Skip to main content

ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေး

ကြယ်စင်ဖေသင်

ဖွံ့ဖြိုးတိုးတက်မှုဟာ ဖြစ်ထွန်းမှုတွေ၊ အသစ်ဖန်တီးမှုတွေနဲ့ စည်စည်ကားကားရှိနေပေမယ့် စစ်ပွဲတွေကတော့ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ကိုပဲ ဦးတည်နေပြီး တွေ့သမျှမြင်ကွင်းကို အနိဋ္ဌာရုံတွေနဲ့ ပြည့်နေစေတော့တာပါပဲ။ စစ်နဲ့ကြုံလိုက်ရင် ရုပ်ဝတ္ထုမှန်သမျှဟာ ပျက်စီးသွားနိုင်တယ်။ လူအပါအဝင်သက်ရှိအရာမှန်သမျှကို အပြင်ဒဏ်ရာတွေများစွာဖြစ်သွား စေနိုင်သလို ကုသရခက်တဲ့ နက်နက်ရှိုင်းရှိုင်း ကြေကွဲစရာဝေဒနာတွေကိုပါ ဖြစ်သွားစေပါတယ်။

စစ်ဟာလူ့အသိုင်းအဝိုင်းတစ်ခု အပေါ် ဘယ်လောက်တောင်သက်ရောက် စေပါသလဲ။ ၂၀ ရာစု အစောပိုင်းကာလရဲ့ ဩဇာအရှိဆုံးစီးပွားရေးပညာရှင် ဂျွန်မေ နတ်စ် ကိန်း (John Maynard Keynes ) ကတော့ ငြိမ်းချမ်းရေးရဲ့စီးပွားရေး အကျိုးဆက်များ (The Economic Consequences of the Peace) စာအုပ် ထဲမှာ “စစ်ဆိုသောအရာသည် မည်သူပင် နိုင်သည်ဖြစ်စေ ကျွန်ုပ်တို့၏ ယဉ်ကျေးမှု နှင့် မျိုးဆက်တို့၏ အနာဂတ်ကို ဖျက်ဆီး ပစ်တတ်သည်” လို့ ရေးထားတယ်။

စစ်ပွဲရဲ့ရက်စက်မှုတွေ နှလုံးသားကို တိုက်ရိုက်သက်ရောက်လာတတ် စစ်ဟာပစ္စုပ္ပန်ရော အနာဂတ်ကိုပါ တစ်ပြိုင်နက် ဖျက်ဆီးပစ်နိုင်တဲ့အရာဖြစ်တယ်။ စစ်ပွဲအတွင်းမှာရော စစ်ပွဲ ကာလအလွန်မှာပါ ရုပ်ဝတ္ထု အပျက်အစီး တွေဖြစ်စေတယ်။သက်ရှိသတ္တဝါလူသား တွေကိုတော့ ကိုယ်ခန္ဓာအတွင်းအပြင် ဝေဒနာအစုံဖြစ်စေတယ်။ စစ်ပွဲတစ်ခုရဲ့ မြင်ကွင်းကို မှန်းဆမြင် ယောင်ကြည့်တဲ့အခါ သေနတ်သံ၊ ဗုံးသံတွေကြားမှာ ကြောက်လန့်တကြားနဲ့ ပြေးလွှားနေတာ တွေ၊ ထိခိုက်ဒဏ်ရာရ ခံစားမှုဝေဒနာတွေ၊ သက်မဲ့ရုပ်အလောင်းတွေ၊ စစ်နဲ့ ဘယ်လိုမှမပတ် သက်တဲ့ ကလေးငယ်တွေ၊ သားသည်မိခင်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ် ထိတ်လန့်နေတဲ့မျက်နှာတွေ မြင်ကွင်း ထဲရောက်လာပါလိမ့်မယ်။ စိတ်ကူးရုံနဲ့တင် စစ်ပွဲရဲ့ရက်စက်မှုတွေက နှလုံးသားကို တိုက်ရိုက်သက်ရောက်လာတတ်ပြီး ကြေကွဲစရာတွေ ခံစားသွားရနိုင်ပါတယ်။

စစ်ဖြစ်နေတဲ့ ဒေသတစ်ခုဟာ သုသာန်တစ်စပြင်လိုပါပဲ။ လူတွေ ကျီးလန့်စာစား ပြေးလွှားအသက်ရှင်နေရတဲ့ အရပ်ဖြစ်သွားတယ်။ စစ်ပွဲတွေပြီးသွားခဲ့ ရင်လည်း စစ်ကပေးတဲ့ ဝေဒနာတွေက ချက်ချင်းရပ်သွားမှာ မဟုတ်ဘူး။ အပြင် ဒဏ်ရာတွေ ကျက်သွားတဲ့ ကာလတစ်ခု ကြာတဲ့အထိ စိတ်ဒဏ်ရာတွေက မပျောက်နိုင်သေးတာမျိုး၊ လူမှုရေး၊စီးပွား ရေးမတည်ငြိမ်မှုတွေနဲ့ အနာဂတ်မျှော်လင့် ချက်ကင်းမဲ့ပြီး အသက်ရှင်ရပ်တည် နေရတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ စစ်ပွဲကြောင့် တစ်စုံတစ်ယောက် သေကျေပျက်စီးခဲ့ရင်ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု ထိခိုက် ဒဏ်ရာရသွားတယ်ပဲဖြစ်ဖြစ် အကျိုးဆက်ကတော့ အဲဒီတစ်ယောက်မှာပဲ ပြီးဆုံးမသွားပါဘူး။ ထိခိုက်သွားတဲ့ လူတစ်ယောက်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လူမှုအသိုက်အဝန်း အနာဂတ်ကိုပါ ထိခိုက်သွားပါတော့တယ်။

အဲဒီလူနဲ့ ပတ်သက်တဲ့၊ သူ့ကို မှီခိုနေတဲ့ဘဝတွေ အားလုံးအပေါ် ဆက်တိုက် သက်ရောက်သွား တတ်ပါတယ်။ လူမမည်လေးတွေ အားကိုးမဲ့သွားမယ်၊ မှီခိုသူသက်ကြီးရွယ်အိုဘဝတွေ ပိုပြီးချည့်နဲ့ သွားမယ်၊ ဖြစ်တည်ထားတဲ့ မိသားစုအသိုက်အမြုံလေး ပြိုကွဲပျက်စီးသွားပြီး သောကတွေ ပင်လယ်ဝေသွားမယ်၊ လူငယ် တွေကျန်ခဲ့မယ်ဆိုရင် အနာဂတ်ရည်မှန်း ချက်တွေ မှေးမှိန်သွားသလို၊ ပျောက်ပျယ် သွားသလို ခံစားကြရပါလိမ့်မယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်စပ်ပြီး တွေးကြည့်ရင် စစ်ပွဲတွေဟာ နိုင်ငံ့စီးပွားရေး အခြေအနေတွေ၊ အရင်းအမြစ်ခွဲဝေမှုတွေ၊ ဝင်ငွေခွဲဝေမှုတွေကို မတည်မငြိမ်ဖြစ်စေပြီး အနုတ်လက္ခဏာကို ဦးတည်တဲ့ အပြောင်းအလဲတွေ အများကြီးဖြစ်သွားစေနိုင်ပါတယ်။ ကုန်ထုတ်စွမ်းအားစုတွေရဲ့ တန်ဖိုးတွေပြောင်းလဲသွားတယ်၊ ကုန်စည်စျေးနှုန်း တွေလည်း အပြောင်းအလဲတွေဖြစ်လာပြီး စျေးကွက်အခြေအနေအပြောင်းအလဲ သိပ်မြန်တာတို့၊ မတည်မငြိမ်ဖြစ်တာတို့ပါ ကြုံလာရနိုင်တယ်။

စစ်ပွဲတွေဟာ ဒီမိုကရေစီတို့၊ စျေးကွက်စီးပွားရေးဆိုတဲ့ အစီအစဉ်တွေ အတွက်လည်း ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်စွမ်းမရှိဘူး။ ဥပဒေမဲ့ လှုပ်ရှားတတ်တဲ့ မြေအောက်စီးပွားရေး တို့၊ မှောင်ခိုစီးပွားရေးတို့ တွင်ကျယ်လာပြီး တစ်နပ်စားစီးပွားရေးလုပ်သူတွေ အလုပ်ဖြစ် စေတယ်။ စစ်ပွဲတွေရဲ့အကျိုး ဆက်တွေထဲမှာ စာနာသလိုလို၊ ကူညီသလိုလိုနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ လူလည်ကျ၊ အနိုင်ကျင့်မှုတွေကလည်းကြုံရနိုင်ပါသေးတယ်။ ဆိုလိုတာက စစ်ဒဏ်သင့်နေတဲ့နိုင်ငံ၊ ဒေသတွေက စီးပွားရေးအခွင့်အလမ်းတွေကို တခြားနိုင်ငံတွေက အချောင်လာနှိုက်တာမျိုး၊ လူမှုရေးကိစ္စတွေမှာ အနိုင်လာကျင့်တာမျိုးတွေရှိလာသလို နိုင်ငံရေးတွေမှာလည်း သိသိသာသာရော မသိမသာပါ ဝင်ရောက် ပတ်သက်၊ သွေးထိုးသပ်လျှို မှုတွေလည်း ရှိလာတတ်ပါတယ်။

စစ်ပွဲတွေကို ကိုယ်ကျိုးစီးပွား၊ ကိုယ့်အတ္တအတွက် ဖန်တီးနေ

လူတွေဟာ စစ်ပွဲကို မကြိုက်ကြပါ ဘူး။ ဒါပေမယ့် စစ်ပွဲကို မက်မက်မောမောနဲ့ ဖန်တီးနေတဲ့လူတွေလည်း ရှိကြတယ်ဆိုရင် ယုံချင်မှယုံကြပါလိမ့်မယ်။လူတိုင်းမကြိုက်တဲ့ စစ်ပွဲတွေကို ကိုယ်ကျိုးစီးပွား၊ ကိုယ့်အတ္တအတွက် နှစ်နှစ်ခြိုက်ခြိုက် ဖန်တီးနေသူတွေ ဒီကမ္ဘာပေါ်မှာ ရှိနေပါတယ်။ ဘာလို့ ဒီလိုဖန်တီးနေ ကြပါသလဲ။ သေချာတာကတော့ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု၊ အဖွဲ့တစ်ဖွဲ့ရဲ့ ကိုယ်ကျိုးစီးပွားတွေ အတွက်ကြောင့်ပါပဲ။ အဲဒီအကျိုးစီးပွားတွေရဲ့နောက်မှာ ထုထည်ကြီးမားတဲ့ လောဘ၊ ဒေါသတွန်းအားတွေရှိနေပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာဖြစ်နေတဲ့ စစ်ပွဲတွေ မှာဆို ပယောဂတွေမျိုးစုံ ရှုပ်ယှက်ခတ်နေတာပဲ။ အဲဒီပယောဂတွေကိုက သေနတ်တွေ၊ အမြောက်တွေ၊ ကျည်ဆန်၊ ဗုံးဆန်တွေ ထပ်တိုးအင်အားဖြည့် ပေးတတ်ပြီး စစ်ပွဲတွေကို ပိုပြီးကြီးမား၊ အားကောင်းစေလာတော့တာပဲ။

 ဖျက်ဆီးတတ်တဲ့သဘာဝရှိတဲ့ စစ်ပွဲ တွေဟာတစ်ကမ္ဘာလုံးက လိုလိုလားလား အားထုတ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း၊ တခြားစီပါပဲ။ ကမ္ဘာပေါ်က နိုင်ငံအများစုပါဝင်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင်က ၂၀၁၅ ခုနှစ်မှာ ချမှတ်ထားတဲ့ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၁၇ ချက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အချက်ကို ပန်းတိုင်အဖြစ် ထည့်သွင်းထားတာကို တွေ့ကြရပါလိမ့်မယ်။

ဒီတော့ စစ်ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးက လိုချင်နေတဲ့အရာ ဆိုတာ သေချာတဲ့ကိစ္စပါ။ ဒီလိုဆိုရင် အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးဆိုတာကို ဘယ်လိုနားလည် ထားကြသလဲ။ ပညာရှင်တွေ၊ သုတေသီတွေကတော့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို ရှင်းပြထားပေမယ့် ကာလရှည် အေးအေး ချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ် ဖြစ်ပေါ်နေတယ်ဆိုရင်ပဲ သာမန်လူတွေ လက်လှမ်းမီတွေးဆနိုင်တဲ့ ငြိမ်းချမ်းရေး လို့ဆိုရမှာပါ။

လက်နက်ကိုင်တိုက်ခိုက်မှုတွေ မရှိတာနဲ့ ငြိမ်းချမ်းပြီလို့ဆိုနိုင်ပေမယ့် ကာလရှည်ကတော့ မငြိမ်းချမ်းနိုင်ဘူး။ ရရှိထားတဲ့ငြိမ်းချမ်းမှုကလည်း မတည်တံ့နိုင်ဘူး။ ဒီတော့ ရေရှည်တည်တံ့မယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့လိုပါတယ်။ အချိန်အကြာကြီး တည်တံ့တဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ကိုယ်ချင်းစာစိတ်၊ အမြော်အမြင်ရှိတဲ့ စိတ်ထားတွေအားကောင်းနေတဲ့ နေရာမျိုးမှာမှ တည်ရှိနိုင်မှာပါ။ အဲဒီလိုငြိမ်းချမ်းရေးမျိုး ရခဲ့ရင်တော့ ဒေသတစ်ခု၊ နိုင်ငံတစ်ခုရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားတက်စရာ ဖြစ်လာနိုင်တာပေါ့။

လူတိုင်းဟာ ငြိမ်းချမ်းရေးကို မဖြစ်မနေ လိုချင်နေကြ

ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်နေတဲ့ လူသားတွေ အတော်များများမှာ မွန်မြတ်တဲ့ စိတ်ထား၊ နှလုံးသားတွေရှိနေပါသေးတယ်။ နှလုံးခုန်သံမရပ်သေးတဲ့ အချိန်လေးမှာ ရလာနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကိုယ်တိုင်ခံစားချင်တဲ့၊ အနာဂတ် မျိုးဆက်တွေအတွက် အမွေကောင်းတွေ ချန်ထားချင်တဲ့ မျှော်လင့်ချက်စိတ်ကူး တွေပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဝါရင့်သမ္ဘာရင့် ဂျာမန်နိုင်ငံရေးသမား Willy Brandt ပြောခဲ့ဖူးတဲ့ စကားတချို့ကို ပြန်စဉ်းစားမိတယ်။ Willy Brandt က “ ငြိမ်းချမ်းရေးဟာ အရာရာတိုင်းကို မလုပ်ပေးနိုင်ပေမယ့် ငြိမ်းချမ်းရေး မရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး” တဲ့။ ဒီတော့ လူတိုင်းဟာ ငြိမ်းချမ်းရေးကို မဖြစ်မနေ လိုချင်နေကြမှာပါပဲ။

ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာတော့မလွယ်လှဘူး။ ငြိမ်းချမ်းရေးပန်းတိုင်ဟာ မမျှော်မှန်းရဲလောက်အောင် ခမ်းနားကြီးကျယ်နေသလား။ ငြိမ်းချမ်းရေးဆိုတာ ရဖို့ သိပ်ပြီးခက်ခဲနေတာလား။ ငြိမ်းချမ်းရေး ချိုးငှက်ဟာလွတ်လပ်စွာ ပျံသန်း ပြီး တေးသီကျူးချင်ပေမယ့် စစ်ပွဲဆိုတဲ့အရာက ချုပ်နှောင်ထားဆဲဖြစ်သတဲ့။

မေတ္တာရပ်ခံပါရစေ။ လူ့အဖွဲ့အစည်း တစ်ရပ်၊ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ဟာ ပစ္စုပ္ပန်ကာလအမြော်အမြင်ရှိမှုတွေအပေါ်မှာအများကြီးမူတည်နေပါတယ်။ ဒီတော့နိုင်ငံ့အနာဂတ်၊ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက်မျက်တောင်မွေးတစ်ဆုံးထက်ကျော်လွန်တဲ့၊ မျက်စိအမြင်တစ်ဆုံးထက် ကျော်လွန်မြင်နိုင်စွမ်းရှိတဲ့ စိတ်ထားတွေနဲ့ ငြိမ်းချမ်းရေး အတွက် အားထုတ်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။

လူသားအားလုံးဟာ မမြဲခြင်း အနိစ္စတရားကပ်လျက်နဲ့ အသက်ရှင်ရတဲ့သူတွေပါ။ နှလုံးသွေးလည်ပတ်မှုရပ်လို့ ရှင်သန်မှုရပ်တန့်သွားခဲ့တဲ့အခါ တမလွန်ဘဝဆီကို ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ရုပ်ဝတ္ထုမှန်သမျှ ဘာကိုမှယူသွားလို့မရပါဘူး။ အသက်ရှင်သန်စဉ်ကပြုမူခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ နှလုံးသွင်းခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးအကောင်းတွေရဲ့ အကျိုးဆက်တွေပဲ ပါသွားမှာပါ။ စိတ်ကောင်း၊ နှလုံးကောင်းတွေနဲ့ လုပ်ခဲ့ တာတွေကတော့ ကောင်းမှုအဖြစ်နဲ့ နောင်သံသရာအထိ အကျိုးသက်ရောက်မှုရှိနေမှာဖြစ်သလို ကျန်ရစ်ခဲ့တဲ့ကာယကံ ရှင်ရဲ့အသိုင်းအဝိုင်း၊ အနာဂတ်မျိုးဆက်တွေပါ ဂုဏ်ယူရမယ့် အမွေကောင်းတွေအဖြစ် ကျန်ရစ်ခဲ့မှာပါ။

စစ်ပွဲဆိုတာကို ကြားကို မကြားချင်တော့ပါဘူး။ ငြိမ်းချမ်းရေး စကားသံတွေကိုပဲ ကြားပါရစေတော့။ အမြန်ဆုံးပဲငြိမ်းချမ်းရေးဖြစ်ထွန်းစေချင်ပါတယ်။ ငြိမ်းချမ်းရေးတကယ်ရှိမှပဲ ဖွံ့ဖြိုးတိုးတက်မှုကို ပီပီပြင်ပြင် ထိထိရောက်ရောက် လှုပ်ရှားဆောင်ရွက်နိုင်မယ်။ ဖွံ့ဖြိုး တိုးတက်မှုဆိုတာကို သေချာပေါက်ရရှိ နိုင်မယ်လို့ယုံကြည်ပါတယ်။ ဒီတော့အားလုံးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးကိုဇွဲနပဲနဲ့ ဆက်ပြီးစောင့် နေကြပါပြီ။ ။