ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)
ပါမောက္ခကိုကိုအောင်
၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော တော်လှန်ရေးကောင်စီ၏ (၆၅)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လျက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို စတင်ဖွင့်လှစ်ခဲ့သည်။
၁၉၉၁ ခုနှစ် မေလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၈/၉၁) ဆုံးဖြတ်ချက်အရ မေလ ၁၀ ရက်နေ့က အဆိုပါ ဖွံ့ဖြိုးရေးသိပ္ပံကို တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့ရာ လက်ရှိအချိန်တွင် ပြည်ထောင်စုဖွားတိုင်းရင်းသားလူငယ်တို့၏ အားကိုးအားထားပြုရာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)အဖြစ် တက္ကသိုလ်ပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက ၁၉၉၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၁/၉၉)သို့ တင်ပြချက်အရ ၁၉၉၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကို စတင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။
ထိုမှတစ်ဆင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကွပ်ကဲမှုအောက်၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)နှင့် (မန္တလေး)တို့ကို ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှစ၍ စတင်ဖွင့်လှစ်ခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)ကိုလည်း ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်သို့ သွတ်သွင်းဆောင်ရွက်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ဖွင့်လှစ်ခဲ့သော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(မန္တလေး)ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပရိဝုဏ်အတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ကာ ယခင်ကောလိပ်၏ အဆောက်အအုံများနှင့် မြေနေရာကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။
ဘွဲ့ရနှင့် ဒီပလိုမာရ တိုင်းရင်းသားလူငယ်များစွာ မွေးထုတ်ပေး
ထိုကဲ့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့မှုကြောင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)အဖြစ် အမည်တွင်ခဲ့သော ဒီဂရီကောလိပ်သည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မန္တလေး-မုံရွာ ကားလမ်းမကြီးဘေးရှိ အုန်းတောကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ်(၂၆/၂) မှ (၂၆/၄) အတွင်းရှိ မြေဧရိယာ ၆၁ ဒသမ ၉၃ ဧကပေါ် ၌ ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်အဆောက်အအုံတို့ဖြင့် ဘွဲ့ရနှင့်ဒီပလိုမာရ တိုင်းရင်းသားလူငယ်များစွာတို့ကို ယနေ့ထိတိုင် မွေးထုတ်ပေးလျက်ရှိသည်။
၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်သို့ ရောက်ရှိသွားခဲ့သော ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ဒီဂရီကောလိပ်(စစ်ကိုင်း)နှင့် ဒီဂရီကောလိပ်(ရန်ကုန်)တို့အနက် ၂၀၀၀ ပြည့်နှစ် ဇွန်လ ၁၅ ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ကမာရွတ်ဘူတာရုံလမ်း၌ စတင်ဖွင့်လှစ်ခဲ့ပြီးသော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ကို ၂၀၀၅ ခုနှစ် ဇူလိုင် လ ၅ ရက်နေ့မှစ၍ လက်ရှိတည်နေရာဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၆၁ ရပ်ကွက် စစ်တောင်းလမ်း အမှတ်(၃၃၈၃)သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
ဒီဂရီကောလိပ်(ရန်ကုန်)မှ ဝိဇ္ဇာဘွဲ့များဖြစ်သည့် B.A. (Myanmar)၊ B.A. (History)၊ B.A. (Geogra-phy)၊ သိပ္ပံဘွဲ့များဖြစ်သည့် B.Sc. (Physics)၊ B.Sc. (Maths)၊ B.Sc. (Chemistry)၊ အင်ဂျင်နီယာ ဒီပလိုမာများဖြစ်သည့် A.G.T.I. (Civil), A.G.T.I. (Mechanical), A.G.T.I. (Electrical Power), A.G.T.I. (Electronic)နှင့် ကွန်ပျူတာကျွမ်းကျင် အသိအမှတ်ပြုလက်မှတ်တို့ကို ပေးအပ်ချီးမြှင့်ပေးလျက်ရှိသည်။
စနစ်တကျ စိစစ်ရွေးချယ်ပေးလျက်ရှိ
ဒီဂရီကောလိပ်(ရန်ကုန်)နှင့် ဒီဂရီကောလိပ်(စစ်ကိုင်း)တို့သို့ တက်ရောက်ပညာသင်ကြားခွင့် အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နာယကအဖြစ် ဦးဆောင်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များက နာယကအဖြစ်ဦးဆောင်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် တိုင်းဒေသကြီး/ ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီတို့က စနစ်တကျ စိစစ်ရွေးချယ်ပေးလျက်ရှိသည်။
ပြည်ထောင်စုဖွားတိုင်းရင်းသားလူငယ်တို့ ဘက်စုံထောင့်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ဦးလည်မသုန် အားထုတ်ကြိုးပမ်းဆောင်ရွက်နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)တို့နှင့်အတူ ခေတ်ပညာတတ် တိုင်းရင်းသားလူငယ်ခေါင်းဆောင် ကောင်းများစွာတို့ကို မွေးထုတ်ပေးသည့် ကျောင်းတော်ကြီးအဖြစ် ထာဝရရှင်သန်ရပ်တည်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ ။
