Skip to main content

ပညာရေးအဆင့် မြင့်မားပါမှ …..

တာရာ

ယုန်နဲ့ မြေခွေးက ငါးကြင်းတစ်ကောင်ရလာတယ်။ ငါးကို ဘယ်လိုခွဲဝေယူရမှန်းမသိဘူး။ ဒီလိုအခြေအနေမှာ ခြင်္သေ့တစ်ကောင်ရောက်လာပြီး သူစီမံပေးမယ်ဟုဆိုကာ ရော့မင်းက ခေါင်းပိုင်းယူ၊ ရော့မင်းက အမြီးပိုင်းယူ၊ ငါကတော့ စီမံခန့်ခွဲပေးရတဲ့သူဆိုတော့ အလယ်ပိုင်းယူမယ်ဆိုပြီး (Lion Share) အကောင်းဆုံးဝေဆုကို ယူသွားတယ်။

ယုန်နဲ့ မြေခွေးတို့က အတွေ့အကြုံနည်း၊ ဗဟုသုတနဲ့ ပညာဉာဏ်မရှိတဲ့အတွက် အခွင့်အရေးကို လက်လွှတ်လိုက်ရပါတယ်။ ယုန်နဲ့မြေခွေးတို့ရဲ့ ဖြစ်စဉ်က လူမှုဘဝတွေမှာလည်း တွေ့ကြုံရလေ့ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ပညာမတတ်ရင်အခြားသူက စီမံခန့်ခွဲတာကို လက်ခံလိုက်ရပြီး သူများရဲ့ စီမံခန့်ခွဲမှုအောက်မှာ မိမိအခွင့်အရေးတွေ ဆုံးရှုံးရနိုင်ကြောင်း ဒီပုံပြင်က သတိပေးနေပါတယ်။

ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်း

ငါးကြင်းတစ်ကောင်လုံးရပါလျက်နဲ့ ခေါင်းပိုင်းနဲ့ ကျေနပ်လိုက်ရတာမျိုး၊ အမြီးပိုင်းနဲ့ ကျေနပ်လိုက် ရတာမျိုးတွေက စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းမရှိလို့ ဖြစ်ပါတယ်။ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်း အားနည်းပြီး သူတစ်ပါးကို မှီခိုရတဲ့အတွက် ရလာတဲ့ရလဒ်ဖြစ်ပါတယ်။

 ခြင်္သေ့က ယုန်နဲ့မြေခွေးတို့ကို “စီမံခန့်ခွဲပေးသူ” အဖြစ် အကောင်းဆုံးအပိုင်းကို ယူနိုင်ခဲ့ပါတယ်။ စီမံခန့်ခွဲပေးရတဲ့ အခွင့်အရေးကို အသုံးချပြီး အကျိုးစီးပွားအတွက် ရှေးရှုဆုံးဖြတ်လုပ်ကိုင်သွားပါတယ်။ ဒီလိုမိမိရှေ့မှာပေါ်လာတဲ့အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်တတ်နိုင်ဖို့ဆိုတာက ဉာဏ်ပညာရှိသူတွေသာ လုပ်ကိုင်နိုင်တယ်ဆိုတာ ဒီပုံပြင်က ညွှန်ပြနေပါတယ်။

ယုန်နဲ့မြေခွေးကဲ့သို့ ပညာမတတ်သူတွေက မိမိရဲ့အခွင့်အရေးကို မကာကွယ်နိုင်ဘဲ အခြားသူတွေရဲ့ လှည့်ဖြားမှုကို ခံရနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ သင်ခန်းစာယူစရာက မိမိတို့အခွင့်အရေး၊ ကိုယ်ကျိုး စီးပွားကိုကာကွယ်နိုင်ဖို့ ပညာတတ်ရပါမယ်။ အခြေအနေနဲ့ အချိန်အခါကို နားလည်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်လုပ်ကိုင်တတ်ဖို့ ပညာတတ်ရပါမယ်။ ပညာက လွတ်လပ်စွာရပ်တည်နိုင်မှုကို ဖန်တီးပေးပါတယ်။ သတိတရားနဲ့ မှန်မှန်ကန်ကန်ဆုံးဖြတ်ဆောင်ရွက်တတ်စေပြီး သူတစ်ပါးရဲ့ လိမ်လည်ခံရမှုတွေက ကာကွယ်ပေးနိုင်ပါတယ်။

ဒီပုံပြင်မှာ ပညာမတတ်ခြင်းရဲ့ဆိုးကျိုးနဲ့ ပညာရဲ့ အရေးပါပုံကို မီးမောင်းထိုးပြထားပါတယ်။ ပညာက ဘဝတစ်သက်တာမှာ လူသားတိုင်းလိုအပ်တဲ့ အရာဖြစ်ပြီး လူ့ဘောင်သစ်ကို တည်ဆောက်ရာမှာ အဓိကကျတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ခံစားသိမြင်မှုဉာဏ်နဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုတို့ကလည်း ပညာက ဆက်စပ်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။

“ပညာ” ဆိုတဲ့စကားလုံးက အဓိပ္ပာယ်ကျယ်ဝန်းပါတယ်။ ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေးနဲ့ ကိုယ်တိုင်သင်ယူပညာရေးစသဖြင့် ပညာရယူနည်းတွေရှိရာမှာ စာသင်ခန်းတွေက ပညာသင်ကြားရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး အမှန်တကယ်ပညာရေးက ဘဝတစ်လျှောက်လုံး ဆက်လက်လေ့လာသင်ယူနေရတဲ့ (Lifelong Learning) ခရီးတစ်ခု ဖြစ်ပါတယ်။

ပညာရေးက အရည်အသွေးရှိတဲ့ လူသားအရင်းအမြစ်တွေကို ပျိုးထောင်ပေးတဲ့ ဥယျာဉ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံကုန်ထုတ်စွမ်းအားမြင့်မားဖို့၊ စီးပွားရေးဖွံ့ဖြိုးဖို့၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ပညာတတ်တွေနဲ့သာ တည်ဆောက်ရတာဖြစ်တဲ့အတွက် ပညာရေးက ဖွံ့ဖြိုးတိုးတက်မှုရဲ့ မောင်းနှင်အားပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၅၁၃၁၆၇၅၆ ဦးရှိပြီး အမျိုးသား ၁၅၁၀၅၂၁၅ ဦး၊ အမျိုးသမီး ၁၇၀၈၆၁၉၂ ဦး၊ အမျိုးသား ၄၆ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ဒသမ ၁ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

ကျောင်းအပ်နှံမှုအနေနဲ့ ၂၀၂၁ -၂၀၂၂ ပညာ သင်နှစ်မှာ ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်း၊ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၇ ဒသမ ၂၃ သန်း၊ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၈ သန်းကျော်နဲ့ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်မှာ ၇ ဒသမ ၃ သန်းကျော် ကျောင်းအပ်နှံခဲ့ကြပါတယ်။

မသင်မနေရပညာရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဖွံ့ဖြိုးတိုးတက်မှုတိုင်းက ပညာနဲ့သာ အခြေခံရတာဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရက ပညာရေးအထူးအလေးထားပြီး လူငယ်တွေကို ပညာတတ်အောင်၊ ပညာရှင်တွေဖြစ်အောင် ပျိုးထောင်မြေတောင်မြှောက်ပေးလျက်ရှိပါတယ်။ အခြေခံပညာအဆင့် ကျောင်းနေအရွယ်ကလေးအားလုံး KG + 9 အထိ မသင်မနေရပညာရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။

ကျောင်းပြင်ပပညာရေးကို နှစ်စဉ်ဇူလိုင်လအတွင်း ကျောင်းနေအရွယ်လွန်ကလေးများ (သတ်မှတ်အသက်အုပ်စုနှင့် ကိုက်ညီသူများ) ကို သက်ဆိုင်ရာ လျာထားမြို့နယ်သီးသီးရဲ့ ကျောင်းပြင်ပပညာရေးစခန်းတွေမှာ တက်ရောက်သင်ယူခွင့် ရရှိရေးစီစဉ်ပေးလျက်ရှိပါတယ်။ ကျောင်းပြင်ပပညာရေးတက်ရောက်နေတဲ့ ကလေးတွေအပြင် ကျောင်းပညာရေးတက်ရောက်ရာမှာ အကြောင်းအမျိုးမျိုးနဲ့ ဆက်လက်မတက်ရောက်နိုင်တဲ့ ကလေးတွေကိုလည်း သတ်မှတ်အုပ်စုအတွင်း ရောက်ရှိနေပါက လက်ခံသင်ကြားပေးလျက်ရှိပါတယ်။

KG +9 အထိပြီးမြောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိသူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဆက်လက်သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးထားပါတယ်။ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွေ တက်ရောက်နိုင်ပြီး ကျွမ်းကျင်လုပ်သားတွေ၊ နည်းပညာကျွမ်းကျင်သူတွေ၊ အင်ဂျင်နီယာပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေအဖြစ် ပျိုးထောင်ပေးလျက်ရှိပါတယ်။

စက်မှု၊ လျှပ်စစ်၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းနည်း၊ စက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်ခြင်းနည်းပညာ၊ အဆောက်အအုံပြုပြင် ထိန်းသိမ်းမှုနည်းပညာတွေ၊ စိုက်ပျိုးမွေးမြူရေးနဲ့ဆိုင်တဲ့ ပညာရပ်တွေကို သင်ကြားပေးနေပြီး လက်တွေ့လုပ်ငန်းခွင်နဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်တဲ့အထိ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်သင်ကြားပေးနေပါတယ်။ ထူးချွန်သူတွေကို စက်မှုလက်မှုသိပ္ပံ၊ နည်းပညာကောလိပ်နဲ့ နည်းပညာတက္ကသိုလ်တွေ ဆက်လက်တက်ရောက်ပညာသင်ယူနိုင်ဖို့ အခွင့်အလမ်းတွေလည်း လမ်းဖွင့်ပေးထားပါတယ်။

ကျောင်းတွေက ဆရာသမားကောင်းတွေ၊ မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံခွင့်ရပြီး လူမှုဆက်ဆံရေးနယ်ပယ်ကို ကျယ်ပြန့်စေပါတယ်။ နာခံတတ်မှု၊ အတူတကွ လက်တွဲလုပ်ဆောင်တတ်မှုတွေ ထွန်းကားလာအောင် သင်ကြားပေးပါတယ်။ အသိဉာဏ်ကိုမြှင့်တင်ပေးပြီး စိတ်ဓာတ်ရေးရာကို ပြုပြင်ပေးပါတယ်။ အမျိုးချစ်စိတ် နိုင်ငံချစ်စိတ်တွေကို မွေးဖွားပေးနိုင်ပါတယ်။

ခေတ်မီဖွံ့ဖြိုးတဲ့ ပညာရေးစနစ်တစ်ရပ်က နိုင်ငံသားတိုင်းကို အခြေခံပညာအဆင့်မှသည် အဆင့်မြင့်ပညာ၊ နည်းပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ စီမံခန့်ခွဲနိုင်စွမ်းတွေရရှိအောင် သင်ကြားပေးပါတယ်။ ပညာက အမှန်အမှားခွဲခြားတတ်စေပြီး ယုတ္တိတန်တဲ့ ဆင်ခြင်တုံတရားဖွံ့ဖြိုးစေပါတယ်။ အတွေးအမြင်တွေ ကျယ်ပြန့်စေပြီး ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေကို နားလည်လာစေဖို့ပညာက ဦးဆောင်ပေးပါတယ်။

ကောင်းမွန်သောပညာရေးဓလေ့

ပညာရေးက လူတစ်ဦးရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေနဲ့ ချိတ်ဆက်နေပြီး လူတစ်ဦးရဲ့ဘဝကိုသာမက မိသားစုတစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုလုံးရဲ့ အနာဂတ်ကိုပါ ပြုပြင်ပြောင်းလဲစေနိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ ပညာရပ်ဆိုင်ရာအသိပညာ၊ အတတ်ပညာတွေက လူတစ်ဦးချင်းစီရဲ့ ဘဝအရည်အသွေးကို တိုးတက်စေပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဝရပ်တည်မှုအတွက် အာမခံချက်ကို ပေးစွမ်းပါတယ်။ ပညာတတ်မိဘတွေက ပညာရဲ့လေးနက်မှုတန်ဖိုးကို သိရှိနားလည်ကြတဲ့အတွက် သားသမီးတွေရဲ့ ပညာရေးကို ပိုမိုအားပေးကြပြီး ကောင်းမွန်သော ပညာရေးဓလေ့ကို ဖြစ်ထွန်းစေပါတယ်။

ပညာရေးက အရည်အသွေးမြင့်လုပ်သား အင်အား၊ လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေးပြီး ထုတ်လုပ်မှုစွမ်းရည်မြင့်မားတဲ့အတွက် ပို့ကုန်နဲ့ GDP တိုးတက်စေပါတယ်။ တန်ဖိုးမြင့်ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေဟာ ကုန်ကြမ်းအခြေခံစီးပွားရေးထက် ပိုမိုတည်ငြိမ်ပြီး ဝင်ငွေမြင့်မားကြပါတယ်။ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမိုထိရောက်စေပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေပါတယ်။

ပညာရေးအဆင့်မြင့်မားခြင်းက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို တိုက်ရိုက်အကျိုးပြုပြီး ဖွံ့ဖြိုးတိုးတက်မှုအထိပါ သက်ရောက်မှုအား ကြီးမားတဲ့အတွက် နိုင်ငံဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါတယ်။