ယုံကြည်စိတ်ချရဆုံးသော မိတ်ဆွေရင်း မိတ်ဆွေစစ်
နေမင်းသျှင်
မင့်စ်လမ်း(Street MINSKAYA)။ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်ရှိ ထီးဟန်နန်းဟန်တော်ဝင်ဆန်သော လမ်းအမည်များအကြားတွင် ဤလမ်း၏အမည်ကထူးခြားနေသည်။ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံ၏မြို့တော် မင့်စ်မြို့၏အမည်ကို ဂုဏ်ပြုပြီး ဖွင့်လှစ်လိုက်သည့် ဤလမ်း၏အမည်က နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု မှတ်တမ်းတစ်ခုအဖြစ် အနာဂတ် ကာလတစ်လျှောက်တွင် တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ထားခဲ့သည့် ၂၆ နှစ်တာကာလအတွင်း ယခု ၂၀၂၅ ခုနှစ် သည်ထူးခြားသည့်နှစ်ဖြစ်သည်။ “၂၀၂၅ ခုနှစ်သည် နှစ်နိုင်ငံအတွက် အမှတ်တရများ များစွာရှိပြီး နှစ်နိုင်ငံအကြားသမိုင်းအသစ်များ စိုက်ထူနိုင်သည့် နှစ်တစ်နှစ်ဖြစ်သည်”ဟု ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E.Mr. Aleksandr Lukashenko ကဆိုသည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် တစိုက်မတ်မတ် ခိုင်မာနက်ရှိုင်းလာခဲ့ရာ ယခုကာလတွင် အနီးကပ်ဆုံးနှင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။၊
နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ပိုမိုအားကောင်းလာ
ယခုနှစ်အတွင်း နှစ်နိုင်ငံအကြီးအကဲတို့၏ ပထမဆုံးသော တရားဝင်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်နိုင်ခဲ့သလို နှစ်နိုင်ငံအကြီးအကဲတို့၏တွေ့ဆုံမှုမှာလည်း ယခုနှစ် အတွင်း ခြောက်ကြိမ်တိုင်တိုင်ရှိခဲ့သည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းက နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေသည်။
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စာချွန်လွှာများ လက်မှတ်ရေးထိုး
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ယခုနှစ်မတ်လအတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန် လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယခု ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး၏ မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် တရားဝင်ချစ်ကြည် ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)၊ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများဖြစ်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာများ၊ အကောက်အခွန်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ပို့ကုန်ချေးငွေမူဘောင် သဘောတူညီချက်နှင့် နိုင်ငံတော်အဆင့် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း၊ တိကျစွာ တိုင်းတာခြင်းနှင့် အသိအမှတ်ပြုခြင်းနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊နည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ၊ တရားမဝင်နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ နည်းလည်မှုစာချွန်လွှာများကို နှစ်ဖက် လက်မှတ်များ ရေးထိုးကာ အပြန်အလှန် လဲလှယ်ခဲ့ကြခြင်းဖြစ်သည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာ လမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် အချက်များစွာပါဝင်ပြီး ယင်းလမ်းပြမြေပုံအတိုင်း ဆောင်ရွက်သွားခြင်းအားဖြင့် နှစ်နိုင်ငံစီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အောင်မြင် နိုင်မည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံစက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
သဘောတူစာချုပ် ၁၆ စောင် အပြန်အလှန်လဲလှယ်
မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့တွင်ကျင်းပရာ နှစ်နိုင်ငံဘက်မှ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါစီးပွားရေးဖိုရမ်ကို နှစ်နိုင်ငံ ကုန်သည်စက်မှုအသင်းများဖြစ်ကြသော UMFCCI နှင့် Bel CCI တို့ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ရလဒ်ကောင်းများရရှိခဲ့သည်။ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စုစုပေါင်းစာချုပ် ၁၆ စောင်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E.Mr.Aleksandr Lukashenko တို့သည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်း နိုင်ငံတော်သမ္မတအိမ်တော်၌ကျင်းပသည့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအပြီးတွင် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက်ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရှင်းလင်းပြောကြားချက်တွင် “ဒီနေ့ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံပြီးတဲ့ နောက်မှာ အရင်တွေ့ဆုံဆွေးနွေးချက်များနဲ့ သဘောတူညီချက်များ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဖို့ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ကဏ္ဍ များစွာ၊ အထူးသဖြင့် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ အားကစားနဲ့ ခရီးသွားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေဖို့နှင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် ဘယ်လာရုစ်နိုင်ငံမင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို သံရုံးအဆင့်သို့ တိုးမြှင့်သွားရန်နှင့် ဘယ်လာရုစ်နိုင်ငံ၏ ကိုယ်စားလှယ်ရုံးကို လည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်သွားရန် သဘောတူညီခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
မည်သည့်ကြားဝင် နှောင့်ယှက်မှုကိုမှ ဂရုမပြုဘဲ ဆက်လက်ပူးပေါင်းဆောင်ရွက်
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီးကလည်း “ကျွန်တော်တို့တွေ့ဆုံမှုမှာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ဒီဆွေးနွေးမှုတွေကို ဆွေးနွေးခဲ့ပါတယ်၊၊ အထူးသဖြင့် ကျွန်တော်တို့နှစ်နိုင်ငံကြားမှာ ဆေးဝါးဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များ၊ စစ်ဘက်ပူးပေါင်းမှု ဆိုင်ရာကိစ္စရပ်များ အစရှိတဲ့ အရေးကြီးတဲ့အခန်း ကဏ္ဍတွေကို ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနှင့်ပတ်သက်၍ မည်သည့်ကြားဝင် နှောင့်ယှက်မှုကိုမှ ဂရုမပြုဘဲ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့်ရလဒ်များအရ မြန်မာနိုင်ငံအတွက် လိုအပ်နေသည့် လိုအပ်ချက်များအားလုံးကို ဘယ်လာရုစ်ဘက်က ဖြည့်ဆည်းပေးနိုင်သလို ဘယ်လာရုစ်ဘက်က လိုအပ်ချက်ရှိနေသည့် အခန်းကဏ္ဍများ၊ ပစ္စည်းများကို မြန်မာနိုင်ငံက ဖြည့်ဆည်းပေးနိုင်သည်ဆိုသည့် အချက် ထွက်ပေါ်လာသည်။ သို့ဖြစ်ရာ နှစ်နိုင်ငံ အကြား ကုန်သွယ်စီးပွားတိုးမြှင့်နိုင်သည့် အခွင့်အလမ်းကောင်းများရှိနေသည်။
မိမိတို့အနေဖြင့် ဘယ်လာရုစ်နိုင်ငံမှပစ္စည်းများကို ရောင်းချခြင်းသာမက နှစ်နိုင်ငံပူးပေါင်း၍ စက်ရုံများတည်ထောင်ခြင်း၊ ကုမ္ပဏီများတည်ထောင်ခြင်းတို့ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံကလိုအပ်ချက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံတွင် ပူးတွဲကုမ္ပဏီများ တည်ထောင်လိုကြောင်းတို့ကိုလည်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီးကပြောကြားခဲ့သည်။ ဥရောပတိုက်အလယ်ပိုင်းတွင်တည်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံသည် တည်နေရာအနေအထားအရ မြန်မာနိုင်ငံနှင့် အလှမ်းကွာဝေးသော်လည်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် စစ်ဘက်သံတမန်ဆက်ဆံရေးတို့ နှစ်မျိုးလုံးရှိနေပြီး ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည် ယုံကြည်မှုအပြည့်အဝရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံအပေါ် အကူအညီများ ပေးအပ်ခဲ့သည့် နိုင်ငံဖြစ်
ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံချင်းသော်လည်းကောင်း၊ နိုင်ငံတကာ မျက်နှာစာတွင်လည်းကောင်း မြန်မာနိုင်ငံဘက်မှရပ်တည်ကာ အကူအညီများ တစိုက်မတ်မတ်ပေးအပ်ခဲ့သည့် နိုင်ငံလည်းဖြစ်သည်။
ဘယ်လာရုစ်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့- SCO ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယခုနှစ်ဇန်နဝါရီ ၁ ရက်တွင် BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံ (partner country) ဖြစ်လာသည်။ ထို့အပြင် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)ဝင် ငါးနိုင်ငံ၌ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်သည် ဘယ်လာရုစ်နိုင်ငံက EAEU ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရသော နှစ်ဖြစ်သည်။
စက်မှုနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေသည့် ဘယ်လာရုစ်သည် စက်မှု၊ ဆေးဝါးနည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးတို့တွင် အဆင့်မီနည်းပညာရပ်များ ကို ပိုင်ဆိုင်ထားသည်။ လယ်ယာစိုက်ပျိုးရေးအခြေခံ သည့် မြန်မာနိုင်ငံ၌ မရှိမဖြစ်လိုအပ်သော ဓာတ်မြေဩဇာထုတ်လုပ်ရေးတွင် ဘယ်လာရုစ်သည် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာ တင်သွင်းမှုမြှင့်တင်နိုင်သလို မြန်မာနိုင်ငံ၏ ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်မှုတွင် ဘယ်လာရုစ်နိုင်ငံမှလာရောက်၍ ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက်လည်း နှစ်နိုင်ငံအကြား နီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရှိနေ သည်။ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်အကြီးအကဲတို့၏ အပြန်အလှန်ချစ်ကြည် ရေးခရီးစဉ်များအတွင်း နိုင်ငံတော်အဆင့်တွေ့ဆုံဆွေးနွေးပွဲများ၊ စီးပွားရေးဖိုရမ်များ၌ ဆွေးနွေးမှုများအတွင်း ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရေး တို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည့် အလျောက်နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများမှာ မကြာမီအကောင်အထည်ပေါ်လာနိုင်မည်ဖြစ်သည်။
မိတ်ရင်းဆွေရင်း ဆက်ဆံရေး၏ နက်ရှိုင်းမှုကိုဖော်ပြ
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှာ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အဟန့်အတား၊ အနှောင့်အယှက် အဖျက်အဆီးများက နှစ်နိုင်ငံ၏ ခံစားချက်ကိုတူညီစေပြီး အပြန်အလှန်နားလည်စာနာမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြစ်ပေါ်စေသည်။ “မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံ တို့ဟာ အရေးပါတဲ့မိတ်ဆွေရင်း၊ မိတ်ဆွေစစ်နိုင်ငံတွေဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ယုံကြည်စိတ်ချရဆုံးသော နိုင်ငံဖြစ်စေရမှာ ဖြစ်သလို မြန်မာနိုင်ငံဟာလည်း ဘယ်လာရုစ်ရဲ့ ယုံကြည်စိတ်ချရဆုံးနိုင်ငံ ဖြစ်စေရမှာဖြစ်ပါတယ်” ဟူသော နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ပြောကြားချက်က နှစ်နိုင်ငံကြားတည်ရှိနေသည့် မိတ်ရင်းဆွေရင်းဆက်ဆံရေး၏ နက်ရှိုင်းမှုကိုဖော်ပြနေသည်။
နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အနီးကပ်ဆုံးနှင့် အမြင့်ဆုံးသို့ရောက်ရှိနေသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့က နှစ်နိုင်ငံနှင့် နှစ်ဖက်ပြည်သူတို့၏ အကျိုးစီးပွားကို မြင့်မားအောင် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ဘယ်လာရုစ်သမ္မတ နိုင်ငံ သမ္မတကြီး H.E. Mr. Aleksadr Lukashenko ၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင် မှတ်တမ်းတင်နိုင်သည့် ခရီးစဉ်တစ်ခုဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ အမြင့်ဆုံးသို့ ရောက်ရှိ ခြင်းကို မှတ်ကျောက်တင်သည့်အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးသစ်ပင်ကို နေပြည်တော်ဥယျာဉ် အတွင်း အမှတ်တရစိုက်ပျိုးခဲ့သည်။
ဘယ်လာရုစ်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ကံ့ကော်ပင်သည် သဘာဝဘေးဒဏ်တို့ကို ကြံ့ကြံ့ခံကာ ရှင်သန်ဖွံ့ဖြိုးရင်း ဖြူစင်လှပမွှေးပျံ့ သော ပန်းတို့ဝေဆာဖူးပွင့်လာမည် ဖြစ်သကဲ့သို့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့မှ ထွက်ပေါ်လာသည့် အကျိုးစီးပွားတို့သည်လည်း နှစ်နိုင်ငံပြည်သူများအတွက် လှပမွှေးပျံ့သည့် ပန်းများသို့နှယ် ဖူးပွင့်ဝေဆာလာမည့် အနာဂတ်ဆီသို့ ရည်မျှော်ကြည်နူးမိပါကြောင်း။ ။
