Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး မဲရုံများအလိုက် ရေတွက်ရရှိသည့် ဆန္ဒမဲစာရင်းများကို သတ်မှတ်ချက်များနှင့်အညီ စာရင်းပြုစု၍ နိုဝင်ဘာ ၉ ရက်မှစတင်ကာ ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာပေးလျက်ရှိသည်။


ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးမှု၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းထုတ်ပြန်ကြေညာမှု နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖော်ပြ လိုက်ပါသည်။


မေး ။ ။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး သုံးသပ်ပြောကြား ပေးစေလိုပါတယ်။


ဖြေ ။ ။ ရွေးကောက်ပွဲကတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ အခုက ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် မဲဆန္ဒရှင်တွေဟာ မျှော်မှန်းထားတာထက်ပိုပြီးတော့ လာရောက်ဆန္ဒမဲပေးခဲ့ကြတယ်။ မဲရုံတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ စံ၊ လုပ်ငန်း၊ လမ်းညွှန် ပြဋ္ဌာန်း ချက်တွေနဲ့အညီ မဲရုံအခင်းအကျင်းတွေကို ဆောင်ရွက်ပေးခဲ့တဲ့အတွက် မဲဆန္ဒရှင်တွေဟာ စိတ်ချမ်းသာ ပျော်ရွှင်စွာနဲ့ပဲ လာရောက်ဆန္ဒမဲပေးခဲ့ကြပါတယ်။

မေး ။ ။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသမီးများ ပါဝင်မှု ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲရဲ့ထူးခြားတဲ့ အချက်အလက်တွေကိုလည်း သိပါရစေ။

ဖြေ ။ ။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး မှာတော့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ပါဝင်မှုက ယခင် ၂၀၁၅ ခုနှစ်ကထက် များပြားတာကို တွေ့ရပါတယ်။ ရွေးကောက်တင်မြှောက်ခံရတဲ့ အရေအတွက်ကလည်း များပါတယ်။ ၂၀၁၅ မှာဆိုရင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူ့ လွှတ်တော်မှာဆိုရင် ၂၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်တယ်၊ ၄၄ ဦး ရွေးကောက် တင်မြှောက်ခံရတယ်။ အမျိုးသားလွှတ်တော်မှာဆိုရင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂၀ ဝင်ရောက်ယှဉ်ပြိုင်တယ်၊ ၂၃ ဦး ရွေးကောက် တင်မြှောက်ခံရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာဆိုရင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၄၄၆ ဦးဝင်ရောက်ယှဉ်ပြိုင် တယ်၊ ၈၃ ဦး ရွေးကောက်တင်မြှောက်ခံရတယ်။ စုစုပေါင်းဆိုရင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းက ၂၀၁၅ ခုနှစ်မှာ ၇၉၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ပြီး ၁၅၁ ဦး ရွေးကောက်တင်မြှောက်ခံရတယ်။

အခု ၂၀၂၀ မှာဆိုရင် ပြည်သူ့လွှတ်တော်မှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၈၆ ဦး ရွေးကောက် တင်မြှောက်ခံရတယ်။ အမျိုးသားလွှတ်တော်မှာဆိုရင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃၆ ဦး ဝင်ရောက်ယှဉ် ပြိုင်တယ်၊ ၂၄ ဦး ရွေးကောက် တင်မြှောက်ခံရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာဆိုရင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၅၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင် တယ်၊ ၁၀၉ ဦး ရွေးကောက်တင်မြှောက်ခံရပါတယ်။ စုစုပေါင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်တာ ၈၉၀ ရှိပြီး ၂၁၉ဦး ရွေးကောက်တင်မြှောက်ခံရတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ မြင့်မားလာပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ များပြားလာတာကို တွေ့ရပါတယ်။


မေး ။ ။ အခုအချိန်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့ အတွက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြားမှာ ဘယ်လိုကွာခြားမှုရှိပါသလဲ။

ဖြေ ။ ။ ၂၀၁၅ ခုနှစ်တုန်းက ဒီလို ကပ်ဘေးရောဂါမရှိဘူး။ အခု ၂၀၂၀ ပြည့်နှစ်ကျတော့ ကိုဗစ် - ၁၉ ရောဂါကာလအတွင်း ကျင်းပရတဲ့အတွက် လုပ်ငန်းပမာဏက ပိုများပြားတယ်။ မဲရုံတွေရဲ့ အခင်းအကျင်းကအစ ပိုပြီးကျယ်ကျယ်ဝန်းဝန်းလုပ်ရတယ်။ ယာယီမဲရုံတွေကိုလည်း အများအပြား တည်ဆောက်ပေးရတယ်။ မဲရုံအတွင်းမှာ မဲရုံမှူးတွေ၊ မဲရုံ အဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲလေ့လာသူတွေကို နေရာထိုင်ခင်းထားတာကအစ စည်းကမ်း တကျ ခြောက်ပေအကွာ ထားရတယ်။ နောက်ပြီး မဲဆန္ဒရှင်တွေအနေနဲ့လည်း ၂၀၁၅ ခုနှစ်တုန်းကဆိုရင် တိုးဝှေ့ပြီးမဲရုံထဲကို ဝင်ကြတယ်။ အခု ၂၀၂၀ ပြည့်နှစ်ကျတော့ စည်းကမ်းတကျပဲ မဲဆန္ဒရှင်တွေရဲ့နေရာတွေကို ခြောက်ပေအကွာ အမှတ်အသား စက်ဝိုင်းတွေနဲ့ ဝိုင်းပြထားပြီး စနစ်တကျ တန်းစီပြီး ဝင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အခင်းအကျင်းကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော်လည်း များစွာစနစ်ကျတာကို တွေ့ရတယ်။ ဒီအခင်း အကျင်းပုံစံမျိုးပဲ နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ ဒီလိုဖြစ်ရင် ကောင်းမယ်။ ၂၀၁၅ တုန်းကဆိုရင် အိမ်တိုင်ရာရောက် ဆန္ဒမဲသွား ယူရ တဲ့ လူတွေက နည်းတယ်။ မကျန်းမာသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ မီးဖွားနေသူတွေ၊ အနာကြီး ရောဂါစွဲကပ်နေသူတွေနဲ့ အသက် ၆၀ နဲ့အထက် ရှိတဲ့သူတိုင်းကို အိမ်တိုင်ရာရောက် သွားရောက်ပြီး ဆန္ဒမဲတွေ သွားရောက်ယူရတဲ့အတွက် အလုပ်များသွားတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက် နေ့အထိ ကြိုတင်ဆန္ဒမဲတွေယူခဲ့တယ်။ စည်းကမ်းသတ်မှတ်ချက်နဲ့ ကိုက်ညီပြီး အသက် ၆၀ နဲ့အထက်ရှိသူ တွေအနေနဲ့လည်း ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးကိုလာပြီး ကြိုတင်ဆန္ဒမဲတွေ ပေးနိုင်ခဲ့ကြတယ်။ ဒါကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ထူးခြားချက်ဖြစ်ပါတယ်။

မေး ။ ။ ဆန္ဒမဲလက်မှတ်ရေတွက်ရာမှာ ၂၀၁၅ ခုနှစ်တုန်းက ဆယ်ရက်ကျော် ကြာခဲ့တယ်။ အခုက တစ်ပတ်အတွင်းပြီးမယ်ဆိုပြီး ပြောထားတော့ အဲဒီအပေါ်မှာ ဘာများပြောကြားလိုပါသလဲ။


ဖြေ ။ ။ ၂၀၁၅ တုန်းက ရွေးကောက်ပွဲရလဒ် ထုတ်ပြန်တာ ဆယ်ရက်လောက်ကြာတယ်။ အခုတော့ တစ်ပတ်လောက်နဲ့ ပြီးစီးသွား သလောက် ဖြစ်သွားတယ်။ အခုဆိုရင် ပြည်သူ့လွှတ်တော်မှာ ရွေးကောက် တင်မြှောက်ခံရသူ ၃၁၅ ဦးကြေညာခဲ့ပြီး အားလုံးကြေညာပြီး ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စား လှယ်လောင်းတွေ ၁၆၁ ဦးကြေညာခဲ့ပြီး အားလုံးကြေညာပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၆၁၂ ဦး ကြေညာခဲ့ပြီး အားလုံးကြေညာပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်တွေ အတွက်မှာပဲ ၂၅ ဦးကြေညာခဲ့ပြီး ၄ ဦးပဲ ကြေညာဖို့ ကျန်ပါတော့တယ်။


အခုကြေညာဖို့ကျန်ရှိတဲ့ ကိုယ်စားလှယ်တွေဟာဆိုရင်လည်း ကချင် ပြည်နယ် ခေါင်လန်ဖူးမြို့နယ်အတွက်ပဲ ကျန်တော့တယ်။ ခေါင်လန်ဖူး မြို့နယ်ဟာဆိုရင် သွားလာရတာ ငါးရက် ခြေကျင်လျှောက်လာရတယ်။ အဲဒီ တစ်မြို့နယ်ပဲ ကျန်တယ်။ ဒါကလည်း မကြာမီ ကြေညာနိုင်တော့မှာပါ။

မေး ။ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ က သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲရလဒ် ကြေညာပေးနေတဲ့အခြေအနေကို ပြောပြပေးပါဦး။

ဖြေ ။ ။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အနိုင်၊ အရှုံးရလဒ် ကို ဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ကြေညာပေးရတယ်။ ဒါကိုလည်း ဥပဒေအရ ပြဋ္ဌာန်းထားတယ်။ သူတို့မှာကြေညာပိုင်ခွင့်ရှိတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာတာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိအောင် ကြေညာပေးနေတာ ဖြစ်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တွေက ကြေညာရာမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေကို ကြေညာတာနဲ့ တစ်ပြိုင်တည်း ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေ အားလုံးအတွက် ရရှိတဲ့ သူတို့အတွက် ဆန္ဒမဲက ဘယ်လောက်လာပေးသလဲ၊ ဘယ်လောက်အရေ အတွက်ရရှိသလဲ၊ ဘယ်ရာခိုင်နှုန်းရရှိသလဲဆိုတာ တစ်ဦးစီအတွက် သေချာ တွက်ချက်ပြီးတော့ ကြေညာရတာဖြစ်တဲ့အတွက် အချိန်ကြာရခြင်းဖြစ်တယ်။

အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုပဲ ကြေညာရင် မကြာဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာတာကတော့ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုပဲ တစ်နိုင်ငံလုံး သိရှိအောင် ကြေညာတာ ဖြစ်တယ်။ ဒါကြောင့်အခုက မျှော်မှန်းထားတဲ့အချိန်အတိုင်း မျှော်မှန်းထားတဲ့အချိန်အတွင်းမှာ ပြီးစီးအောင် ကြေညာနိုင်ခြင်းဖြစ်တယ်။


မေး ။ ။ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ဖို့အတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးကြတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေကို ဘာများပြောကြားလိုပါသလဲ။


ဖြေ ။ ။ ရွေးကောက်ပွဲလုပ်ငန်းက ကျယ်ပြန့်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေတဲ့အချိန်အတွင်း ကျင်းပတာဖြစ်တဲ့အတွက် လုပ်ငန်းတွေက ပိုပြီးများပြားပါတယ်။ လုပ်ငန်းတွေများပြားတဲ့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် ကြတယ်။ ဥပမာ- မဲပေးတဲ့အချိန်ဆိုရင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝိုင်းဝန်းပြီးလာကူညီပေးကြတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကလည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေ ဝေငှတာတွေ လုပ်ရတယ်။ လုံခြုံရေးအတွက်ဆိုရင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အထူးရဲတွေနဲ့ စောင့်ရှောက်ပေးတယ်။ ဝေးလံခေါင်းပါးတဲ့ ဒေသတွေမှာ မဲလက်မှတ်တွေ အချိန်မီရောက်ရှိဖို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မဲလက်မှတ်တွေရိုက်နှိပ်တာ၊ အသိပညာပေး လှုံ့ဆော်ချက်တွေ၊ နိုင်ငံရေး ပါတီတွေရဲ့ ဟောပြောမှုတွေကို ထုတ်လွှင့် ပေးတာတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးတယ်။ ဒါကြောင့် ဌာနပေါင်းစုံက ဝန်ထမ်းတွေဟာ ရွေးကောက်ပွဲအောင်မြင်စွာ ပြီးစီးဖို့အတွက် ကဏ္ဍစုံက ကူညီဆောင်ရွက်ပေးခဲ့ကြတယ်။

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းတဲ့အခါမှာလည်း ဌာန ကိုးခုက ဝန်ထမ်းတွေပါတယ်။ အားလုံးက ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့် အခု ရွေးကောက်ပွဲကြီးက ချောမောအောင်မြင်စွာ ပြီးစီးခဲ့တာဖြစ်တယ်။ ပညာရေးဝန်ကြီးဌာနက ဆရာ ဆရာမတွေကတော့ အထူးကျေးဇူးတင် စရာကောင်းပါတယ်။ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေအဖြစ် စေတနာအား၊ ဉာဏ်အား ကို အဓိကထားပြီး ဆောင်ရွက်ပေးကြတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ ကလည်း မဲရုံမှာလာရောက်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စတွေကို စောင့်ရှောက် ပေးကြတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်တဲ့ ဝန်ကြီးဌာန အားလုံးက ဝန်ထမ်းတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ နောက်ပြီး စေတနာ့ ဝန်ထမ်းအနေနဲ့ လာရောက်ကူညီ တဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ သတင်း မီဒီယာတွေအနေနဲ့လည်း လာရောက်သတင်းတွေရယူပြီး ပြည်သူတွေ သိရှိအောင် ဆောင်ရွက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ လေ့လာစောင့် ကြည့်တဲ့အဖွဲ့တွေလည်း ကျေးဇူးတင်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက် တဲ့ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

မေး ။ ။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်လို့ သိထားပါတယ်။ လက်ရှိ အမှန်တကယ် လာရောက်မဲပေးတဲ့သူ အရေအတွက် အတိအကျ ထွက်လာပြီလားဆိုတာ သိပါရစေ။


ဖြေ ။ ။ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ကို ပထမတစ်ကြိမ် ကပ်ထား တယ်။ နောက်တစ်ခါ ဒုတိယအကြိမ် ကပ်တဲ့အချိန်ကျတော့ ပုံစံ (၃)တွေ လာလျှောက်တဲ့သူတွေရှိတယ်။ မဲလာပေးတဲ့သူတွေကို တွက်ချက်နေတုန်းဆိုတော့ မကြာခင်ပြီးတော့မှာပါ။ အခုဆို တိုင်းဒေသကြီး/ပြည်နယ် တွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီမှာ ဘယ်လောက် လာပေးသလဲ၊ ဘယ်လောက်ရသလဲဆိုတဲ့ စာရင်းတွေကို စာရင်းအားလုံး ချုပ်နေပါပြီ။ စာရင်းချုပ်ပြီးသွားရင် လူဦးရေဘယ်လောက် မဲလာပေးတယ်။ ရာခိုင်နှုန်းဘယ်လောက်ရတယ်ဆိုတာတွေ အဖြေထွက်တော့မှာ ဖြစ်ပါတယ်။ မကြာခင်အချိန်မှာ တိတိကျကျ သိရှိရမှာပါ။

မေး ။ ။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီ အရေအတွက်နဲ့ အနိုင်ရပါတီအရေအတွက်ကို ပြောပြပေးပါ။


ဖြေ ။ ။ နိုင်ငံရေးပါတီတွေ ၉၁ ပါတီက ဝင်ရောက်ယှဉ်ပြိုင်တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်ဘက်မှာ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ အတွက် ၄ ပါတီနုတ်လိုက်တော့ ၈၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်တယ်။ ၈၇ ပါတီဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ရွေးကောက်တင်မြှောက်ခံရတဲ့ ပါတီကတော့ ဒီနေ့ကြေညာပြီးတဲ့အထိ ၁၉ ပါတီရှိတယ်။ အဲဒီပါတီတွေကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ‘ဝ’ အမျိုးသားပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ တစ်သီးပုဂ္ဂလက လေးဦး ရွေးကောက် တင်မြှောက်ခံရပါတယ်။

မေး ။ ။ အခု ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာရှိရင် လည်း သိပါရစေ။

ဖြေ ။ ။ ရွေးကောက်ပွဲကျင်းပရာမှာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေဆိုပြီး မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ဗဟိုအဆင့်အထိ ဖွဲ့စည်းထားပါတယ်။ အဲဒီကော်မတီတွေမှာ ရွေးကောက်တင်မြှောက်မယ့် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေပါတယ်။ အများယုံကြည်တဲ့ ပုဂ္ဂိုလ်တွေပါတယ်။ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ပုဂ္ဂိုလ်တွေလည်းပါတယ်။ အဲဒီစေ့စပ်ညှိနှိုင်း ရေးကော်မတီတွေက ရွေးကောက်ပွဲကာလမှာ အငြင်းပွားတာတွေကို ဖြေရှင်း ဆောင်ရွက်ပေးခဲ့ရာမှာ တော်တော်များများ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးကော်မတီမှာပါတဲ့ နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေကို ကျေးဇူးတင်ပါတယ်။ ကူညီကြတဲ့ NGO အဖွဲ့တွေကို လည်းကျေးဇူးတင်တယ်။ နိုင်ငံရေးပါတီတွေ အားလုံးက ပူးပေါင်းပါဝင်ပြီးတော့ ယှဉ်ပြိုင်အရွေးခံခဲ့ကြပြီး ချောချောမွေ့မွေ့ အောင်မြင်စွာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တယ်။ တချို့ပါတီကလည်း ရွေးကောက်ပွဲအောင်မြင်ကြောင်းကို ကြိုဆို ထောက်ခံကြောင်းပြောကြပါတယ်။ ရွေးကောက်ပွဲမှာ လိုအပ်တဲ့ အသိပညာပေးလုပ်ငန်းတွေ၊ လိုအပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာပစ္စည်းတွေ၊ နည်းပညာတွေ ကူညီထောက်ပံ့ပေးတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ။

 

တွေ့ဆုံမေးမြန်း− မျိုးမင်းနိုင်

ဓာတ်ပုံ− စိုးဝင်းထွန်း