ဘဝ၏အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် စာဖတ်ခြင်း
ကိုဘုန်း (ထုတ်လုပ်)
မိတ်ဆွေ…. ယနေ့ စာများများဖတ်ဖြစ်ပါသလား။ ဒီမေးခွန်းလေးကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ ဖုန်းထဲက သတင်းခေါင်းစဉ်တွေ၊ လူမှုကွန်ရက်က status တွေကို ဖတ်တာမျိုးမဟုတ်ဘဲ၊ စာအုပ်တစ်အုပ်ကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုခဲ့သည့် နောက်ဆုံးအချိန်က မည်မျှရှိပြီလဲ။
စာဖတ်ခြင်းသည် ကျွန်ုပ်တို့၏ဘဝအား ပိုမိုကျယ်ပြန့်စွာ မြင်တတ်စေရုံသာမက အတွေးအမြင်သစ်များနှင့် ကမ္ဘာသစ်များဆီသို့ ခေါ်ဆောင်သွားသည့်တံခါးဖြစ်သည်။ စာဖတ်ခြင်း၏အကျိုး ကျေးဇူးများကို သိပ္ပံနည်းကျလေ့လာချက်များအရလည်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။
စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း
လေ့လာချက်များအရ စာဖတ်ခြင်းသည် စိတ်ဖိစီးမှုကိုလျှော့ချရာတွင် ဂီတနားထောင်ခြင်း (သို့မဟုတ်) လမ်းလျှောက်ခြင်းထက်ပင် ပိုမိုထိရောက်မှုရှိကြောင်း တွေ့ရှိရသည်။ မိနစ် ၃၀ ခန့် စာဖတ်ခြင်းဖြင့် နှလုံးခုန်နှုန်းနှင့် ကြွက်သားတင်းအားများကိုကျဆင်းစေကာ စိတ်ဖိစီးမှုများ ပြေလျော့စေပါသည်။
ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေခြင်း
စာဖတ်ခြင်းသည် ဦးနှောက်၏ အာရုံကြောဆက်သွယ်မှုများကို လှုံ့ဆော်ပေးပြီး မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုစွမ်းရည်ကို မြှင့်တင်ပေးသည်။ လေ့လာချက်များအရ ပုံမှန်စာဖတ်သူများသည် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ သိသိသာသာလျော့နည်းကြောင်း တွေ့ရှိရသည်။
စာနာနားလည်မှုစွမ်းရည် (Empathy) ကို မြှင့်တင်ပေးခြင်း
စာအုပ်ထဲက ဇာတ်ကောင်များ၏ ခံစားချက်များ၊ အတွေ့အကြုံများနှင့် ရင်ဆိုင်ရမှုများကို ဖတ်ရှုရင်း လူအချင်းချင်းပိုမိုနားလည်တတ်လာစေပါသည်။ ဤသို့ဖြင့် လက်တွေ့ဘဝတွင်လည်း အခြားသူများ၏ ခံစားချက်များကို ပိုမိုခံစားသိရှိနိုင်လာမည်ဖြစ်သည်။
အသိပညာဗဟုသုတများ တိုးပွားစေခြင်း
စာဖတ်ခြင်းသည် သင့်အားမည်သည့်နေရာသို့ မဆို၊ မည်သည့်ခေတ်သို့မဆို ခေါ်ဆောင်သွားနိုင်သည်။ သိပ္ပံ၊ သမိုင်း၊ ဒဿနိကဗေဒ၊ စီးပွားရေး စသည့် ဘာသာရပ်ပေါင်းစုံမှ အသိပညာများကို ရယူနိုင်ပြီး သင့်ကိုယ်သင် ပိုမိုပြည့်ဝစေမည်ဖြစ်သည်။
စာဖတ်ဖို့ အချိန်မရှိဘူးလား
“အချိန်မရှိလို့” ဆိုသည့် အကြောင်းပြချက်သည် အကြီးမားဆုံးအတားအဆီး ဖြစ်နေတတ်သည်။ သို့သော် တစ်နေ့ကို ၁၅ မိနစ် သို့မဟုတ် မိနစ် ၃၀ ခန့် စာဖတ်ရန် အချိန်ဇယားဆွဲပါ။ အိပ်ရာမဝင်မီ ၁၅ မိနစ်ခန့် ဖတ်ရန်ကြိုးစားကြည့်ခြင်းသည် စာဖတ်ခြင်းအလေ့အထကို စတင်မွေးမြူဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ စာဖတ်ခြင်းက စိတ်ကိုငြိမ်းချမ်းစေပြီး ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပါသည်။ အစပိုင်းတွင် ခက်ခဲနိုင်သော်လည်း နေ့စဉ်ဆက်တိုက်လုပ်မည်ဆိုလျှင် အလေ့အထတစ်ခု ဖြစ်သွားမည်ဖြစ်သည်။ တစ်ပတ်ကို စာမျက်နှာ ၅၀၊ ၁၀၀ နှုန်းဖြင့် ဖတ်မည်ဆိုပါက တစ်နှစ်အတွင်း စာအုပ်ပေါင်းများစွာ ဖတ်ပြီးသားဖြစ်သွားမည်ဖြစ်သည်။
စာဖတ်ရာတွင် ပညာဗဟုသုတတိုးပွားရန်နှင့် အတွေးအခေါ် ရင့်သန်စေရန်ဟူသော ရည်ရွယ်ချက် နှစ်မျိုးရှိသည်။ ပညာဗဟုသုတမရှိလျှင် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းကို တိုးတက်ကောင်းမွန်အောင်လုပ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ စိတ်ကူးဉာဏ်အတွေးအခေါ်ရင့်သန်ခြင်း မရှိပါလျှင်လည်း လူ့လောကတွင် တိုးတက်ရန်ခဲယဉ်းပေလိမ့်မည်။ ထို့ကြောင့် လိမ္မာရေးခြားဗဟုသုတကြွယ်ဝစေရန်အတွက် စာဖတ်ခြင်းသည် အလွန်အရေးပါ အရာရောက်ပါသည်။
မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်၏ “စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်ကြလေသည်” ဟူသော စကားသည် အလွန်နက်ရှိုင်းသော အဓိပ္ပာယ်များရှိပါသည်။ ဤစကားသည် စာဖတ်ခြင်း၏ အရေးပါမှုကို အဆင့်နှစ်ဆင့်ဖြင့် ထောက်ပြနေပါသည် -
၁။ “စာဖတ်သောလူမျိုးသည် တိုးတက်၍” ဤတွင် ဦးသန့်သည် တစ်ဦးချင်းစီ၏ တိုးတက်မှုကို အလေးပေးထားသည်။ စာဖတ်ခြင်းသည် လူတစ်ဦးချင်းစီ၏ အသိပညာ၊ အတွေးအခေါ်၊ စဉ်းစားဉာဏ်နှင့် စိတ်ကူးစိတ်သန်းကို ချဲ့ထွင်ပေးသည်။ ဤသို့ဖြင့် လူတစ်ဦးချင်းစီ တိုးတက်လာပြီး နောက်ဆုံးတွင် ထိုသူများပါဝင်သော လူ့အဖွဲ့အစည်းတစ်ရပ်လုံး တိုးတက်လာစေသည်။
၂။ “တိုးတက်သောလူမျိုးသည် စာဖတ်ကြလေသည်” ဒုတိယအဆင့်မှာ တိုးတက်ပြီးသော လူ့အဖွဲ့အစည်း၏ သဘောသဘာဝကို ဖော်ပြခြင်းဖြစ်သည်။ တိုးတက်သော လူမျိုးတစ်ခုသည် မိမိတို့၏အောင်မြင်မှုကို ထိန်းသိမ်းလိုပြီး ဆက်လက်တိုးတက်လိုသောဆန္ဒကြောင့် ပိုမို၍စာဖတ်ကြသည်။ ဆိုလိုသည်မှာ စာဖတ်ခြင်းနှင့် တိုးတက်ခြင်းသည် အပြန်အလှန်အကျိုးပြုနေသော ကွင်းဆက်ဖြစ်သည်။
စာဖတ် → တိုးတက်
တိုးတက် → (ပို၍) စာဖတ်
ဦးသန့်၏ ဤအဆိုသည် လူတစ်ဦးချင်းမှ စတင်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စာဖတ်ခြင်း၏ အခြေခံအကျဆုံးသော အခန်းကဏ္ဍကို ထိပ်တိုက်ဖော်ပြနေသည့် ကမ္ဘာကျော်ပညာရေးဆိုင်ရာ မိန့်မှာချက်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့်ပင် ယနေ့တိုင် ဤစကားသည် စာဖတ်ခြင်း၏ တန်ဖိုးကို ဖော်ညွှန်းရာတွင် အမြဲတမ်းအသုံးပြုနေကြဆဲဖြစ်ပါသည်။
လူတိုင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြသည်။ စာဖတ်မှုအလေ့အကျင့်မရှိခြင်းသည် လူတစ်ဦးချင်းစီ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အခက်အခဲများ ကြုံတွေ့နိုင်သည်။ စာအုပ်စာပေဖတ်ရှုမှုသည် မိမိဘဝကိုအကျိုးပြုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာနှင့် ယှဉ်ပြိုင်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ပညာတတ်များ၊ စာဖတ်သူများ မွေးထုတ်ပေးရန်လိုအပ်သည်။ အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင်သည်ဖြစ်သော်လည်း အဆိပ်အတောက်၊ သတင်းအချက်အလက်အတုများ လွှမ်းမိုးနေသည်ဖြစ်၍ မိမိဘဝကို အကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန် လိုအပ်သည်။ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန်လည်း လိုအပ်သည်။ စာသင်ကျောင်းများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းဖြင့်လည်း စာဖတ်ရှိန်ကို မြှင့်တင်ပေးနိုင်သည်။
စာအုပ်စာပေအားလုံးသည် တန်ဖိုးရှိသော်လည်း လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး (Social Develop-ment) အတွက်ရည်ရွယ်၍ ပိုမိုထိရောက်သော အထောက်အကူဖြစ်စေမည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန် ပိုမိုအရေးကြီးပါသည်။ ထို့အပြင် စာအုပ်စာပေရွေးချယ်ရာတွင် စာရေးဆရာ၏ ရင်းမြစ်နှင့် ချဉ်းကပ်မှုနည်းလမ်းကို ဝေဖန်ပိုင်းခြားတတ်ရန် လိုအပ်ပါသည်။ မိမိ၏ လက်ရှိအခြေအနေ၊ လိုအပ်ချက်နှင့်ကိုက်ညီမှု ရှိ၊ မရှိ ဆန်းစစ်သင့်ပါသည်။
စီးပွားရေး၊ ငွေကြေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး (Economics & Poverty Alleviation) စာအုပ်စာတမ်းများသည် စီးပွားရေးအမြင်ကို ကျယ်ပြန့်စေပြီး မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်၏ လူမှုစီးပွားဘဝကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ပေးစွမ်းနိုင်ပါသည်။ စိတ်ပညာ၊ စိတ်ချမ်းသာရေးနှင့် မိမိကိုယ်ကိုနားလည်မှု (Psychology & Self-awareness) စာအုပ်များသည် လူမှုဆက်ဆံရေးနှင့် မိမိကိုယ်ကိုထိန်းချုပ်နိုင်မှုသည် လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းရေးအတွက် အလွန်အရေးကြီးပါ သည်။ လူမှုရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး (Social Justice, Human Rights & Peace) စာအုပ်များသည် လူတိုင်း၏ အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နည်းများကို နားလည်စေပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး (Environment & Sustainability) စာအုပ်တို့သည် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်စေရန်သင်ယူနိုင်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ကမ္ဘာမြေကို ထိန်းသိမ်းရန် အားထုတ်စေပါသည်။ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဝန်းကျင်ပြုစုပျိုးထောင်ရေး (Education, Health & Community Building) စာအုပ်များသည် မိမိအသိုင်းအဝိုင်း၏ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်းကို မြှင့်တင်နိုင်မည့် အသိပညာများ ရရှိစေပါသည်။ အတွေးအခေါ်၊ ဒဿနိကဗေဒနှင့် ဘာသာရေးစာပေ (Philosophy & Ethics) စာအုပ်များသည် မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သော လူမှုအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ရန် လမ်းညွှန်ပေးနိုင်ပါသည်။ အတ္ထုပ္ပတ္တိများ (Biographies) စာအုပ်မျိုးသည် လောကကြီးကို ပြောင်းလဲစေခဲ့သော ခေါင်းဆောင်ကြီးများ၊ သိပ္ပံပညာရှင်များ၊ လူမှုရေးလှုပ်ရှားသူများ၏ ဘဝဇာတ်ကြောင်းများမှတစ်ဆင့် ခိုင်မာသောစိတ်ဓာတ်၊ လှုပ်ရှားမှုနည်းဗျူဟာများကို သင်ယူနိုင်ပါသည်။
ထို့ကြောင့် သင်စိတ်ဝင်စားသည့် ခေါင်းစဉ် (ခရီးသွား၊ သိပ္ပံစမ်းသပ်ချက်၊ စွန့်ဦးတီထွင်မှု၊ ချစ်ခြင်းမေတ္တာ) စသည့် စိတ်လှုပ်ရှားဖွယ်အကြောင်း တစ်ခုအဖြစ် ပြောင်းလဲစေမည့်စာအုပ်မျိုးကို ရှာဖွေပြီး စာဖတ်သည့်အလေ့အကျင့်ကို ပျိုးထောင်ကြရပါမည်။ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ယနေ့ပင် စာစတင်ဖတ်ပြီး သင့်ဘဝအတွက် အသစ်အသစ်သော အခွင့်အလမ်းတံခါးများ ဖွင့်လှစ်လိုက်ပါ၊ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပါ၊ စာမျက်နှာတစ်ခုကို လှန်လိုက်ပါ၊ သင့်အတွက် အသစ်သောကမ္ဘာဆီသို့ ခြေလှမ်းသစ်တစ်ခု စတင်လိုက်ပါလို့ မိတ်ဆွေရဲ့အကျိုးကိုမျှော်၍ တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
