တက်ညီ၊ လက်ညီ . . . . . ဒီမိုကရေစီ ပန်းတိုင်ဆီသို့
မင်းခန့်
ဒီနေ့၊ ဒီအချိန်၊ ဒီကာလမှာ နိုင်ငံတော်နဲ့ ပြည်သူအားလုံးရဲ့ ပန်းတိုင်ကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးပဲဖြစ်ပါတယ်။ ဒီပန်းတိုင်ကိုအမြန်ရောက်ရှိဖို့ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးဟာ အလွန်အရေးကြီးတဲ့အတွက် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိအောင် တပ်မတော်ကလမ်းကြောင်းခင်းပေးလျက်ရှိနေပါတယ်။ တပ်မတော်က ခင်းပေးတဲ့လမ်းကြောင်းမှာ ပါတီစုံဒီမိုကရေစီစနစ်ရဲ့အသက်သွေးကြောဖြစ်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ အလွန်အင်မတန်အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် ရွေးကောက်ပွဲဆိုတာမဖြစ်မနေလုပ်ရမယ့်လုပ်ငန်းစဉ်တစ်ခုဖြစ်သလို နိုင်ငံတော်ကိုဦးဆောင်မယ့် အုပ်ချုပ်ရေးယန္တရားအပြောင်းအလဲအတွက် အချိုးအကွေ့တစ်ခုလည်းဖြစ်ပါတယ်။ ဒီအချိုးအကွေ့ ညင်သာဖို့အတွက် ရွေးကောက်ပွဲတစ်ခုဟာ လွတ်လပ်ပွင့်လင်းပြီး တရားမျှတဖို့လိုသလို ပါဝင်သူ Stakeholder နဲ့ မဲဆန္ဒရှင်ပြည်သူအများ လက်ခံနိုင်ဖို့လိုပါတယ်။ အငြင်းအခုန်နဲ့ မကျေနပ်မှုတွေရှိနိုင်သော်လည်း ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေတွေနဲ့အညီ ရွေးကောက်ပွဲအနိုင်ရရှိသူတွေက အုပ်ချုပ်ရေးယန္တရားနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေကို ထိခိုက်ပွန်းတိုက်မှုအနည်းဆုံးနဲ့ ညင်သာစွာကူးပြောင်းနိုင်ဖို့ အလွန်အင်မတန်အရေးကြီး လှပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကပေးခဲ့တဲ့ သင်ခန်းစာအရ ပြည်သူ လူထုထောက်ခံမှု အများစုရရှိနေမှုကို အဓိပ္ပာယ်ကောက်လွဲပြီး အုပ်ချုပ်ရေးယန္တရားနဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကို အလုံးစုံချုပ်ကိုင်ပြီး အာဏာရမ္မက်ကြီးမားခဲ့တဲ့ NLD ပါတီခေါင်းဆောင်ပိုင်းရဲ့ လွဲမှားတဲ့ဆုံးဖြတ်ချက်များဖြင့် တည်ဆဲအခြေခံဥပဒေကိုကျော်လွန်ပြီး နိုင်ငံတော်အာဏာကိုအဓမ္မရယူဖို့ ကြိုးစားခဲ့ကြပါတယ်။ အကျိုးဆက်က တော့ မဲမသမာမှုအကြီးအကျယ်လုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာတရားမျှတမှုမဖြစ်ခဲ့သလို ညင်သာတဲ့အချိုးအကွေ့မဖြစ်ခဲ့တာ အားလုံးတွေ့မြင်သိရှိခံစားနေကြရပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲ သမိုင်းတစ်လျှောက်မှာ အမည်းစက်ကြီးဖြစ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှုများဟာ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရေးထက် လွှတ်တော်အတွင်းမှာ တစ်ပါတီထဲကလွှမ်းမိုးပြီးအာဏာကြီး ၃ ရပ်ကို ချိန်ခွင်ညှာ ထိန်းညှိထားတဲ့ဟန်ချက်ကို ပျက်စီးစေမယ့်ဆိုးကျိုးကို ဦးတည်ခဲ့ပါတယ်။ လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဟာပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးအတွက် အသက်သွေးကြော ဖြစ်သလို ဒီရွေးကောက်ပွဲကို တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ပေးရတဲ့ အာဏာရအစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်နေပါတယ်။
ဒါကြောင့် လာမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ရွေးကောက်ပွဲ၊ အောင်မြင်တဲ့ရွေးကောက်ပွဲကြီး ဖြစ်စေပြီး ရွေးကောက်ပွဲကတစ်ဆင့် ဖြစ်ပေါ်လာမယ့် ရွေးကောက်ခံအစိုးရကို ညင်သာစွာ ကူးပြောင်းပေးဖို့ လက်ရှိအစိုးရက ပြင်ဆင်ဆောင်ရွက်နေ ပြီဖြစ်ပါတယ်။
ဒီလိုအချိန်၊ ဒီလိုကာလမှာ ပြည်ပကိုထွက်ပြေးတိမ်းရှောင်ပြီး နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင် လမ်းစဉ်နဲ့ရယူဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်သမားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက ရွေးကောက်ပွဲ မဖြစ်ပေါ်လာစေရေးနည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားမှုများပြုလုပ်နေတာကို သတိပြုကြရမှာဖြစ်ပါတယ်။
အမှန်စစ်စစ် အဲဒီအဖျက်သမား လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာ နိုင်ငံတော်ရဲ့အချိုးအကွေ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား သူတွေဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်စေချင်သူတွေ ဖြစ်လို့ အာဏာရူးသူတွေသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အလွန်အရုပ်ဆိုး အကျည်းတန်ခဲ့တဲ့ တရားမဝင်တော့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုဆုပ်ကိုင်ပြီး ၎င်းတို့အုပ်ချုပ်မှသာ စစ်မှန်တဲ့အစိုးရဖြစ်မယ်ဆိုတဲ့ နိုင်ငံရေးရေချိန်နိမ့်ပါးတဲ့ အတွေးအခေါ်အယူအဆရှိသူများသာဖြစ်ပါတယ်။ လက်ရှိသူတို့ရဲ့ သဘောထားများနဲ့ လုပ်ဆောင်ချက်တွေအရ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်တိုက်ခိုက်နေတဲ့ အကြမ်းဖက်၊ အဖျက်အမှောင့်သမားများသာဖြစ်ပြီး ပြည်သူလူထုရဲ့လိုလားတောင့်တချက်ကို နှောင့်ယှက်ဟန့်တားသူ အဖျက်အမှောင့်သမားများဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ရန်သူတွေဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံထားပြီး နယ်တစ်နယ်၊ ဓားတစ်စင်းလုပ်ချင်တဲ့လက်နက်ကိုင်သူပုန်အဖွဲ့တချို့ကလည်း ရွေးကောက်ပွဲကြီးဖြစ်ပေါ်လာမှာကို ကြောက်ရွံ့နေကြပါတယ်။ ဒါကြောင့်လည်း ပြည်သူအများစု လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးဖြစ်ပေါ်မလာရေးအတွက် ရွေးကောက်ပွဲကြီးကိုမဖြစ်မနေနည်းမျိုးစုံနဲ့ ဟန့်တားနှောင့်ယှက် ကောလာဟလတွေ ထုတ်လွှင့်နေကြပါတယ်။
အဲဒီအဖျက်သမားများရဲ့ ကောလာဟလထုတ်လွှင့်မှုများကြောင့် ယခုလိုရွေးကောက်ပွဲအကြိုကာလမှာ ပြည်သူလူထုအတွင်း မေးခွန်း ၃ ခု ဖြစ်ပေါ်နေပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ အဲဒီ မေးခွန်း ၃ ခု ကတော့-
မေးခွန်း(၁) - လုံခြုံရေးအခြေအနေများအရ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အများအပြား ရွေးကောက်ပွဲ မပြုလုပ်နိုင်ပါက ရွေးကောက်ပွဲရဲ့တရားဝင်မှု (Legitimacy) ထိခိုက်နိုင်ပါသလား။
မေးခွန်း(၂) - ရွေးကောက်ခံပြည်သူကိုယ်စားလှယ်ဦးရေပြည့်မီခြင်းမရှိပါက လွှတ်တော်အစည်းအဝေး များကျင်းပခြင်းနှင့် အစိုးရဖွဲ့စည်းခြင်းတို့ကို ဘယ်လိုဆက်လုပ်မလဲ။
မေးခွန်း(၃) - ဟိုလူမပါလို့၊ ဒီပါတီဝင်မပြိုင်လို့ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား။ဆိုတဲ့ မေးခွန်းများပဲ ဖြစ်ပါတယ်။
ဒီမေးခွန်း ၃ ခုဟာ လာမယ့်ရွေးကောက်ပွဲကို ထောက်ခံသူ၊ မထောက်ခံသူကြားမှာ ဝေဖန်ထောက်ပြမှုများရှိနေသလို ရွေးကောက်ပွဲဆန့်ကျင်နေသူတို့က ဒီအချက်များကိုထောက်ပြပြီး ရွေးကောက်ပွဲကို အကြီးအကျယ်အပုပ်ချတိုက်ခိုက်နေတာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းသာမက ပြည်ပနိုင်ငံအသီးသီးနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေကြတဲ့ အဖွဲ့များကလည်း ဒီမေးခွန်းများကို စိတ်ဝင်တစားသိချင်နေကြပါတယ်။ ဒါကြောင့်လည်း ဒီမေးခွန်း ၃ ခု အဖြေကို ရှင်းလင်းဖြေကြားပေးလိုက်ရပါတယ်။
မေးခွန်းနံပါတ်(၁)ရဲ့ အဖြေကတော့ရှင်းပါတယ်။ လုံခြုံရေးအခြေအနေအရမဲဆန္ဒနယ်အများအပြား ရွေးကောက်ပွဲမလုပ်နိုင်လို့ရွေးကောက်ပွဲရဲ့တရားဝင်မှု (Legitimacy) မထိခိုက်နိုင်ပါဘူး။ လုံးဝ မထိခိုက်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ ဘာကြောင့်လဲဆိုတာကို အတိုဆုံးဖြေရရင်တော့ ရွေးကောက်ပွဲကျင်းပရာ မဲဆန္ဒနယ် အရေအတွက်မည်မျှရှိမှ ရွေးကောက်ပွဲ အောင်မြင်အထမြောက်ကြောင်း အခြေခံဥပဒေထဲမှာ ရေးသားဖော်ပြထားခြင်းမရှိလို့ ဖြစ်ပါတယ်။
ပိုမိုရှင်းအောင် ထပ်ရှင်းပြရရင်တော့ အခြေခံဥပဒေ၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်းအခန်းရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များကို ပြဋ္ဌာန်းထားရာ၌ “ပုဒ်မ။ ၃၉၉(င) သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံ ရေးအခြေအနေအရသော်လည်းကောင်း လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းအားတာဝန်တစ်ရပ်အဖြစ်ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အဆိုပါပြဋ္ဌာန်းချက်အရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်များကို ရွှေ့ဆိုင်းကျင်းပခြင်းဟာ အခြေခံဥပဒေနှင့် ညီညွတ်ပါတယ်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွေကို ၂၀၁၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်နှင့် ကြားဖြတ်ရွေးကောက်ပွဲများအနေဖြင့် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်ကျင်းပခဲ့သည့် အတွေ့အကြုံများအရ မဲဆန္ဒနယ်အားလုံးရဲ့ရွေးကောက်ပွဲများကို ရာနှုန်းပြည့်ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း သက်ဆိုင်ရာလွှတ်တော်များခေါ်ယူခြင်းနှင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရနှင့် ပြည်နယ်အစိုးရများဖွဲ့စည်းခြင်းတို့ကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သည့် သာဓကများရှိသည်ကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များအားလုံးရွေးကောက်ပွဲ မပြုလုပ်နိုင်ပေမယ့်လည်းလုပ်လို့ရတဲ့မဲဆန္ဒနယ်များကို ရွေးကောက်ပွဲပြုလုပ်ပြီးရွေးကောက်ခံ ကိုယ်စားလှယ်များရွေးချယ်ခြင်းဟာ ရွေးကောက်ပွဲရဲ့တရားဝင်မှု (Legitimacy)ကို မထိခိုက်ဘူးဆိုတာ လွယ်ကူရှင်းလင်းစွာ သိရှိနိုင်ပါတယ်။
ယခုရွေးကောက်ပွဲကို သုံးကြိမ်ခွဲပြီးကျင်းပမှာဖြစ်၍ ပထမအကြိမ်မှာ ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်မှာ မြို့နယ် ၁၀၀ နှင့် တတိယအကြိမ်မှာ ၇၂ မြို့နယ်ဖြစ်လို့ ရွေးကောက်ပွဲကျင်းပဖို့ မြို့နယ်ပေါင်းဟာ ၂၇၄ မြို့နယ်ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း ၃၃၀ ရှိလို့ လတ်တလောမကျင်းပနိုင်မယ့် မြို့နယ်က ၅၆ မြို့နယ်သာဖြစ်ပြီး ဒါလည်း ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ ဒါဆိုရင် ရွေးကောက်ပွဲရဲ့တရားဝင်မှု(Legitimacy)ကို စဉ်းစားတွေးခေါ်တတ်သူတိုင်းက နားလည်သဘောပေါက်လောက်မယ်လို့ ပြောရပါမယ်။
မေးခွန်း (၂) အတွက် အဖြေကတော့ အထက်မှာဖော်ပြထားသလို ရွေးကောက်ပွဲကျင်းပရာမှာ မဲဆန္ဒနယ် မည်ရွေ့မည်မျှနှင့် ပြည်သူ့ကိုယ်စားလှယ်မည်ရွေ့မည်မျှအရေအတွက်ကို အခြေခံဥပဒေက သတ်မှတ်ထားခြင်းမရှိတာကြောင့် ရွေးကောက်ပွဲကျင်းပနိုင်တဲ့မဲဆန္ဒနယ်များမှ ရွေးကောက်ခံကိုယ်စားလှယ်ဦးရေမည်မျှသာရှိသည်ဖြစ်စေ၊ အခြေခံဥပဒေကသတ်မှတ်ထားတဲ့ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်ပူးပေါင်းကာ လွှတ်တော်အစည်းအဝေးများကိုကျင်းပခြင်း၊ အစိုးရဖွဲ့စည်းခြင်းတို့ကို အခြေခံဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားနိုင်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၁ဝ၉ အရ၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၃၀ ထက် မပိုစေရဟူ၍လည်းကောင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁၁၀ ထက် မပိုစေရဟူ၍လည်းကောင်းသတ်မှတ်ထားသည်ဖြစ်ရာ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေမည်မျှပင်ရှိသည်ဖြစ်စေ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးနှင့် ပူးပေါင်းပြီး သက်ဆိုင်ရာလွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်မှာပဲဖြစ်ပါတယ်။
အစည်းအဝေးအထမြောက်မှုနှင့်ပတ်သက်၍ အခြေခံဥပဒေပုဒ်မ ၁၂၈ (က) အရ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်စုစုပေါင်း ဦးရေ၏ ထက်ဝက်ကျော်ဦးရေတက်ရောက်လျှင် ယင်းအစည်းအဝေးအထမြောက်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်ခံခဲ့ရသော ကိုယ်စားလှယ်များနှင့်တပ်မတော်သားကိုယ်စားလှယ်များကိုသာ တက်ရောက်ခွင့်ရှိသော စုစုပေါင်းဦးရေတွင်ထည့်သွင်းရေတွက်ရခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပခြင်းမရှိတဲ့ မဲဆန္ဒနယ်များမှရွေးကောက်တင်မြှောက်နိုင်ခြင်း မလုပ်နိုင်တဲ့ကိုယ်စားလှယ်အရေအတွက်အား လွှတ်တော်တက်ရောက်ခွင့်ရှိတဲ့စုစုပေါင်းကိုယ်စားလှယ် အရေအတွက်မှာ ထည့်သွင်းရေတွက်ခြင်းမပြုပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရသော ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်လျှင် ပြည်သူ့လွှတ်တော်အစည်းအဝေးအထမြောက်ပြီး လွှတ်တော်လုပ်ငန်းစဉ်များကို အခြေခံဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ ရွေးကောက်ခံကိုယ်စားလှယ် မည်မျှပင်နည်းသည်များသည်မဆို တပ်မတော်သားကိုယ်စားလှယ်များ၏ အမိန့်နာခံမှု၊ ညီညွတ်မှု၊ နိုင်ငံတော်အရေးအတွက် စိတ်အားထက်သန် စွာလုပ်ဆောင်နိုင်မှုနှင့် တပ်မတော်ခေါင်းဆောင်များ၏ဦးဆောင်မှုအောက်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် နံပါတ် (၅) မှာ ဖော်ပြခဲ့သည့်အတိုင်း “ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်” သွားနိုင်မှာ ဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို အောင်အောင်မြင်မြင် ဆက်လက်တည်ဆောက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဖယ်ထားပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ခံကိုယ်စားလှယ်လောင်းများရဲ့ စာရင်းပေးမှုအင်အားမှာ ၅၀၂၃ ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် ၁၃၄၉ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၈၃၅ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အတွက် ၂၇၃၃ ဦးနှင့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၁၀၆ ဦး စုစုပေါင်းအင်အား ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က စိစစ် ချက်အရ ကိုယ်စားလှယ်လောင်းအချို့ လျော့နည်းနိုင်သော်လည်း ထိခိုက်နိုင်စရာမရှိပါဘူး။
ရွေးကောက်ပွဲစနစ်ကလည်း ပြည်သူ့လွှတ်တော်တစ်ခုတည်းသာ အနိုင်ရသူ အကုန်ယူစနစ် (First past the post – FPTP) စနစ်သွား ပြီး ကျန်လွှတ်တော်များအတွက် ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional Representation– MMP) ဖြင့် သွားမှာဖြစ်လို့ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်အသီးသီးမှ ရွေးချယ်ခံကိုယ်စားလှယ်လောင်းအသီးသီးကလည်း လွှတ်တော်အတွင်းသို့ အချိုးကျစနစ်အရဝင်ရောက်လာမှာဖြစ်တဲ့အတွက် စတင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်မှာ သိက္ခာရှိသော လွှတ်တော်၊ အငြင်းပွားဖွယ်မရှိ လွှတ်တော်အဖြစ် ထင်ထင်ရှားရှား တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။
မေးခွန်း(၃)ကတော့ ဟိုလူမပါလို့၊ ဒီပါတီမပြိုင်လို့ဆိုတဲ့ မေးခွန်း မေးသူတွေကတော့ ပုဂ္ဂိုလ်ရေးခံစားချက်ကို ရှေ့တန်းတင်သူများဖြစ်ပါတယ်။ ဒီမိုကရေစီရေချိန်နိမ့်ပါးပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်သူများ ရဲ့ အမြင်သဘောထားဖြစ်ပါတယ်။ ပြည်သူတွေလိုလားတဲ့စနစ်က ပါတီစုံဒီမိုကရေစီဖြစ်တဲ့အတွက် တစ်ပါတီတည်းကကြီးစိုးပြီး လူပုဂ္ဂိုလ်ပေါ် အမှီသဟဲပြုလွန်းရင် အာဏာရှင်စနစ်သာ ပြန်ဖြစ်သွား မှာဖြစ်ပါတယ်။ တစ်ပါတီအာဏာရှင်စနစ်နဲ့ လူပုဂ္ဂိုလ်တစ်ဦးတည်းကိုသာ အားပြုထားလို့ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်နိမ့်ကျခဲ့တဲ့ အတွေ့အကြုံတွေကို ခံထားခဲ့ဖူးတာကြောင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦး မပါဝင်တာနဲ့ အဲဒီ ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ သတ်မှတ်လို့မရနိုင်ပါဘူး။ လက်ရှိ မကြာမီကျင်းပပြုလုပ်တော့မယ့် ရွေးကောက်ပွဲမှာ တည်ဆဲဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ(၅၇) ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦး ရှိနေပါတယ်။ အဲဒီပါတီများနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးနေတဲ့ ပါတီဝင်များဟာလည်း မြန်မာနိုင်ငံသား ပြည်သူလူထုပဲ ဖြစ်ပါတယ်။ သူတို့ပါတီအနိုင်ရရှိရေးနှင့် ပါတီရဲ့မူဝါဒလမ်းစဉ်များနဲ့အညီအစိုးရဖွဲ့စည်းနိုင်ရေး တစ်နည်းအားဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နိုင်ရေး ကြိုးစားနေကြတာကိုလည်း အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ မှတ်ပုံမတင်လို့ ပါတီဖျက်သိမ်းခံရခြင်းဟာ သူ့သဘော သူဆောင်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်၊ ကိုယ်ထောက်ခံအားပေးတဲ့ ပါတီအဟောင်းတွေမပါတာနဲ့ ဒီရွေးကောက်ပွဲဟာအစစ်အမှန်မဟုတ်ကြောင်း ဝေဖန်ပြောဆိုမှုများဟာ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားနေခြင်းသာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲဖြင့်ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်လာပါက လက်ရှိနိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ အဖျက်အမှောင့်အကြမ်းဖက်သမားတွေအဖို့ ရှေ့ဆက်ရပ်တည်ရန်ခက်ခဲတဲ့အခြေအနေသို့ ရောက်ရှိနိုင်တဲ့အတွက် အကြမ်းဖက်သောင်းကျန်းသူ၊ ဝရမ်းပြေးပြည်ပြေးအဖျက်အမှောင့်အုပ်စုများက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ မပျက်ပျက်အောင် ဖျက်ဆီးရမည့်အကြောင်းတွေ လှုံ့ဆော်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ပြည်သူတွေ စိုးရိမ် ထိတ်လန့်နေမှသာ သူတို့ရှင်သန်ရပ်တည်နိုင်မှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ဘဝပေါင်းများစွာကိုချနင်းပြီး သူတို့သာ အာဏာပြန်လည်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းနဲ့ရယူဖို့ ကြိုးစားနေတဲ့ ပြည်ပြေးအုပ်စုများရဲ့ အဟန့် အတား၊ အနှောင့်အယှက်များကို တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူလူထုအနေနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ တက်ညီလက်ညီ စည်းလုံးမှုအင်အားဖြင့် တုံ့ပြန်ဆန့်ကျင်သွားရန် လိုအပ် လှပါတယ်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဘက်ပေါင်းစုံကနေ ကြိုးပမ်း လုပ်ဆောင်နေချိန်မှာ ပြည်တွင်းပြည်ပ အဖျက်အမှောင့်အုပ်စုများက ရွေးကောက်ပွဲ ပျက်စီးရာပျက်စီးကြောင်း သွေးထိုးလှုံ့ဆော်မှုများ၊ မမှန်မကန်ဝါဒဖြန့်မှုများကို နားမယောင်ကြရန်လည်း သတိပေးနှိုးဆော်လိုပါတယ်။
နိုင်ငံတော်အစိုးရကတော့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကိုနှောင့်ယှက်ခြင်းမှ ကာကွယ်ပေးတဲ့ ဥပဒေများပြဋ္ဌာန်းထားပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်ပေးကြမယ့် နိုင်ငံ့ဝန်ထမ်းများကို ကာကွယ်ပေးလျက်ရှိပါတယ်။ ဒီဥပဒေဟာလည်း အသက်ဝင်လျက်ရှိပြီး ဒီဥပဒေအရရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူ ၉၃ ဦးကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူပြီး ဖြစ်ပါတယ်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ရဲ့အချိုးအကွေ့ နိုင်ငံရေးအပြောင်းအလဲမှာ ပြည်သူ့ ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့အတွက် ဆန္ဒမဲ ပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ် များသည် နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန် အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်းအောင်ဆောင်ရွက်နိုင်မည့်သူများကို ရွေးချယ်ပေးကြဖို့ကိုလည်း အသိပေးလိုပါတယ်။
နိုင်ငံတော်အစိုးရက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တစ်ရပ်မဖြစ်မနေ ကျင်းပမည့်အကြောင်း အတိအလင်းကြေညာချိန် ကစပြီး ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများအပါအဝင် နိုင်ငံများစွာတို့မှ နိုင်ငံ့ခေါင်းဆောင်များက အသိအမှတ်ပြုအားပေးထောက်ခံကြသလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်ပေးသွားမည် လို့လည်း သိရပါတယ်။
ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်ရဲ့ အနာဂတ်ကို တည်ငြိမ် အေးချမ်းစွာ ပုံဖော်နိုင်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို အာမခံချက်ပေးနိုင်မည့် စစ်မှန်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်း ပါဝင်ခြင်းဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ တာဝန်သိနိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်ဖို့ လိုအပ်လှပါတယ်။ မိမိတို့ရဲ့ အဖိုးတန်တဲ့ နိုင်ငံသားအခွင့်အရေးကို လက်တွေ့အသုံးချကြပြီး တစ်မျိုးသားလုံးရဲ့ စုစည်းညီညွတ်သော စွမ်းအားဖြင့် အဖျက်သမားတို့ရဲ့အန္တရာယ်ကို တွန်းလှန်ပြီး မိမိတို့အားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီပန်းတိုင်ကို အောင်မြင်စွာရောက်ရှိအောင် ဟန်ချက်ညီညီ တက်လှမ်းကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ရွေးကောက်ပွဲ၊ အောင်မြင်တဲ့ ရွေးကောက်ပွဲကြီးဖြစ်ပေါ်လာစေရေးနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပွန်စေရေးအတွက် ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကာလတွေမှာ ကျရာကဏ္ဍမှ တက်ညီလက်ညီ ပါဝင်ပူးပေါင်းကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
