Skip to main content

နိုင်ငံသားတိုင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကိုသိရှိပြီး ထိန်းသိမ်း ကာကွယ်သွားကြပါစို့

သီသီ​သောင်း

၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ယူနက်စကို (UNESCO) ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အထွေထွေအစည်းအဝေး၌ “ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရေးအပေါ် သဘောတူညီချက်” သဘောတူစာချုပ်ကို အတည်ပြုခဲ့ရာ ယခုနှစ်တွင် ၂၂ နှစ်ပြည့်ပြီဖြစ်ပါသည်။ ၂၀၀၃ သဘောတူစာချုပ်သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို အသိအမှတ်ပြုသည့်အရေးပါသော မှတ်တိုင်ဖြစ်ပြီး ယူနက်စကိုက ၁၉၇၂ ခုနှစ်တွင် အတည်ပြုခဲ့သော “ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ ကာကွယ်ရေး သဘောတူ စာချုပ်”ကို ပြည့်စုံစေသည့် တိုးတက်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ ယနေ့အထိ စုစုပေါင်း ၁၈၃ နိုင်ငံက ယင်းသဘောတူ စာချုပ်အပေါ် လက်မှတ်ရေးထိုးပြီးဖြစ်ကြပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံလုံးပါဝင်ပါသည်။ ထိုထဲတွင်မော်လ်တာနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် နောက်ဆုံးအဖြစ် လက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံဖြစ်ပါသည်။

၂၀၀၃ ခုနှစ် သဘောတူစာချုပ်၏ အရေးပါမှုကို နှစ်ပိုင်းမြင်နိုင်ပါသည်။ ပထမအနေဖြင့် “ယဉ်ကျေးမှုအမွေအနှစ်” ဟု ခေါ်ဆို၍ အသိအမှတ်ပြုနိုင်သော အရာများ၏ နယ်ပယ်အကျယ်ကို ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် ထူးခြားစွာတိုးချဲ့ပေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်နှင့် ထိန်းသိမ်းစောင့်ရှောက်မှုအပေါ်တွင် တွေ့မြင်ရသော အနည်းငယ် ကွာခြားသည့် ဆောင်ရွက်မှုတစ်ခု ဖြစ်လာစေခဲ့ပါသည်။ ဤသဘောတူစာချုပ် နှစ်ပတ်လည် နှစ်(၂၀) ပြည့်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့သည့် ယူနက်စကို ၏ (၄၂) ကြိမ်မြောက် အထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် ၃၄ ဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များနေ့” ဟု အတည်ပြုသတ်မှတ်ခဲ့ပါသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ ကျင်းပရန်ရှင်သန်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များ၏ ကြွယ်ဝ ချမ်းသာမှုနှင့် မတူကွဲပြားမှုကို ပြသနိုင်သည့် ပွဲများ၊ လှုပ်ရှားမှုများ ပြုလုပ်စီစဉ်ဂုဏ်ပြုရန် လှုံ့ဆော်၍ ကမ္ဘာတစ်ဝန်း ကျင်းပခဲ့ရာယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ၂၀၀၃ ကွန်ဗင်းရှင်း(UNESCO 2003 Convention)တွင် ပါဝင် သည့်နိုင်ငံများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် အခြားပါဝင်သူများက တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ ကြပါသည်။

နည်းပညာအသုံးချမှုများ ဆွေးနွေး

၂၀၂၄ ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝန်း အောင်မြင်စွာကျင်းပခဲ့ရာ နိုင်ငံအသီးသီးတွင် ဒေသခံတို့၏ ပွဲတော်များ၊ နိုင်ငံပိုင်မီဒီယာကြော်ငြာများ၊ ပွဲတော်များကို ပုံစံအမျိုးမျိုးဖြင့် စီစဉ်ကာ ဘိုးဘွားစဉ်ဆက်မှ ယနေ့အထိ ရှင်သန်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ပြသခဲ့ကြပြီး နိုင်ငံတော်အဆင့် စာရင်းဝင်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဆိုရှယ်မီဒီယာနှင့် ဝက်ဘ်ဆိုက် များမှတစ်ဆင့် ရိုးရာပွဲတော်များနှင့် လှုပ်ရှားမှုများကို ထုတ်ဖော်ပြသခဲ့ပါသည်။ ထို့အပြင် AI နည်းပညာနှင့် ပတ်သက်သည့် Webinar တစ်ခုကိုလည်း စီစဉ်ကာ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆက်စပ်နေသည့် နည်းပညာအသုံးချမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထိုပွဲများတွင် အနုပညာပြပွဲများ၊ ရိုးရာလက်မှုအတတ်ပညာလုပ်ငန်းစဉ်များ၊ ရုပ်ရှင်များ၊ စကားဝိုင်း ဆွေးနွေးပွဲများကိုပါ ပြုလုပ်ခဲ့ကြပြီး ဧည့်ပရိသတ်များကို လာရောက်ကြည့်ရှု၊ သင်ယူကာ စုပေါင်းပျော်ရွှင် နိုင်စေရန်အတွက် စီစဉ်​ပေးခဲ့ပါသည်။

၂၀၂၄ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များနေ့သည် ကမ္ဘာတစ်လွှားရှိ ယဉ်ကျေးမှုဓလေ့များနှင့် အလေ့အကျင့်မှုများကြွယ်ဝမှု (global wealth of cultural traditions and practices)ကို ဂုဏ်ပြုပြသနိုင်သည့်အပြင် ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်းကိုလည်းထင်ဟပ်ပြသရန် အခွင့်အရေးဖြစ်ခဲ့ပါသည်။

အနာဂတ်အတွက် ထိန်းသိမ်းကာကွယ်ရန် လိုအပ်

ယင်းနေ့တွင် နိုင်ငံအသီးသီး၏ ရိုးရာအကများ(dances)၊ ရိုးရာဓလေ့ထုံးတမ်းများ(traditions)၊ ပါးစပ်ရာဇဝင်များ (oral histories) နှင့် လက်မှုအတတ်ပညာများ(craftsmanship )ကဲ့သို့ ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်း (safeguarding living heritage)၏ အရေးပါမှုကို ပြည်သူများ ပိုမိုသိရှိနိုင်ရန် အသိပညာပေး၍ ဂုဏ်ပြုဆင်နွှဲကြပါသည်။ ဤကဲ့သို့ တက်ကြွစွာပါဝင်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်းများနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၏ ပါဝင်မှုကို ပြသထားပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်၏ လူ့အသိုင်းအဝိုင်းအတွက် အရေးပါမှုကို ကမ္ဘာအနှံ့အသိအမှတ်ပြုစေကာ အနာဂတ်အတွက် ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်းကိုလည်း အာရုံစိုက်ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များနေ့ကို အမျိုးသားပြတိုက်(ရန်ကုန်)၌ ပထမဆုံးကျင်းပပါသည်။ ယင်းနေ့တွင်“မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ” စကားဝိုင်း ဆွေးနွေးပွဲ (Panel Discussion)နှင့် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ တစ်နှစ် သင်တန်းအမှတ်စဉ် (၂၂)သင်တန်းသား သင်တန်းသူများ၏ သနပ်ခါးပြကွက်၊ ကြိုးကြီးချိတ်ပြကွက်၊ ဆယ့်နှစ်လရာသီပွဲတော် ပြကွက်၊ မြန်မာ့လက်ဖက် နတ်သစ်ရွက်ပြကွက်စသည်ဖြင့် အထူးပြပွဲ လက်တွေ့ခင်းကျင်းပြသ ခြင်းကိုလည်းထည့်သွင်းကျင်းပခဲ့ပါသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့(International Intangible Cultural Heritage Day) ၏ Themeမှာ "Living Heritage is about people ၊resilience၊ and knowledge passed on from generation to generation"ဖြစ်ပါသည်။

“ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်ဟူသည် လူသားတို့၏ ဗဟုသုတများအပေါ် အခြေခံသည့် ဖန်တီးမှုများကိုခံနိုင်ရည်ရှိစွာ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ ဆက်လက် ထိန်းသိမ်း လက်ဆင့်ကမ်း သယ်ဆောင်လာသော ယဉ်ကျေးမှုအမွေအနှစ်ကို ဆိုလိုပါသည်။”

တစ်နည်းအားဖြင့် ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်ဟူသည် ဘိုးဘွားဘီဘင်လက် ထက်မှစ၍ မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ မပျောက်ပျက်သွားစေရန် ခံနိုင်ရည်ရှိစွာ ဆက်လက် ထိန်းသိမ်း လက်ဆင့်ကမ်းသယ်ဆောင်လာသော လူသားတို့၏ တန်ဖိုးရှိသည့် အသက်မွေးမှုအတွေ့အကြုံများ၊ ဖန်တီးနိုင်စွမ်းများ၊ လက်မှုအတတ်ပညာများ၊ ဗဟုသုတများနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ဆိုလိုပါသည်။

“အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့”ကျင်းပရသည့် ရည်ရွယ်ချက်များမှာ-

(က) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအကြောင်းကို ပြည်သူလူထု ပိုမိုသိမြင်နားလည်ပြီး မြတ်နိုး တန်ဖိုးထားတတ်စေ ရန်အတွက် ပြည်သူလူထုကို အသိပညာမြှင့်တင်ရန်၊

(ခ) မိမိတို့၏ ဘိုးဘွားအမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းစောင့် ရှောက်ရန် အရေးကြီးသည်ကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရန်၊

() ထို့ပြင် ထိန်းသိမ်းစောင့်ရှောက်ရုံမျှမကဘဲ မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို နိုင်ငံတကာမှ ပိုမိုသိရှိစေရန် ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်နိုင်ရန်တို့ ဖြစ်ပါသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ပါဝင်

ယဉ်ကျေးမှုအမွေအနှစ်ဟူသည် ကိုင်တွယ်ထိတွေ့နိုင်သည့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Cultural Heritage) နှင့် ကိုင်တွယ်ထိတွေ့မှုမပြုနိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် (Intangible Cultural Heritage)ဟူ၍ နှစ်မျိုးရှိပါသည်။ ဒြပ်ရှိ ယဉ်ကျေးမှု အမွေအနှစ်(Tangible Cultural Heritage)မှာ ရှေးဟောင်း အဆောက်အအုံများ၊ ရှေးဟောင်းနေရာများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ စသည်ဖြင့်ပါဝင်ပြီး ကိုင်တွယ်ထိတွေ့မှု မပြုနိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage)များမှာ လူသားတို့ ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေး အခေါ်၊ လက်မှုအနုပညာနှင့် အနုသုခုမပညာ စသည့်ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်များပါဝင်ပါသည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အဓိပ္ပာယ်ကို ၂၀၀၃ ခုနှစ် “ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း” အပိုဒ်(၂)တွင် အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်-

“ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ လူမှုအသိုက်အဝန်းများ၊ အုပ်စုများနှင့် အချို့ကိစ္စရပ်များတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် သက်ဆိုင်သော ယဉ်ကျေးမှုအမွေအနှစ်များတွင် တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေသည့် ဓလေ့ထုံးစံများ၊ ကိုယ်စားပြုချက်များ၊ ဖော်ပြချက်များ၊ ဗဟုသုတ၊ စွမ်းရည်များသာမက ၎င်းတို့နှင့် ဆက်နွှယ်သည့် ပစ္စည်းကိရိယာများ၊ အရာဝတ္ထုများ၊ ရှေးဟောင်းပစ္စည်းများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် သက်ဆိုင်သောနေရာများကို ဆိုလိုခြင်း ဖြစ်သည်။”

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ရန်အတွက် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်း ခဲ့ကြခြင်း (Transmission)၊ ပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ် သစ်လွင်ဆန်းသစ်၍ ရှင်သန်နေခြင်း (Living Heritage)၊ သမိုင်းကြောင်း၊ သဘာဝတို့နှင့်ဆက်စပ်နေခြင်း (Interaction with nature and history)၊ စဉ်ဆက်မပြတ် တစ်သမတ် တည်းရှိနေခြင်း (Identity and continuity)၊ လူတို့၏ ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် ဖန်တီးတီထွင်မှုတို့ကို အလေးဂရုပြု၍ မြှင့်တင်ပေးခြင်း (Promote respect) စသည့်အချက်များဖြင့်ပြည့်စုံရန် လိုအပ်ပါသည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် စံသတ်မှတ်ချက် (Domain) ၅ ရပ်ရှိပါသည်။ ယင်းတို့မှာ-

 (က) ဘာသာစကားများ၊ ပါးစပ်ရာဇဝင်နှင့် နှုတ်ပြောအစဉ်အလာ ဖော်ပြချက်များ၊

(ခ) ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊

(ဂ) လူမှုရေးအစဉ်အလာ အလေ့အထများနှင့် ပွဲတော်များ၊ ရိုးရာဓလေ့များ၊

(ဃ) သဘာဝစကြဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာ အလေ့အထများ၊

(င) ရိုးရာလက်မှုပညာရပ်များ ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် ကုလသမဂ္ဂသို့ အမည်စာရင်းများတင်သွင်း နိုင်ရန်တို့အတွက် “မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီ”ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဟု အမည် ပြောင်းလဲသတ် မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ စာရင်းကောက် ယူထားသော Intangible Cultural Heritage Lists ၂၂၈၉ ခုကို အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု မှတ်ပုံတင် စာရင်းပထမအကြိမ်အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါသည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းကောက်ယူမှုပုံစံကိုအသုံးပြု၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတို့တွင် စာရင်း ကောက်ယူမှုမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း နယ်ပယ် ငါးခု အလိုက် စုစုပေါင်း ၂၂၈၉ ခု ကောက်ယူပြီးဖြစ်ပါသည်။

မြန်မာပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှု၏ ရလဒ်အဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ အာဆွန် စီယွန်မြို့၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော် (19.COM 7.b.50 Myanmar Traditional New Year Ata Thingyan Festival) ကို ပထမဆုံး လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ရရှိခဲ့ရာ မြန်မာတစ်မျိုးသားလုံး လွန်စွာဝမ်းမြောက်ပျော်ရွှင်ကြရပါသည်။ ပြည်သူလူထုအတွင်း လက်ဆင့်ကမ်းလာသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ယူနက်စကို စာရင်းဝင်နိုင်ရေး အတွက် လူမှုအသင်းအဖွဲ့များက ပူးပေါင်းလက်မှတ်ထိုးတင်သွင်းရသဖြင့် Community Participationသည် အဓိကအရေးပါလှပေသည်။

 ထို့ပြင် “မြန်မာ့သနပ်ခါး”ကိုလည်း မြန်မာနိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတွင် တင်သွင်းထားပြီးဖြစ်သလို ဆက်လက်ပြီး မြန်မာ့လက်ဖက်နှင့် မြန်မာ့ကြိုးကြီးချိတ်တို့ကိုလည်း ယူနက်စကိုစာရင်းဝင်နိုင်ရေးအတွက် အစိုးရနှင့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာ လူမှုအဖွဲ့ အစည်းများက ဆက်လက်ကြိုးစားဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားပြတိုက်နှစ်ခုအပါအဝင် တိုင်း​ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြတိုက်များ တွင်လည်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြသသည့် အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်နေကြပါသည်။

နိုင်ငံသားတိုင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကိုသိရှိပြီး ထိန်းသိမ်း ကာကွယ်သွားရန် လိုအပ်သလို ပညာရပ်ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိစေရန်နှင့်ရေရှည် တည်တံ့ခိုင်မြဲနေစေရန်အတွက် အနာဂတ်မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း ပညာပေးရန် သမိုင်းပေးတာဝန်တစ်ခုဖြစ်ပါသည်။ ယနေ့နည်းပညာခေတ်တွင် တီထွင်ဆန်းသစ် မှုများနှင့်အတူ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း‌စောင့်ရှောက်ရန်၊ လူမှုအသိုက်အဝန်း၏ အင်အားပိုမိုပါဝင်လာရန်၊ မျိုးဆက်သစ်များသို့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းနိုင်ရန် ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်ပြီး မြန်မာ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကသိလာရန် မြန်မာ တစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်အဖြစ် တိုက်တွန်းရေးသား ရင်း အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။ ။

ကိုးကား-

၁။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊

၂။ ၂၀၀၃ ခုနှစ်၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးကွန်ဗင်းရှင်း

၃။  https://ich.unesco.org/en/home

၄။ https://www.unesco.org › days intangible-heritage