Skip to main content

မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုခြင်းဖြင့် အဂတိလိုက်စားမှုကိုတိုက်ဖျက်စို့

မယ်မွှေး (MA. Corruption and Governance, UK)

အထွေထွေရွေးကောက်ပွဲ

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကဦးတည်ချက် (၄)ရပ်ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိရာတွင် “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဟူသော စတုတ္ထမြောက် ဦးတည်ချက်လည်း အပါအဝင်ဖြစ်သည်။ အဆိုပါ စတုတ္ထမြောက်ဦးတည်ချက်အား ပြည့်ဝစွာ အောင်မြင်စေရေးအတွက် ယခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးရက်သတ္တပတ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပမည်ဖြစ်ပါသည်။

ခေတ်နှင့်အမီ MEVM စနစ်

ဤသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီးကျင်းပရာတွင် မြန်မာနိုင်ငံ၌ ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် မတူသည့် ထူးခြားချက်မှာ မြန်မာအီလက်ထရောနစ် မဲပေးစနစ် (Myanmar Electronic Voting Machine - MEVM) ကို အသုံးပြုခြင်းဖြစ်ပါသည်။

အီလက်ထရောနစ် မဲပေးခြင်းစနစ်ဆိုသည်မှာ အလွယ်ကူအရိုးရှင်းဆုံးပြောရလျှင် အီလက်ထရောနစ်စနစ်အပေါ်အခြေခံထားသော မဲပေးရာတွင် အသုံးပြုရသည့်စက်ကို အသုံးပြုခြင်းဖြစ်ပါသည်။ အဆိုပါစက်ကို အသုံးပြုခြင်းသည်မဲပေးသည့် စနစ်တွင်ကြုံတွေ့ရသော မဲရေတွက်ရာတွင် လူအင်အား၊ အချိန်အမြောက်အမြား အသုံးပြုရခြင်း အပြင် ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပါသည်။ နောက်ပိုင်းနည်းပညာများ အဆင့်မြင့်လာသောအခါ ထိုစနစ်တွင် မျက်ကြည်လွှာစကင်ဖတ်ခြင်းနှင့် တိုက်ရိုက်မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်နိုင်ပါ သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရှုထောင့်မှ ကြည့်မည်ဆိုလျှင် Electronic Voting Machine (EVM) စနစ်ကို အသုံးပြုခြင်းသည် ရွေးကောက်ပွဲ ဆိုင်ရာ အဂတိလိုက်စားမှုကို ပပျောက်စေကြောင်း ကို သုတေသနစာတမ်း အများအပြားတွင် တွေ့ရှိရ ပါသည်။

ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှုဆိုတာ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးတို့တွင် နယ်ပယ်အလိုက် အဂတိ လိုက်စားမှုပုံစံအမျိုးမျိုးရှိပြီး ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှုများ ဖြစ်ပွားလေ့ရှိပါသည်။ ရွေးကောက်ပွဲများတွင် တွေ့ရှိရသော အဂတိ လိုက်စားမှုများကို နိုင်ငံ၏ နိုင်ငံရေးစနစ်၊ အလေ့ အထအပေါ်တွင် အမျိုးမျိုးသတ်မှတ်ကြသော်လည်း အဓိကအားဖြင့် မဲလက်မှတ်များ ဖျောက်ဖျက်ခြင်း၊ မဲခိုးခြင်း၊ မဲများမှားယွင်းရေတွက်ခြင်း၊ မဲစက္ကူ လက်မှတ်အား ပြောင်းလဲဖျက်ဆီးခြင်း စသည်တို့ ပါဝင်သည်။ အဆိုပါပြဿနာများ ဖြစ်ပွားရသော အကြောင်းရင်းများ၏ မြစ်ဖျားခံရာသည် စာရွက် များအသုံးပြု၍ မဲများပြုလုပ်ခြင်း၊ မဲများအား လက်ဖြင့်ရေတွက်ခြင်း၊ ကြီးကြပ်ကွပ်ကဲမှု အားနည်း ခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိပါသည်။

အီလက်ထရောနစ် မဲပေးစက်အသုံးပြုခြင်း သမိုင်း

ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှု ပေါ်ပေါက်စေရေးအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအစီအစဉ်များ ပြုလုပ်ကြ ရာတွင် အီလက်ထရောနစ်မဲပေးစနစ်ကို အသုံးပြု ခြင်းဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်နိုင် ကြောင်း တွေ့ရှိရပါသည်။ အီလက်ထရောနစ် မဲပေး ခြင်းစနစ်သည် ရွေးကောက်ပွဲဆိုင်ရာ မဲပေးမှုတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံ တာဝန်ယူမှု၊ မဲပေးခြင်း ဆိုင်ရာစနစ်အား လုံခြုံမှုရှိစေရေးအတွက် ရည်ရွယ် ၍ ဆောင်ရွက်ထားသည့်စနစ် ဖြစ်ပါသည်။

ယင်းစနစ်ကို စတင်သုံးစွဲခဲ့သည့်နိုင်ငံမှာ အိန္ဒိယ နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံ ကာရာလာမြောက်ပိုင်း ရွေးကောက်ပွဲတွင် စတင်စမ်းသပ်အသုံးပြုခဲ့ပါသည်။ မဲရုံအရေအတွက် ၈၄ ရုံတွင် မဲရုံ ၅၀ တွင် အသုံးပြု နိုင်ခဲ့ပါသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအရောက်တွင် အိန္ဒိယနိုင်ငံ၌ မဲပေးသူပေါင်းသန်း ၈၀၀ ကျော် ရှိလာခဲ့၍ မဲအရေအတွက်စနစ်များ မှားယွင်းခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုများ ဖြစ်ပေါ်ရန် ဦးတည်လာသောကြောင့် အိန္ဒိယရွေးကောက်ပွဲ ကော်မရှင်က အီလက်ထရောနစ် မဲပေးခြင်းဆိုင်ရာ စနစ်ကို ပိုမိုခေတ်မီတွင်ကျယ်စွာ အသုံးပြုနိုင်ရေး အတွက် ဆောင်ရွက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် EVMs စနစ်ကို အပြည့်အဝ ကျင့်သုံးနိုင်ခဲ့ပါသည်။

အရှေ့တောင်အာရှမှ မှတ်တိုင်

အရှေ့တောင်အာရှနိုင်ငံများအနက် EVMs စနစ်ကိုအသုံးပြုသည့် နိုင်ငံများတွင် ဖိလစ်ပိုင်နိုင်ငံသည်လည်း အပါအဝင်ဖြစ်ပြီး မျက်ကြည်လွှာ စကင်ဖတ်စနစ်နှင့် အလိုအလျောက် မဲရေတွက် သည့်စနစ်ပါဝင်သော မဲပေးစက်ကို အသုံးပြုပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်က ၁၉၉၆ ခုနှစ်မှစတင်၍ ရွေးကောက်ပွဲတွင် အီလက် ထရောနစ် မဲပေးစနစ်စတင်ကျင့်သုံးရန် ဆောင်ရွက် ခဲ့ပြီး ၁၉၉၈ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွင် ယင်းစနစ်ကို အကန့်အသတ်ဖြင့် အသုံးပြုခဲ့ပါ သည်။ ၂၀၀၃ ခုနှစ်တွင် လက်ဗွေစနစ်နှင့် ဒစ်ဂျစ်တယ် ဓာတ်ပုံစနစ်၊ လက်မှတ်ရေးထိုးခြင်းစနစ် ပါဝင်သည့် ခေတ်မီမဲပေးစက်ကို စတင်အသုံးပြုနိုင်ခဲ့သည်။ ကနဦးအသုံးပြုသော အီလက်ထရောနစ် မဲပေးစနစ် တွင် အခက်အခဲများရှိသဖြင့် ၂၀၀၇ ခုနှစ်တွင် အီလက်ထရောနစ် အလိုအလျောက်မဲပေးစနစ်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် EVMs စနစ်ကို အပြည့်အဝကျင့်သုံးနိုင်ခဲ့ပါသည်။

အီလက်ထရောနစ်မဲပေးစက်၏ အားသာချက်များ

၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၏ ရွေးကောက်ပွဲ များတွင် အီလက်ထရောနစ်မဲပေးစနစ် အသုံးပြုမှု အပေါ်တွင် စစ်တမ်းကောက်ယူချက်အရ စက်ချွတ် ယွင်းမှုဖြစ်ပွားသည့် ပြဿနာသည် တစ်ရာခိုင်နှုန်း- နှစ်ရာခိုင်နှုန်းသာရှိကြောင်း၊ မဲရလဒ်စာရင်းစစ်မှုသည် သုည ဒသမ ၀၁ ရာခိုင်နှုန်းထက် နည်းပါး ကြောင်း တွေ့ရှိရပါသည်။ အီလက်ထရောနစ် မဲပေးစနစ် အသုံးပြုခြင်း၏ အားသာချက်များအနက် မဲစက္ကူပေါင်း သန်းပေါင်းများစွာ အသုံးမပြုရခြင်း၊ မဲများသိုလှောင်သိမ်းဆည်းခြင်းအတွက် နေရာအခက် အခဲမရှိခြင်း၊ မဲရေတွက်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ်များ များစွာအသုံးမပြုရခြင်း၊ မဲပြန်လည်ရေတွက်ရခြင်း အစရှိသော အခက်အခဲ များကို မကြုံတွေ့နိုင်ခြင်း၊ ရေရှည်တွင် ကုန်ကျ စရိတ်သက်သာခြင်းကို တွေ့ရှိရပါသည်။ ထို့အပြင် မဲပေးရာတွင် အသုံးပြုရသောစက္ကူမှာ သဘာဝ ဝါးပင်များမှရရှိသော ထုတ်ကုန်ဖြစ်ပါသည်။ အီလက်ထရောနစ်မဲပေးစနစ် အသုံးပြုခြင်း၏ အားသာချက်များအနက် စက္ကူချပ်အရေအတွက် သန်းပေါင်းများစွာ အသုံးမပြုရသောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအားလျှော့ချနိုင်ခြင်းမှာလည်း ဝမ်းမြောက်စရာ ကိစ္စရပ်ပင်ဖြစ်ပါသည်။

ယုံကြည်မှုကိုတည်ဆောက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက် ထရောနစ်မဲပေးစက်သည် ပြည်တွင်းနည်းပညာ ရှင်များ ပထမဆုံး တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီကမဲပေးစက်ဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ စစ်ဆေးကာ မြန်မာစံချိန်စံညွှန်း(MMS)အဖြစ်လည်းကောင်း၊ အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးရေးဆိုင်ရာကော်မတီ (National Certification Committee - NCC)က စိစစ်အတည်ပြုထုတ်ပေးသည့် အရည် အသွေးကိုက်ညီမှု ထောက်ခံချက် (Certification of Conformity) လက်မှတ်ကိုလည်းကောင်း၊ အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ (National Certification Body- NCB)က ထုတ်ပေးသည့် မြန်မာ့စံချိန်စံညွှန်း အမှတ်တံဆိပ် (MMS Standard Mark ) အသုံးပြုခွင့် လိုင်စင်ကိုလည်းကောင်း ရရှိပြီးဖြစ်ပါသည်။ ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက်သည် မဲနှင့်မဲရလဒ်စာရင်းသွင်းမှု မှတ်တမ်းများတွင် တိကျ မှန်ကန်စေခြင်း၊ ဇီဝဆိုင်ရာအချက်အလက်များ အတည်ပြုခြင်း၊ မဲပေးရာတွင်အချိန်မှတ်တမ်းများ အတိအကျထွက်ခြင်းနှင့် လူပုဂ္ဂိုလ်ကြောင့်ဖြစ်ပွားသော မတော်တဆမှားယွင်းခြင်းနှင့် ကြိုတင်ကြံစည်ခြင်းများကို ပပျောက်စေမည်ဖြစ်ပါသည်။

သန့်ရှင်းသော ရွေးကောက်ပွဲ

အီလက်ထရောနစ်မဲပေးစက်သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသည့် အထွေထွေ ရွေးကောက်ပွဲများတွင် အသုံးပြုရာမှတစ်ဆင့် သိရှိလာရသောအားသာချက်များ၊ အားနည်းချက်များနှင့် နည်းပညာအခက်အခဲများအပေါ် အခြေခံပြီး အဆင့်ဆင့်တိုးတက်ပြောင်းလဲလာသော နည်းပညာတစ်ခုဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ဖြစ်ပွားလေ့ ရှိသော အဂတိလိုက်စားမှု ပုံစံအများအပြားကို ပပျောက်စေနိုင်သည့် နည်းပညာဖြစ်သောကြောင့် ယခုကဲ့သို့ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် အသုံးပြုနိုင်ခြင်းသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံတာဝန်ယူမှု၊ ကောင်းမွန်သော အုပ်ချုပ်မှု၏ ပြယုဂ်တစ်ခုဖြစ်သလို မဲစာရွက်များ လိမ်လည်လုပ်ကြံခြင်း၊ မဲစာရွက်များ စုတ်ပြဲခြင်း၊ မဲရေတွက်မှု မှားယွင်းခြင်း၊ မဲများထပ်နေခြင်း အစရှိသည့် ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှုများ လုံးဝမဖြစ်ပွားစေနိုင်သည့် နည်းပညာတစ်ခုလည်းဖြစ်ပါသည်။

ရွေးကောက်ပွဲမှတ်တိုင်

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ထွန်းလာစေရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ အကြီးမားဆုံးမျှော်လင့်ချက် ဖြစ်သောကြောင့် ယခုကျင်းပမည့် ၂၀၂၅ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် အရေးကြီးသော နိုင်ငံ့သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါသည်။ ဤကဲ့သို့ အရေးကြီးသော မှတ်တိုင်တစ်ခုကို စိုက်ထူရာတွင် ခေတ်မီနည်းပညာကိုအသုံးပြုထားသော အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုနိုင်ခြင်းသည် မြန်မာ့သမိုင်းကြောင်းတစ်လျှောက်တွင် ကြီးမားသောအပြောင်းအလဲဖြစ်ပြီး အောင်မြင်မှုတစ်ရပ်လည်းဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုအတွက် အရေးအကြီးဆုံးဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ အဂတိလိုက်စားမှုကင်းစင်ကြောင်းကို မျက်ဝါးထင်ထင် ပြသနိုင်ခြင်းပင်ဖြစ်ပါသည်။ ။

ရည်ညွှန်းကိုးကား

Website : Union Election Commission (Myanmar)

The impact of electronic voting machines on electoral frauds, democracy and development

Protecting Democracy in an increasing Digital World : A Philippine e – Voting Story