Skip to main content

လူ့အခွင့်အရေး - အနာဂတ်သို့ လမ်းပြမီးတိုင်

အောင်ကောင်းမြတ်

လူ့အခွင့်အရေးဆိုသည်မှာ လူသားအားလုံးအတွက် မွေးရာပါအခွင့်အရေးဖြစ်သည်။ လူတစ်ဦးချင်းစီသည် မည်သည့်လူမျိုး၊ နေရာ၊ နိုင်ငံသား (သို့) တိုင်းရင်းသား၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လူမှုရေး၊ စီးပွားရေးနှင့် အခြားသော အဆင့်အတန်းတို့အပေါ် မူတည်၍ ခွဲခြားမှုမရှိစေဘဲတန်ဖိုးတူ ဂုဏ်သိက္ခာတူသူများ ဖြစ်ကြပါသည်။

ဤအခွင့်အရေးများသည် မဖျက်ဆီးနိုင်သောအရာများဖြစ်ပြီး မည်သည့်အစိုးရ သို့မဟုတ် အဖွဲ့အစည်းမှ ပယ်ဖျက်ခွင့်မရှိခဲ့ပါ။ ထို့ကြောင့်လည်း လူ့အခွင့်အရေးသည် အနာဂတ်၏ အကန့်အသတ်မရှိသော တန်ဖိုးတစ်ခုဖြစ်လာခဲ့ပါသည်။ လူ့အခွင့်အရေး၏ အခြေခံအယူအဆမှာ “လူတိုင်းတွင် ဂုဏ်သိက္ခာရှိပြီး တန်းတူညီမျှအခွင့်အရေးရှိသည်” ဟူသော ယုံကြည်ချက်ဖြစ်ပါသည်။ ဤအယူအဆသည် လူသားတို့၏ ဂုဏ်သိက္ခာကို အခြေခံထားပြီး တန်ဖိုးထားမှု၊ လေးစားမှုနှင့် ညီမျှမှုကို အခြေခံကာ လူ့အဖွဲ့အစည်းတစ်ရပ် သဟဇာတဖြစ်တည်မှုအပေါ် အခြေခံထားပါသည်။ လူ့အခွင့်အရေးသည် လူ့အဖွဲ့အစည်းတိုးတက်မှုအတွက် အခြေခံအုတ်မြစ်များဖြစ်ပြီး ယနေ့ခေတ်တိုးတက်မှုနှင့် စိန်ခေါ်မှုများကြားက အနာဂတ်သို့ သွားရာလမ်းတွင် အလင်းရောင်ပေးသော မီးတိုင်ကြီးတစ်ခုဖြစ်ပါသည်။

နိုင်ငံအသီးသီးတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှမှုရှိရေးဆိုသည့် အခြေခံစဉ်းစားချက်များနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ရန် ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ထုတ်ပြန်ခဲ့ပါသည်။ လူ့အခွင့်အရေးအတွက် သမိုင်းတွင်သည့်နေ့အဖြစ်သာမက လူသားအဖွဲ့အစည်းတစ်ရပ်လုံးငြိမ်းချမ်းမှုနှင့် ညီမျှမှုအတွက် လမ်းပြမီးတိုင်တစ်တိုင်ဖြစ်လာခဲ့ပြီး နောင်အနာဂတ်မျိုးဆက်များ အမှတ်ရစေရန်နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံအခွင့်အရေးများကို တန်ဖိုးထားစေသောငှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ်လည်း သတ်မှတ်ခဲ့ပါသည်။

ငြိမ်းချမ်းပြီးတည်ငြိမ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန်အတွက် လူ့အခွင့်အရေးသည် အခြေခံအုတ်မြစ်ပင်ဖြစ်ပါသည်။ လူသားအားလုံး၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုခြင်းမရှိပါက ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖန်တီး၍မရနိုင်ပါ။ လူ့အခွင့်အရေးသည် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို ရှောင်ရှားရန်နှင့် အနာဂတ်အတွက် လုံခြုံသောပတ်ဝန်းကျင်ကို ဖန်တီးပေးရန် မီးရှူးတန်ဆောင်သဖွယ်လမ်းပြပေးလျက်ရှိပါသည်။

လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေးဆိုသည်မှာ အစိုးရအပါအဝင် မည်သူမဆိုဥပဒေအောက်တွင် ရှိရမည်၊ ဥပဒေသည် အများပြည်သူသိရှိနိုင်သော၊ မျှတသော၊ အားလုံးအတွက် တန်းတူသက်ရောက်သော ဥပဒေဖြစ်ရမည်ဟု ဆိုလိုသည်။ လူ့အခွင့်အရေးများ၏ အဓိကယန္တရားလည်းဖြစ်သည်။ တရားဥပဒေစိုးမိုးရေးစနစ်ခိုင်မာပါက နိုင်ငံသားတိုင်းသည် ဥပဒေ၏အကာအကွယ်ကို တန်းတူရရှိသည်။ တရားဥပဒေစိုးမိုးမှုရှိမှသာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအတွက် အကာအကွယ်နှင့် အမှန်တရား၊ တရားမျှတမှုနှင့် နစ်နာကြေးရရှိရန် လမ်းဖွင့်ပေးနိုင်သည့်အလျောက် လူ့အခွင့်အရေးမီးတိုင်ကို ခိုင်မာစွာ ထိန်းထားပေးသည့် မဏ္ဍိုင်တစ်ခုလည်း ဖြစ်ပါသည်။

ပြည်သူပါဝင်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု

အနာဂတ်၏ ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် ပြည်သူများ ပါဝင်ခွင့်သည် မရှိမဖြစ်လိုအပ်သော လူ့အခွင့်အရေးဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထု၊ အထူးသဖြင့် အမျိုးသမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားလူနည်းစုများ ပါဝင်ခွင့်ရမှသာ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ လိုအပ်ချက်များကို သိရှိနိုင်စေမည်ဖြစ်သည်။ လူ့အခွင့်အရေးစံနှုန်းများအရလည်း နိုင်ငံသားတိုင်းသည် မိမိတို့၏ အနာဂတ်ကို ဆုံးဖြတ်မည့်ကိစ္စများတွင် ပါဝင်ခွင့်ရှိရမည်။ (ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ)။

အရည်အသွေးပြည့်ဝသော ပညာရေးသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု၏ သော့ချက်

လွတ်လပ်စွာ ပညာသင်ကြားခွင့်သည်လည်း လူ့အခွင့်အရေးကြေညာစာတမ်း၏ အရေးပါသော အပိုင်းဖြစ်ပြီးပညာရေးသည် လူတစ်ဦးချင်းစီ၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့ကို တည်ဆောက်ပေးပြီး မိမိတို့၏ စွမ်းရည်များကို အပြည့်အဝအသုံးချနိုင်စေမည်။ အနာဂတ်၏ အရည်အသွေးပြည့်ဝသော ပညာသင်ကြားခွင့်ရရှိသည့် လူငယ်များသည် နည်းပညာ၊ စီးပွားရေးနှင့် သိပ္ပံပညာနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးမည်ဖြစ်သည်။ ပညာရေးသည်လည်း လူ့အခွင့်အရေး မညီမျှမှုကို ဖြေရှင်းရန်အတွက် အားကောင်းသော မီးတိုင်တစ်ခုလည်း ဖြစ်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိခွင့်နှင့် ကပ်ရောဂါကာလ သင်ခန်းစာများ

ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိခွင့်ဆိုသည်မှာ လူမျိုး၊ ဝင်ငွေ သို့မဟုတ် ဒေသမခွဲခြားဘဲ လူတိုင်းအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများကို ရယူနိုင်ခြင်းဟု ဆိုနိုင်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု မညီမျှမှုကို ပိုမိုထင်ရှားပါသည်။ ဆင်းရဲသော နိုင်ငံများတွင် ကာကွယ်ဆေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကပ်ရောဂါဆိုင်ရာ အချက်အလက်များကို ရယူရာတွင် များစွာခွဲခြားဆက်ဆံခြင်းများခံခဲ့ရပြီး ကမ္ဘာ့အဆင့်လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုဖြစ်ရပ်က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသည်လည်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အဖြစ် လက်တွေ့တွေ့မြင်ခဲ့ရပါသည်။

လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်

ယနေ့ခေတ်တွင် သဘာဝပတ်ဝန်းကျင်သည်လည်း လူ့အခွင့်အရေးနှင့် ခွဲခြား၍ မရနိုင်အောင် ဆက်နွှယ်နေပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်သည် လူသားတို့ အသက်ရှင်ဖွံ့ဖြိုးရန် လိုအပ်သည့် အခြေခံအချက်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးသွားလျှင် လူ့အခွင့်အရေးများလည်း ထိခိုက်ပျက်စီးသွားနိုင်သည်။ ဥပမာအားဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရေသန့်အရင်းအမြစ်များ ပျောက်ဆုံးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သဘာဝဘေးအန္တရာယ်များ တိုးလာခြင်းတို့သည် လူသားများ၏ အသက်ရှင်သန်ခွင့်နှင့် ကျန်းမာရေးအခွင့်အရေးကို ချိုးဖောက်လျက်ရှိသည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုမရှိခြင်းသည်လည်း “အနာဂတ်မျိုးဆက်များ၏ အခွင့်အရေး” ကို ချိုးဖောက်လျက်ရှိပါသည်။ နေရာအနှံ့တွင် စက်မှုဖွံ့ဖြိုးရေးအတွက် သဘာဝအရင်းအမြစ်များကို အလွန်အကျွံအသုံးပြုခြင်းသည် အနာဂတ်ကလေးလူငယ်များအတွက် သဘာဝအရင်းအမြစ်နည်းပါးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ရေရှားခြင်းစသည့် ပြဿနာများကို ကြုံတွေ့လာနိုင်သည်။ ထို့ကြောင့် “သဘာဝပတ်ဝန်းကျင်ကောင်းတွင် ကောင်းမွန်စွာ အသက်ရှင်သန်ခွင့်” ကိုလည်း လူ့အခွင့်အရေးတစ်ခုအဖြစ် သတ်မှတ်ရန် လိုအပ်လာသည့်အတွက် ၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂက “သဘာဝပတ်ဝန်းကျင်ကောင်းတွင် အသက်ရှင်သန်ခွင့်” ကို လူ့အခွင့်အရေးအဖြစ် တရားဝင်အတည်ပြုခဲ့ပါသည်။

အနာဂတ်မီးတိုင်ကိုထွန်းညှိ၍ ပိုမိုကောင်းမွန်သော ကမ္ဘာလုံးဆိုင်ရာ အနာဂတ်ကို တည်ဆောက်ခြင်း

လူ့အခွင့်အရေးကို မြှင့်တင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာလုံးဆိုင်ရာအနာဂတ်ကို တည်ဆောက်ရမည်။ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးတန်းတူညီမျှမှုနှင့် လွတ်လပ်သောပညာရေး ရရှိခွင့်များပြည့်စုံမှသာ လူတိုင်းသည် မိမိတို့၏ အနာဂတ်ကို အပြည့်အဝအသုံးချနိုင်ပြီး လူမှုအသိုက်အဝန်းတိုးတက်ရေးတွင် တက်ကြွစွာပါဝင်လာနိုင်မည်။ လူသားအရင်းအမြစ်များ အပြည့်အဝဖွံ့ဖြိုးတိုးတက်မှသာ နည်းပညာ၊ ရာသီဥတုနှင့် ကပ်ရောဂါဆိုင်ရာ ခေတ်သစ်စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်သည်။

လူ့အခွင့်အရေးသည် ဤခရီးလမ်း၏ လမ်းပြမြေပုံလည်းဖြစ်ပြီး သမိုင်း၏အမွေအနှစ်၊ ပစ္စုပ္ပန်၏ စံနှုန်းနှင့် အနာဂတ်၏ မျှော်လင့်ချက်လည်းဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း ခွဲခြားမှု၊ ဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခများ၏ အမှောင်ကို ဖြိုခွဲမည့်ထာဝရမီးတိုင်လည်းဖြစ်သည်။ ဤမီးတိုင်သည် လူသားအားလုံးအတွက် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ကို အစဉ်အမြဲထွန်းညှိပေးနေမည်ဖြစ်ပြီး ဤမီးတိုင်ကို ကာကွယ်စောင့်ရှောက်ရန်မှာ ကမ္ဘာပေါ်ရှိ လူသားတိုင်း၏ အရေးကြီးဆုံးသော တာဝန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။