Skip to main content

အနာဂတ်စားရေရိက္ခာဖူလုံဖို့ လက်တွဲဆောင်ရွက်ကြပါစို့

တီဒီကေ

ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)ကို စတင်တည်ထောင်ခဲ့သည့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) အဖြစ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ဝင် နိုင်ငံအသီးသီး၌ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်အလေးထား ကျင်းပဆောင်ရွက် ပေးလျက်ရှိပါသည်။

ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ဆောင်ပုဒ်မှာ “အနာဂတ်စားရေရိက္ခာဖူလုံဖို့ လက်တွဲဆောင်ရွက်ကြပါစို့” "Hand in Hand for Better Foods and a Better Future" ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးအတွက် စားနပ်ရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ရန်လိုကြောင်း ထင်ဟပ်စေပါသည်။

စားရေရိက္ခာဖူလုံမှုမှာ အားနည်းလျက်ရှိ

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ကမ္ဘာ့လူဦးရေ ၈ ဒသမ ၁ ဘီလီယံခန့်အနက် လူဦးရေ ၆၇၃ သန်းသည် ဆာလောင်မှုနှင့် ရင်ဆိုင်နေရပြီး လူဦးရေသန်း ၉၀၀ ခန့်သည် အဝလွန်နေကြောင်း သိရှိရပါသည်။ စားရေရိက္ခာ၏ သုံးပုံတစ်ပုံခန့်သည် ဆုံးရှုံးမှုများ၊ စွန့်ပစ်ပစ္စည်းများအဖြစ် အလေအလွင့် ဖြစ်ပေါ်လျက်ရှိပါသည်။ မြေပိုင်ဆိုင်မှု ငါးဧကထက်နည်းသော လုပ်ကွက်ငယ်တောင်သူများသည် ကမ္ဘာ့ကယ်လိုရီလိုအပ်ချက်ပမာဏ၏ ၁၆ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး လုပ်ကွက်ငယ် ငါးဖမ်းသမားများသည် ကမ္ဘာ့ငါး ဖမ်းဆီးမှု၏ ၄၀ ရာခိုင်နှုန်းအထိ ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင်စိုက်ပျိုးရေးကဏ္ဍတွင် အမျိုးသမီးများ၏ လုပ်အားခသည် အမျိုးသားများထက် လျော့နည်းရရှိလျက်ရှိပါသည်။ ကမ္ဘာ့လူဦးရေ၏ ၂ ဒသမ ၆ ဘီလီယံကျော်သည် ကျန်းမာရေးနှင့် ညီညွတ်သော အစား အစာများကို ဝယ်ယူစားသုံးရန် မတတ်နိုင်ခြင်း၊ ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝသယံဇာတများ ရှားပါးလာမှု၊ ဈေးနှုန်းမတည်ငြိမ်မှု၊ ပဋိပက္ခဖြစ်ပေါ်မှုများကြောင့် စားရေရိက္ခာဖူလုံမှုမှာ အားနည်းလျက်ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ စားရေရိက္ခာစနစ် တိုးတက်မှုများရှိသော်လည်း အာဟာရချို့တဲ့မှု၊ ဆာလောင်မှု၊ အဝလွန်မှု၊ အစားအစာ အလေအလွင့်ဖြစ်ပေါ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။

ထိခိုက်လွယ်သော အုပ်စုများဖြစ်သည့် လုပ်ကွက်ငယ်တောင်သူများ၊ ဒေသခံတိုင်းရင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများသည် မြေယာပိုင်ဆိုင်ခွင့်၊ ငွေကြေးအထောက်အပံ့ရရှိရေးနှင့် ရာသီဥတုဖောက်ပြန်မှုကို ခံနိုင်ရည်ရှိရေးတို့တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါသည်။

ထို့ကြောင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကလည်း “ပိုမိုကောင်းမွန်သောအာဟာရ၊ ပိုမိုကောင်းမွန်သော ထုတ်လုပ်မှု၊ ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်၊ ပိုမိုကောင်းမွန်သောဘဝ” စသည့် ပိုမိုကောင်းမွန်ရန် ဖြည့်ဆည်းရမည့် အချက်လေးချက်ကို လမ်းညွှန်ချက်အဖြစ် ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌ ယာယီသမ္မတက “တိုင်းပြည်သာယာဝပြောရေး”၊ “စားရေ ရိက္ခာပေါများရေး”ဟူသော အမျိုးသားရေး လုပ်ငန်းစဉ် (၂) ရပ်ကို ချမှတ်ပေးထားသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေး

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍသည် နိုင်ငံ့စီးပွားရေးကို အဓိကမောင်းနှင်နေသည့် ကဏ္ဍကြီးဖြစ်ပြီး စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေးအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေး ဖြစ်အောင် မူဝါဒများချမှတ်ဆောင်ရွက် လျက်ရှိပါသည်။ ဤသို့ဆောင်ရွက်ရာတွင် ပြည်တွင်းစားသုံးမှု ဖူလုံရန်သာမက ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် သီးနှံ၊ သားငါးကဏ္ဍအလိုက် နှစ်စဉ်စီမံကိန်းများ၊ နှစ်တိုငါးနှစ်စီမံကိန်း၊ နှစ်ရှည်စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၄-၂၀၂၅ ခုနှစ်တွင် လယ်ယာကဏ္ဍကြီးသည် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၏ ၂၅ ဒသမ ၃ ရာခိုင်နှုန်းပါဝင်ပြီး တိုးတက်မှုနှုန်းအနေဖြင့် ၁ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပါသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စပါး၊ ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများအပါအဝင် သီးနှံမျိုးစုံကို စုစုပေါင်းစိုက်ဧရိယာဧက ၅၂ ဒသမ ၀၃ သန်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၎င်းအထဲတွင် စပါးစိုက်ပျိုးမှုအနေဖြင့်ဧက ၁၇ ဒသမ ၆၃ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်းပေါင်း ၁၄၅၁ ဒသမ ၉၇ သန်း ထုတ်လုပ်နိုင်ခဲ့ပါသည်။ အစေ့ထုတ် ပြောင်းဧက ၁ ဒသမ ၅၅ သန်း စိုက်ပျိုး ခဲ့ပြီး အထွက်တင်းပေါင်း ၉၈ ဒသမ ၈၀ သန်း၊ ပဲမျိုးစုံအနေဖြင့် ဧက ၁၀ ဒသမ ၉၁ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်း ပေါင်း ၂၀၁ ဒသမ ၁၇ သန်း ရရှိခဲ့ပါသည်။ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်လာ၊ မုန်ညင်းစေ့၊ ပန်းနှမ်းစသည့်သီးနှံများကို ဧကပေါင်း ၈ ဒသမ ၇၇ သန်း စိုက်ပျိုးခဲ့ပြီးအထွက်တင်းပေါင်း ၂၅၅ ဒသမ ၁၄ သန်း ထွက်ရှိခဲ့ပါသည်။ ဆီအုန်းသီးနှံအား ဧက ၀ ဒသမ ၃၉ သန်း စိုက်ပျိုးခဲ့ရာ ဆီသီးခိုင်တန် ၀ ဒသမ ၆၂ သန်း ထွက်ရှိခဲ့ပါသည်။

စားရေရိက္ခာဖူလုံမှုရှိစေရေး အတွက် သီးနှံများအပြင် အသား၊ ငါး ပုစွန်၊ ဥ၊ နို့တို့ကိုလည်း တိုးတက်ထုတ်လုပ်လျက် ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ အသား ထုတ်လုပ်မှု မက်ထရစ်တန် ၁ ဒသမ ၂၆ သန်း၊ ဥလုံးရေ ၆၂၇၃ သန်း၊ နို့မက်ထရစ်တန် ၂ ဒသမ ၁၅ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး ငါးပုစွန်ထုတ်လုပ်မှုအနေဖြင့် ရေချိုငါးပုစွန် မက်ထရစ်တန် ၂ ဒသမ ၉၆ သန်းနှင့် ရေငန်ငါးပုစွန် မက်ထရစ်တန် ၃ ဒသမ ၃၆ သန်း အသီးသီးထုတ်လုပ်နိုင်ခဲ့ပါ သည်။

ပြည်ပတင်ပို့မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ ရရှိခဲ့ပြီး ပို့ကုန်တန်ဖိုး စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းခန့် ပါဝင်ခဲ့ ပါသည်။ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၁ သန်း၊ ၀ ဒသမ ၀၇ ရာခိုင်နှုန်းနှင့် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၇၁၁ ဒသမ ၈၁ သန်း၊ ၄ ဒသမ ၈၁ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။

စားရေရိက္ခာစနစ်ကို အသွင်ကူးပြောင်း

စားရေရိက္ခာစနစ်ကို အသွင်ကူးပြောင်းရန် လိုအပ်လျက်ရှိရာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းပညာများကို အသုံးပြုဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံအသုံးပြုခြင်းကို လျှော့ချပြီး သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများကို တိုးမြှင့်သုံးစွဲခြင်း၊ ဇီဝမျိုးစုံမျိုးကွဲကို ထိန်းသိမ်းခြင်းအားဖြင့် ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ပြီး စားရေရိက္ခာဖူလုံမှုကို အထောက်အကူပြုစေမည်ဖြစ်ပါသည်။ ထို့ပြင် မိုးခေါင်ရေရှားမှုနှင့် ရေလွှမ်းမိုးမှုဒဏ်ကို ခံနိုင်ရည်ရှိသည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးခြင်းနှင့် ရေအသုံးပြုမှုကို စနစ်တကျစီမံခန့်ခွဲခြင်း တို့က ရာသီဥတုပြောင်းလဲမှုဒဏ်ကို ထိရောက်စွာ တုံ့ပြန်နိုင်မည်ဖြစ်ပါ သည်။

ထို့ပြင် စားရေရိက္ခာထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကွင်းဆက် ချောမွေ့စေရေး၊ သီးနှံများလေလွင့်ဆုံးရှုံးမှုလျော့နည်းစေရေး၊ သိုလှောင်မှုစနစ်များ ကောင်းမွန်စေရေး၊ ထွက်ရှိလာသော ထွက်ကုန်များကို သင့်လျော်သောဈေးနှုန်းဖြင့် ရောင်းချနိုင်ရန်ဈေးကွက်နှင့်တိုက်ရိုက်ချိတ်ဆက် နိုင်သောစနစ်များကို ဖန်တီးပေးရပါမည်။

ထို့အတူ ရေရှည်တည်တံ့သော စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် မူဝါဒများချမှတ်ပြီး အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့်အပြင် စိုက်ပျိုးရေးဆိုင်ရာ သုတေသနများ၊ မွေးမြူရေးဆိုင်ရာ သုတေသနများကို အားပေးပြီး သုတေသနပြု၍ရရှိသော နည်းပညာများကို တောင်သူများထံ ဖြန့်ဝေပေးခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အတွက်သတ်မှတ်ထားသည့် “အနာဂတ် စားရေရိက္ခာဖူလုံဖို့ လက်တွဲဆောင်ရွက်ကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ နိုင်ငံသူနိုင်ငံသားအားလုံး၊ ကမ္ဘာပေါ်ရှိ လူသားအားလုံး ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုကင်းစင်ပြီး စားရေရိက္ခာဖူလုံရေးအတွက် မိမိတို့အားလုံး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။