စက်မှုစုစည်းမှုဖြင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်ခြင်း
သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)
အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် Industrial Zones (စက်မှုဇုန်များ) တည်ရှိရုံမျှဖြင့် မလုံလောက်တော့ဘဲ Industrial Cluster (စက်မှုစုစည်းမှု) သည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။
စက်မှုလုပ်ငန်းများ တစ်နေရာတည်းတွင် စုစည်းတည်ရှိရုံမျှမက လုပ်ငန်းများ အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းလုပ်ဆောင်ရန် ဖြစ်ပါသည်။ “တစ်ခုတည်းသော စက်မှုလုပ်ငန်းပုံစံမဟုတ်ဘဲ ဆက်စပ်လုပ်ငန်းအမျိုးမျိုး ပူးပေါင်းပြီး စက်မှုစုစည်းမှုပုံစံ” ဆောင်ရွက်ရန်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတစ်ခုနှင့်တစ်ခု ပစ္စည်းရောင်းဝယ်ခြင်း၊ နည်းပညာမျှဝေခြင်း၊ အလေ့အကျင့်ကောင်းများ ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် အကျိုးတူရရှိကြမည် ဖြစ်ပါသည်။
Industrial Cluster (စက်မှုစုစည်းမှု) ဆောင်ရွက်မှုပုံစံကို ဂျပန်နိုင်ငံတွင် ၁၉ ရာစုနှစ် ကတည်းက စတင်ကျင့်သုံးခဲ့ပြီး ဂျပန်နိုင်ငံ၏ MEIJI ခေတ်အလွန်ပေါ်ပေါက်ခဲ့သော Zaibatsu သည် စက်မှုစုစည်းမှုဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းတွင် လုပ်ငန်းစီမံခန့်ခွဲမှုပုံစံ ပြောင်းလဲ လာခြင်းနှင့်အတူ Keiretsu ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။
စက်မှုစုစည်းမှုပုံစံသည် တည်ရှိပြီးသော ပုံစံတစ်ခုဖြစ်ပြီး လိုက်ပါဆောင်ရွက်နိုင်ခြင်းဖြင့် လုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သော်လည်း အခြေခံအဆောက်အအုံ ကောင်းမွန်စေခြင်း၊ နည်းပညာပြည့်ဝစေခြင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်စေခြင်းသာမက လုပ်ငန်းများ အကြား ယုံကြည်မှုတည်ဆောက်ခြင်းလည်း လိုအပ်မည်ဖြစ်ပါသည်။
Zaibatsu
ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို စုပေါင်းတည်ထောင်ထားသော ကော်ပိုရေးရှင်းကို Zaibatsu ဟုခေါ်ပါသည်။ ၁၈၆၈ ခုနှစ် MEIJI ခေတ်ကို ကျော်လွန်ပြီးနောက် Zaibatsu စနစ်ကို ကျင့်သုံးပြီးလုပ်ငန်းရှင်များက ယင်းတို့၏ စွမ်းအားကိုချဲ့ထွင်ခြင်း၊ ကိုယ်ပိုင်တိုးတက်မှုအတွက် စက်မှုလုပ်ငန်းဆိုင်ရာ အခြေအနေအသစ်များကို အသုံးပြုခြင်းဖြင့် အခွင့်အလမ်းများကို ရှာဖွေခဲ့ကြသည်။ Zaibatsu သည် ၁၉ ရာစုနှစ်နောက်ပိုင်းမှ ဒုတိယကမ္ဘာစစ်အထိ ဂျပန်နိုင်ငံ၏ တိုးတက်မှုများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
Zaibatsu သည် ကော်ပိုရေးရှင်းလုပ်ငန်းများအသွင်ပြောင်းလဲဖြစ်ပေါ်လာပြီး အရင်းအနှီးများကို မိသားစုတစ်ခု သို့မဟုတ် မိသားစုလုပ်ဖော်ကိုင်ဖက်များမှ ပိုင်ဆိုင်သော်လည်း မိခင်ကုမ္ပဏီက ဗဟို အချက်အချာအာဏာချုပ်ကိုင်၍ ဆက်သွယ်လုပ်ကိုင်နေသော လုပ်ငန်းအသီးသီးကို ထိန်းချုပ်ခဲ့ပါသည်။ ကုမ္ပဏီခွဲများကို စက်မှုလုပ်ငန်းကဏ္ဍ အမျိုးမျိုးတွင် လူနည်းစုအုပ်ချုပ်သောစနစ် (Oligopoly) အဖြစ် ဖွဲ့စည်းခဲ့ပါသည်။
အကြီးဆုံး Zaibatsu ရှစ်ခု၏ မူလစီးပွားရေး လုပ်ငန်းများမှာ-
- Mitsui: ဘဏ်လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊
- Mitsubishi: ရေကြောင်းဆိုင်ရာကုန်သွယ်မှု၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊
- Sumitomo: သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဘဏ် လုပ်ငန်း၊
- Yasuda: ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊
- Asao: ဘိလပ်မြေလုပ်ငန်း၊ ရေကြောင်း ဆိုင်ရာကုန်သွယ်မှုလုပ်ငန်း၊
- Furukawa: သတ္တုတူးဖော်ရေးလုပ်ငန်း၊ လျှပ်စစ် ကြေးနန်းလုပ်ငန်း၊
- Okura: ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊
- Kawasaki: ရေကြောင်းဆိုင်ရာကုန်သွယ်မှု၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း တို့ ဖြစ်ပါ သည်။
၁၉၂၀ ပြည့်နှစ်များက Zaibatsu စီးပွားရေး လုပ်ငန်းများက ဘဏ္ဍာရေးကဏ္ဍ၊ ကုန်သွယ်ရေး ကဏ္ဍနှင့် စက်မှုကဏ္ဍ လုပ်ငန်းအများအပြားအပေါ် လွှမ်းမိုးခဲ့သည်။ Zaibatsu အုပ်စုတွင် Mitsubishi၊ Mitsui နှင့် Sumitomo တို့သည် အကြီးဆုံးလုပ်ငန်း သုံးခုဖြစ်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုသည် ဂျပန်နိုင်ငံရှိ လုပ်ငန်းအားလုံး၏ ၂၅ ရာခိုင်နှုန်းခန့်ရှိပါသည်။ Zaibatsu ၏ ဖွဲ့စည်းပုံသည် လုပ်ငန်းများ၏ ထိပ်ပိုင်းနေရာများကို မိသားစုဝင်များက ထိန်းချုပ်ထားသော်လည်း စီးပွားရေးစီမံခန့်ခွဲမှုအပိုင်းများတွင် မိသားစုဝင်နှင့်ဆက်စပ်မှုမရှိသော ကျွမ်းကျင်သည့် မန်နေဂျာများကို ခန့်အပ်တာဝန်ပေးထားပါသည်။
ပိုင်ဆိုင်သူများ၏ သွင်ပြင်လက္ခဏာများ
ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေအနေတစ်ခုသည် မိသားစုပိုင်ဆိုင်မှုကို အထူးသီးသန့်ထိန်းသိမ်းထားသည့် စည်းမျဉ်းစည်းကမ်းများကြောင့် ဖြစ်ပါသည်။ ကုန်သည်များသည် ၎င်းတို့၏ အဖိုးတန်အရည်အချင်းများကို ၎င်းတို့၏ ဘိုးဘေးဘီဘင်များထံမှ ခြေရာလက်ရာမပျက် လက်ခံရရှိခဲ့ပြီး ထိုအဖိုးတန်အရည်အချင်းများကို မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းပေးခြင်းဖြစ်ပါသည်။ ထို့အပြင် မိဘများထံမှ နည်းပညာသာမက မြေနှင့် ပိုင်ဆိုင်မှုများကို ရရှိခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများကို တည်ငြိမ်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ Zaibatsu ကို အောင်မြင်စေသည့် အချက်တစ်ချက်မှာ ပိုင်ရှင်၏ ရှေးရိုးစွဲဝါဒနှင့် လိုက်ဖက်ညီခြင်းနှင့် စီမံခန့်ခွဲ ရေးနည်းလမ်းများ အသစ်တီထွင်နိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
Zaibatsu ပြိုကွဲခြင်း
ဒုတိယကမ္ဘာစစ်အတွင်း အဓိကကျသည့် Zaibatsu ၁၀ ခု၏ရင်းနှီးမြှုပ်နှံမှုသည် တိုင်းပြည် ရင်းနှီးမြှုပ်နှံမှု၏ ၃၅ ဒသမ ၂ ရာခိုင်နှုန်းခန့်ရှိပါသည်။ ထို့ကြောင့် Zaibatsu ကို လက်ဝါးကြီးအုပ် လုပ်ဆောင်သော ကုမ္ပဏီများအဖြစ် ရှုမြင်ကြပြီး ၎င်းတို့ကိုဖြိုခွဲရန် ဆုံးဖြတ်ခဲ့ကြပါသည်။
၁၉၂၀ မှ ၁၉၃၀ ပြည့်နှစ်များအထိ ဂျပန်နိုင်ငံသည် စီးပွားရေးကျဆင်းခဲ့ပြီး ပြည်သူအများ အခက်အခဲများနှင့် ရင်ဆိုင်ရချိန်တွင် Zaibatsu မိသားစုများကို နိုင်ငံရေးသမားများက ဝေဖန်ခဲ့ကြသည်။ ထို့ကြောင့် ကုမ္ပဏီမိသားစုများက ထိပ်ပိုင်းနေရာများမှ နုတ်ထွက်ခဲ့ကြပြီး ပိုင်ဆိုင်မှုများကို ရိုးရှင်းသော စီမံခန့်ခွဲသည့် အဖွဲ့အစည်းများပုံစံအဖြစ် ပြောင်းလဲခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ပြီးနောက် Zaibatsu
ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးစနစ်သည် ပူးပေါင်းစီမံခန့်ခွဲ မှုစနစ်ကို ဦးတည်လာသောကြောင့် Zaibatsu ၏ အကြီးဆုံးသောကုမ္ပဏီများ ပြိုကွဲသွားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် လွတ်လပ်ရေးပြန်လည်ရရှိခဲ့ပြီး Mitsui ၊ Mitsubishi နှင့် Sumitomo တို့ ပြန်လည် ပေါ်ပေါက်လာခဲ့သော်လည်း အချို့သောကုမ္ပဏီကြီးများ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိတော့ပေ။
Keiretsu ပေါ်ပေါက်လာခြင်း
Zaibatsu ပြိုကွဲသွားပြီးနောက် ပြည်တွင်း၊ ပြည်ပ အပြောင်းအလဲများကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအပေါ်ထားရှိသည့် စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ပါသည်။ Zaibatsu ပုံစံမှ သွေဖည်လာပြီး ပိုင်ဆိုင်မှုပုံစံသည် ဝါစဉ်လိုက်ပိုင်ဆိုင်မှုစနစ် (Hierarchical System)မှ လုပ်ငန်း တွင်းပိုင်ဆိုင်မှု (Inter-locking Ownership) ပုံစံသို့ပြောင်းလဲလာခဲ့သည်။ လုပ်ငန်းအုပ်ချုပ်မှုသည် ဥက္ကဋ္ဌကြီးကြပ်သည့်အဖွဲ့ပုံစံ ဖြစ်လာပြီး အုပ်စုတစ်ခုချင်းစီတွင် အထွေထွေကုန်သွယ်မှုကုမ္ပဏီ (General Trading Company) တစ်ခုနှင့်ဘဏ်လုပ်ငန်း (Major In-house Bank) တစ်ခုအပါအဝင် ဖြင့် ဖွဲ့စည်းလာကြသည်။
အမေရိကန်နိုင်ငံ၏ ဂျပန်နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံခြားရေးမူဝါဒကလည်း ဂျပန်နိုင်ငံ၏ စီးပွားရေးစွမ်းပကားများကို မြှင့်တင်ပေးခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ စက်မှုဆိုင်ရာဖွံ့ဖြိုးမှု၊ ကုန်ထုတ်လုပ် မှုစွမ်းအားများ မြင့်တက်လာမှုများသည် ကိုရီးယားနှင့် စစ်ဖြစ်နေသည့်ကာလတွင်ပင် အမေရိကန် နိုင်ငံ၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ပြည်တွင်းတွင်လည်း ၁၉၄၉ ခုနှစ် ဥပဒေနှင့် ၁၉၅၃ ခုနှစ် Antimonopoly Act တို့ဖြင့် ကန့်သတ်ချက်များကို လျှော့ချပေးခဲ့ပါသည်။ ၁၉၅၃ ခုနှစ် ဥပဒေအရ ဘဏ္ဍာရေးဆိုင်ရာကုမ္ပဏီများက ဘဏ္ဍာရေးနှင့် မသက်ဆိုင်သောကုမ္ပဏီများ၏ ရှယ်ယာ များကို ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်နိုင်ခွင့် ခွင့်ပြုထားပြီး Stocks ကိုင်ဆောင်ထားသည့် ကုမ္ပဏီများအပေါ် တားမြစ်ချက်များကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။
စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အစိုးရမူဝါဒများက တိုးတက်နေသည့်ကာလအတွင်း အရင်းအနှီးများကို အရန်သင့်ထားရှိစေခြင်းနှင့် လုပ်ငန်းများအုပ်စုဖွဲ့ခြင်းများကို တိုးမြှင့်လုပ်ဆောင် စေခဲ့ပါသည်။ ကိုရီးယားစစ်ပွဲပြီးဆုံးသွားပြီးနောက် အချို့စက်မှုလုပ်ငန်းကုမ္ပဏီကြီးများ၏ စွမ်းဆောင် ရည်နည်းပါးမှုကိုဖြေရှင်းနိုင်ရန် လုပ်ငန်းရှင်များအကြား ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အားပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအုပ်စုများ (Corporate Groups) ကိုလည်း ရှင်းလင်းတိကျစေရန် အစိုးရမူဝါဒများ ရေးဆွဲဆောင်ရွက်ပေးခဲ့သည့်အတွက် Keiretsu စတင်ပေါ်ထွန်းလာခဲ့ပါသည်။ Keiretsu ဆိုသည်မှာ ဂျပန်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် ဘဏ္ဍာ ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်ပါသည်။
ပေါင်းစည်းဆောင်ရွက်သော အုပ်စုများဖွဲ့စည်းခြင်း
၁၉၅၂ ခုနှစ်နောက်ပိုင်းတွင် ပေါင်းစည်းဆောင်ရွက်မှုများအဖြစ် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ပထမနည်းလမ်းမှာ အသင်းများဖွဲ့စည်းပြီး အသင်းဝင်များနှင့် ပေါင်းစည်းဆောင် ရွက်သောကုမ္ပဏီကြီးများ၊ ဒုတိယနည်းလမ်းမှာ ပေါင်းစည်းဆောင်ရွက်သော ကုမ္ပဏီများ၏ရှယ်ယာများကို ဝယ်ယူခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး တတိယနည်းလမ်းမှာ ငွေကြေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ Keiretsu ငွေရေးကြေးရေးမှ တစ်ဆင့်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ရလဒ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သော အုပ်စုများက သမားရိုးကျဆောင်ရွက်သော လုပ်ဆောင်မှုပုံစံဖြစ်သည့် ပွင့်လင်းမှုမရှိသော ရှေးရိုးဆန်သော အုပ်စုဟောင်းများကိုဖျက်သိမ်းပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး တိုးတက်မှုရှိခဲ့သည့်ပုံစံ ကျင့်သုံးခဲ့ပါသည်။ ဤသည်မှာ စစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မြင့်မားလာခြင်း၏ အဓိကအချက်ဖြစ်ပါသည်။ အဓိကကျသော ပူးပေါင်းဆောင်ရွက်မှုအုပ်စု ခြောက်ခုမှာ Mitsui ၊ Mitsubishi ၊ Sumitomo ၊ Fuyo ၊ Dai-ichi Kangin နှင့် Sanwa တို့ ဖြစ်ပါသည်။
၁၉၆၀ ပြည့်နှစ် ဥပဒေအရ စစ်ပြီးခေတ် Zaibatsu ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းကြီးများ ဖြစ်သည့် Mitsui ၊ Mitsubishi နှင့် Sumitomo ကုမ္ပဏီများပါဝင်သည့် Mitsui ၊ Mitsubishi ၊ Sumitomo ၊ Fuyo၊ Sanwa နှင့် Dai-ichi ကုမ္ပဏီများပူးပေါင်းထားသည့် “Big Six Keiretsu” အုပ်စုပေါ်ထွက်လာခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဘဏ္ဍာရေးဆိုင်ရာ ကြီးမားသောအဖွဲ့ အစည်းများသည် ပူးပေါင်းဆောင်ရွက်သည့်အုပ်စုများ၏ အုပ်ချုပ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပါသည်။
Kieretsu ကုမ္ပဏီအုပ်စုများတွင် ပါဝင်သည့် ကုမ္ပဏီများက ဒေါင်လိုက်ပူးပေါင်းဆောင်ရွက်မှု သာမက အလျားလိုက်ပူးပေါင်းဆောင်ရွက်မှုများနှင့်ပါ အရင်းအနှီးနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် ဆက်နွှယ်ဆောင်ရွက်ကြပါသည်။
"Big Six" လုပ်ငန်းအုပ်စု (Mitsui ၊ Mitsubishi ၊ Sumitomo၊ Fuyo ၊ Sanwa နှင့် Dai-ichi) ၏ အလျား လိုက်ပူးပေါင်းဆောင်ရွက်မှုပုံစံသည် အရင်းအနှီးများကို အတူတကွထည့်ဝင်ကြပြီး ကြီးမားသည့် ကုန်ထုတ်လုပ်မှုကုမ္ပဏီအုပ်စုပုံစံအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ကုမ္ပဏီများသည် လုပ်ငန်းဆက်စပ်မှု ပုံသဏ္ဌာန်များဖြင့် တစ်ခုနှင့်တစ်ခုဆက်နွှယ်နေသည်။
လုပ်ငန်းကြီး ခြောက်ခုတွင်ပါဝင်သော ကုမ္ပဏီတစ်ခုချင်းစီတွင် ဘဏ်၊ အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီနှင့် အာမခံကုမ္ပဏီများရှိကြသည်။ ကုမ္ပဏီများအတွက် အရင်းအနှီးများမှာ ဘဏ်ချေးငွေများ ဖြစ်သည်။ Keiretsu အများစုသည် ကိုယ်ပိုင်ဘဏ်များရှိသောကြောင့် Stocks များပေါ်တွင် မှီခိုမှု လျော့နည်းပြီး ဘဏ်ချေးငွေများ၌သာ မှီခိုနေသည့်အတွက် ကုမ္ပဏီကို အာမခံပြု၍ ငွေချေးယူခြင်း (Leverage Ratio)ကို ပိုမိုမြင့်မားစေသည်။
Toyota Group၊ Nissan Group၊ Honda Group၊ Diahatsu Motors နှင့် Isuzu တို့၏ ဆောင်ရွက်မှုသည် ဒေါင်လိုက်ပူးပေါင်းဆောင်ရွက်မှုပုံစံဖြစ်ပြီး အုပ်စုများ၏ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးတွင် Share များ အပြန်အလှန်ကိုင်ဆောင်ထားခြင်း၊ ဈေးကွက်ခွဲဝေပေးခြင်း၊ လုပ်ငန်းကြီးထုတ်လုပ်ခြင်းနှင့် ကုမ္ပဏီအကြီးအကဲများ အစည်းအဝေးကျင်းပခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံ၏ ကုမ္ပဏီအချို့ ကမ္ဘာ့စျေးကွက်တွင် အောင်မြင်မှုရရှိနေခြင်းမှာ Keiretsu စနစ်အရ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်။ Keiretsu စနစ်သည် အရောင်းအဝယ်ပုံစံများထဲမှ ပုံစံတစ်ခု ဖြစ်ပြီး ရောင်းသူများပူးပေါင်းဆောင်ရွက်မှု (Supplier Relationship) မှာ ပိုမိုကောင်းမွန်သည့် အရောင်းအဝယ်ပုံစံကို သတ်မှတ်ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံ မော်တော်ကား ထုတ်လုပ်သည့်ကုမ္ပဏီများသည် ၎င်းတို့၏ကိုယ်ပိုင် Keiretsu Network များကိုအသုံးပြု၍ ကမ္ဘာ့ စျေးကွက်ကို လွှမ်းမိုးသူဖြစ်လာစေရန် ကြိုးစား အားထုတ်ခဲ့သည်။ ဥပမာအားဖြင့် Nissan Motor သည် ကမ္ဘာ့စျေးကွက်သို့ ဦးတည်နေသော Supplier နှင့် Value-adding Supplier အများစုဆီသို့ ၎င်း၏ Supplier Relationship နည်းဗျူဟာကို ထိထိရောက်ရောက်အသုံးပြုခဲ့ကြသည်။
Keiretsu Network ကို မြှင့်တင်နိုင်ရန် ထုတ်ကုန်ပစ္စည်း အရည်အသွေးကောင်းမွန်မှု၊ ဆက်ဆံရေးကောင်းမွန်မှု၊ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မှု၊ တည်ငြိမ်မှုနှင့် ကောင်းမွန်သော ဆက်ဆံမှုများကို ရေရှည်ထိန်းသိမ်းထားနိုင်မှု စသည်တို့လိုအပ်သည့်အတွက် Keiretsu စနစ်သည် ကမ္ဘာ့လိုအပ်ချက်များကို ရရှိစေနိုင်သည့် အမှန်တကယ် ပြီးပြည့်စုံသော လုပ်ငန်းစဉ်တစ်ခု ဖြစ်စေရန် ဆောင်ရွက်ခဲ့ကြသည်။
Keiretsu စနစ်သည် အုပ်စုအဖွဲ့ဝင်များဖြစ်သည့် အထောက်အကူပြုကုမ္ပဏီများအနေဖြင့် မိခင်ကုမ္ပဏီ၏ ထိန်းချုပ်မှုအောက်တွင် အလိုအလျောက်တည်ရှိစေသည့် စနစ်ဖြစ်သောကြောင့် ကုမ္ပဏီကြီးများအနေဖြင့် သီးသန့်ထိန်းချုပ်ရမည့် ပြဿနာကို ဖြေရှင်းပြီးဖြစ်နေသည်။
"Big Six" လုပ်ငန်းအုပ်စု၏ ဘဏ္ဍာရေး၊ နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှု များတွင် အတူတကွပူးပေါင်းဆောင်ရွက်မှုနှင့် နည်းဗျူဟာပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေရုံသာမက ပြည်ပနိုင်ငံများကိုပါ အကျိုးကျေးဇူးများဖြစ်ပေါ် စေခဲ့ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
References:
Artur F. Tomeczek, “The evolution of Japanese keiretsu networks: A review and text network analysis of their perceptions in economics” — Japan and the World Economy Vol. 62 (2022)
David A. C. Addicott, “The Rise and Fall of the Zaibatsu: Japan’s Industrial and Economic Modernization” —Global Tides Vol. 11 (2017)
Eichengreen Barry / Tang Jiuping, “The Role of Financial Conglomerates in Industry Formation: Evidence from Early Modern Japan”
Hideaki Miyajima, “The transformation of zaibatsu to postwar corporate groups — from hierarchically integrated groups to horizontally integrated groups”
James R. Lincoln & Masahiro Shimotani, “Whither the Keiretsu, Japan’s Business Networks? How Were They Structured? What Did They Do? Why Are They Gone?”
Shibagaki Kazuo, “The Early History of the Zaibatsu”
Steven Ericson, “The Wealth of Zaibatsu Owner Families: The Impact of Zaibatsu-Busting in Occupied Japan”
