အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်ကြမည့် နိုင်ငံရေးပါတီများ
ဦးရွှေဦး
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမတိုင်မီအချိန်မှစ၍ အမျိုးသားရေးလှုပ်ရှားမှုများနှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့ပါသည်။ သို့သော် ခေတ်စနစ်အမျိုးမျိုး ပြောင်းလဲခဲ့ရခြင်းကြောင့် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလ နိုင်ငံရေးပါတီများ ဖျက်သိမ်းခဲ့ရသဖြင့် နိုင်ငံရေးပါတီများမှာ နှစ်ကာလကြာရှည်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကွယ်ပျောက်ခဲ့ရသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ခွင့် ရရှိခဲ့ပါသည်။ ယနေ့အချိန်ကာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရန် ဖွဲ့စည်းထူထောင်စည်းရုံး ဆောင်ရွက်နေသည့်ကာလဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တည်ထောင်ထားသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးဆောင်ရွက်မည့်ပါတီ ခြောက်ပါတီနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စည်းရုံးဆောင်ရွက်မည့် ပါတီ ၅၁ ပါတီရှိပါသည်။
ယင်းပါတီများတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ၂၀၁၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလမှ ယနေ့အထိ ဆက်လက်တည်ရှိနေခဲ့သော ပါတီ ၃၆ ပါတီနှင့် ပုဒ်မ ၃ အရ အသစ်တည်ထောင်သော ပါတီ ၂၁ ပါတီဖြစ်ပါသည်။ နိုင်ငံရေးအယူဝါဒအရဖြစ်ပေါ်လာသည့် နိုင်ငံရေးပါတီ ၂၈ ပါတီ၊ တိုင်းရင်းသား မျိုးနွယ်အလိုက်ဖြစ်ပေါ်လာသောပါတီ ၁၃ ပါတီနှင့် ဒေသအလိုက် ဖွဲ့စည်းထူထောင်ထားသော ပါတီ ၁၆ ပါတီဖြစ်ကြောင်း တွေ့ရှိရပါသည်။
သမိုင်းအစဉ်အလာ
မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့မှုသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် အမျိုးသားရေး စိတ်ရှင်သန်နိုးကြားလာရာမှ နိုင်ငံရေးပါတီများ စတင် ပေါ်ပေါက်လာခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ပေါ်ပေါက်ခဲ့ပြီးဘာသာရေး၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှတစ်ဆင့် နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရောက်ခဲ့ရာနိုင်ငံရေးအစ (YMBA)ကဟု ဆိုစမှတ်ပြုခဲ့ကြသည်။
လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ဦးကာလတွင် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအင်အားစုအဖွဲ့များ အမြောက်အမြား ပေါ်ပေါက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဥပဒေအာဏာ တည်သည့်နေ့မှစ၍ ၁၈ လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဖြစ်သော်လည်း နိုင်ငံရေးအင်အားစုများတွင် ဝါဒစွဲ၊ ဂိုဏ်းကွဲ၊ အုပ်စုကွဲများနှင့် တောခိုလက်နက်ကိုင်သောင်းကျန်းမှု အခြေအနေများ ကြောင့် ၁၉၅၁ - ၁၉၅၂ ခုနှစ်မှသာ ပထမအကြိမ်ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ဖဆပလအနိုင်ရရှိခဲ့သည်။
ဖဆပလအဖွဲ့ချုပ်ကြီးမှာ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် လိုအပ်သည့်အချိန်တွင် နိုင်ငံသားအားလုံး သွေးစည်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့ပါသည်။ ၁၉၃၀ ပြည့်နှစ်တွင် မြန်မာ့လူငယ်ခေတ်ပညာတတ် နိုင်ငံရေးသမားသခင်များသည် တကောင်းအဘိရာဇာတို့ဗမာသီချင်းကြီးကို သီဆို၍ လာမည့်ဘေးပြေးတွေ့ဟူသည့် ကြွေးကြော်သံကို ဟစ်ကြွေးကာတို့ ဗမာအစည်းအရုံးကြီးကို စတင်ဖွဲ့စည်းခဲ့သည်။
တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာရခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်များမဟုတ်၊ တိုင်းပြည်တွင် ကျရောက်နေသော ပကတိအခြေအနေများကို ဝင်ရောက်ဆောင်ရွက်ရန် သမိုင်း၏ တောင်းဆိုချက် အရ ထင်ရှားမှန်ကန်စွာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သမိုင်း၏ တောင်းဆိုချက်အရ “ဗမာ (မြန်မာ) ပြည်သည် တို့ပြည်၊ ဗမာ(မြန်မာ)စာသည် တို့စာ၊ ဗမာ(မြန်မာ)စကားသည် တို့စကား”... စသောကြွေးကြော်သံများဖြင့် တို့ဗမာအစည်းအရုံးကြီးသည် ပေါ်ထွက်လာရခြင်းဖြစ်သည်။
စစ်ကြိုခေတ်တွင် တို့ဗမာအစည်းအရုံးကြီးသည် နယ်ချဲ့ပယောဂဖြင့် နှစ်ဂိုဏ်းကွဲခဲ့ရသော်လည်း လွတ်လပ်ရေးတိုက်ပွဲကြီး နီးလာသောအခါ ပြန်လည်သွေးစည်းကြပြီး ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းကာ ဘီအိုင်အေတပ်မတော်ကြီးထူထောင်၍ လွတ်လပ်ရေးတိုက်ပွဲ ဝင်နိုင်ခဲ့ကြခြင်းသည် အမျိုးသားညီညွတ်ရေးလမ်းစဉ်၏ “စံ” တစ်ခုဖြစ်ခဲ့ ပေသည်။
ထို့အပြင် ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာအစည်း အရုံးကြီး၏ ကိုယ့်မင်းကိုယ်ချင်းအဖွဲ့က ကမကထပြု နှိုးဆော်စည်းရုံးနိုင်ခြင်းဖြင့် ဗြိတိသျှအစိုးမိုးခံ ဥပဒေပြုလွှတ်တော်တွင် အမျိုးသား လွတ်လပ်ရေးအဆိုကို ထူးခြားစွာစတင်၍ တောင်းဆို ခဲ့သည်။ မြန်မာပြည်၏ ဥပဒေခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။ ထိုလှုပ်ရှားမှုနှင့် မရှေးမနှောင်းပင် တို့ဗမာအစည်းအရုံးကြီးသည် အနာဂတ်အမျိုးသား လွတ်လပ်ရေးခြေလှမ်းအတွက် အမျိုးသားညီညွတ် ရေးတပ်ပေါင်းစုကြီးအဖြစ် “မြန်မာ့လွတ်လပ်ရေး ထွက်ရပ်ဂိုဏ်းကြီး”ကို တည်ထောင်ခဲ့သည်။
၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးအပြီး ၁၉၄၆ ခုနှစ်တွင် ကန်တော်ကြီးနေသူရိန် အမျိုးသား ညီလာခံကြီးအပြီး၌ ဖဆပလအဖွဲ့ချုပ်ကြီးဟူ၍ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲကြီး၏ နောက်ဆုံး အဆင့်အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီးကို ထူထောင်ခဲ့ကြ သည်။ ဤကဲ့သို့ အမျိုးသားညီညွတ်ရေးကို ထူထောင်နိုင်ခဲ့ခြင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရေးကြီးဆုံးသော ဆောင်ရွက်ချက်သမိုင်းတစ်ကွေ့မှတ်တမ်း (Historical Turning Point) ဖြစ်ခဲ့လေသည်။
ယနေ့အချိန်အခါသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဦးတည်ချက်ထားရှိပြီး ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန်မှာ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ပြီး ရွေးကောက်ပွဲ အလွန်ခိုင်မာအားကောင်းသော လွှတ်တော်များ၊ အစိုးရအဖွဲ့များဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးရရှိရန်မှာ မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
မြန်မာလူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် အနာဂတ်တွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်များအတွင်း နိုင်ငံ့အကျိုး၊ မိမိတို့၏တိုင်းရင်းသားလူမျိုးစုများအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရန် အချိန်အခါလည်း ကျရောက်နေပြီဖြစ်ပါသည်။
နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲများ
နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုမှာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးပါတီ ၄၃ ပါတီဖွဲ့စည်းခဲ့ပြီး ၁၉၅၀-၅၂ ခုနှစ် ပထမအကြိမ် ပါလီမန်ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၂ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်ဩဂုတ်လ ၂၂ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအစည်းအဝေးကျင်းပရာတွင် နိုင်ငံရေးပါတီ ၂၄ ပါတီရှိခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ပြုခဲ့ရာ နိုင်ငံရေးပါတီ ၂၃၉ ပါတီအထိ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် နိုင်ငံရေးပါတီ ၉၃ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင် နိုင်ခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေမှာ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီ ၃၇ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၇၁ ဦး၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးပါတီ ၉၁ ပါတီ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၃၈ ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီ ၉၁ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦးဖြစ်ပြီး ယခုကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများတွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့်သာ ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအထိအနိုင်ရသဖြင့် အစိုးရဖွဲ့စည်းနိုင်ခဲ့သော နိုင်ငံရေးပါတီများမှာ ဖဆပလ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ဖြစ်သည်ကို တွေ့ရှိရ ပါသည်။ အစိုးရဖွဲ့စည်းနိုင်သည့် ပါတီသုံးပါတီသာရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်များကို အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP)ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများအရ ကိုယ်စားလှယ်နေရာများ ရရှိနိုင်ကြမည်ဖြစ်ပါသည်။
လွှတ်တော်အတွင်း တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များပါဝင်လာခြင်းဖြင့် ဒေသဆိုင်ရာ ကိုယ်စားပြုမှု တိုးမြှင့်ရရှိလာမည်ဖြစ်ပြီး တိုင်းရင်းသားများဆန္ဒကို ပိုမိုညှိနှိုင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ MMP စနစ်သည် တရားမျှတမှုမြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
နိုင်ငံရေးပါတီများသည် မကြာမီကာလတွင် မဲဆန္ဒရှင်ပြည်သူလူထုအတွင်း မဲဆွယ်စည်းရုံးခြင်းမှစတင်၍ နိုင်ငံရေးတာဝန်များ ထမ်းဆောင်ကြရ တော့မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ကြရာတွင် ဥပဒေနှင့်အညီမျှမျှတတ မဲဆွယ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။ မီဒီယာအားကို အသုံးပြု၍ အမုန်းစကားများဖြင့် ပါတီအချင်းချင်း တိုက်ခိုက်မဲဆွယ်ခြင်း၊ အချို့နိုင်ငံရေးပါတီများက မိမိပါတီအနိုင်ရရှိရေးအတွက် ပြည်သူလူထုကို နည်းလမ်းမမှန်သော စည်းရုံးရေးနည်းများဖြင့် မဲဆွယ်ခြင်းတို့ကို ရှောင်ရှားသင့်ပါသည်။
ပါတီခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် နိုင်ငံတော်ကို ဦးဆောင်မည့် နေရာများတွင် ပါဝင်ဆောင်ရွက်ကြရန်ရည်မှန်းချက် ထားသူများဖြစ်ကြရာပါတီ၏ ဂုဏ်သိက္ခာ၊ နိုင်ငံရေးဂုဏ်သိက္ခာများအတွက် နောင်လာနောက်သားများနှင့် နိုင်ငံသားများ လေးစားတန်ဖိုးထားသော စံနမူနာပြသနိုင်ရေး ပြုမူနေထိုင်ပြောဆိုကြရန် အကြံပြုတိုက်တွန်းလိုပါသည်။ တရားမဝင် မီဒီယာများနှင့် ဥပဒေမညီညွတ်သော ပြောဆိုခြင်းများကို ရှောင်ရှားသင့်ပါသည်။ နိုင်ငံရေးပါတီများသည် တရားဥပဒေကို လေးစားလိုက်နာခြင်း (Rule Of Law)နှင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီနိုင်ငံရေးအရ ရင့်ကျက်တည်ငြိမ်ခြင်းတို့ကို အလေးထား ကြိုးစားအားထုတ်ကြရန် တိုက်တွန်းအပ်ပါသည်။
နိုင်ငံရေးပါတီများက အသွင်သဏ္ဌာန်ကောင်းမွန်ရန်အတွက် ဖွဲ့စည်းပုံ၊ ပါတီဝင်အင်အား၊ ပါတီရုံးခန်းအဆောက်အအုံ၊ ပါတီရန်ပုံငွေတို့ကို သတ်မှတ်ချက်အတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သလို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်လည်း သတ်မှတ်ထားသည့် ကိုယ်စားလှယ်ဦးရေပြည့်မီအောင် တင်သွင်းနိုင်ခဲ့ကြပြီး ဖြစ်ပါသည်။ ပါတီ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ဆောင်ချက်များ ကောင်းမွန်စွာဖြင့် အနှစ်သာရရှိပြီး ပြည်သူလူထု အားကိုးထောက်ခံယုံကြည်မှုဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ ပါတီကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နိုင်ကြတော့မည်ဖြစ်ပါသည်။
နိုင်ငံ့ကောင်းကျိုးဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေး
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အရည်အချင်းပြည့်ဝ၍ လုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး အတွေ့အကြုံ ရင့်ကျက်ကာ နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ မဲပေးကြရန် တိုက်တွန်းလိုပါသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းထားရှိပြီး ရွေးကောက်ပွဲလုံခြုံရေး၊ ပါတီဝင်များနှင့် ပါတီရုံးခန်းများလုံခြုံရေး၊ ကိုယ်စားလှယ်လောင်းများ လုံခြုံရေး၊ မဲဆန္ဒရှင်များ လုံခြုံစွာဆန္ဒမဲပေးနိုင် ရေးတို့ကို အစိုးရဌာနအဖွဲ့အစည်းများက ဆောင်ရွက် ပေးလျက်ရှိပါသည်။ ပြည်သူတစ်ရပ်လုံးလိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံရေးပါတီများကို ကြိုဆိုလိုက်ရပါသည်။
ရည်ညွှန်းချက်များ
၁။ သခင်များနှင့် အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုကြီး (၁၉၃၀-၁၉၄၈)၊ တက္ကသိုလ်စိန်တင်။
၂။ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း(ပထမတွဲ၊ ဒုတိယတွဲ)။
၃။ ကမ္ဘာ့နိုင်ငံရေးပါတီစာတမ်းများ (ဦးမြသောင်း)။