Skip to main content

အနေဝေးသော်လည်း သွေးချင်းနီးသည့် မိတ်ကောင်း ဆွေကောင်း နိုင်ငံကောင်း

ကိုရင်မောင်

မိတ်ကောင်းဆွေကောင်းဆိုသည်မှာ အသွေးမတူအသားမတူသော်လည်း၊ အနေဝေးသော်လည်း၊ ယခုမှ ခင်မင်ရင်းနှီးရသော်လည်း ကိုယ်နှင့်ထပ်တူ စိတ်တူကိုယ်မျှ အေးအတူ၊ ပူအမျှ တစ်သွေးတည်းတစ်သားတည်းကဲ့သို့ ပေါင်းသင်းနေထိုင် ဆက်ဆံတတ်သော သူမျိုးဖြစ်သည်။ အကျိုးစီးပွားများကို မျှဝေခံစားလိုစိတ်ရှိသော စိတ်ကောင်းစေတနာကောင်းရှိသူဟုလည်း ဆိုချင်သည်။ ကျွန်တော်တို့ လူသားများဘဝတွင် ထိုသို့မိတ်ကောင်း၊ ဆွေကောင်းများနှင့်လည်း ကြုံဖူးသည်။ နှစ်ပေါင်းရှည်ကြာ ရင်းနှီးခဲ့သည့် မိတ်ကောင်းများလည်း ဆုံဖူးသည်။ အနေနီးသော်လည်း မိတ်ဆွေတု၊ မိတ်ဆွေယောင်များနှင့်လည်း ကြုံဖူးသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံအနေဖြင့်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

 ဘယ်လာရုစ်နိုင်ငံသည် ဥရောပအရှေ့ပိုင်းတွင် တည်ရှိပြီး ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံငယ်သော်လည်း စက်မှုနိုင်ငံဖြစ်သည်။ စက်မှု၊ ဆေးဝါး၊ နည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးတို့တွင် အဆင့်မြင့်ပညာရပ်များ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် မိုင်ပေါင်းထောင်ချီဝေးကွာသည်။ အချိန်ကာလရှည်ကြာစွာ ဆက်ဆံခဲ့သည့် နိုင်ငံမဟုတ်ပေ။ လွန်ခဲ့သည့် ၂၆ နှစ်၊ ၁၉၉၉ ခုနှစ်မှစတင်၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည်။ အစောပိုင်းကာလက နှစ်နိုင်ငံဆက်ဆံမှု နည်းပါးခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံတော်ကို တာဝန်ယူခဲ့သည့် ယခုနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရအဖွဲ့လက်ထက်တွင် နှစ်နိုင်ငံအစိုးရချင်းဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ နက်ရှိုင်းလာခဲ့သည်။

နှလုံးသားချင်းနီး

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံသည် တည်နေရာအနေအထားအရ အလှမ်းဝေးကွာသော်လည်း သံတမန်ဆက်ဆံရေးနှင့် စစ်ဘက်သံတမန်ဆက်ဆံရေး နှစ်မျိုးစလုံးရှိသောနိုင်ငံများဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံမှုမရှည်ကြာသေးသော်လည်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်ယုံကြည်မှု အပြည့်အဝရှိသည့် မိတ်ကောင်းဆွေကောင်းနိုင်ငံဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးအနေဖြင့် ၆ ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ၂၀၂၅ ခုနှစ် မတ်လအတွင်း ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်နှင့် ဇွန်လအတွင်း စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတကြီး မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ နွေးထွေးပျူငှာ လှိုက်လှဲစွာ လက်ခံတွေ့ဆုံခဲ့မှုမှာ နှလုံးသားချင်းနီးသည့် အမှတ်လက္ခဏာ ပေါ်လွင်နေသည်။

ယခုတစ်ဖန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ဘယ်လာရုစ် အထူးလေယာဉ် မြန်မာနိုင်ငံလေပိုင်နက်အတွင်းသို့ စတင်ဖြတ်သန်းဝင်ရောက်လာချိန်တွင် မြန်မာ့တပ်မတော် (လေ) မှ စတုတ္ထမျိုးဆက်လွန် Su-30 SME ဘက်စုံသုံး အကြီးစားဂျက်တိုက်လေယာဉ်သုံးစင်းက လိုက်ပါခြံရံပျံသန်းကြိုဆိုခဲ့သည်။ နေပြည်တော်လေဆိပ်သို့ ညချမ်းအချိန်ရောက်ရှိဆင်းသက်လာရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကို ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ကော်ဇောနီလမ်းတစ်လျှောက်ခင်း၍ ကြိုဆိုခဲ့သည်။

သမိုင်းဝင်ခရီးစဉ်

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့၏ သံတမန်ဆက်ဆံမှုမှာ ၂၆ နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးနှစ်ကြိမ်သွားရောက်ခဲ့ပြီးဖြစ်သည်။ ယခုအခါ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခြင်းဖြစ်ရာ ယခုခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ၂၆ နှစ်ကာလအတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံမှ သမ္မတတစ်ဦး၏ ပထမဆုံးသမိုင်းဝင် ခရီးစဉ်အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

ချစ်ကြည်ရေးခရီး ရောက်ရှိစဉ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက “မိမိတို့နှစ်နိုင်ငံသည် တည်နေရာအနေအထားအရ အလှမ်းဝေးကွာသော်လည်း သံတမန်ဆက်ဆံရေးနှင့် စစ်ဘက်သံတမန်ဆက်ဆံရေး နှစ်မျိုးလုံးရှိသော နိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်ယုံကြည်မှုအပြည့်အဝရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတည်ထောင်မှုသည် ယခုအခါ ၂၆ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး အဆိုပါအခါသမယအတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် သိသာထင်ရှားစွာ တိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အနာဂတ်ကာလတွင်လည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန် မိမိအနေဖြင့် သန္နိဋ္ဌာန်ချထားပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံချင်းသော်လည်းကောင်း၊ နိုင်ငံတကာမျက်နှာစာတွင်လည်းကောင်း အကူအညီများ တစိုက်မတ်မတ်ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်လာမည်

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက “မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမြဲတံခါးဖွင့်ထားပါကြောင်း၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ချိန်တွင် မည်သည့်ပြင်ပနှောင့်ယှက်စွက်ဖက်မှုများ ရှိနေပါစေ၊ တစိုက်မတ်မတ်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ကို ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံမှ တာဝန်ရှိသည့်ဝန်ကြီးများ၊ မြန်မာနိုင်ငံမှ တာဝန်ရှိသည့်ဝန်ကြီးများ ပူးပေါင်း၍ စီးပွားရေးဖိုရမ်များ ကျင်းပခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုမှတစ်ဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်စေရေးနှင့် ရလဒ်ကောင်းများ ရရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ယနေ့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆ -၂၀၂၈) ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပြမြေပုံ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် အချက်များစွာ ပါဝင်ကြောင်း၊ အဆိုပါလမ်းပြမြေပုံအတိုင်း ဆောင်ရွက်သွားမည်ဆိုပါက နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံစက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့စဉ်က ဘယ်လာရုစ်သမ္မတနိုင်ငံက ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးခဲ့သည်။ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် အစားအစာ၊ ကျန်းမာရေး၊ ဆေးဝါး၊ ပညာရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်ယုံကြည်မှုများ တိုးမြင့်လာသည်။ သံတမန်ဆက်ဆံမှု မြှင့်တင်နိုင်ရေးအတွက် မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား သံရုံးအဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေး၊ အားကစား၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စွမ်းအင်၊ စက်မှု၊ ခရီးသွားလုပ်ငန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ကဏ္ဍပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယုံကြည်လက်ခံအားပေး

မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း လွတ်လပ်၍ ပွင့်လင်းမြင်သာသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများအပါအဝင် ပြည်တွင်း၊ ပြည်ပ စောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်ထားရှိပြီးဖြစ်သည်။ ဘယ်လာရုစ်သမ္မတနိုင်ငံအနေဖြင့်လည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘာ့နိုင်ငံများကို နှောင့်ယှက်အန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ

အင်တိုက်အားတိုက် တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။ ထိုအခြေအနေနှင့်ပတ်သက်၍ ဘယ်လာရုစ်နိုင်ငံအနေဖြင့် ယုံကြည်လက်ခံအားပေးခဲ့သည်။

မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးရာတွင် ဘယ်လာရုစ်နိုင်ငံအနေဖြင့် ထောက်ခံအားပေးကူညီမှုများအတွက် ကျေးဇူးတင်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပ ပြီးချိန်၌ နှစ်နိုင်ငပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ထားသည်။ ယခုခရီးစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ရာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာများ၊ အကောက်အခွန်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ပို့ကုန်ချေးငွေ မူဘောင်သဘောတူညီချက်နှင့် နိုင်ငံတော်အဆင့် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း၊ တိကျစွာတိုင်းတာခြင်းနှင့် အသိအမှတ်ပြုခြင်းနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ၊ တရားမဝင်နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာအပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာများကို လက်မှတ်များ ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။

စာချုပ် ၁၆ စောင်လဲလှယ်

ဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံသို့ မရောက်ရှိမီ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံကုန်သည် စက်မှုအသင်းများဖြစ်သည့် UMFCCI နှင့် BelCCI တို့ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ်စီးပွားရေးဖိုရမ်ကို ရန်ကုန် မြို့ LOTTEE ဟိုတယ်၌ ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း လူဦးရေ ၁၃၀ ခန့် တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက် လမ်းညွှန်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်များ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် EAEU ဈေးကွက်သို့ ချိတ်ဆက်နိုင်မည့် အခြေအနေများကို အဓိကဆွေးနွေးခဲ့ကြပြီး မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းစာချုပ် ၁၆ စောင် အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

သဘောတူလက်မှတ်ထိုး

ထို့အပြင် မြန်မာ-ဘယ်လာရုစ် ပူးတွဲကော်မတီဥက္ကဋ္ဌများ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် သီးခြားတွေ့ဆုံကာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တတိယအကြိမ် ပူးတွဲကော်မတီညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးကိစ္စများအတွက် ဦးတည်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြန်မာ-ဘယ်လာရုစ်ဖွံ့ဖြိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) နှင့် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် အစားအစာဝန်ကြီးနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးထုတ်ကုန်များနှင့် စားသောက်ကုန်များ အပြန်အလှန်ကုန်သွယ်မှု တိုးတက်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်၊ ရော်ဘာ၊ အခွံမာသီး၊ သစ်သီးဝလံနှင့် ကော်ဖီတို့ကို တင်ပို့နိုင်ရေးနှင့် ဘယ်လာရုစ်နိုင်ငံမှ ဒိန်ခဲနှင့် ထောပတ်တင်သွင်းနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ တင်ပို့/တင်သွင်း ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ဈေးကွက်ရရှိရေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ စက်မှုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာ (Memorandum of Intent-MoI) ကို လက်မှတ်ရေးထိုးပြီးဖြစ်ခြင်းကြောင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အဆိုပါ MoI နှင့် Road map တို့အပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ အလားအလာရှိသည့် စက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသည့် ကင်ဆာရောဂါကုသဆေးဝါးများ ထုတ်လုပ်နိုင်ရေးနှင့် ကင်ဆာရောဂါကုသဆေးဝါးထုတ်လုပ်မှု နည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ သင်ကြားလေ့ကျင့်မှုများ ကိစ္စရပ်များကိုလည်းကောင်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ MSME ဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံ MSME ထွက်ကုန်များ ဈေးကွက်ရရှိရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထူးခြားမှုအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နှစ်နိုင်ငံအကြား သံတမန်ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ ဘယ်လာရုစ်သမ္မတနိုင်ငံ၏ မြို့တော် “မင့်စ်မြို့ ”၏ အမည်အား ရာဇသင်္ဂဟလမ်းမကြီးနှင့် ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားသော လမ်း၏အမည်အဖြစ် ဂုဏ်ပြုသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ယခုကဲ့သို့ “မင့်စ်လမ်း” အဖြစ် လမ်းအမည် သတ်မှတ်ခေါ်တွင်စေခဲ့ခြင်းသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအဖြစ်လည်းကောင်း၊ နိုင်ငံအနာဂတ်တွင် ထင်ရှားသည့် နိုင်ငံတကာအထိမ်းအမှတ် လက္ခဏာအဖြစ်လည်းကောင်း ဂုဏ်ယူဖွယ်တွေ့မြင်နိုင်မည်ဖြစ်သည်။

မိတ်ကောင်းဆွေကောင်း

အချုပ်အားဖြင့်ဆိုပါလျှင် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေး ၂၆ နှစ်တာကာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့သည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ နိုင်ငံတော်အကြီးအကဲ၏ တစ်ညတစ်ရက်တာ ခရီးစဉ်သည် အချိန်အားဖြင့် တိုတောင်းလှသော်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလွန်ကျယ်ပြန့်နက်ရှိုင်းစွာဖြင့် ဆောင်ရွက်နိုင်ခဲ့သည့် ပထမဆုံးသမိုင်းဝင်ခရီးစဉ်အဖြစ် မော်ကွန်းရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။ ၂၀၂၅ ခု ယခုနှစ်သည် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအတွက် အမှတ်တရများစွာရှိခဲ့ပြီး နှစ်နိုင်ငံအကြား သမိုင်းမှတ်တိုင်အသစ်များ စိုက်ထူနိုင်သည့် နှစ်တစ်နှစ်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ဘယ်လာရုစ်နိုင်ငံက အသိအမှတ်ပြုသလို ဘယ်လာရုစ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိသည့် စေတနာများကိုလည်း မြန်မာနိုင်ငံက အသိအမှတ်ပြုကျေးဇူးတင်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးအချိန်မကြာရှည်သေးသော်လည်း၊ နှစ်နိုင်ငံအနေဝေးသော်လည်း သွေးချင်းနီးသည့် မိတ်ကောင်းဆွေကောင်း နိုင်ငံကောင်းအဖြစ် မြန်မာတို့၏ နှလုံးသားတွင် မှတ်တမ်းတင်ထားမည်ဖြစ်ပါကြောင်း။ ။