တရုတ်နိုင်ငံ၏ အောင်မြင်မှုသော့ချက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား
မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီအကြိမ်(၂၀)မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ပေကျင်းမြို့တွင် ကျင်းပခဲ့ပြီး “တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်းချမှတ်ခြင်းဆိုင်ရာအကြံပြုချက်” ကို သုံးသပ်အတည်ပြုခဲ့ပါသည်။
၁၉၅၃ ခုနှစ်မှ ယနေ့အထိ တရုတ်နိုင်ငံသည် ငါးနှစ်စီမံကိန်း ၁၄ ခု ရေးဆွဲအကောင်အထည်ဖော် ခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်တိုက်ကြိုးပမ်းမှုဖြင့် ကမ္ဘာပေါ်တွင် ရှားပါးသော စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးရေရှည် တည်ငြိမ်မှု၏ အံ့သြဖွယ်ရာများကို ဖန်တီးခဲ့ပါသည်။ မြန်မာမိတ်ဆွေများက တရုတ်ပုံစံ ခေတ်မီဖွံ့ဖြိုးမှု ၏ အောင်မြင်မှုလျှို့ဝှက်ချက်နှင့် တရုတ်ကွန်မြူနစ် ပါတီ၏ နိုင်ငံအုပ်ချုပ်မှုအတွေ့အကြုံအကြောင်းကို ကျွန်မအားမေးမြန်းခဲ့ကြသည်။ ကျွန်မက တရုတ်လမ်းကြောင်း၊ တရုတ်စီမံခန့်ခွဲမှု၊ တရုတ်အယူအဆဟူသော ရှုထောင့်သုံးရပ်မှ ကိုယ်ပိုင်အမြင်များကို မျှဝေလိုပါသည်။
အောင်မြင်မှုလျှို့ဝှက်ချက်
၁။ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုသည် တရုတ်နိုင်ငံကို အင်အားကြီးမားသော နိုင်ငံအဖြစ် တည်ဆောက်ရေး၊ တိုင်းရင်းသားများ ပြန်လည်ထွန်းကားရေး စသည့်ကိစ္စရပ်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် အရေးအကြီးဆုံးသော အောင်မြင်မှုလျှို့ဝှက်ချက်ဖြစ်ပါသည်။
တရုတ်ကွန်မြူနစ်ပါတီကို ၁၉၂၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့်အချိန်အထိ အချိန်ကာလအများစုတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အင်အားသည် ၎င်း၏ပြိုင်ဘက်များထက် အလွန်နည်းပါးခဲ့ပါသည်။ ဒါပေမယ့် ဘာကြောင့် ဒီလိုပါတီ တစ်ခုက ၂၈ နှစ်အတွင်း တရုတ်တစ်နိုင်ငံလုံးကို အနိုင်ရခဲ့ပါသလဲ။ ဘာကြောင့် ဒီလိုပါတီတစ်ခုက တည်ထောင်စက ပါတီဝင် ၅၀ ကျော်မှ ယနေ့ပါတီဝင် သိန်း ၁၀၀၀ ကျော်အထိကြီးထွားလာနိုင်ခဲ့သလဲ။ ဘာကြောင့်ဒီလိုပါတီတစ်ခုက တရုတ်နိုင်ငံတည်ထောင်ပြီးနောက် နှစ် ၇၀ ကျော်ခရီးတွင် တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအားလုံးကို ညီညွတ်စွာဦးဆောင်ကာ ကမ္ဘာကနှစ်သက်ပြီး ထင်ရှားသော အောင်မြင်မှုများ ရရှိနိုင်ခဲ့သလဲ။
အဘယ်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီတွင် မည်သည့်ကိုယ်ကျိုးစီးပွားမျှမရှိသောကြောင့် ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူလူထုအများစု၏ အခြေခံအကျိုးစီးပွားကို အမြဲတမ်းကိုယ်စားပြုပြီး ပြည်သူများနှင့် ဝမ်းနည်းဝမ်းသာမှုကို အတူခံစား၍ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အတူရင်ဆိုင်ကာ မိမိတို့၏ အထူးအကျိုးစီးပွားများမရှိဘဲ မည်သည့်အကျိုးစီးပွားအုပ်စု၊ အာဏာအုပ်စု၊ အခွင့်ထူးလွှာများ၏ အကျိုးစီးပွားကို မည်သည့်အခါမှ ကိုယ်စားပြုခြင်းမပြုပါ။ တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူလူထု၏ ရပ်တည်ချက်ကို အမြဲတမ်း ခိုင်မာစွာစောင့်ထိန်းထားသည့်အတွက် ရှုံးနိမ့်ခြင်းမရှိ သောအခြေအနေတွင် တည်ရှိနေနိုင်ခြင်းဖြစ်ပါသည်။
သွေးနှင့် အသက်ဖြင့် ယုံကြည်ချက်၏ အင်အားကိုပြသ
အဘယ်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီသည် ယုံကြည်ချက်ကို စောင့်ထိန်းသောကြောင့် ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ကိုယ်ကျိုးစီးပွားအတွက် ပေါင်းစည်းထားသော နိုင်ငံရေးပါတီမဟုတ်ဘဲ မာ့က်စ်ဝါဒယုံကြည်ချက်၊ ကွန်မြူနစ်ဝါဒ၏ ကြီးမားသောရည်မှန်းချက်၊ တရုတ်ဝိသေသ လက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒ၏ ဘုံရည်မှန်းချက်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီဖြစ်ပါသည်။ တရုတ်နိုင်ငံ လွတ်လပ်ရေးရယူရာတွင် ဖွံ့ဖြိုး တိုးတက်မှုဖော်ဆောင်သော လမ်းခရီးတွင် လူထောင်ပေါင်းများစွာက ရည်မှန်းချက်နှင့် ယုံကြည်ချက်တို့ အတွက် အသက်ကို လျစ်လျူရှု၍ မည်သည့် အခက်အခဲကိုမျှ လက်မလျှော့ဘဲ သွေးနှင့်အသက်ဖြင့် ယုံကြည်ချက်၏ အင်အားကို ပြသခဲ့ကြပါသည်။
ပါတီ၏အလုပ်စတိုင်နှင့် အစိုးရ၏ပုံစံကို အသစ်ပြောင်းလဲ
အဘယ်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီသည် မိမိကိုယ်ကို ရဲဝံ့စွာတော်လှန်ပြုပြင်သော ကြောင့်ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် အမှားများ ကျူးလွန်ခဲ့ဖူးသော်လည်း မိမိတို့ရှိနေသော ပြဿနာများကို ရဲဝံ့စွာရင်ဆိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ (၁၈)ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်ပြီးဆုံးပြီးနောက် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်အား ဗဟိုပြုသည့် ပါတီ ဗဟိုကော်မတီက အလုပ်စတိုင်တိုးတက်ကောင်းမွန်ရေး၊ ပြည်သူလူထုနှင့် ရင်းနှီးစွာ ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်း ၈ ချက်ကို ရေးဆွဲခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် ဆက်လက်လိုက်နာကျင့်သုံးကာ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရဲသော ရဲဝံ့မှုနှင့် ဆုံးဖြတ်ချက်ဖြင့် ပါတီ၏ အလုပ်စတိုင်နှင့် အစိုးရ၏ ပုံစံကို လုံးလုံးလျားလျား အသစ်ပြောင်းလဲစေ ခဲ့ပြီး လူမှုရေးနှင့် ပြည်သူရေးရာ ထုံးတမ်းစဉ်လာများကို ဆက်တိုက်တိုးတက်ကောင်းမွန်စေကာ တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးမျက်နှာသွင်ပြင်ကို နက်နဲစွာ ပြောင်းလဲစေခဲ့ပါသည်။
၂။ တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒစနစ်သည် တရုတ်စီမံခန့်ခွဲမှု၏ အားကောင်းသော အသက်ရှင်စွမ်းအားနှင့် အင်အားကြီးမားသော တီထွင်စွမ်းရည်ကို ဖန်တီးပေးခဲ့ပါသည်။
တရုတ်နိုင်ငံသည် တိုတောင်းသော မူဝါဒများ မချမှတ်
တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒစနစ်သည် အင်အားစုစည်းကာ ကြီးမားသောအလုပ်များကို လုပ်ဆောင်နိုင်ပါသည်။ နိုင်ငံတည်ထောင်စက ကန့်သတ်ထားသော လူအင်အား၊ ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာရေးကို တိုတောင်းသော အချိန်အတွင်း စုစည်းကာလွတ်လပ်သော စက်မှုစနစ်နှင့် အမျိုးသားစီးပွားရေးစနစ်ကို ဖွဲ့စည်းခြင်းမှသည် ကြီးမားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာသောအခါ အရင်းအမြစ်များကို စုစည်းကာ ထိရောက်စွာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းအထိ ဤစနစ်သည် အခြေအနေတစ်ခုလုံးကို ချုပ်ကိုင်၍ ဘက်ပေါင်းစုံနှင့် ညှိနှိုင်းကာ အတူတကွ ရင်ဆိုင်နိုင်ပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် တိုတောင်းသော မူဝါဒများ မချမှတ်ဘဲ၊ နောက်ကြောင်းပြန်ခြင်းများ မပြုလုပ်ဘဲ အစီအစဉ်တစ်ခုတည်းကို နောက်ဆုံးအထိ အကောင်အထည်ဖော်ကာ ငါးနှစ်စီမံကိန်းများကို ဆက်တိုက်ရေးဆွဲအကောင်အထည်ဖော်ခြင်းကို စောင့်ထိန်း၍ ပန်းတိုင်ကိုလက်မလျှော့ဘဲ တရုတ်ပုံစံ ခေတ်မီဖွံ့ဖြိုးမှု၏ အခြေအနေသစ်ကို ဖွင့်လှစ်ခဲ့ပါသည်။
စီးပွားရေး၏ အခြေအနေကို ကိုယ်စားပြုသော လျှပ်စစ်မီတာ အချက်အလက်များကို အရင်ကြည့်ကြပါစို့။ ၁၉၇၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုသည် ၂၈၂ ဘီလီယံကီလိုဝပ် နာရီသာရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၉ ထရီလီယံ ကီလိုဝပ်နာရီအထိတိုးတက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ သုံးပုံတစ်ပုံရှိပြီး ဒုတိယအဆင့်နေရာရှိ အမေရိကန်၏ ၂ ဒသမ ၅ ဆ၊ တတိယအဆင့်ရှိ အိန္ဒိယ၏ ၅ ဆ၊ စတုတ္ထအဆင့်ရှိ ရုရှား၏ ၉ ဆနှင့် ညီမျှပါသည်။ ယခုနှစ် ဇူလိုင်လတွင် တရုတ်လူ့အဖွဲ့ အစည်းတစ်ခုလုံး၏ လျှပ်စစ်သုံးစွဲမှုသည် ၁၀၂၂ ဒသမ ၆ ဘီလီယံ ကီလိုဝပ်နာရီရရှိခဲ့ပြီး ယင်းသည်သမိုင်းတစ်လျှောက် ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခု၏ လစဉ်လျှပ်စစ်သုံးစွဲမှုသည် ထရီလီယံကီလိုဝပ်နာရီ ကျော်လွန်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အာဆီယံ နိုင်ငံအားလုံး၏ တစ်နှစ်တာ လျှပ်စစ်သုံးစွဲမှု စုစုပေါင်းနှင့် ညီမျှပါသည်။
လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ ကျော်သည့် နိုင်ငံတစ်ခုဖြစ်
အထက်ဖော်ပြပါ လျှပ်စစ်အချက်အလက်များသည် တရုတ်စီးပွားရေး ရေရှည်တည်ငြိမ်၍ တိုးတက်လာသော အခြေခံအခြေအနေကို ထင်ဟပ်စေပါသည်။ ၁၉၇၉ မှ ၂၀၂၃ ခုနှစ်အထိ တရုတ်စီးပွားရေး နှစ်စဉ် ပျမ်းမျှ ၈ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်း ပျမ်းမျှ ၃ ရာခိုင်နှုန်း ထက် များစွာမြင့်မားကာ ကမ္ဘာ့စီးပွားရေးတိုးတက် မှုအတွက် တရုတ်နိုင်ငံ၏ နှစ်စဉ်ပျမ်းမျှ ပံ့ပိုးကူညီမှု နှုန်းထားသည် ၂၄ ဒသမ ၈ ရာခိုင်နှုန်းရရှိကာ ကမ္ဘာ၏ပထမဆုံးနေရာတွင် ရပ်တည်နေပါသည်။ တရုတ်ကုန်သွယ်မှုသည် နှစ်ပေါင်းများစွာ ကမ္ဘာ့ပထမဆုံးနေရာတွင် တည်ငြိမ်စွာရှိနေပြီး ပို့ကုန်သွင်းကုန်စုစုပေါင်းပမာဏသည် အပြည်ပြည်ဆိုင်ရာ စျေးကွက်ဝေစု ၁၉၇၈ ခုနှစ်တွင် တစ်ရာခိုင်နှုန်းအောက်မှ ၂၀၂၃ ခုနှစ်တွင် ၁၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါသည်။ ဆယ်စုနှစ်အနည်းငယ် အတွင်း တရုတ်နိုင်ငံသည် အလွန်ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်ခုမှ လူတစ်ဦးချင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၁၃,၀၀၀ ကျော်သည့် နိုင်ငံတစ်ခုအဖြစ် တက်လှမ်းလာခဲ့ပြီး ယင်းသည် လူ့သမိုင်းတွင် ဘယ်တော့မှမတွေ့ဖူးသော ဖွံ့ဖြိုးတိုးတက်မှု အံ့သြဖွယ်ရာ ဖြစ်ပါသည်။
တရုတ်ကုန်ထုတ်လုပ်မှုနယ်ပယ်အတိုင်းအတာသည် ၁၅ နှစ်ဆက်တိုက် ကမ္ဘာ့ပထမဆုံးတွင် ရပ်တည်နေပြီး ကမ္ဘာ့ကုလသမဂ္ဂ စက်မှုအမျိုးအစား ခွဲခြားမှုတွင် စက်မှုနယ်ပယ်အားလုံးကို လုံးလုံးပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပါသည်။ အထူးသဖြင့် “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလတွင် တရုတ်၏ခေတ်မီကုန်ထုတ်လုပ်မှုသည် အရှိန်အဟုန်မြင့် ကြီးထွားလာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စွမ်းအင်သစ်မော်တော်ယာဉ်ထုတ်လုပ်မှု အစီးသိန်း ၁၃၀ ကျော်ရှိကာ ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုသည် ၁၀ နှစ်ဆက်တိုက် ကမ္ဘာ့ပထမဆုံးတွင် ရှိနေပါသည်။
သင်္ဘောတည်ဆောက်မှု
၂၀၂၄ ခုနှစ်တွင် သင်္ဘောတည်ဆောက်မှု ပြီးစီးမှုပမာဏ၊ အော်ဒါအသစ်လက်ခံမှုပမာဏ၊ လက်ရှိအော်ဒါပမာဏသုံးခုစလုံးသည် ကမ္ဘာ့စျေးကွက်ဝေစု ၅၅ ဒသမ ၇ ရာခိုင်နှုန်း၊ ၇၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၆၃ ဒသမ ၁ ရာခိုင်နှုန်း သီးခြားစီရရှိခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုအင်အားသစ် ဆက်တိုက် ကြီးထွားလာကာ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု အရည်အသွေးအရှိန်အဟုန်မြင့်လာခဲ့ပြီး ကမ္ဘာ့ပထမဆုံး စတုတ္ထမျိုးဆက် နျူကလီးယားစွမ်းအား ပေးစက်ရုံသည် စီးပွားရေးအရ လည်ပတ်လာခဲ့ပြီး တရုတ်၏ ပထမဆုံးအာကာသစခန်း "Tiangong Space Station" သည် လုံးလုံးလျားလျား တည်ဆောက်ပြီး လည်ပတ်လာခဲ့ကာ Chang'e ၆ စူးစမ်းလေ့လာရေးယာဉ်သည် ကမ္ဘာ့ပထမဆုံး လ၏ နောက်ကျောဘက်မှနမူနာများကို ယူဆောင်ကာ အောင်မြင်စွာပြန်လာခဲ့ပါသည်။ ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဆန်းသစ်တီထွင်မှု ညွှန်ကိန်းအစီရင်ခံစာအရ တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် အဆင့် ၃၄ နေရာမှ ၂၀၂၅ ခုနှစ်တွင် အဆင့် ၁၀ နေရာသို့ တက်လှမ်းခဲ့ပါသည်။
၃။ တရုတ်အယူအဆ၊ တရုတ်အဆိုပြုချက်များ၊ တရုတ်လုပ်ဆောင်ချက်များသည် ကမ္ဘာ့ပြည်သူများ ၏ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တိုးတက်မှု လိုလားချက်တူညီခြင်းတို့ကို ထင်ဟပ်စေပါသည်။
လူဦးရေ သိန်း ၈၀၀၀ ကျော်ကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေခဲ့
ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုမှကြည့်လျှင် တရုတ်နိုင်ငံသည် လူနည်းစု၏ ချမ်းသာကြွယ်ဝမှုကို ဦးတည်လိုက်စားခြင်းမဟုတ်သလို တစ်သမတ်တည်း ပျမ်းမျှ ဝါဒကိုလည်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူ တစ်ရပ်လုံး၏ အတူတူ ချမ်းသာကြွယ်ဝမှုကို ဖော်ဆောင်ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် “လူတစ်ဦးမျှ နောက်ကျကျန်ရစ်ခွင့်မပြု၊ ဒေသတစ်ခုမျှ ပြိုကျခွင့်မပြုဟူသော အယူအဆကို ကိုင်စွဲကာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးစစ်ပွဲတွင် အောင်နိုင်ခဲ့ပြီး ဆင်းရဲသားလူဦးရေ သိန်း ၈၀၀၀ ကျော်ကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေခဲ့ကာ တရုတ်ပုံစံခေတ်မီဖွံ့ဖြိုးမှု တည်ဆောက်ရေးရလဒ်များကို ပြည်သူတစ်ရပ်လုံးအား တရားမျှတစွာ ရရှိစေခဲ့ပါသည်။
ကမ္ဘာ့အကြီးဆုံး လူမှုဖူလုံရေးစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လူမှုဖူလုံရေးစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တည်ဆောက်ခဲ့ပြီး နေထိုင်သူများ၏ ပျမ်းမျှသက်တမ်း မျှော်လင့်ချက်သည် ၁၉၄၉ ခုနှစ်တွင် ၃၅ နှစ်မှ ၁၉၈၁ ခုနှစ်တွင် ၆၈ နှစ်သို့ တိုးတက်ခဲ့ပြီး နောက်ထပ် ၂၀၂၄ ခုနှစ်တွင် ၇၉ နှစ်သို့ မြင့်တက်လာခဲ့ပါသည်။ ငြိမ်းချမ်းသော တရုတ်နိုင်ငံ တည်ဆောက်ရေးအောင်မြင်မှု သည် ထင်ရှားပြီး တရုတ်နိုင်ငံသည် ကမ္ဘာက အသိအမှတ်ပြုသော လုံခြုံမှုအရှိဆုံးနိုင်ငံများထဲမှ တစ်ခု ဖြစ်လာခဲ့ပါသည်။ Gallup ၏ “၂၀၂၅ ခုနှစ် ကမ္ဘာ့လုံခြုံရေးအစီရင်ခံစာ” တွင် တရုတ်နိုင်ငံ၏ “ညဘက်တစ်ဦးတည်း လမ်းလျှောက်ရာတွင် လုံခြုံမှုညွှန်ကိန်း” သည် ကမ္ဘာ့တတိယနေရာတွင် ရပ်တည်နေပြီး “ဥပဒေနှင့် စည်းမျဉ်းညွှန်ကိန်း” သည် ကမ္ဘာ့စတုတ္ထ နေရာ၌ ရပ်တည်နေပါသည်။
နိုင်ငံခြားဆက်ဆံရေးမှကြည့်လျှင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အတူတကွအဆိုပြုခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် အခြေခံမူများသည် ခေတ်သစ်နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းများနှင့် နိုင်ငံတကာဥပဒေ အခြေခံမူများဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံ အဆိုပြုခဲ့သော လူသားမျိုးနွယ်အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအယူအဆသည် တရုတ်အဆိုပြုချက်မှ နိုင်ငံတကာသဘောတူညီချက်အဖြစ် ချဲ့ထွင်လာခဲ့ပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို ခိုင်မာစွာကာကွယ်ထိန်းသိမ်း
တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခိုင်မာစွာကာကွယ်ထိန်းသိမ်းကာ “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စောင့်ထိန်းခြင်း” ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းထားသော ကမ္ဘာပေါ်တွင် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီးနျူကလီးယားစွမ်းအားရှိသော ၅ နိုင်ငံထဲတွင် နျူကလီးယားလက်နက်ကို ဦးစွာအသုံးမပြုရန် ကတိပြုထားသော တစ်ခုတည်းသော နိုင်ငံဖြစ်ပါ သည်။ တရုတ်နိုင်ငံသည် ပဋိပက္ခများကို ဖြေရှင်းရန်ကြိုးပမ်းကာ ဆော်ဒီအာရေဗျ၊ အီရန်တို့ သမိုင်းဝင် ဆက်ဆံရေးပြန်လည်ထူထောင်မှုနှင့် ပါလက်စတိုင်း အတွင်းပိုင်း ပြန်လည်သင့်မြတ်ရေးတွင် ကူညီခဲ့ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းတို့ နယ်နိမိတ်အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ တွန်းအားပေးကာ အရည်အသွေးမြင့် "Belt and Road" ပူးပေါင်းတည်ဆောက်ရေးကို အဆိုပြုခဲ့ပြီး Asian Infrastructure Investment Bank (AIIB)၊ Silk Road Fund ၊ New Development Bank နှင့် International Organization for Mediation စသည့် တံခါးဖွင့်လှစ်သော ပူးပေါင်း ဆောင်ရွက်မှုပလက်ဖောင်းများ တည်ထောင်ရန် တွန်းအားပေးခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ပိုင်း စည်းလုံးညီညွတ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကတိကဝတ်ပြုကာ ဖန်တီးထားသော “ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်-တောင် ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ” သည် စီမံကိန်း ၁၈၀ ကျော် အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီခဲ့ပြီး လူပေါင်း သိန်း ၃၀၀ ကျော်ကို အကျိုးပြုခဲ့ပါသည်။
တရုတ်နိုင်ငံသည် ခြိမ်းခြောက်မှုများကို မကြောက်ဘဲ တည်ငြိမ်စွာရင်ဆိုင်
တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်းကို အဓိကထားသော ဘက်စုံကုန်သွယ်မှုစနစ်ကို ခိုင်မာစွာကာကွယ်ထိန်းသိမ်းကာ အချို့နိုင်ငံများ၏ ဆန့်ကျင်ဘက်လုပ်ရပ်များ၊ အကန့်အသတ်မဲ့ အခွန် တိုးမြှင့်ခြင်းများကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် ခြိမ်းခြောက်မှုများကို မကြောက်ဘဲ တည်ငြိမ်စွာ ရင်ဆိုင်ကာ တစ်ချိန်တည်းမှာပင် အဆင့်မြင့်တံခါး ဖွင့်လှစ်မှုကို ဆက်လက်တွန်းအားပေးပြီး အလွန်ကြီးမားသော ပြည်တွင်းစျေးကွက်အခွင့်အလမ်းများကို တက်ကြွစွာ မျှဝေကာ ကုန်သွယ်မှုကာကွယ် စောင့်ရှောက်ရေးဝါဒ ဆန့်ကျင်ရေးစီးကြောင်းတွင် “တည်ငြိမ်မှု ကျောက်ဆူး” ဖြစ်လာခဲ့ပါသည်။
တရုတ်လမ်းကြောင်း၊ တရုတ်စီမံခန့်ခွဲမှု၊ တရုတ်အယူအဆ၏ လက်တွေ့အကောင်အထည် ဖော်မှုက ခေတ်မီဖွံ့ဖြိုးမှုသို့ရောက်ရှိရန် လမ်းကြောင်းသည် တစ်ခုတည်းမျှသာမဟုတ်ကြောင်း သက်သေ ပြခဲ့သည်။ တရုတ်နိုင်ငံ အောင်မြင်ရခြင်း၏ အခြေခံအကြောင်းရင်းမှာ ကူးယူတုပရိုက်ခြင်းကို ငြင်းဆန်ကာ မိမိတို့နိုင်ငံ၏ အမှန်တကယ်အခြေအနေမှ ထွက်ပေါ်လာသည့် လွတ်လပ်သော ကိုယ်ပိုင်ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအဖွဲ့ဝင်များနှင့် နိုင်ငံအုပ်ချုပ်မှု အတွေ့အကြုံများကိုမျှဝေလိုပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ (GCI)နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) တို့ကို အတူတကွ အကောင်အထည်ဖော်ကာ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြံစည်ရာတွင် နိုင်ငံများ၏ အတူတကွဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာမြှင့်တင်ပြီး လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်းကို လက်တွဲတည်ဆောက်သွားရန် ဆန္ဒရှိပါသည်။ ။
