျိုးမှုတွေ မြင့်တက် လာတယ်ဆိုပြီး အတည်မပြုနိုင်တဲ့အချက်အလက်တွေကို ကိုးကားကာ အစီရင်ခံစာပုံစံ ရေးသားထားတာကို စိတ်မကောင်းဖြစ်ဖွယ်ရာ တွေ့ရှိရပါတယ်။
အဓိကကတော့ မြန်မာနိုင်ငံဟာ ဒေသတွင်းနဲ့ဒေသပြင်ပ မူးယစ်ဆေးဝါးဖြန့်ဖြူးမှု တိုးလာတာကို ပုံဖော်ထားပြီး တားဆီးရန်အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ ပုံကြီးချဲ့ရေးသားထားပါတယ်။ ဒါပေမဲ့ ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က အကြောင်းတရားကိုတော့ နိုင်ငံတကာက တမင်လျစ်လျူရှုထားကြပုံရပါတယ်။ စာရွက်ပေါ်က ကိန်းဂဏန်းတွေကို သာကြည့်ပြီး မြေပြင်ကဇာစ်မြစ်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေကို တွန်းအားပေးနေတဲ့လက်သည် တရားခံတွေကိုတော့ မမြင်ချင်ယောင်ဆောင်နေတာဟာ ပြဿနာကို ဖြေရှင်းရာမရောက်ပါဘူး။ ဒါကြောင့်ကိန်းဂဏန်းသက်သက်မဟုတ်ဘဲ ပကတိမြေပြင် အခြေအနေမှန်တွေနဲ့ ပူးပေါင်းဖြေရှင်းသင့်တဲ့ နည်းလမ်းမှန်ကို နိုင်ငံတကာကသိရှိနားလည်စေဖို့ ဒီဆောင်းပါးနဲ့ အမှန်တရားကို မီးမောင်းထိုးပြ လိုပါတယ်။
နိုင်ငံရေးကစားကွက်များကြားက မရိုးသားတဲ့ တိုက်ဆိုင်မှုများ
လက်ရှိကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အမေရိကန် သမ္မတ Donald Trump အစိုးရရဲ့ သဘောထား အပြောင်းအလဲနဲ့အတူ မြန်မာနိုင်ငံရေးအပေါ် ရှုမြင်ပုံတွေဟာ တည်ငြိမ်ရေးနဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကို ထောက်ခံအားပေးတဲ့ ခြေလှမ်း တွေအဖြစ် စတင်ပြောင်းလဲလာနေပါတယ်။ အထူး သဖြင့် Trump အစိုးရက USAID အကူအညီပိတ်သိမ်းခြင်းဟာ NUG အကြမ်းဖက်အဖွဲ့အတွက် အရေးပါ တဲ့ ကူညီထောက်ပံ့မှုတွေကို ရပ်ဆိုင်းသွားစေသလို မြန်မာနိုင်ငံသားတွေ အမေရိကန်နိုင်ငံမှာ ယာယီနေထိုင်ခွင့် (TPS-Temporary Protected Status)ကို ရုပ်သိမ်းလိုက်တာလိုမျိုး မူဝါဒအပြောင်းအလဲဟာ NUG/PDF တို့လို အကြမ်းဖက်လမ်းစဉ်ထက် နိုင်ငံတော်အစိုးရရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို အပြုသဘောဆောင် ရှုမြင်သုံးသပ်လာတဲ့သဘောဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုအပြုသဘောဆောင်လာတဲ့ အချိန်ကိုက်မှာ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းစေပြီး လက်ရှိနိုင်ငံတော်အစိုးရ အထင်အမြင်လွဲမှားစေမယ့် မူးယစ်ဆေးဝါးအစီရင်ခံစာ တမင်ရည်ရွယ် ချက်ရှိရှိ ထွက်ပေါ်လာတာဟာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ နိုင်ငံတကာနဲ့ နိုင်ငံတော် အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုလမ်းစတွေကို ပိတ်ဆို့လိုသူတွေရဲ့ နောက်ကွယ်က နိုင်ငံရေး ကစားကွက်တစ်ခု ဖြစ်နေနိုင်ပါတယ်။ အစီရင်ခံစာမှာ နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေမှုတွေ၊ ဘိန်းခင်းဖျက်ဆီးနိုင်မှုတွေကို မျက်ကွယ်ပြုထားပြီး ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာတာကိုသာ တစ်ဖက်သတ် မီးမောင်းထိုးပြထားတာဟာ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးထက် နိုင်ငံရေးအရ ဖိအားပေးလိုခြင်းသာ ဖြစ်တယ်လို့ ယူဆရမှာဖြစ်ပါတယ်။
UNODC အစီရင်ခံစာနှင့် မြေပြင်လက်တွေ့အခြေအနေ
UNODC ရဲ့ ၂၀၂၅ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု ၅၃၁၀၀ ဟက်တာအထိ ရှိလာပြီး ၂၀၂၄ ခုနှစ်ကထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာ တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီစိုက်ပျိုးမှု တွေ ဘယ်နေရာတွေမှာ တိုးလာသလဲဆိုတာကို မြေပုံပေါ်မှာ သေသေချာချာ ထောက်ကြည့်လိုက်ရင် အဖြေကရှင်းရှင်းလေးပါပဲ။ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုအာဏာ သက်ရောက်တဲ့ တည်ငြိမ်အေးချမ်းတဲ့ ဒေသတွေမှာမဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူတွေ(EAOs)နဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ NUG/PDF အကြမ်းဖက်အဖွဲ့တွေ စိုးမိုးလှုပ်ရှားနေတဲ့ နေရာတွေမှာသာ အဓိကတိုးပွားလာနေတာဖြစ်ပါတယ်။
အထူးသဖြင့် UNODC အစီရင်ခံစာမှာပါတဲ့ မြေပုံကိုကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ အရင်က ဘိန်းစိုက်ပျိုးမှုလုံးဝမရှိသလောက် နည်းပါးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်းတို့မှာ စိုက်ပျိုးမှုတွေသိသိသာသာတိုးလာတာကိုတွေ့ရပါလိမ့်မယ်။ ဒါကဘာကိုပြနေသလဲဆိုတော့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လက်နက် ကိုင်ပဋိပက္ခတွေကို အခွင့်ကောင်းယူပြီး အကြမ်းဖက်အဖွဲ့အစည်းတွေက ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုကို သူတို့ရဲ့ အဓိက ဝင်ငွေလမ်းကြောင်းအဖြစ် ပြောင်ပြောင်တင်းတင်း အသုံးချနေတဲ့သက်သေတွေ ဖြစ်ပါတယ်။
NUG/PDF နှင့် EAOs တို့၏ Narco-Terrorism
နိုင်ငံတကာက ‘ဒီမိုကရေစီအရေးလှုပ်ရှားသူများ’လို့ ခေါင်းစဉ်တပ်ပေးထားတဲ့ NUG/ PDF အကြမ်းဖက်အဖွဲ့တွေက ‘မူးယစ်ဆေးဝါးလုပ်ငန်း’ကို လက်နက်ဝယ်ယူဖို့ အဓိကငွေကြေး အထောက်အပံ့ အသက်သွေးကြောအဖြစ်အသုံးပြုပြီး အကြမ်းဖက်ယန္တရားကို လည်ပတ်နေကြပါတယ်။ တစ်ချိန်က စိုက်ပျိုးရေးနဲ့ အေးချမ်းခဲ့ဖူးတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ အခုဆိုရင် NUG/ PDF အဖွဲ့တွေက ‘တော်လှန်ရေးရန်ပုံငွေ’ ခေါင်းစဉ် တပ်ပြီး ဒေသခံတွေကို ဘိန်းနဲ့ ဆေးခြောက်တွေ၊ အတင်းအဓမ္မ ခြိမ်းခြောက်စိုက်ပျိုးခိုင်းပြီး အခွန်ကောက်ယူ၊ ထွက်ရှိတဲ့ ဘိန်းတွေကို ရောင်းဝယ်ခြင်းတွေ ပြုလုပ်လာကြပါတယ်။
ဒီတော့ UNODC အစီရင်ခံစာပါ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတဲ့ ဧရိယာတွေက NUG/ PDF အဖွဲ့ တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့အချို့ အကြမ်းဖက်လှုပ်ရှားနေတဲ့ နယ်မြေတွေ နဲ့ တိုက်ဆိုင်နေတာက မတော်တဆမှုတော့ မဟုတ်ပါဘူး။ ဒီအဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော် ဝိသမလောဘသားမူးယစ်ဂိုဏ်းတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ရရှိလာတဲ့ငွေမည်းတွေကို လက်နက်ခဲယမ်းတွေအဖြစ် ပြောင်းလဲနေကြတဲ့ Narco-Terrorism လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်တယ် ဆိုတာကို နိုင်ငံတကာအနေနဲ့ မျက်ကွယ်ပြုထားလို့ မရပါဘူး။
KIA နဲ့ AA အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အကြမ်းဖက်အဖွဲ့အချို့ဟာ ပါးစပ်ကသာ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးလို့ အသံကောင်းဟစ်နေပေမယ့် လက်တွေ့မှာ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ Narco-Terrorists တွေသာဖြစ်တာကိုတော့ ငြင်းမရနိုင်ပါဘူး။ ကချင်ပြည်နယ်၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဲ့ နယ်စပ် တစ်လျှောက်မှာ ဘိန်းစိုက်ပျိုးမှုမြင့်တက်လာတာဟာ KIA က PDF တွေကို လက်နက်တပ်ဆင်ပေးဖို့ ငွေကြေးရှာဖွေမှုရဲ့ ရလဒ်ဖြစ်ပါတယ်။ AA အဖွဲ့ကလည်း ရှမ်းပြည်နယ်ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတို့ကို ပို့ဆောင်တဲ့ မူးယစ်ဆေးဝါးကွန်ရက်ကြီးကို ချုပ်ကိုင်ထားပြီး ဘီလီယံနဲ့ချီတဲ့အကျိုးအမြတ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လည်ပတ်နေတာကို ဖမ်းဆီးရမိမှုမှတ်တမ်းတွေ ကနေ သက်သေပြနေပါတယ်။
ဒါကြောင့် UNODC အနေနဲ့ ဒီလက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးနဲ့ နိုင်ငံ ဖျက်ဆီးနေတာကို မျက်ကွယ်ပြုပြီး နိုင်ငံရေးထိုးနှက် ချက်ပါတဲ့ အစီရင်ခံစာတွေထုတ်ပြန်နေမယ့်အစား ပြဿနာရဲ့ အဓိကတရားခံဖြစ်တဲ့ အကြမ်းဖက်သမားတွေကိုဖော်ထုတ်ပြီး ဓာတုပစ္စည်းတွေ တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ ငွေကြေးခဝါချမှု၊ လက်နက်ခဲယမ်း မှောင်ခိုရောင်းဝယ်မှုတွေကို နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး ထိရောက်စွာ တိုက်ဖျက်သင့်တယ်လို့ အသိပေးတိုက်တွန်းလိုပါတယ်။
နိုင်ငံတော်အစိုးရရဲ့ အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းမှုများ
နိုင်ငံတကာရဲ့ ဖိအားတွေ၊ ပိတ်ဆို့မှုတွေကြားကနေ ပြည်ပအကူအညီမပါဘဲနဲ့ ဆင်နွှဲနေရတဲ့ နိုင်ငံတော်အစိုးရရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို UNODC အစီရင်ခံစာက မျက်ကွယ်ပြုထားတာဟာ အံ့ဩဖွယ်ရာဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ် မိုးဟိန်းစစ်ဆင်ရေးကနေ ယနေ့အထိ ပေးဆပ်ခဲ့ရတဲ့ သွေးချွေးတွေနဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်း စံချိန်တင်ဖမ်းဆီးရမိမှု ကိန်းဂဏန်း တွေက နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသန္နိဋ္ဌာန်ကို သက်သေပြနေပါ တယ်။
အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွင်း AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက် အဖွဲ့အချို့ရဲ့ Narco-Terrorism လုပ်ရပ်တွေကို ဖော်ထုတ်ပြီး ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါး ကွန်ရက်ကြီးကို ဖြိုခွင်းနိုင်ခဲ့တာဟာ နိုင်ငံတော် အစိုးရအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ လုံးဝ ပါဝင်ပတ်သက်မှုမရှိဘဲ အမျိုးသားဂုဏ်သိက္ခာအတွက် တစိုက်မတ်မတ်တိုက်ဖျက်နေကြောင်း ကမ္ဘာကို အသံတိတ် သက်သေပြနေတာဖြစ်ပါတယ်။
ကိန်းဂဏန်းများက သက်သေပြုနေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေး အရှိန်အဟုန်
နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးသန္နိဋ္ဌာန်ကို ဝေဖန်မှုတွေနဲ့ တိုင်းတာမယ် ဆိုရင်တောင် လက်တွေ့ဖမ်းဆီးရမိမှု မှတ်တမ်းတွေကတော့ အကောင်းဆုံးသက်သေဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းမှာပင် ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊ စိတ်ကြွဆေးပြားသန်း ၂၄၀ နီးပါး၊ အိုက်စ် ၂၃ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ သန်း ကျော်)ကို ဖမ်းဆီးဖျက်ဆီးနိုင်ခဲ့တာဟာ သာမန်ကာ လျှံကာ လုပ်ဆောင်ချက်မဟုတ်ပါဘူး။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ၁၁ လတာကာလအတွင်းမှာလည်း ဘိန်း ၁၁၄၀ ကီလိုကျော်၊ ဘိန်းဖြူ ၁၇၆၇ ကီလို ကျော်၊ စိတ်ကြွဆေးပြားသန်း ၂၉၀ ကျော်နဲ့ အိုက်စ် ၃၁ တန်ကျော် အပါအဝင် အခြားမူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၅၉ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၃၇၈ သန်းကျော်)ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီကိန်းဂဏန်းတွေက တပ်မတော်နဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး စစ်ဆင်ရေးတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုထိရောက်လာတာကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့ကြီးတွေမှာ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ လူသိရှင်ကြား မီးရှို့ဖျက်ဆီးပြသနေတာက လည်း နိုင်ငံတော်အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ယုံကြည်ချက်ကို ကမ္ဘာက မြင်သာအောင် သက်သေထူလျက်ရှိပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အကြမ်းဖက်တန်ပြန်နှိမ်နင်းရေး (Counter Terrorism Operation) ကို အလေးထား လုပ်နေရသလို နိုင်ငံတော်အစိုးရနဲ့ မြန်မာ့တပ်မတော်တို့ဟာ လူသားမျိုးနွယ်အပေါ်မှာ အညွန့်တုံးစေမယ့် ဘိန်းခင်းတွေဖျက်ဆီးရေးကို မေ့လျော့ထားခြင်းမရှိဘဲ ‘အမျိုးသားရေးတာဝန်’ တစ်ရပ်အနေနဲ့ခံယူပြီး ကြိုးပမ်းတိုက်ဖျက်လျက် ရှိပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်အထိ လေးနှစ်တာ ဘိန်းစိုက်ရာသီကာလအတွင်း ရှမ်း၊ ကချင်၊ ကယား၊ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတို့မှာရှိတဲ့ ဘိန်းခင်းဟက်တာပေါင်း ၈၀၀၀ ကျော်ကို လုံခြုံရေးအခက်အခဲတွေကြားက နိုင်ငံတော်အနေနဲ့ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး ဖျက်ဆီးနိုင်ခဲ့တာကို စာရင်းဇယားတွေက အခိုင်အမာပြသနေပါတယ်။ ၂၀၂၅ ခုနှစ်လိုမျိုး စိန်ခေါ်မှုများပြားတဲ့ကာလမှာလည်း ဘယ်လိုပင်အခက်အခဲရှိပါစေ၊ ဘိန်းခင်းတွေကို အားသွန်ခွန်စိုက် ဆက်လက်ရှင်းလင်းနေတာက လူသားထုရဲ့အနာဂတ်အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေတယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။
ဓာတုပစ္စည်း (Precursors) ပြဿနာ
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို ဓာတုမူးယစ်ဆေးဝါး (Synthetic Drugs) ထုတ်လုပ်ရာ ဗဟိုချက်အဖြစ်ပါ လက်ညှိုးထိုးနေကြပေမယ့် မဖြစ်မနေသိထားရမယ့် ပကတိအမှန်တရားတစ်ခု ကိုတော့ မေ့လျော့နေကြပါတယ်။ အဲဒီအချက်က တော့ စိတ်ကြွဆေးပြား (WY) ၊ ICE နဲ့ Ketamine လိုမျိုး မူးယစ်ဆေးဝါးတွေထုတ်လုပ်ဖို့ မရှိမဖြစ် လိုတဲ့ ဓာတုပစ္စည်း(Precursors) တွေကို ‘မြန်မာ နိုင်ငံက လုံးဝ(လုံးဝ) ထုတ်လုပ်နိုင်စွမ်းမရှိပါဘူး’။ လက်တွေ့မြေပြင်မှာ ဒီဓာတုပစ္စည်းတွေဟာ အိမ်နီးချင်းနိုင်ငံကြီးတွေကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက စီးဝင်လာတဲ့ ဒီဓာတုပစ္စည်းတွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့ လှုပ်ရှားနယ်မြေဒေသတွေကို ရောက်ရှိသွားပြီး ပြည်ပပညာရှင်တွေရဲ့အကူအညီနဲ့ ဓာတုမူးယစ် ဆေးဝါးအဖြစ် အသွင်ပြောင်းသွားကြတာဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံ ကနေ ဓာတုမူးယစ်ဆေးဝါးတွေ အများအပြား ထွက်နေပါတယ်လို့ ရလဒ်ကိုသာကြည့်ပြီး စွပ်စွဲ ပြစ်တင်ဝေဖန်နေမယ့်အစား ဒီမူးယစ်ဆေးဝါးတွေ ဖြစ်လာဖို့ ကုန်ကြမ်းတွေဝင်ရောက်နေတဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်အစိုးရတစ်ခုတည်းကသာ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ နယ်စပ်ဒေသတွေမှာ ပိတ်ဆို့ကြပ်မတ်နေရုံနဲ့ ဒီပြဿနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒီပြဿနာ မြစ်ဖျားခံရာ ဓာတုပစ္စည်း ထုတ်လုပ်တဲ့ နိုင်ငံတွေအနေနဲ့ မိမိတို့ပို့ကုန်တွေကို လမ်းကြောင်းလွဲ၍ မရောက်ရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပူးပေါင်းထိန်းချုပ်နိုင်မှသာ ဒီမူးယစ်စက်ဝန်းကို ဖြတ်တောက်နိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ ဓာတုပစ္စည်း (Precursors) တွေကို မူးယစ်ဆေးဝါးထုတ်လုပ် နေတဲ့ တိုင်းရင်သားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့ တွေထံ လမ်းကြောင်းလွဲမရောက်ရှိအောင် နိုင်ငံတော်အစိုးရနဲ့ ဘယ်လိုပူးပေါင်းထိန်းချုပ်ပေးကြမလဲဆိုတဲ့မေးခွန်းကိုသာ ဦးစွာအဖြေရှာသင့်ပါတယ်။
လက်ညှိုးထိုးသူတို့၏ မျက်ကွယ်ပြုမှုနှင့် အရေးယူပိတ်ဆို့မှုများ(Sanctions)၏ အကျိုးဆက်
နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အနောက်အုပ်စုကနေ မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ ‘စီးပွားရေးပိတ်ဆို့မှု (Sanctions)’ တွေက လက်တွေ့မှာ မူးယစ်ဆေးဝါးပြဿနာကို ငြှိမ်းသတ် ပေးမယ့်အစား ပိုမိုတောက်လောင်စေတဲ့ လောင်စာ ဆီဖြစ်နေတာဟာလည်း ခါးသီးတဲ့အမှန်တရား ဖြစ်ပါတယ်။ စီးပွားရေးကျပ်တည်းမှုနဲ့ ဆင်းရဲမွဲတေ မှုတို့က ရိုးသားတဲ့တောင်သူတွေကို ဝမ်းစာအတွက် မလွှဲမရှောင်သာ ဘိန်းခင်းတွေဆီသို့ ဦးလှည့်စေခဲ့ပါ တယ်။ ဒါ့အပြင် နိုင်ငံတကာက အစားထိုးဖွံ့ဖြိုးရေး (Alternative Development) အကူအညီတွေကို ဖြတ်တောက်လိုက်တာကလည်း တောင်သူတွေကို အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ သားကောင်ဖြစ်စေဖို့ တွန်းပို့လိုက်သလို ဖြစ်နေပါတယ်။
ဒါကြောင့် UNODC လိုအဖွဲ့အစည်းတွေအနေနဲ့ စာရွက်ပေါ်မှာသာ စိုးရိမ်ပူပန်ကြောင်း မှတ်တမ်း တင်ပြီး လက်ညှိုးထိုးအပြစ်တင်နေရုံနဲ့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့တုပ်နှောင်ထားပြီးမှ ‘မင်းတို့ဆီမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေ တိုးလာပြီ’ လို့ လက်ညှိုးထိုးစွပ်စွဲနေတာဟာ တရားမျှတမှုကင်းမဲ့ ရာကျပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ အမှန်တကယ် စိတ်ပူတယ်ဆိုရင် အမှန်တကယ်လိုအပ်နေတဲ့ နည်းပညာနဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေကို လက်တွေ့ကျကျပံ့ပိုးပေးမှသာ ဒီမူးယစ်ဆေး ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်ဆိုတာကို သတိချပ်စေလိုပါတယ်။
အပြစ်တင်ခြင်းထက် လက်တွေ့ကျသည့် လူသားချင်းစာနာထောက်ထားမှုဆီသို့
နိုင်ငံတကာအသိုင်းအဝိုင်းက မူးယစ်ဆေးဝါး ပြဿနာအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာ နိုင်ငံ တော်အစိုးရအနေနဲ့ ဘိန်းခင်းတွေကို အင်အားသုံး ဖျက်ဆီးရုံသက်သက်မဟုတ်ဘဲ အစားထိုးဖွံ့ဖြိုးရေးနှင့် လူသားအရင်းအမြစ် ပြန်လည်ပျိုးထောင်ခြင်းကိုပါ ၂၀၂၁-၂၀၂၆ စီမံချက်တွေနဲ့ အကောင်အထည် ဖော်လျက်ရှိပါတယ်။ ရှမ်း၊ ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တို့လို ဒေသတွေနဲ့ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့မှာ ဘိန်းအစားထိုးနှစ်ရှည်သီးနှံ၊ ဆိုလာ စွမ်းအင်နဲ့ မွေးမြူရေးနည်းပညာတွေကို အစားထိုးပေးအပ်ပြီး တောင်သူတွေရဲ့ လူနေမှုဘဝကို မြှင့်တင် ပေးလျက်ရှိပါတယ်။
ဒါ့အပြင် လမ်းမှားရောက်ခဲ့သူတွေအတွက် လည်း နိုင်ငံတစ်ဝန်းရှိ ကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခုနဲ့ မက်သာဒုံးဆေးခန်းပေါင်း ၁၇၀ ကျော်ဖွင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အခမဲ့နီးပါး ပေးအပ်နေပါတယ်။ ပြန်လည်ထူထောင် ရေးစခန်းတွေ ဖွင့်လှစ်ပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်တွေနဲ့ လူ့အသိုင်းအဝိုင်းထဲသို့ ပြန်လည် ဝင်ဆံ့စေလျက်ရှိပါတယ်။ ဒီလုပ်ရပ်တွေက နိုင်ငံတော်ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ပြသနေခြင်းဖြစ်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အဝေးမှ ဝေဖန်နေမယ့်အစား နည်းပညာနဲ့ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ လက်တွေ့ကျကျ ပူးပေါင်းပါဝင်ပြီး ပိုမိုနီးကပ်စွာ လက်တွဲကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
နိုင်ငံတကာသို့ တိုက်တွန်းနှိုးဆော်ချက်
နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာမှာ အပြစ်တင်ဝေဖန်နေရုံနဲ့ ခရီးမရောက်နိုင်ဘဲ ‘အမှန်တရားကို ရှုမြင်သုံးသပ်ခြင်း’ ဖြင့်သာ အဖြေရှာနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ပေါ်ပေါက်လာတဲ့ NUG/PDF နဲ့ EAOs တို့ရဲ့ Narco-Terrorism (မူးယစ်ဆေးဝါးနှင့် ဆက်စပ် သောအကြမ်းဖက်မှု) လုပ်ရပ်တွေကို မျက်ကွယ်မပြု သင့်တဲ့အပြင် သူတို့ကို ထောက်ပံ့တာဟာလည်း မူးယစ်ဆေးထုတ်လုပ်မှုကို သွယ်ဝိုက်အားပေးရာ ရောက်ကြောင်း သတိပြုသင့်ပါတယ်။
ဒါ့အပြင် ပြည်သူလူထုရဲ့ စားဝတ်နေရေးကို ကျပ်တည်းစေပြီး ဘိန်းစိုက်ပျိုးမှုကို တွန်းအား ပေးသကဲ့သို့ဖြစ်စေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို လျှော့ချကာ အစီရင်ခံစာတွေ ထုတ်ပြန်ခြင်းထက် နည်းပညာနဲ့ သတင်းအချက်အလက်ဖလှယ်ခြင်း လိုမျိုး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကို ဦးစားပေးသင့်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေကို မိမိတို့ဘက်မှ စတင် ထွက်ခွာကတည်းက တင်းတင်းကျပ်ကျပ် ထိန်းချုပ် ပေးကြပါရန် မေတ္တာရပ်ခံလိုပြီး လူသားအားလုံးရဲ့ ‘ဘုံရန်သူ’ ဖြစ်တဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး ဟန်ချက်ညီညီ တိုက်ဖျက်သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေတဲ့ အဓိကရန်သူအဖြစ် သတ်မှတ်ထားပါတယ်။ နိုင်ငံတကာက အကူအညီပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးကရရှိတဲ့ ငွေကြေးနဲ့ အကြမ်းဖက်မှုတွေကို ပုံဖော်နေတာကို ထိရောက်စွာ ဟန့်တားနိုင်ဖို့၊ ကမ္ဘာ့လူသားထုကိုမူးယစ်ဆေးဝါး အန္တရာယ်မှကာကွယ်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ထမ်းဆောင် သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအနေ နဲ့ နိုင်ငံတော်အစိုးရအပေါ်မှာ နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ဒီကမ္ဘာ့ရန်သူဆိုးကို ပိုမိုထိရောက်မြန်ဆန်စွာ တိုက်ဖျက်နိုင်မှာဖြစ်တယ်ဆိုတာကို ကိန်းဂဏန်း များနောက်ကွယ်က မျက်ကွယ်ပြုခံရတဲ့ အမှန် တရားအဖြစ် သတင်းစကားပါးအပ်ပါတယ်။ ။
