ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုတွေလား
သတင်းထောက် သာထူး
BBC လို့ ကမ္ဘာတစ်ခွင်ကျော်ကြားတဲ့ သတင်းဌာနကြီး မဟာအရှက်တော်ကွဲရတဲ့ဖြစ်ရပ်ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဖြစ်ခဲ့ပြီး အခုချိန်ထိ ဂယက်ရိုက်နေဆဲပါ။ “ဘက်လိုက်မှုမရှိဘဲ ကွဲပြားခြားနားတဲ့ အတွေးအမြင်အစုံစုံ၊ အဓိကကျတဲ့ ရှုထောင့်တွေကနေ လေ့လာဆန်းစစ်ချက်တွေနဲ့ ဝေဝေဆာဆာ တင်ဆက်ပေးနေတာပါ။”လို့ အမြဲတမ်းဆိုလေ့ရှိတဲ့ BBC သတင်းဌာနရဲ့ ဘက်လိုက်မှုနဲ့ သတင်းကို ရည်ရွယ်ချက်ရှိရှိ လိုသလိုဖြတ်ညှပ်ကပ်ပုံဖျက်ထုတ်လွှင့်ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားခဲ့ရာကနေ ပြစ်တင်ရှုတ်ချမှုတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေကို တနင့်တပိုးကြီး ခံစားခဲ့ရပြီးနောက် BBC ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေဗီနဲ့ သတင်းဌာန အမှုဆောင်အရာရှိချုပ် ဒီဘိုရာတန်းနက်စ်တို့ နုတ်ထွက်သွားခဲ့ကြရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ BBC ရဲ့ အယ်ဒီတာလမ်းညွှန်ချက်များနဲ့ စံချိန်စံညွှန်းများဆိုင်ရာကော်မတီ အကြံပေးပုဂ္ဂိုလ်ဟောင်းဖြစ်သူ မိုက်ကယ်လ်ပရက်စ်စကော့ရဲ့ စာမျက်နှာ ၁၉ မျက်နှာပါ ဌာနတွင်းအမှုတွဲတစ်ခု ပေါက်ကြားလာခဲ့တာကို ဗြိတိန်ရဲ့ ဩဇာကြီးတဲ့သတင်းစာ The Telegraph က နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖော်ပြလိုက်ရာကနေ စတင်ခဲ့ပါတယ်။ မိုက်ကယ်လ်ပရက်စ်စကော့ဟာ အကြံပေးပုဂ္ဂိုလ်အဖြစ် BBC မှာ သုံးနှစ်လောက်လုပ်ကိုင်ခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လထဲမှာ နုတ်ထွက်သွားခဲ့ပြီ ဖြစ်တာကြောင့် သူရေးပြီးတော့ BBC ဘုတ်အဖွဲ့ကို ပေးပို့ခဲ့တဲ့စာတွဲဟာ ဇွန်လမတိုင်မီကရေးခဲ့တာလို့ဆိုရမှာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ BBC အကြီးအကဲတွေက အရေးယူလုပ်ဆောင်မှုမရှိခဲ့တဲ့အပေါ် အလွန်ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့ ပရက်စ်စကော့က ဆိုပါတယ်။
မယုံကြည်ရတဲ့ သတင်းရင်းမြစ်
သိကြတဲ့အတိုင်းပဲ BBC ဟာ စီးပွားရှာနေရတဲ့ မီဒီယာမျိုးမဟုတ်ဘဲ နိုင်ငံတော်ဘတ်ဂျက်တစ်နည်းအားဖြင့် အများပြည်သူရန်ပုံငွေနဲ့ လည်ပတ်ရတဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာမျိုး (Public Service Media) ဖြစ်ပါတယ်။ အကျိုးအမြတ်ရှာဖွေနေဖို့ မလိုတဲ့ BBC ဟာ UK ရဲ့ မီဒီယာ ဈေးကွက်ဝေစုအများစုကိုလည်း ရရှိထားပါတယ်။ အများပြည်သူရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာတစ်ခုဟာ ပြည်သူလူထုကို ယုံကြည်စိတ်ချရတဲ့ သတင်းမှန်တွေမပေးဘဲ ဘက်လိုက်မှုတွေနဲ့ နှစ်ရှည်လများစွာကတည်းက မယုံကြည်ရတဲ့ သတင်းရင်းမြစ်တစ်ခုဖြစ်ခဲ့တာဟာ ဆိုးရွားတဲ့ ကျူးလွန်မှုတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ပိုဆိုးတာက BBC ရဲ့ ထုတ်လွှင့်ဖော်ပြမှုတွေမှာ တိကျမှန်ကန်မှုနဲ့ ဘက်မလိုက်မှုစံနှုန်းတွေကို ထိန်းသိမ်းဖို့ ပျက်ကွက်နေတာဟာ အယ်ဒီတာ ဒါမှမဟုတ် ဝန်ထမ်းတချို့တလေရဲ့ အားနည်းချက်မျိုးမဟုတ်ဘဲ ကူးစက်ရောဂါတစ်ခုအားလုံးမှာ ကူးစက်နေပုံမျိုးပါ။ ဒီပြဿနာကို BBC ရဲ့ အတွင်းပိုင်းမှာ သိထားကြပြီးဖြစ်တယ်လို့ ပရက်စ်စကော့ရဲ့ တင်ပြချက်ထဲမှာ ဆိုထားပါတယ်။ ဒါပေမယ့်လည်း BBC ဟာ ဒီပြဿနာနဲ့ ပတ်သက်လို့ အယ်ဒီတာဘုတ်အဖွဲ့ရှေ့ကို အစီရင်ခံစာတွေ တစ်ပုံတစ်ပင်ကြီးရောက်နေတဲ့တိုင်အောင် ပြေလည်အောင်ဖြေရှင်းဖို့၊ ဒါမှမဟုတ် အလေးအနက်ထားပြီး ဝန်ခံတောင်းပန်ဖို့ စတဲ့ထင်ထင်ရှားရှား တုံ့ပြန်မှုမျိုးမလုပ်ဘဲ “မိုးကြိုးပစ်၊ ထန်းလက်နဲ့ကာ” ဆိုတာလိုကာလို့ မရနိုင်တာကို ကာဖို့ကြိုးစားရင်းနဲ့ပဲ အချိန်ကုန်နေတယ်လို့ ဗြိတိန်သတင်းစာတစ်စောင်က ဆိုပါတယ်။
မိုက်ကယ်လ်ပရက်စ်စကော့ရဲ့ တင်ပြချက်စာတွဲမှာပါတဲ့ BBC ရဲ့ ဘက်လိုက်မှုအထောက်အထားသစ်ဆိုတာကတော့ အာရဗီဘာသာနဲ့ ထုတ်လွှင့်တဲ့ BBC (အာရဗီ) သတင်းဌာနက ဂါဇာ အရေးအခင်းနဲ့ပတ်သက်လို့ အစ္စရေးတို့ ခံစားရတဲ့ ဒုက္ခကို သေးသိမ်မှိန်ပျောက်စေဖို့နဲ့ အစ္စရေးကို ရန်လိုသူအဖြစ် ပုံဖော်ဖို့ ဖန်တီးလုပ်ဆောင်မှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ BBC ဟာ အစ္စရေးနဲ့ ပတ်သက်လာရင် အမြဲတမ်းအဆိုးတကာ့ထိပ်ခေါင်ဖြစ်အောင် သန္နိဋ္ဌာန်ချထားတဲ့ ပုံမျိုးဖြစ်နေပြီး အစ္စရေးအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လာရင် လုံလောက်တဲ့စစ်ဆေးမှုမျိုးတောင် မလုပ်တော့ဘဲ တစ်ခါတည်းထုတ်လွှင့်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် BBC (အာရဗီ) ဟာ ဟားမားစ်ရဲ့ မီဒီယာပလက်ဖောင်းတစ်ခုလိုဖြစ်နေပြီး ဟားမားစ်ရဲ့ ထုတ်ပြန်ချက်တွေကို သိသိသာသာ အသားပေးထားတာကြောင့် တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ အတွက်ပင်မ BBC ဝက်ဘ်ဆိုက်နဲ့ လုံးဝကွာခြားနေခဲ့ပါတယ်။ ဂါဇာမှာသေဆုံးသူအရေအတွက်နဲ့ ပတ်သက်လို့လည်း ဟားမားစ်ရဲ့ စွပ်စွဲချက်တွေ အတိုင်း BBC က တစ်ဖက်သတ်မမျှမတဖော်ပြပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီစွပ်စွဲချက်တွေဟာ ဝါဒဖြန့်ချိရေးအတွက် ချဲ့ကားပြောဆိုထားတာတွေသာဖြစ်ပြီး အဲဒီမမှန်ကန်တဲ့ စွပ်စွဲချက်တွေပေါ်မှာ အခြေခံပြီးတော့ပဲ နိုင်ငံတကာတရားရုံး (ICJ) ကလည်း လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေတယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
BBC ရုပ်မြင်သံကြားဌာနရဲ့ ညွှန်ကြားရေးမှူး ဟောင်းတစ်ဦးဖြစ်သူ ဒန်နီကိုဟင်ကတော့ BBC ဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတစ်ခု မဟုတ်တော့ဘူးဆိုတာ ထင်ရှားနေပြီဖြစ်ပြီး တာဝန်ရှိသူတွေအနေနဲ့ ခေါင်းငိုက်စိုက်ချရှက်ရွံ့စွာနဲ့ နုတ်ထွက်သင့်ကြပြီလို့ဆိုခဲ့ပါတယ်။ အခုတော့ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့အတိုင်း BBC ရဲ့ ဒီဂျီနဲ့ စီအီးအိုတို့ နုတ်ထွက်သွားကြပါပြီ။
ဖြတ်ညှပ်ကပ်ပုံဖျက်ထုတ်လွှင့်မှု
ဒါပေမယ့် ဒီဇာတ်လမ်းမှာ နောက်တစ်မှုကျန်နေပါသေးတယ်။ အဲဒါကတော့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ရဲ့ သတင်းကို BBC က လိုသလိုဖြတ်ညှပ်ကပ် ပုံဖျက်ထုတ်လွှင့်ခဲ့တဲ့အမှုပါ။ ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်ပြောခဲ့တဲ့မိန့်ခွန်းကို ဖြတ်တောက်ပြီး ဆူပူအောင်လှုံ့ဆော်ပြောကြားတဲ့ အသွင်ဖြစ်အောင် လုပ်ကြံထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ Panorama (မြင်ကွင်းကျယ်) ဆိုတဲ့ မှတ်တမ်းရုပ်သံအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတထရမ့်ရဲ့ ဥပဒေရေးရာအဖွဲ့က ဘီဘီစီကို စာတစ်စောင်ပေးပို့ပြီး “ပြည့်စုံ၍ တရားမျှတသည့် ရုပ်သိမ်းကြောင်း ကြေညာချက်”ကို နိုဝင်ဘာလ ၁၄ ရက် သောကြာနေ့ ည ၁၀ နာရီ GMT (ညနေ ၅ နာရီ EST) နောက်ဆုံးထားပြီး ထုတ်ပြန်ပေးဖို့ တောင်းထားလိုက်ပါတယ်။ တရားမျှတတဲ့ ဒီအခွင့်အရေးကို အကောင်အထည်ဖော်ဖို့အတွက် ဘီဘီစီက ပျက်ကွက်ခဲ့ရင် ဒေါ်လာ ၁ ဘီလီယံ (ပေါင် သန်း ၇၆၀) လျော်ကြေးပေးဖို့ တရားစွဲခံရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဘီဘီစီနဲ့ သူ့ရဲ့သတင်းသမားတွေမှာ ဘက်လိုက်မှု၊ အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်စကားအပေါ် ယူကေအစိုးရအဖွဲ့ ထဲကလူတွေက ငြင်းဆိုနေကြရတာဟာ မလုံ့တလုံနဲ့ ကာနေကြရပုံပါပဲ။
ကမ္ဘာပေါ်မှာ သတင်းမီဒီယာလုပ်ငန်း စတင်ပေါ်ပေါက်လာတဲ့ မူလဇာတိဟာ ဥရောပဖြစ်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေဟာ ဆရာကျတယ်လို့ ဆိုရမှာဖြစ်ပြီး ကမ္ဘာ့သတင်းလောကတစ်ခုလုံးကိုလည်း လွှမ်းမိုးထားနိုင်ခဲ့တာပါ။ အဲဒီထဲမှာမှ ဗြိတိသျှသတင်းလောကဟာ သက်တမ်းအရင့်ဆုံး ထဲမှာပါဝင်ပြီး စည်းစနစ်ကျနမှု အရှိဆုံးလို့လည်း ဆိုကြပါတယ်။ ဗြိတိသျှအသံလွှင့်ကုမ္ပဏီအဖြစ် ၁၉၂၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ BBC ဟာ လည်း သက်တမ်းအားဖြင့် ၁၀၃ နှစ် ရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်တွေ၊ ကျင့်ဝတ်တွေ၊ စံနှုန်းတွေနဲ့ ထိန်းချုပ်ကာရန်ထားတဲ့ သတင်းဌာနတစ်ခုအနေနဲ့ တစ်ဖက်မှာ ယုံကြည်မှုကို ရယူထားပြီး အခြားတစ်ဖက်မှာတော့ သတင်းဖြစ်ရပ်တွေကို လိုသလိုပုံဖော်ပြီး ကမ္ဘာကြီးကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာမျိုး အနောက်နိုင်ငံတွေရဲ့ မီဒီယာတွေက ဖန်တီးနေကြတာပါ။
ကမ္ဘာပေါ်မှာ အင်မတန်လူသိနည်းတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံဟာ BBC အပါအဝင် အနောက်မီဒီယာတွေရဲ့ မမှန်မကန်ရေးသား ဖော်ပြထုတ်လွှင့်တဲ့ ဒဏ်ကို နှစ်ပေါင်းများစွာခံခဲ့ရပြီး ဆိုးရွားတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်တာကို ခံခဲ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူပုဂ္ဂိုလ်တစ်ဦးဦးကို လိုရင်လိုသလို၊ မလိုရင်မလိုသလို ထုတ်လွှင့်ဖော်ပြတဲ့နေရာမှာတော့ အယ်ဒီတာဂိုက်လိုင်းတွေ၊ ကျင့်ဝတ်တွေ၊ စံနှုန်းတွေ ဘယ်နားသွားချိတ်ထားသလဲလို့ မေးရမယ့်အဖြစ်မျိုးဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းနဲ့ပတ်သက်ပြီး မိမိတို့အနေနဲ့ ဘယ်လိုပဲရေးလိုက် ရေးလိုက် BBC ရဲ့ သတင်းခန်းကိုရောက်သွားတာနဲ့ အယ်ဒီတာတွေက လိုသလိုပုံဖော်တည်းဖြတ်လိုက်ကြတယ်လို့ ဌာနေသတင်းထောက်တစ်ယောက်က ပြောပြတာ ကြားခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် နိုင်ငံပြင်ပမှာ ပျံ့နှံ့နေတဲ့သတင်းတွေဟာ နိုင်ငံကို ဆန့်ကျင်ပုန်ကန်နေကြတဲ့ လူတွေ၊ အဖွဲ့အစည်းတွေရဲ့ အခြေအမြစ်မရှိ၊ မှန်ကန်ခိုင်မာကြောင်း သက်သေမပြနိုင်တဲ့ အချက်အလက်တွေကို အခြေခံပြီး လိုသလိုဆွဲ ရေးသားဖော်ပြထုတ်လွှင့်နေကြတာဖြစ်ပြီး United Nations (UN) အဖွဲ့အစည်းမျိုးကလည်း အဲဒီသတင်းတွေကိုပဲ အသုံးပြုနေတာဖြစ်လို့ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် တစ်ဖက်စောင်းနင်း လွဲမှားနေတာတွေဟာ အခုအစ္စရေးခံနေရသလိုပါပဲ။
တကယ်မဖြစ်၊ သတင်းအမှန်မဟုတ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၇ နှစ်၊ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေခဲ့တဲ့ ရှစ်လေးလုံးအရေးအခင်းကာလမှာ BBC ရဲ့ ပါဝင်ပတ်သက်မှုဟာ နက်ရှိုင်းခဲ့ပါတယ်။ အဲဒီတုန်းက BBC သတင်းထောက် ခရစ္စတိုဖာဂန်းနက်ဆိုသူဟာ အရေးအခင်းမဖြစ်မီ ရက်သတ္တနှစ်ပတ်လောက်အလိုမှာ မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီး ပြည်တွင်းက ရှေ့နေတစ်ယောက်ကို သတင်းပေးအဖြစ် ချိတ်ဆက်ထားခဲ့ပါတယ်။ သူဟာ ပြည်တွင်းက ပေးပို့တဲ့သတင်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့ကနေ အခြေစိုက်ရယူပြီး BBC ကနေ ထုတ်လွှင့်နေခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းကနေပေးပို့နေတဲ့ သတင်းသမားက ဗဟိုတရားရုံးရှေ့နေ ဦးနေမင်း (သရက်) ဆိုသူဖြစ်ပြီး သူပေးပို့တဲ့ သတင်းဆိုတာတွေဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ သတင်းအစစ်အမှန်တွေမဟုတ်ဘဲ သူ့ရဲ့ အတ္တနောမတိတွေ၊ သူ့ရဲ့ စိတ်ခံစားချက်တွေ၊ သူဖြစ်စေချင်တဲ့အတိုင်းဖြစ်လာအောင် လှုံ့ဆော်မှုတွေဖြစ်တယ်လို့ နောင်အခါမှာ စာအုပ်တစ်အုပ်ရေးသားထုတ်ဝေပြီး ဖွင့်ချခဲ့ဖူးပါတယ်။
အဲဒီစာအုပ်ထဲမှာ သူက ၁၉၈၈ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံမှ သတင်းများကို နိုင်ငံခြားသို့ ပေးပို့ခဲ့ရာမှာ မိမိမြင်တွေ့ကြားသိခဲ့ရတဲ့ သတင်းအချက်အလက်တွေကို ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်မျှမျှတတ၊ အရှိကိုအရှိအတိုင်း ရိုးရိုးသားသားတင်ပြခဲ့သူမဟုတ်တဲ့အကြောင်း၊ မိမိဖြစ်စေချင်တဲ့ ကြိုတင်နိမိတ်ပြပုံရိပ်တွေကို သတင်းအဖြစ်ဖော်ထုတ်ပြီး လူ့အဖွဲ့အစည်းတစ်ခုကို ယင်းနိမိတ်ပုံရိပ်များအတိုင်း လုပ်ဆောင်လာအောင် လှုံ့ဆော်မှုပြုရာရောက်သည့်၊ အာပတ်သင့်သည့် သတင်းများကိုလည်း ပေးပို့ခဲ့သူဖြစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် ထင်ရှားသော ကိန်းတဘောင်ဖြစ်သည့် ရှစ်လေးလုံးဆုံရာ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကျောင်းသားလူငယ်များ ဦးဆောင်၍ တစ်ပြည်လုံးအတိုင်းအတာဖြင့် လူထုတစ်ရပ်လုံးက ဒီမိုကရေစီတောင်းဆိုပွဲကြီး ကျင်းပမည်ဟူသော သတင်းကို ဒါကာရှိ ခရစ္စတိုဖာဂန်းနက်ထံ ၁၉၈၈ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် ပေးပို့ခဲ့ကြောင်း၊ ထိုသတင်းကို မည်သည့်ကျောင်းသားပုဂ္ဂိုလ် အဖွဲ့အစည်းနှင့်မျှ နှီးနှောတိုင်ပင် အတည်ပြုချက်ရယူရေးသားခြင်းမဟုတ်ဘဲ စိတ်ခံစားချက်အရ သုံးသပ်၍ ခန့်မှန်းရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအပိုင်တွက်ဆပြီး ရှစ်လေးလုံးနေ့တွင် လူထုဆန္ဒပြပွဲကြီးဖြစ်မည်ဟု BBC မှတစ်ဆင့် ကြေညာပြီးမှ မဖြစ်ခဲ့လျှင်ဆိုသောအတွေးသည် စာရေးသူအား ခြောက်လှန့်နေခဲ့ကြောင်းစတာတွေကို သူ့ရဲ့စာအုပ်ထဲမှာ ဖွင့်ဟဝန်ခံထားခဲ့ပါတယ်။
သတင်းအတုနဲ့လုပ်တဲ့ မတည်မငြိမ်မှု
အဲဒီကာလကို ကောင်းစွာသိမီခဲ့သူတွေအနေနဲ့ မှတ်မိကြဦးမှာပါ။ BBC ရဲ့ ပြည်တွင်းသတင်းထောက်ဆိုသူက တကယ်မဟုတ်ဘဲ စိတ်ကူးနဲ့ ရေးပို့လိုက်တာတွေကို အချက်အလက်တွေ စိစစ်တာ၊ ဆန်းစစ်တာ၊ အတည်ပြုတာတွေ လုံးဝမလုပ်ဘဲ BBC ပြည်ပသတင်းထောက်က အိမ်နီးချင်းတိုင်းပြည်တစ်ခုကနေလက်ခံ၊ လန်ဒန်မှာရှိတဲ့ BBC ဌာနချုပ်ကို လှမ်းပို့၊ ရှစ်လေးလုံးနေ့မှာ လူထုဆန္ဒပြပွဲကြီးလုပ်မယ့်အကြောင်း အကြိမ်ပေါင်းများစွာထုတ်လွှင့် စသဖြင့်လက်တစ်ဆုပ်စာ မပြည့်တဲ့လူတစ်စုနဲ့ အသံလွှင့်ဌာနတစ်ခုရဲ့ မြှောက်ထိုးပင့်ကော်လှုံ့ဆော်မှုတွေကြောင့် ရှစ်လေးလုံးနေ့မှာ အရေးအခင်းကြီး တကယ်ဖြစ်လာခဲ့တာဟာ အဲဒီတုန်းက သိမီသူတွေကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ အဲဒီ စာအုပ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရဆိုရင် ၈၈ အရေးအခင်းနဲ့ပတ်သက်လို့ BBC ရဲ့ ထုတ်လွှင့်မှုတွေမှာ အယ်ဒီတာဂိုက်လိုင်းတွေ၊ ကျင့်ဝတ်တွေ၊ စံနှုန်းတွေကို အရိပ်အယောင်တစ်စွန်းတစ်စတောင်မတွေ့ရဘဲ မြန်မာနိုင်ငံမတည်မငြိမ်ဖြစ်အောင် သတင်းအတုတွေနဲ့ ဖန်တီးခဲ့တယ်ဆိုတာကိုသာ တွေ့ရမှာဖြစ်ပါတယ်။
သတင်းဆိုတာ မီဒီယာကနေတစ်ဆင့် လူထုဆီပျံ့နှံ့သွားပြီးတာနဲ့ ပြီးဆုံးသွားတာမဟုတ်ဘဲ ဂယက်ရိုက်ခတ်တာ၊ အကျိုးသက်ရောက်မှု တစ်ခုခုဖြစ်တာ စသည်ဖြင့် ဖြစ်ပေါ်တတ်တဲ့ တန်ခိုးဩဇာရှိပါတယ်။ ဒါ့အပြင် လူတွေရဲ့ စိတ်ဝင်စားမှုသဘာဝကလည်း ကောင်းတာထက် ဆိုးတာ၊ ဖြစ်တာထက်ပျက်တာ၊ ပုံမှန်ထက် ပုံမှန်မဟုတ်တာကိုသာ စိတ်ဝင်စားတတ်ကြတာကို ဟိုးရှေးပဝေသဏီ ၁၇ ရာစုလောက်ကတည်းက သတင်းလုပ်ငန်းနဲ့ စီးပွားရှာတတ်ခဲ့ကြတဲ့ အနောက်နိုင်ငံတွေက မီဒီယာတွေက ကောင်းကောင်းကြီး သိထားကြပါတယ်။ ဒါကြောင့် နိုင်ငံတကာအရေးအခင်းတွေ၊ တချို့ပြည်တွင်းရေးကိစ္စတွေမှာ အဲဒီမီဒီယာတွေက ဝင်ရောက်မွှေနှောက်၊ မီးလောင်ရာလေပင့် လုပ်လေ့ရှိကြပြီး တချို့အခြေအနေ ဆိုးဆိုးရွားရွားဖြစ်ကုန်တာဟာ သူတို့ရဲ့စနက် မကင်းပါဘူး။
လတ်တလော ကမ္ဘာ့ဖြစ်ရပ်တွေမှာကြည့်ရင် ရုရှား-ယူကရိန်း၊ အစ္စရေး-ဟားမားစ်စတဲ့ အရေးအခင်းဖြစ်ရပ်တွေမှာ သူတို့ပုံဖော်ပြသထားတဲ့အတိုင်းပဲ ကမ္ဘာ့ပြည်သူတွေက မြင်နေ၊ ကြားနေ၊ ယုံနေကြရတာဖြစ်ပါတယ်။ အခုပေါ်ထွက်လာခဲ့တဲ့ BBC ရဲ့ သတင်းလုပ်ကြံမှုတွေမှာ ဆိုရင်လည်း အမေရိကန်ပြည်သူအများစုရဲ့ ဆန္ဒမဲနဲ့ တက်လာခဲ့တဲ့ သမ္မတဒေါ်နယ်ထရမ့်ကို လူဆိုး၊ လူသွမ်း၊ တို့မီးရှို့မီးလုပ်သူကြီးအဖြစ် သတင်းပရိသတ်တွေမြင်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် BBC (အာရဗီ) ရဲ့ တစ်ဖက်စောင်းနင်း အသားပေးထုတ်လွှင့်ဖော်ပြမှုတွေက နိုင်ငံအများအပြားမှာ အစ္စရေးနိုင်ငံတော်အလံတွေကို မြေပေါ်ချတက်နင်းတာ၊ UN အထွေထွေညီလာခံမှာ အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောမယ့်အလှည့်မှာ ကိုယ်စားလှယ်အများအပြားက ဘွိုင်းကောက်လုပ်ပြီး ထွက်သွားခဲ့ကြတာ၊ အစ္စရေးပြည်သူတွေကို ရက်စက်သူ၊ ရိုင်းစိုင်းသူ၊ ခက်ထန်မာကြောသူတွေလို့ ရှုမြင်လာကြတာစတဲ့ အကျိုးဆက်တွေ ဖြစ်လာစေတယ်ဆိုရင် မမှားပါဘူး။ ဒီလိုလုပ်ရပ်တွေကို BBC သာမက ကမ္ဘာတစ်ဝန်းလုံးကို ဖြန့်ကြက်လွှမ်းမိုးထားတဲ့ အင်အားကြီးအနောက်မီဒီယာတွေ အကုန်လုံးက လုပ်နေကြတာဖြစ်ပါတယ်။
ပြောတိုင်းယုံနေကြမှာလား
နိဂုံးချုပ်အားဖြင့် ဆိုရရင်တော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုဝင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး BBC ကိုပေးထားတဲ့ ရာဇသံရဲ့ နောက်ဆက်တွဲ ဆက်ဖြစ်နေတာတွေကို စိတ်ဝင်တစားစောင့်ကြည့်နေကြပါကြောင်းနဲ့ အစ္စရေးရဲ့ တုံ့ပြန်မှုဘယ်လိုရှိမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ သင်ခန်းစာယူစရာအနေနဲ့ကတော့ သတင်းမီဒီယာတွေက ထုတ်လုပ်ဖြန့်ချိသမျှ သတင်းတွေအပေါ် အရင်းအတိုင်းမယုံကြဖို့၊ အခြားရှုထောင့်တွေကပါ ရှုမြင်သုံးသပ်ကြဖို့ပါပဲ။ ဒီလိုအရည်အချင်းမျိုးရှိနိုင်ဖို့အတွက် သတင်းပရိသတ်တွေမှာ သတိနဲ့အတူ ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားတို့ပါ လိုအပ်ပါတယ်။ ဖုံးတစ်ဝက်၊ ဖော်တစ်ဝက်နဲ့ သတင်းမီဒီယာတွေ ဉာဏ်များသမျှ၊ လှည့်စားသမျှ၊ ကျုံးသွင်းမောင်းနှင်သမျှ လိုက်ပါမခံစားကြရအောင် ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုတွေမဖြစ်ကြရအောင် လူတိုင်း Media Literacy ခေါ်တဲ့ သတင်းသိနားလည်နိုင်မှုစွမ်းရည်ကို မြှင့်တင်ထားကြရမှာဖြစ်ကြောင်းပါဗျား။ ။
