ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းများပီသစွာ
ဇော်လင်း
“နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရေးဟာ ပြည်ထောင်စုသား အားလုံးရဲ့မွေးရာပါတာဝန်ဖြစ်တာကြောင့် နိုင်ငံသူနိုင်ငံသားအားလုံးက စည်းလုံးညီညွတ်စွာနဲ့ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကိုဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားကြဖို့လိုတယ်။ တို့နိုင်ငံအတွက် အသက်တမျှအရေးကြီးတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို မောင်တို့မယ်တို့က အမိဖွံ့ဖြိုးရေးတက္ကသိုလ်မှာအတူတကွ ပညာသင်ကြားရင်းနဲ့ ရင်ထဲမှာစွဲမြဲခံယူကြပြီးဖြစ်တယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့်မောင်တို့၊ မယ်တို့အနေနဲ့ ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းများပီသစွာနဲ့ မိမိတို့တာဝန်ကျရာဒေသတွေမှာ တိုင်းရင်းသားပြည်သူများအကြား ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထွန်းကားလာပြီး တိုင်းရင်းသားအချင်းချင်းစည်းလုံးချစ်ခင်ညီညွတ်လာအောင် စည်းရုံးဆောင်ရွက်သွားကြပါလို့ မှာကြားလိုတယ်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ် (၇)၊ သင်တန်းဆင်းကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာတွင် မြွက်ကြားသည့် ဩဝါဒအမှာစကားမှ ကောက်နုတ်ချက်ဖြစ်ပါသည်။
စုပေါင်းအားဖြင့် တွန်းလှန်
မိမိတို့နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်သောနိုင်ငံဖြစ်သည်။ “မြန်မာ” ဟူသော ဝေါဟာရသည် မျိုးနွယ်စုများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကျန်တိုင်းရင်းသားမျိုးနွယ်စုအားလုံးကို ခေါ်ဆိုခြင်းဖြစ်သည်။ တိုင်းရင်းသားအားလုံးတို့သည် နိုင်ငံတွင်ကျရောက်လာသည့် အခက်အခဲများကို စုပေါင်းအားဖြင့် လက်တွဲတွန်းလှန်ကာကွယ်ခဲ့ကြသကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုစွမ်းအားတို့ဖြင့် သာယာဝပြောသည့်နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ကြသည်။
တိုင်းရင်းသားမျိုးနွယ်စုအချင်းချင်း အပြန်အလှန်လေးစားယုံကြည်မှု၊ ရင်းနှီးချစ်ကြည်မှု၊ နားလည်ခွင့်လွှတ်မှု၊ စည်းလုံးညီညွတ်မှုတို့သည် ပြည်ထောင်စု၏အသက်သွေးကြောပင်ဖြစ်သည်နှင့်အညီ အဆိုပါစိတ်ဓာတ်များမွေးဖွားသန့်စင်ခဲ့သော၊ ပေါက်ဖွားရှင်သန်ခဲ့သောမြေ၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ သမိုင်းကြောင်းကို အကျဉ်းမျှတင်ပြလိုပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် ၁၉၆၄ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနိုင်သော ပညာရေးဝန်ထမ်းကောင်းများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။ တက္ကသိုလ်အား တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် ၅ ရပ်ရှိပြီး အဆိုပါရည်ရွယ်ချက်များတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်းတိုင်းရင်းသားအချင်းချင်းပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်ဟူသောအချက်အပါအဝင် ဖြစ်ပါသည်။
တူညီသောတန်ဖိုးများကို မွေးဖွား
ဖွံ့ဖြိုးရေးတက္ကသိုလ်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူသော တိုင်းရင်းသားလူငယ်မောင်မယ်များအတွက် အဆင့်မြင့်ပညာများဆည်းပူးရာ ပြည်ထောင်စုကျောင်းတော်ကြီးဖြစ်သည်။ တိုင်းရင်းသားလူငယ်မောင်မယ်များ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လူမှုရေးမှစ၍ နိုင်ငံတော်က လိုလေသိမ်းမရှိ အခမဲ့တာဝန်ယူစောင့်ရှောက်ပေးထားပါသည်။ ကျောင်းအိပ်ကျောင်းစားဖြစ်ပြီး အိပ်ဆောင်တိုင်းတွင် တိုင်းရင်းသားပေါင်းစုံစုစည်းနေထိုင်ကြရသဖြင့် နေထိုင်ရာအသိုင်းအဝိုင်းသည် ပြည်ထောင်စုလေးသဖွယ်ဖြစ်နေသည်။ အိပ်ဆောင်များအား တိုင်းရင်းသားမျိုးနွယ်စုနာမည်များ၊ တိုင်းရင်းသားများ၏ အထင်ကရနေရာများဖြင့်မှည့်ခေါ်ထားပါသည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ထူးခြားချက်သည် Guardian စနစ်ဖြစ်သည်။ Senior အစ်မကြီးက မွန်တိုင်းရင်းသူဖြစ်ကောင်းဖြစ်မည်။ Junior ညီမငယ်က ကရင် တိုင်းရင်းသူဖြစ်ကောင်းဖြစ်မည်။ မတူညီသော ဓလေ့၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများမှ မောင်နှမအရင်း၊ ညီရင်းအစ်ကို သံယောဇဉ်မျိုးဖြင့် တူညီသောတန်ဖိုးများကို မွေးဖွားပေးနိုင်ခဲ့သည်။
ယင်းတန်ဖိုးများသည် ပြည်ထောင်စုစိတ်ဓာတ်၏ အခြေတည်ရာဖြစ်သည်။ Junior ညီငယ်ဖျားလျှင် Senior အစ်ကိုကြီး ညမအိပ်နိုင်တော့၊ Senior အစ်ကိုအလုပ်များလျှင် ဝိုင်းဝန်းကူညီပေးသူက Junior ညီငယ်ဖြစ်သည်။ အမုန်းတရားများမရှိ၊ နှိုင်းယှဉ်မှုများမရှိ၊ သံယောဇဉ်တရားများဖြင့် ခိုင်ကျည်ထားသော ပြည်ထောင်စုလေးတွင် သူတို့ရှင်သန်ပျော်ရွှင်စွာပညာဆည်းပူးကြသည်။ သူတို့ တစ်တွေအား နည်းပေး၊ လမ်းပြသွန်သင်ဆုံးမသူ ဆရာ ဆရာမများသည်လည်း တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံက သူတို့၏ Senior အစ်ကိုကြီး၊ အစ်မကြီးများပင် ဖြစ်သည်။
ဤကျောင်းတော်ကြီးတွင် တိုင်းရင်းသားအသီးသီး၏ ဘာသာစကား၊ ရိုးရာဓလေ့စရိုက်များအား သင်ကြားဖလှယ်ခွင့်ရရှိကြသည်။ မည်သည့်တိုင်းရင်းသား၊ တိုင်းရင်းသူဖြစ်စေ နှစ်သက်ရာ တိုင်းရင်းသားဘာသာစကားကို သင်ယူနိုင်သည်။ တိုင်းရင်းသားရိုးရာဓလေ့စရိုက်များကို လေ့လာနိုင်သည်။ ရိုးရာဝတ်စုံများ လဲလှယ်ကာဓာတ်ပုံရိုက်ကြသည်။ ရိုးရာမုန့်များတစ်လှည့်စီပြုလုပ်၍ မြိန်ရေရှက်ရေ စားကြသည်။ သူတို့တစ်တွေသည် ပြည်ထောင်စုသားများဖြစ်ကြ၍ ဂုဏ်ယူဝင့်ကြွားကြသည်။ မြန်မာနိုင်ငံသားဖြစ်၍ ဂုဏ်ယူဝင့်ကြွားကြသည်။ “စည်းလုံးခြင်းသည်အင်အား”ဟူသည် ဖွံ့ဖြိုး ရေးတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည်။ သံယောဇဉ်တရားက စည်းလုံးညီညွတ်ရေးအားကို အလိုအလျောက် ရရှိစေသည်။
ဤကျောင်းတော်ကြီးတွင် သင်ကြားရေးဘာသာရပ်ဌာန ၂၁ ဌာနဖြင့် သင်ကြားပို့ချမှုဆိုင်ရာ သင်ရိုးညွှန်းတမ်း ဘာသာရပ်များ၊ အခြေခံဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များ၊ သိပ္ပံဘာသာရပ်များ၊ တွဲဖက်သင်ရိုးညွှန်းတမ်း ဘာသာရပ်များနှင့် အထူးတွဲဖက်သင်ရိုးညွှန်းတမ်းဘာသာရပ်များ သင်ကြားကြရသည်။ အထူးတွဲဖက်သင်ရိုးညွှန်းတမ်းဘာသာရပ်များတွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် စာရိတ္တပညာ၊ တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုဘာသာရပ်များပါဝင်သည်။ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဘာသာရပ်များ ပါဝင်သည်။ သို့သော် စည်းလုံးညီညွတ်ရေးဟု အတင်းတိုက်တွန်းနေစရာမလို၊ နှစ်ကာလများစွာ အတူတူနေထိုင်ရှင်သန်ခဲ့ကြသော ဤကျောင်းတော်သူကျောင်းတော်သားများ၏ သံယောဇဉ်သည် ရေကိုသား၍ကြားမထင်ကဲ့သို့ ရှိကြပါသည်။
ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ကျောင်းသား ကျောင်းသူများအား နိုင်ငံတော်ကစားဝတ်၊ နေရေး၊ ကျန်းမာရေးမှစ၍ အစစအရာရာလိုလေသေးမရှိ ထောက်ပံ့ပေးထားပါသည်။ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ရိက္ခာစိုငွေများအပြင် ဝတ်စုံများအနေဖြင့် တိုက်ပုံ၊ ဆာဖာရီ၊ လည်ကတုံး၊ လုံချည်၊ ဘောင်းဘီ၊ ရင်ဖုံး၊ တီရှပ်၊ ဘောင်းဘီရှည်၊ လက်ဆွဲအိတ်၊ ညှပ်ဖိနပ်၊ ကင်းဘတ်(လက်ရှည်)ဖိနပ်၊ ခြေအိတ်၊ အိပ်ရာပစ္စည်းများ၊ စာရေးကိရိယာများ၊ လစဉ်မုန့်ဖိုးစသည်ဖြင့် ကျောင်းသား ကျောင်းသူများ လိုအပ်ချက်ကို ပြည့်မီစွာ ထောက်ပံ့ပေးထားပါသည်။
ထို့ပြင်သာမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းသားကျောင်းသူများ၏ ကိုယ်ခန္ဓာဖွံ့ဖြိုး၊ ကြံ့ခိုင်ရေးအတွက် နေ့စဉ် ကြက်ဥနှစ်လုံး၊ နွားနို့ ၂၀ ကျပ်သားအပြင် ဂျုံဖြင့်ပြုလုပ်ထားသောအစားအစာကို တစ်ပတ်လျှင်ငါးရက်နှုန်းဖြင့် ကျွေးမွေးရန် စီမံဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲ၏ စေတနာသည်ကြီးမားသကဲ့သို့ ဤကျောင်းသား ကျောင်းသူများအပေါ် နိုင်ငံတော်က မည်မျှအထိမျှော်လင့်ချက်ကြီးမားကြောင်း ပေါ်လွင်စေပါသည်။ အဘယ်ကြောင့်နည်း။
ပြည်ထောင်စုစိတ်ဓာတ်ကို လေ့ကျင့်ပျိုးထောင်
အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုတိုင်းရင်းသားများအတွက် ပြည်ထောင်စုကျောင်းတော် ဖြစ်သောကြောင့်ဖြစ်သည်။ ပြည်ထောင်စုကျောင်းတော်တွင် ပြည်ထောင်စုကြီးအတွက် အသက်ဝိဉာဉ်သဖွယ်အရေးကြီးသော ပြည်ထောင်စုစိတ်ဓာတ်ကို လေ့ကျင့်ပျိုးထောင်ပေးသောကြောင့်ဖြစ်သည်။ စာကိုသာမက စိတ်ကိုပါ သင်ကြားပေး သောကြောင့်ဖြစ်သည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သည် စတင်ဖွင့်လှစ်ခဲ့သော ၁၉၆၄ ခုနှစ်မှစ၍ မဟာပညာရေးဘွဲ့ ၁၇၅ ဦး၊ မဟာဒဿနပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၃၅၀၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်ပညာဒီပလိုမာ ၉၅၆ ဦး၊ မူလတန်းဆရာအတတ်သင် ၇၁၆၂ ဦး၊ အထူးမူလတန်းဆရာ အတတ်သင်တန်း ၄၆၁ ဦး၊ ပညာရေးဘွဲ့ပေါင်းကူး သင်တန်း ၄၄၃ ဦး စုစုပေါင်း ၁၄၅၁၄ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ဆရာ၊ ဆရာမများအဖြစ်သာမက ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာကျွမ်းကျင်ပညာရှင်များ၊ သူနာပြုဆရာ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများလည်း ပေါ်ထွက်ခဲ့ပြီးဖြစ် သည်။ ပြည်ထောင်စုကြီး၏ အရည်အသွေးမြင့်မား သော လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်သည်။
ဤဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းများက ကျောင်းသားဟောင်းများအသင်းဟူ၍ ဖွဲ့စည်းထားရှိသည်။ ကျောင်းသားဟောင်းများက သူတို့အားမွေးဖွားရှင်သန်စေခဲ့သော ကျောင်းတော်ကြီးကို နှစ်စဉ်နှစ်တိုင်း အလွမ်းပြေလာကြည့်သည်။ သူတို့စိုက်ပျိုးခဲ့သော သစ်ပင်ကြီးများအောက် အရိပ်ခိုကြသည်။ ရောက်ရှိလာကြသော တိုင်းရင်းသား တိုင်းရင်းသူကျောင်းသားဟောင်းကြီးများ အချင်းချင်းလက်တွဲ၍ ဓာတ်ပုံရိုက်ကြသည်မှာ အလွန်လှပကြည်နူးဖွယ်ရာ မြင်ကွင်းဖြစ်သည်။
သူတို့တစ်တွေသည် သူတို့ချစ်သော ပြည်ထောင်စုကျောင်းတော်ကြီးကို ပြန်လည်စောင့်ရှောက်ကြသည်။ တစ်နည်းအားဖြင့် သူတို့ချစ်သော ပြည်ထောင်စုကြီးကို လက်ချင်းချိတ်ကာကွယ်စောင့်ရှောက်ရင်း မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးကြသည်။ သူတို့တစ်တွေ၏ လက်ဆင့်ကမ်းအမွေများကို သယ်ဆောင်ရင်းပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇)မှ ကျောင်းသားကျောင်းသူ ၁၈၄ ဦး သည်လည်း သူတို့ကဲ့သို့ပင် နိုင်ငံတော်၏တာဝန်ကို ကျရာကဏ္ဍအသီးသီးတွင် ထမ်းဆောင်ရင်း ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ကြပါတော့မည်။
ကိုယ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်း ကျောင်းသားကျောင်းသူများ၏ ဩဝါဒခံယူပွဲတွင် ကျောင်းသား ကျောင်းသူများကိုယ်စား ကရင်တိုင်းရင်းသား ကျောင်းသားတစ်ဦးက ဂါရဝပြုတင်ပြခဲ့ပါသည်-
သားတို့အနေနဲ့ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက် သွားပါမယ်။
သားတို့အနေနဲ့ နိုင်ငံ့သားကောင်းများပီသစွာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တတ်စွမ်းသလောက် ပါဝင်ဆောင်ရွက်သွားပါမယ်။
တာဝန်ကျရာဒေသတွေမှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများပီသစွာ ပြည်ထောင်စုစိတ်ဓာတ်ထွန်းကား ပြန့်ပွားရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။
မကြာခင်ကာလမှာကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေမှာ သားတို့အနေနဲ့ ကိုယ်စွမ်းရှိသမျှပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်ခင်ဗျာ။ အမိနိုင်ငံတော်ကြီးအတွက် မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များ၏ အားရကျေနပ်စရာ ကတိကဝတ်များဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုကြီး၏ ပြည်ထောင်စုကျောင်းတော်ကြီးဖြစ်သော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)က မွေးဖွားသန့်စင်ပေးလိုက်သော ကျောင်းဆင်းတိုင်းရင်းသား လူငယ်မောင်မယ်များသည် နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားအတွက် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း၊ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ရင်း၊ ပြည်ထောင်စုကြီးကို ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏လက်များဖြင့် ကာကွယ်စောင့်ရှောက်ကြမည့်ပုံရိပ်များကို မြင်ယောင်လျက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်း ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။