ခရီးသွားစေချင်သလား . . . တွန်းအားနှင့် ဆွဲအား တိုးပွားစေပါ
စည်သူကျော်
ယနေ့ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်မြင့်မားလာသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ UN Tourism မှ ထုတ်ပြန်ကြေညာသော စာရင်းဇယားများအရ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားအရေအတွက်သည် ၁ ဒသမ ၄ ဘီလီယံရှိကြောင်း သိရှိရပါသည်။
ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ စသည့် တည်းခိုနေထိုင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ လေယာဉ်၊ ကား၊ ရထားစသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အစား အစာနှင့် အဖျော်ယမကာ ထုတ်လုပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ လှည့်လည်ပြသရေးနှင့် ဖျော်ဖြေရေးစသည့်ကဏ္ဍစုံ စုစည်းပါဝင်ပါသည်။
ခရီးသွားလုပ်ငန်း ဖော်ထုတ်မြှင့်တင်
ခရီးသွားလုပ်ငန်းသည် ဒေသခံများ၏ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများနှင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ယဉ်ကျေးမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို အထောက်အကူပြု စေခြင်းစသည့် အကျိုးကျေးဇူးများကြောင့် ကမ္ဘာပေါ်တွင် နိုင်ငံအများစုသည် မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖော်ထုတ်မြှင့်တင်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြပါသည်။
ယနေ့ခေတ် ခရီးသွားလုပ်ငန်းကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက အပန်းဖြေအနားယူခြင်းသက်သက်သာမက လူသားတို့၏ စူးစမ်းရှာဖွေလေ့လာလိုမှု၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားသော လိုအင်ဆန္ဒများ အပေါ်မူတည်ပြီး ခရီးသွားလုပ်ငန်းအမျိုးအစားများ ကွဲပြားခြားနားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းအကြောင်း ပြောဆိုဆွေးနွေးကြရာတွင် ခရီးစဉ်ဒေသများအကြောင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲသူများအကြောင်း၊ ရပ်ရွာလူထုအခြေပြုကြ သူများအကြောင်းနှင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမည်ဆိုသည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြဆွေးနွေးလေ့ရှိကြပါသည်။
ခရီးသွားခြင်းနှင့်စပ်လျဉ်း၍ ခရီးစဉ်ဒေသများ၏ သာယာလှပပုံ၊ အမျိုးအစားစုံလင်လှသော ခရီးသွားလုပ်ငန်း အမျိုးအစားများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရှိပုံ၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးနှင့် လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်တို့အပေါ် သက်ရောက်မှုရှိပုံတို့ကို နတ်ကရာကျီးမောဆိုသလို တွေ့မြင်ခံစားခဲ့ရသည်။ သို့သော် ယင်းတို့၏နောက်ကွယ်က အရေးပါသော မည်သည့်အကြောင်းအရာများက ခရီးသွားများကို ခရီးသွားရန် စေ့ဆော်တိုက်တွန်းနေသည်ကို ဖော်ထုတ်သုံးသပ်ရန် လိုအပ်ပါသည်။
လူအများ အဘယ်ကြောင့် ခရီးသွားကြသနည်း။ ၎င်းတို့ ခရီးသွားချင်စိတ်ဖြစ် ပေါ်လာရန် မည်သည်တို့က စေ့ဆော်တိုက်တွန်းနေပါသနည်း။
ခရီးထွက်ရန် စေ့ဆော်မှုနှစ်မျိုးရှိ
ခရီးသွားလုပ်ငန်းဆိုင်ရာပညာရပ် နယ်ပယ်တွင် လူတို့ခရီးထွက်ခွာစေရန် စေ့ဆော်တိုက်တွန်းသော Factor နှစ်မျိုး ရှိသည်ဟု ဖော်ပြပါသည်။ ယင်းတို့မှာ တွန်းအား (Push Factor) နှင့် ဆွဲအား (Pull Factor) တို့ ဖြစ်ကြပါသည်။ ဘာသာရပ်ဆိုင်ရာနယ်ပယ်တွင် Push and Pull Factor ဟုခေါ်ဆိုကြပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ် (Tourism Management ဘာသာရပ်) တွင် အဓိကထည့်သွင်းသင်ကြားလေ့ရှိကြပါသည်။ (အခြားသောလုပ်ငန်း ကဏ္ဍများတွင်လည်း သုတေသနပြုလုပ်ရာတွင် Push and Pull Factor ကို အသုံးပြုကြသော်လည်း ဤဆောင်းပါး တွင် ခရီးသွားလုပ်ငန်းကဏ္ဍအတွက်ကိုသာ ဖော်ပြသွားမည်ဖြစ်ပါသည်။)
ယင်းတွန်းအားနှင့်ဆွဲအား အကြောင်းအခြင်းအရာများသည် ခရီးသွားတို့၏ အပြုအမူနှင့် ခရီးစဉ်ဒေသ ရွေးချယ်မှုပုံစံတို့တွင် များစွာလွှမ်းမိုးမှုရှိသည်ကို တွေ့ရှိရသည်။ ခရီးသွားတို့၏ ပြုလုပ်ဆောင်ရွက်မှုအပေါ်မူတည်၍ ဖော်ဆောင်ရသော ခရီးသွားလုပ်ငန်း ပုံစံ/ ခရီးသွားလုပ်ငန်းအမျိုးအစားများ သည်လည်း ကွဲပြားသွားမည်ဖြစ်ပါသည်။
တွန်းအား (Push Factor) သည် မိမိအတွင်းသန္တာန်အတွင်းက စေ့ဆော်မှုဖြစ်ပြီး ထိုစေ့ဆော်တိုက်တွန်းမှုကြောင့် မိမိနေ့စဉ်ဘဝအတွင်းမှ ပြင်ပပြင်လွင်သို့ ခေတ္တယာယီ ခရီးထွက်ခွာသွားစေခြင်း ဖြစ်ပါသည်။ နေ့စဉ်ဘဝအတွင်းမှ ပတ်ဝန်းကျင်အသစ်တစ်ခုသို့ အပြောင်းအလဲပြုလုပ်လိုသောဆန္ဒကို တွန်းအားပေးဖြစ်ပေါ်စေခြင်းသည် Push Factor ဖြစ်ပါသည်။
တွန်းအားတွင် အဓိကပါဝင်သော အချက်များမှာ-
Economic factors (စီးပွားရေး အရသက်ရောက်မှု)။ လူတို့သည် စီးပွားရေးအဆင်ပြေ ငွေကြေးချောင်လည်ချိန်တွင် အလည်အပတ်၊ ဆေးကု၊ ပညာသင် စသည်ဖြင့် ခရီးသွားလာနိုင်ရန် အခွင့်အလမ်း ပိုမိုလာသည်ဖြစ်ရာ Economic factor သည် ခရီးသွားလာရန် အဓိကတွန်းအားပေးသော အရာတစ်ခုဖြစ်ပါသည်။
Social factors (လူမှုရေးအရ သက်ရောက်မှု)။ “Man is by nature a social animal” ဆိုသော အရစ္စတိုတယ်၏ စကားကဲ့သို့လူတို့သည် လူမှုအသိုက်အဝန်းနှင့် ကင်းကွာ၍ မနေနိုင်ပေ။ ထို့ကြောင့် ရပ်ဝေးမြေခြားရှိ မိဘဆွေမျိုး မိတ်သင်္ဂဟများနှင့် သူငယ်ချင်းများထံ အလည်အပတ်သွားရောက် ခြင်းဆိုသော Visiting Friends and Relatives (VFR) ဟုခေါ်သော ခရီးသွားပုံစံ တစ်မျိုးပေါ်ထွန်းနေ ခြင်းဖြစ်ပါသည်။ ထို့ကြောင့် Social factor သည်လည်း ခရီးသွားလာမှု များဖြစ်ပေါ်စေရန် တွန်းအားပေးသော Push factor တစ်ခုပင်ဖြစ်ပါသည်။ နှစ်သစ်ကူး၊ သီတင်းကျွတ်၊ ခရစ္စမတ် စသည့်ကာလများတွင် ခရီးသွားအရေအတွက် များပြားခြင်းသည် ယင်း Social factor တည်းဟူသော Push factor ကြောင့်ဖြစ်ပါသည်။
Culture factors (ယဉ်ကျေးမှု ဆိုင်ရာသက်ရောက်မှု)။ “Travel is driven by curiosity” စူးစမ်း လိုမှုသည် ခရီးသွားခြင်းကိုဖြစ်စေသည်။ လူတို့သည် စူးစမ်းလိုစိတ် ဖြင့် ခရီးသွားကြသည်။ အခြားသူတို့၏ နေထိုင်စားသောက်ပုံ၊ ဝတ်စားဆင်ယင်မှုနှင့် ကိုးကွယ်ယုံကြည်မှု၊ တေးဂီတ၊ ဓလေ့ ထုံးတမ်း စသည်ဖြင့် ယဉ်ကျေးမှုတို့ကို လေ့လာစူးစမ်းလိုမှုကြောင့် ခရီးသွားကြရာ Culture factor သည်လည်း Push factor တွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။
Psychological factors (စိတ်ခံစားမှုပိုင်းဆိုင်ရာ သက်ရောက်မှု)။ လူသားတို့သည် မွန်းကျပ်သော လူနေမှုဘဝမှ ခေတ္တခဏဆိုသလို စိတ်အပန်းပြေ လွတ်မြောက်စေခြင်းအလို့ငှာ ခရီးထွက်ကြသည်။ မိမိကိုယ်ကို ပြန်လည်တည်ဆောက်နိုင်စေခြင်းအလို့ငှာ ခရီးထွက်ကြသည်။ တစ်စုံတစ်ရာကို စွန့်စွန့်စားစားဖြင့် အောင်မြင်မှုအရသာကို ခံစားလိုခြင်းအလို့ငှာ ခရီးသွားကြသည်။ ယင်းသည် ခရီးသွားခြင်းအပေါ် Psychological factor ၏ တွန်းအားပေး သက်ရောက်မှု ဖြစ်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခရီးသွားလိုသော စိတ်ဆန္ဒကိုဖြစ်ပေါ်စေမှုတွင် တွန်းအားရှိသကဲ့သို့ ဆွဲအားလည်းရှိသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။ တွန်းအားနှင့် ဆွဲအားဆိုသော ဆန့်ကျင်ဘက်စကားလုံး နှစ်လုံးကဲ့သို့ပင် သဘောတရားအရာတွင်လည်း တွန်းအားသည် အတွင်းသန္တာန်မှလာသော စေ့ဆော်တိုက်တွန်းမှုဖြစ်ပြီး ဆွဲအားသည် ဆန့်ကျင်ဘက်အနေဖြင့် ပြင်ပဆွဲဆောင်မှုမှ ခရီးသွားလိုစိတ်ကို ဖြစ်ပေါ်စေသော အကြောင်းခြင်းရာ ဖြစ်ပါသည်။ ဆွဲအားသည် ပြင်ပမှ မိမိကိုဆွဲဆောင်သော အရာတစ်ခုခုကြောင့် ထိုခရီးစဉ်ဒေသသို့ သွားရောက်၍ တွေ့ကြုံခံစားလိုသော၊ ရှာဖွေစူးစမ်းလိုသော မိမိစိတ်ဆန္ဒပြည့်ဝစေရန် ခရီးသွားရောက်ခြင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။
ဆွဲအားတွင်လည်း တွန်းအားကဲ့သို့ပင် အဓိကအကြောင်းအခြင်းအရာ လေးခု ပါဝင်ပါသည် -
Natural attractions (သဘာဝ ဆွဲဆောင်မှုများ)။ နိုင်ငံများသည် မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မည်သို့ ကြော်ငြာကြပါသနည်း။ သာယာလှပသော ကမ်းခြေများ၊ ရေတံခွန်များ၊ ရေအိုင်ကြီးများ၊ သာယာလှပသော တောတောင်များ အစရှိသဖြင့် မိမိတို့နိုင်ငံ ရှိ သဘာဝအလှတရားများကို အထူးပြုကြော်ငြာကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း နိုင်ငံမြောက်ဖျားပိုင်း ရေခဲတောင် ဖုံးလွှမ်းသောဒေသများမှသည် တောင်ဘက်ပိုင်း ကျွန်းစုများအထိ စသည်ဖြင့် သဘာဝအလှအပများကို ဖော်ထုတ် ကြော်ငြာခဲ့ကြပါသည်။ ကမ္ဘာပေါ်ရှိ ရင်သပ်ရှုမောဖွယ်ရာသဘာဝ အလှတရားများသည် လူတို့အား မိမိတို့နေရင်းဒေသမှ ခရီးသွားလာမှုများ ပြုလုပ်စေရန်ဆွဲဆောင်လျက်ရှိပေသည်။ ဆွဲဆောင်မှုဟု ဆိုသည့်အတိုင်း သဘာဝ အလှတရားများသည် ခရီးသွားလာမှုအတွက် ဆွဲအားများ ဖြစ်ကြပါသည်။
Cultural and Historical Heritage (ယဉ်ကျေးမှုနှင့် သမိုင်းဝင်အမွေ အနှစ်များ)။ ယဉ်ကျေးမှုနှင့် သမိုင်းဝင်အမွေအနှစ်များသည် သဘာဝအလှအပ ဆွဲဆောင်မှုများ ကဲ့သို့ပင်ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ ပုဂံခရီးစဉ်ဒေသနှင့် မန္တလေးတို့သည် ယဉ်ကျေးမှု အမွေအနှစ်များအား လေ့လာစူးစမ်းလိုသည့် ခရီးသွားများကို ဆွဲအားအဖြစ် ညှို့ငင်ခေါ်ဆောင် လျက်ရှိကြသည်။ အခြားသော ဒြပ်မဲ့ယဉ်ကျေးမှုများသည်လည်း ခရီးသွားလုပ်ငန်းအတွက် ဆွဲအားများ ဖြစ်ကြပါသည်။
Entertainment and Recreational Activities (ဖျော်ဖြေမှုနှင့် အပန်းဖြေမှုများ)။ အချို့ခရီးသွားများထံမှ ကြားဖူးသော စကားတစ်ခွန်းရှိသည်။ ယင်းမှာ “ပျော်ချင်လို့မှ ခရီးထွက်ပါတယ်။ စိတ်ညစ်လိုက်ရတာ” ဟူ၍ဖြစ်သည်။ ခရီးသွားလာရာတွင် ရံဖန်ရံခါ ပျင်းရိ သွားတတ်သည်။ အစားအသောက် အနေအထိုင် အသွားအလာ တစ်ခုခုအဆင်မပြေသည့်အခါ စိတ်ညစ်စရာနှင့် ကြုံရတတ်သည်။ လူတို့ခရီးသွားသည်မှာ စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာ သွားလာနိုင်သင့်သည် မဟုတ်လား။ ထို့ကြောင့် ဖျော်ဖြေရေးနှင့် စိတ်အပန်းပြေရေးတို့သည် ခရီးသွားများအတွက် ဆွဲအားဖြစ်ပါသည်။ ပျော်ရွှင်စရာကောင်းသော စိတ်ချမ်းမြေ့ဖွယ်ရာကောင်းသော ခရီးစဉ်များကို ခရီးသွားများ ထပ်၍ ထပ်၍ သွားလာလည်ပတ် နေမည်သာဖြစ်သည်။
Infrastructure and Service (အခြေခံ အဆောက်အအုံနှင့်ဝန်ဆောင်မှု)။ ခရီးသွားလုပ်ငန်း သည် ဝန်ဆောင်မှုအခြေခံလုပ်ငန်းဖြစ်ရာ ဝန်ဆောင်မှုညံ့ဖျင်းခြင်းနှင့် ဧည့်ဝတ်မကျေပွန်ခြင်းတို့ သည် ခရီးသွားလုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီး ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဝန်ဆောင်မှုကောင်းခြင်းသည် ခရီးသွားများကို ဆွဲဆောင်သော ဆွဲအားဖြစ်ပါ သည်။ အလားတူ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တည်းခိုနေထိုင်မှု စသည့် အခြေခံအဆောက်အအုံများ အရည်အသွေးပြည့်မီ ကောင်းမွန်ခြင်းကလည်း ဆွဲအားဖြစ်ပါသည်။ စာရှုသူသင်သည် တူညီသော ဈေးနှုန်းတစ်ခုတွင် လုံခြုံစိတ်ချရ၍ ဝန်ဆောင်မှုကောင်းမွန်သော ဟိုတယ်နှင့် ဝန်ဆောင်မှုညံ့ဖျင်း၍ သန့်ရှင်း သပ်ရပ်မှုမရှိသော ဟိုတယ်တို့တွင် မည်သည်က သင့်ကိုလာရောက်တည်းခိုစေရန် ဆွဲဆောင်နေမည်နည်း။ ဤသည်က ဆွဲအားပင် ဖြစ်ပါသည်။
အထက်ဖော်ပြပါ တွန်းအားနှင့် ဆွဲအားတို့သည် ခရီးသွားများ၏ မိမိတို့သွားရောက်လိုသော ခရီးစဉ်ရွေးချယ်မှုတို့ကို အဆုံးအဖြတ်ပေးသော အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ထို့အပြင် ခရီးသွားတို့၏ လိုအင်ဆန္ဒအပေါ်မူတည်၍ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်မှု၊ အပြုသဘောဆောင်သော ပြောင်းလဲမှုတို့ကို ဖြစ်ပေါ်စေပါသည်။ ခရီးသွားဝန်ဆောင်မှုပြုသူများ၊ ခရီးသွား ထုတ်ကုန် ရောင်းချသူများ၏ ဈေးကွက်ဖော်ဆောင်မှုအပိုင်းကိုလည်း သက်ရောက် မှုများစွာဖြစ်ပေါ်စေပါသည်။
မြန်မာတွင်သာမက ကမ္ဘာမှာပါ ထင်ရှားသည့် ပုဂံဒေသ
ပြီးခဲ့သည့် သီတင်းကျွတ်ကာလအတွင်း ပုဂံခရီးစဉ်ဒေသသို့ ခရီးသွားဘုရား ဖူးပြည်သူတစ်သိန်းခွဲကျော် လာရောက်ခဲ့ကြောင်း ဟိုတယ်ခရီး(ပုဂံ)ရုံးခွဲ၏ ဖြေကြားချက်ကို မြန်မာ့အလင်းသတင်းစာ၌ ဖတ်ရှုလိုက်ရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် မြန်မာတွင် သာမကကမ္ဘာမှာပါ ထင်ရှားသည့်ခရီးစဉ် ဒေသတစ်ခုဖြစ်ပြီးနှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အများအပြား လာရောက်လည်ပတ်ပြီး ဒေသ၏ စီးပွား ရေးသည်လည်း ခရီးသွား လုပ်ငန်းအပေါ် များစွာ မှီခိုအားထားရလျက်ရှိသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆုရ စာတမ်းတစ်စောင်တွင် ပုဂံဒေသသို့ ခရီးသွားများ ပြန်လည်လာရောက်မှုကို Push and Pull factor ဖြင့် သုံးသပ်ပြထားသည်ကို ဖတ်ရှုလိုက်ရသည်။ အဆိုပါစာတမ်းတွင် လွယ်ကူစွာသွားလာနိုင်မှု၊ ယဉ်ကျေးမှု ဆိုင်ရာဆွဲဆောင်မှုများ၊ သာယာလှပသော ရှုမျှော်ခင်းများသည် ပုဂံဒေသသို့ လာရောက်လည်ပတ်စေရန် ဆွဲဆောင်မှုများဖြစ်ကြောင်း စစ်တမ်းနှင့်တကွ သုံးသပ်တင်ပြထားပါသည်။
အထက်ဖော်ပြပါ ဆွဲအားလေးခုအနက် ပုဂံဒေသသည် Natural Attractions, Cultural and Historical Heritage, Infrastructure and Service ဆိုသော သုံးခုအကျုံးဝင်ကြောင်း သုံးသပ်ရပါသည်။ ထို့ကြောင့် ပုဂံဒေသသည် အစဉ်အလာကြီးမားသော မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသတစ်ခု (Matured Destination)အဖြစ် ရပ်တည်နေခြင်း ဖြစ်ပါသည်။ Entertainment and Recreational Activities အပိုင်းတွင်လည်း ရုပ်သေးပွဲကဲ့သို့သော Cultural Show များကို တင်ဆက်လေ့ရှိရာ ပုဂံဒေသသည် အဓိက Pull factor အားလုံးနှင့် အကျုံးဝင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
ခရီးစဉ်ဒေသ စီမံခန့်ခွဲသူများ (Destination Management Organiza- tions- DMOs)၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက မိမိတို့လုပ်ကိုင် ဆောင်ရွက်သည့် ခရီးစဉ်ဒေသ၏ အားသာချက်၊ အားနည်းချက်များ၊ ခရီးသွားလုပ်ငန်းဈေးကွက်၏ တောင်းဆိုမှုများ၊ ခရီးသွားများ၏ အာသီသဆန္ဒများ၊ အခြေအနေများကို သိရှိစေရန်အားထုတ် ကြိုးပမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်းများ စည်ပင်ဝေဆာစေရန် ဆောင်ရွက်နိုင်ပါစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
